စိတ်ဓာတ်ကိုသတ်ခြင်း
Vol. 3 Ch. 225
ဝမ်းတုမှာ သူ၏လက်ထဲမှ သွေးများစွန်းပေနေသည့် စန်းဟုန်းလျန်၏ဓားရှည်ကိုကြည့်လိုက်သည် ။
ထိုဓားမှာ သူ၏ပခုံးတစ်ဖက်ကိုဖောက်ထွင်းသွားခဲ့ကာ သူ၏ဘယ်ဘက်ပခုံးမှာ သွေးများစွာစီးကျနေသည်။
အစောပိုင်းက ဘယ်လက်ဖြင့်ဓားသွားကိုတင်းကြပ်စွာဆုပ်ကိုင်ခဲ့သည့်အတွက် သူ၏ဘယ်ဘက်လက်ဝါးတွင် ပြက်ရှရာကြီးဖြစ်နေကာ သွေးများတစက်စက်စီးကျနေသည်။
သို့သော် ဝမ်းတုမှာ ထိုဒဏ်ရာများကို လုံးဝဂရုမစိုက်ဘဲ သူ့လက်ထဲတွင်ဆုပ်ကိုင်ထားသည့် စန်းဟုန်းလျန်၏ဓားကိုကြည့်ကာ သူ၏ဓားဖြင့်ခုတ်ဖြတ်လိုက်သည်။
“ ထန်း.... “
ဓားနှစ်လက်စလုံးမှာ ကောင်းမွန်သည့်သံမစီဖြင့်ပြုလုပ်ထားကြသော်လည်း ဝမ်းတုမှအတွင်းအားထည့်၍အားစိုက်လိုက်သဖြင့် စန်းဟုန်းလျန်၏ဓားမှာ ထိပ်ဖျားတွင် ပေတစ်ဝက်ခန့်ကျိုးသွားသည် ။
လူအများမှာ တိုက်ပွဲပြီးသွားသည့်တိုက်အောင် အဆုံးမသတ်ကြသေးသည့်လူနှစ်ယောက်အားစိတ်ဝင်စားစွာကြည့်ရှုနေကြသည်။
စန်းဟုန်းလျန်မှာ သွေးထွက်မလွန်စေရန် သူ၏ပခုံးမှအကြောများကိုထိုးပိတ်ထားသော်လည်း သူ၏ညာဘက်လက်မောင်းရင်းမှ တသွင်သွင်စီးကျနေသည့်သွေးများမှာ ရှင်းသန့်သည့်အဖြူရောင်ဝတ်စုံကို ရဲရဲနီသွားစေသည်။
လူအားလုံး၏အကြည့်အောက်တွင် ဝမ်းတုမှာ စန်းဟုန်းလျန်၏ရှေ့သို့ ဓားကျိုးကိုပစ်ချကာ ပြောလိုက်သည်။
“ သိုင်းလောကထဲမှာဆိုရိုးတစ်ရှိတယ် ။ ဓားရှိရင်လူရှိမယ် ဓားကျိုးရင်လူလဲသေမယ်တဲ့ “
စန်းဟုန်းလျန်မှာ ဝမ်းတုကိုမော့မကြည့်ဘဲ ခေါင်းငိုက်စိုက်ကျနေသည်။
အကယ်၍သူ၏မျက်ဝန်းများထဲသို့သေချာကြည့်ပါက မျှော်လင့်ချက်မဲ့မှုနှင့် စိတ်ပျက်မှုတို့ကိုတွေ့နိုင်ကာ လွန်စွာမှုန်မှိုင်းနေပေသည်။
သူ၏ညာဘက်လက်ပြတ်သွားခဲ့သည့်နောက် သူ၏ဓားသမားဘဝမှာ အဆုံးသတ်သွားသည်ကို သိရှိလိုက်သည်။
ဓားသမားဘဝဆုံးသည်ထက် ထိုသို့အဆုံးသတ်ပေးသူမှာ သူ၏ချစ်သူအား သိမ်းပိုက်ထားသည့် ကမ္ဘာမကြေရန်သူတော်ကြီးဖြစ်နေသည်။
ထို့အပြင် ဝမ်းတုမှာ ထိုသို့ဖြစ်စေရန် တမင်ပြုလုပ်သည်ကိုလည်း သိရှိသည်။ သို့သော် သူသိလျက်ပင် အားတင်းမထားနိုင်ပေ ။ သူ၏စိတ်ဓာတ်များအဆုံးစွန်အထိ ကျဆင်းနေသည်။
ဝမ်းတု၏ရည်ရွယ်ချက်မှာ လွန်စွာပတ်စက်ကာ သူဟအသက်ကိုမယူဘဲ သူ၏စိတ်ဓာတ်ကိုသာရိုက်ချိုးလိုခြင်းဖြစ်သည်။
