← Chapters

ဆိုးရွားစွာရှုံးနိမ့်ခြင်း

Vol. 3 Ch. 224

ဆိုးရွားစွာရှုံးနိမ့်ခြင်း

Vol. 3 Ch. 224

ဝမ်းတုမှာ လွန်ခဲ့သည့်နှစ်နှစ်မတိုင်မီကပင် နာမည်ကျော်အဆင့်လွန်ဓားသမားတစ်ယောက်ဖြစ်ကာ ယခု သူပြန်ပေါ်လာသည့်အချိန်တွင် သူ၏ဓားသိုင်းမှာ ပို၍တိုးတက်လာသည်။

ဝမ်းတု၏မြူနှင်းငရဲဓားသိုင်းမှာ လျှင်မြန်တိကျသည် ၊ ရက်စက်သည်။ သို့သော် ယခုအချိန်အထိ တစ်ဖက်လူ၏ထိုက်ကျိဓားသိုင်းကို ကာကွယ်လျက်ရှိသည်။

ထိုက်ကျိဓားသိုင်းတွင် မာကျော်သည့်ပုံစံနှင့် ပျော့ပြောင်းသည့်ပုံစံဟူ၍နှစ်မျိုးရှိကာ စန်းဟုန်းလျှံအသုံးပြုနေသည်မှာ စစ်မှန်သည့်ထိုက်ကျိဓားသိုင်း၏မာကျောသည့်ပုံစံဖြစ်သည်။

ထို့ကြောင့် သူ၏ဓားသိုင်းမှာ တိုက်စစ်ခံစစ်မျှတကာ လွန်စွာ အစွမ်းထက်သည် ။

ထို့အပြင် ယခုစန်းဟုန်းလျန်မှာ အမုန်းတရားအပြည့်ဖြင့်တိုက်ခိုက်နေသည့်အတွက် သူ၏ဓားကွက်များမှာ မူလထက်များစွာပို၍ပြင်းထန်နေသည် ။

ဝမ်းတုမှာ တိုက်ခိုက်နေရင်း ပို၍ဒေါသထွက်လာသည်။ သူ၏ပြိုင်ဘက်မှာ သူ့ကိုလွန်စွာမုန်းတီးနေရုံမက သူ့ကိုသတ်ဖြတ်နိုင်ရန် အပြင်းအထန်တိုက်ခိုက်နေသည် ။

တစ်ခါတစ်ရံတွင် သူသေကိုယ်သေတိုက်ကွက်များကိုပင် အသုံးပြုနေသေးသည် ။ ထို့အပြင် တစ်ဖက်လူ၏ဓားသိုင်းကိုအကဲခပ်ကြည့်ခြင်းဖြင့် ဝူတန်းမှနာမည်ကျော်ထိုက်ကျိဓားသိုင်းဖြစ်သည်ကိုသိရှိလိုက်သည် ။

ဝမ်းတုမှာ နောက်ထပ်တိုက်ပွဲများစွာတိုက်ရဦးမည်ဟုခန့်မှန်းထားသဖြင့် အားအင်ကိုချွေတာ၍ ဒဏ်ရာမရစေရန်ဂရုစိုက်ကာတိုက်ခိုက်နေခြင်းဖြစ်သည် ။

တစ်ဖက်လူအားဖြေးဖြေးချင်း အမှည့်ချွေရန်လည်း ဆုံးဖြတ်ထားလေသည်။ သို့သော် ယခုပုံစံအတိုင်းဆိုပါက သူကိုယ်တိုင်ပင် ဒဏ်ရာတစ်စုံတစ်ခုရရှိသွားနိုင်သည်။

“ မင်းကဘာကောင်လဲ ဘာဖြစ်လို့ ဒီလောက်ကြီးအငြိုးတကြီးနဲ့တိုက်နေတာလဲ “

အပြင်းအထန်တိုက်ခိုက်နေခြင်းဖြစ်သော်လည်း ဝမ်းတု၏လေသံမှာ တည်ငြိမ်နေသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ဝမ်းတု၏အတွင်းအားမှာ ပြည့်ဝလှသည်ကို တွေ့နိုင်သည် ။

ဝမ်းတု၏ မေးခွန်းကြောင့် စန်းဟုန်းလျန်လည်း အေးစက်စက်ပြုံးလိုက်မိသည်။

“ ဟက် မင်းကငါ့ရဲ့ညီမလျှံကို ဖျက်ဆီးခဲ့တယ် ။ညီမလျှံက မင်းတို့ကိုလက်စားချေဖို့ သူ့ရဲ့ဘဝကို အနစ်မွန်းခံခဲ့ရတယ် ။

ဘယ်လောက်တောင်တုံးအလိုက်တဲ့ငါလဲ ။။ ညီမလျှံအထင်လွဲခဲ့မိသေးတယ် ။။အခုအကြောင်းစုံကို ငါရိပ်မိသွားပြီ။ ဒါကြောင့် မင်းကော မင်းတို့တစ်ဂိုဏ်းလုံးကော သေရမယ် “

စန်းဟုန်းလျန်မှ တစ်ဦးတည်းပြောနေသလို ရေရွတ်လိုက်သည် ။

စကားဆုံးသည်နှင့် စန်းဟုန်းလျှံမှ ပို၍ပြင်းထန်စွာတိုက်ခိုက်လိုက်သည်။ ဝမ်းတု၏ပတ်ဝန်းကျင်တွင် ဓားရိပ်များပြည့်နှက်နေကာ ဝမ်းတုကိုအကြပ်အကျဉ်းထဲသို့ ကျရောက်သွားစေသည်။

ဝမ်းတုလည်း တစ်ဖက်လူမှ ညီမလျှံ ညီမလျှံဟု ထပ်ကာထပ်ကာ ဆိုနေသဖြင့် ယခုအချိန်အထိ သူမရိပ်မိသေးလျှင် တုံးအရာကျပေမည် ။

သူ၏စိတ်ထဲတွင် တစ်စုံတစ်ခုအားတွေးလိုက်မိကာ သူ၏မျက်နှာမှာ မည်းမှောင်သွားသည်။

သူ၏ဇနီးဖြစ်သူ မီးလျှံနတ်သမီးစန်းလျှံ၏နောက်ကြောင်းကို သူသေချာမသိရပေ။ သူသိစရာမလိုဟုလည်းခံယူထားကာ လုံးဝစုံစမ်းခြင်းမပြုလုပ်ပေ။

အရေးကြီးသည့်အချက်မှာ သူမကိုသူချစ်မြတ်နိုးသည် ။ လွန်စွာချစ်မြတ်နိုးသည်။

သူ၏ပြိုင်ဘက် လူရွယ်၏ပုံစံမှာ သူ၏ဇနီးနှင့် ပတ်သတ်မှုတစ်စုံတစ်ရာရှိခဲ့ပုံရသဖြင့် ဝမ်းတု၏သွေးများဆူပွတ်လာသည် ။

ဝမ်းတုလည်း တိုက်ပွဲအား အချိန်မဆိုင်းလိုတော့ပေ။ တစ်ဖက်လူရွယ်၏ဓားသိုင်းမှာ ကောင်းမွန်လှသော်လည်း အဖြူရောင်သိုင်းလောကသားများ၏ထုံးစံအတိုင်း လှည့်ကွက်၊ ပရိယာယ်များမပါဘဲ ရိုးရိုးစင်းစင်းတိုက်ခိုက်နေသည်။

ထိုသို့သောရန်သူမျိုးနှင့်ရင်ဆိုင်ရာတွင် ‌သေမင်းနှုတ်ခမ်း‌ပေါ်အကြိမ်ကြိမ်လျှောက်ခဲ့ရသည့်ဝမ်းတုအတွက် အလွန်လွယ်ကူသည်ဟုခံစားမိသည်။

“ ငရဲပြည်မှုမီးလျှံ “

ဝမ်းတုမှ အော်ဟစ်မာန်သွင်းကာ သူ၏ဓားဆီသို့ အတွင်းအားများ တိုး၍ပို့လွှတ်လိုက်သည် ။

အဖြူရောင်သံမဏိဓားမှာ ဝမ်းတု၏အတွင်းအားများကြောင့် နီရဲလာကာ ပူနွေးသည့်အားလှိုင်းများလည်းထွက်ပေါ်လာသည်။

ဝမ်းတု၏ခုတ်ပိုင်းချင်နှင့်အတူ အနီရင့်ရောင်ဓားလှိုင်းကြီးထွက်ပေါ်လာကာ စန်းဟုန်းလျန်၏ဓားရိပ်များပျောက်ကွယ်သွားသည်။

“ နှလုံးဖောက်ဓားကွက် “

ဝမ်းတုမှ လွန်စွာလျှင်မြန်သည့်အရှိန်ဖြင့် စန်းဟုန်းလျှံ၏ ရက်ဘက်နေရာကို ထိုးသွင်းလိုက်သည်။

သူ၏ဓားကွက်မှာ မြူနှင်းငရဲဓားသိုင်းထဲမှ အလျှင်မြန်ဆုံးဓားကွက်ဖြစ်ကာ ရန်သူအားသတ်ဖြတ်သည့်ဓားကွက်တစ်ခုလည်းဖြစ်သည်။

သို့သော် ဝမ်းတုမှာ စန်းဟုန်းလျှံ၏နှလုံးကိုတိုက်ခိုက်ခြင်းမဟုတ်ဘဲရင်ဝတည့်တည့်ကိုတိုက်ခိုက်ခြင်းဖြစ်သည်။

စန်းဟုန်းလျှံမှာ တရှိန်ထိုးတိုးဝင်လာသည့် ဝမ်းတု၏အနီရင့်ရောင်ဓားကြောင့်သူ၏ခေါင်းထဲတွင် ပြင်းထန်သည့် အန္တရာယ်အရိပ်အငွေ့ကိုခံစားလိုက်ရသည် ။

သို့သော် ထိုဓားကွက်ကိုရှောင်တိမ်းခြင်းမပြုပေ။ သူရှောင်တိမ်းလျှင်လည်း လုံးဝလွတ်မြောက်မည်ဟု မထင်မိပေ။

စန်းဟုန်းလျန်မှာ လုံးဝခုခံခြင်းမပြုဘဲ ခေါင်းမာစွာဖြင့် သူ၏ဓားကို ဝမ်းတု၏ဘယ်ဘက်ရင်အုံသို့ ထိုးသွင်းလိုက်သည်။

ထိုနှစ်ယောက်၏ဓားကွက်များမှာ သူသေကိုယ်သေဓားကွက်များဖြစ်ကြသည်။ နှစ်ဦးစလုံးရှောင်တိမ်းခြင်းမပြုကြသလို ခုခံမှုလည်းမရှိကြပေ။

တစ်ယောက်ကိုတစ်ယောက်သတ်ဖြတ်ရန်သာ အာရုံစိုက်နေကြသည် ။

“ သူတို့က သူသေကိုယ်သေတိုက်နေကြတာလား “

“ မဖြစ်နိုင်တာ “

ထိုအခိုက်တွင် တိုက်ပွဲအားကြည့်ရှုဝေဖန်နေကြသည့်လူများမှာ အာမေဍိတ်သံများ ပြည့်နှက်သွားသည်။

သူတို့၏မျက်လုံးများမှာ ပြူးကျယ်နေကြကာ သူသေကိုယ်သေတိုက်ခိုက်နေကြသည့်လူနှစ်ယောက်ဆီသို့ စူးစိုက်ကြည့်နေကြသည် ။

“ ဝမ်းတုသတိထား “

ဝမ်းတ၏မျက်နှာထက်တွင် စိုးရိမ်ပူပန်သည့်အ‌ရိပ်အယောင်များယှက်သမ်းလာကာ အော်သစ်သတိပေးလိုက်ကာ ရှေ့သို့ တိုးထွက်သွာူတော့မည်ကဲ့သို့ဖြစ်သွားသည်။

သို့သော် သူ၏ပခုံးပေါ်သို့ရောက်ရှိလာသည့်လက်ညိုးတစ်ချောင်းကြောင့် ဝမ်းတမှ ဆက်၍အော်ဟစ်ခြင်းမပြုနိုင်သလို လှုပ်ရှားမှုလည်းမပြုနိုင်တော့ပေ။

“ အသာကြည့်နေစမ်းပါ “

အေးစိမ့်စကားသံကြောင့် ဝမ်းတုလည်း အနည်းငယ်စိတ်သက်သာရာရသွားကာ ရင်တထိတ်ထိတ်ဖြင့်ကြည့်လိုက်သည် ။

ဝမ်းတု၏မျက်နှာမှာ အထူးတည်ငြိမ်နေကာ သူနှင့်ဆန့်ကျင်ဘက် စန်းဟုန်းလျန်၏မျက်နှာမှာမူ အေးစက်တင်းမာနေသည်။

သူတို့၏ဓားဦးများမှာ ခန္တာကိုယ်အတွင်းသို့ ထိုးဖောက်ရန် နှစ်လက်မခန့်အလိုတွင် ဝမ်းတုမှာ ဘယ်ခြေကို နောက်တစ်လှမ်းဆုတ်၍ ခန္တာကိုယ်ကို အနည်းငယ်တိမ်းစောင်းပေးလိုက်သည် ။

“ စွပ် “

စန်းဟုန်းလျှံ၏ဓားမှာ မူလဦးတည်ရာနှင့်လက်မအိည်းငယ်လွဲချော်သွားကာ ဝမ်းတု၏ဘယ်ဘက်ပခုံးကိုထုတ်ချင်းဖောက်ဝင်သွားသည် ။

ဝမ်းတု၏မျက်နှာထက်တွင် နာကျင်ခံစားရဟန်မတူဘဲ ကောက်ကျစ်သည့်အပြုံးတစ်ခုရှိနေကာ သူ၏ဘယ်ဘက်ပခုံးကိုဖောက်ဝင်နေသည့်ဓားအား တင်းကြပ်စွာဆုပ်ကိုင်ကာ ကျန်သည့်ဓားကိုင်လက်ကို လျှင်မြန်စွာလှုပ်ရှားလိုက်သည်။

စန်းဟုန်းလျန်မှာ ဝမ်းတု၏မျက်နှာမှအပြုံးကိုမြင်သည်နှင့် တစ်စုံတစ်ခုမှားယွင်းနေသည်ဟုခံစားလိုက်မိကာ ဓားကိုလွှတ်၍နောက်သို့ချက်ခြင်းဆုတ်ခွာလိုက်သည်။

ထိုအဖြစ်မှာ မျက်စေ့တမှိတ်အချိန်အတွင်းဖြစ်သွားခြင်းဖြစ်သော်လည်း ဝမ်းတုမှာ မည်သို့အလွတ်ပေးမည်နည်း ။

“ ရွှပ် “

“ ဘုတ် “

စန်းဟုန်းလျန်၏ဓားကိုင်လက်မှာ လက်မောင်းရင်းမှပြတ်ထွက်သွားကာ ဘေးဘက်သို့လွင့်စင်သွားသည်။

ပြက်တောက်သွားသည့်လက်မောင်းနေရာမှ သွေးများပန်းထွက်လာသလို စန်းဟုန်းလျန်လည်း နောက်သို့ ဒယီးဒယိုင်ဆုတ်ပေးလိုက်ရသည် ။

ဝမ်းတုမှာ သူ၏မျက်နှာထက်သို့စင်လာသည့်သွေးစက်အချို့ကို လက်ဖြင့်ပွတ်သတ်၍ ပြုံးလိုက်သည်။

ထို့နောက် ဓားရှထားသည့်အတွက်သွေးများစီးကျနေသည့်လက်ဖြင့် ဘယ်ဘက်ပခုံးကိုစိုက်ဝင်နေသည့် စန်းဟုန်းလျန်ဓားကို ဆွဲထုတ်လိုက်သည်။

ဝမ်းတု၏တိုက်ခိုက်မှုမှာ လွန်စွာရက်စက်ကာ ကြိုတင်တွက်ချက်မှုလည်းကောင်းမွန်လှသည်။

သူသေကိုယ်သေတိုက်ပွဲများတွင် ရန်သူအားရက်ရက်စက်စက်တိုက်ခိုက်ရုံသာမက မိမိကိုယ်မိမိမသက်ညှာဘဲ စတေးရသည်များလည်းရှိပေသည်။

ဝမ်းတုနှင့်ယှဉ်လျှင် လမ်းမှန်သိုင်းသမားဖြစ်ကာ သူသေကိုယ်သေတိုက်ပွဲနည်းပါးခဲ့သည့်စန်းဟုန်းလျန်မှာ ထိုအချက်ကြောင့်ပင် ရှုံးနိမ့်သွားရခြင်းဖြစ်ပေသည်။

တိုက်ပွဲအားကြည့်ရှုနေကြသည့်လူများမှာ ငြိမ်သက်သွားကာ တဖန်ဆူပွတ်သွားကြသည် ။ ပထမဆုံးတိုက်ပွဲသည်ပင် လွန်စွာပြင်းထန်ကာ သွေးသံရဲရဲရှိလှသည်။

ထို့အပြင် စန်းဟုန်းလျန်အား သတ်ဖြတ်နိုင်ပါလျက် လက်တစ်ဖက်သာဖြတ်ခဲ့ခြင်းကိုလည်း အနည်းငယ်နားမလည်နိုင်ဖြစ်နေကြသည်။

“ ဝူတန်းဂိုဏ်းသားတွေ တစ်ယောက်မှစိန်ခေါ်ခွင့်မရှိတော့ဘူး “

ဝူတန်းဂိုဏ်းချုပ်ကြီးမှ ဖြေးညင်းစွာပြောလိုက်သည်။

ဝူတန်းဂိုဏ်းသားများမှာ မျက်နှာအကြီးအကျယ်ပျက်သွားကြကာ ရှေ့သို့တိုးဝင်သွားကြကာ ဝမ်းတုအား တိုက်ခိုက်မည်ကဲ့သို့ဖြစ်နေသည်။

သို့သော် သူတို့ဂိုဏ်းချုပ်၏တားမြစ်မှုကြောင့် မည်သူမှရှေ့မထွက်ဝံ့ကြပေ။

ဂိုဏ်းကြီးငါးဂိုဏ်းမှလူများသည်လည်းမျက်နှာမကောင်းကြပေ။ ပထမဆုံးပွဲတွင် သူတိုဘက်မှ သိုင်းထိပ်သီးဆယ်ယောက်စာရင်းဝင်သည့် ထိုက်ကျိဓားစန်းဟုန်းလျန်ပင် ဆိုးရွားစွာရှုံးနိမ့်ခဲ့ရသည် ။

သူတို့ဂိုဏ်းကြီးငါးထဲမှ လူငယ်မျိုးဆက်တွင် စန်းဟုန်းလျန်ထက်သိုင်းပညာအဆင့်မြင့်သူဟူ၍ ‌ရှောင်လင်မှ ဗုဒ္ဓလက်ဝါးကိုယ်တော်တစ်ယောက်သာရှိသည်။

အနက်ရောင်သိုင်းသမားများနှင့် အလယ်ပိုင်းမှမဟုတ်သည့် သိုင်းသမားများကမူ အော်ဟစ်၍ဩဘာပေးလိုက်ကြသည်။

မည်သို့ပင်ဖြစ်စေ ပထမဆုံးတိုက်ပွဲမှာ သူတို့ကိုစိတ်ကျေနပ်စေကာ သိုင်းလောကတစ်ခုလုံးနှစ်ပေါင်းများစွာကြီးစိုးလာသည့် ဂိုဏ်းကြီးငါးဂိုဏ်းဘက်မှ အရေးနိမ့်ခြင်းဖြစ်သည် ။

All Chapters