ဝမ်းတုမှာ စန်းဟုန်းလျန်၏မျက်နှာအမူအယာကို အသေးစိတ်အကဲခပ်နေကာ ကျေနပ်အားရစွာဖြင့် ဆက်ပြောလိုက်သည်။
“ မင်းရဲ့မိန်းကလေးကိုငါလက်ထဲကပြန်မယူနိုင်ဘဲနဲ့ မင်းကိုယ်မင်း ယောင်္ကျားတစ်ယောက်လို့တောင်ပြောနိုင်သေးရဲ့လား ။
ငါသာမင်းနေရာမှာဆို စိတ်ပျက်လွန်းလို့ကိုယ့်ကိုယ်ကိုသတ်သေပစ်လိုက်နိုင်တယ် “
စန်းဟုန်းလျန်အတွက်မူ ဝမ်းတု၏စကားများမှာ သူ၏နားထဲသို့သံရည်ပူများလောင်းထည့်နေသလိုခံစားနေရကာ လိုက်၍ရေရွတ်လိုက်မိသည် ။
“ ငါ့ကိုယ်ငါသတ်သေရမယ် “
စန်းဟုန်းလျန်၏အကြည့်များမှာ သူ၏ရှေ့တွင်စိုက်ဝင်နေသည့်ဓားကျိုးဆီသို့ကျရောက်သွားကာ သူ၏မျက်လုံးများတောက်ပလာသည်။
သို့သော် ဝမ်းတု၏နောက်ဆက်တွဲစကားများက သူ၏စိတ်ဆုံးဖြတ်ထားမှုကို ပျက်စီးသွားစေသည်။
“ မင်းကိုယ့်ကိုယ်ကိုသတ်သေရင်လဲ ငါစိတ်ပျက်မိမှာပဲ။ ဘာကြောင့်လဲဆိုတော့ မင်းရဲ့အသက်ကိုငါမယူဘဲချမ်းသာပေးထားတာ ။။မင်းရဲ့ကိုယ်ပိုင်အသက်မဟုတ်တော့ဘူး ။
ဒါကြောင့် မင်းအသက်ရှင်ရမယ် ။ နေ့တိုင်းနေ့တိုင်းမှာ ငါအသုံးမကျဘူး ဆိုတဲ့စိတ်နဲ့ အသက်ရှင်ရမယ် “
ဝမ်းတုမှာ သူ၏စကားကိုအဆုံးသတ်ကာ ချာခနဲလှည့်ထွက်သွားလိုက်သည်။
သူ၏အပြုအမူမှာ လွန်စွာအန္တရာယ်များကာ ရန်သူကိုကျောပေး၍ လုံးဝဂရုမစိုက်ဘဲ လှည့်ထွက်လာခြင်းဖြစ်သည်။
ထိုအချိန်တွင် စန်းဟုန်းလျန်သာ သိုင်းလောကစည်းမျဉ်းများကို ဂရုမစိုက်ဘဲ တစ်စုံတစ်ခုပြုလုပ်ပါက ဝမ်းတုမှာ ကျိန်းသေထိခိုက်ပေတော့မည်။
သို့သော် ကျန်ရစ်ခဲ့သည့်စန်းဟုန်းလျန်မှာ ဝမ်းတုအားလုပ်ကြံရန်ဝေးစွ စိတ်နှင့်ကိုယ်နှင့်ပင်မကပ်ပေ။
ထို့နောက် သူ၏ရှေ့မှဓားကျိုးဓား ဆွဲနုတ်ကာ ဖြေးဖြေးချင်းထရပ်လိုက်သည် ။
ခပ်ဝေးဝေးတွင်လွင့်ကျနေသည့်သူ၏လက်မောင်းတစ်ဖက်အားကောက်ယူလိုက်ပြီး တောင်ကုန်းအောက်သို့ ဆင်းသွားတော့သည်။
“ အစ်ကိုကြီး
“ အစ်ကိုကြီးဘယ်ကိုသွားမလို့လဲ “
ဝူတန်းဂိုဏ်းသားများမှာ အော်ဟစ်လိုက်ကြသည်။
သို့သော် စန်းဟုန်းလျန်မှာ အစမှအဆုံးထိ ဝူတန်းဂိုဏ်းသားများဆီသို့တစ်ချက်မှမကြည့်သလို သူ၏ဆရာဖြစ်သူ ဝူတန်းဂိုဏ်းချုပ်ကြီးကိုပင် လျစ်လျူရှုထားလေသည်။
သူ၏စိတ်ထဲတွင်မူ ဝမ်းတုပြောခဲ့သည့်စကားများသာ ထပ်ကာထပ်ကာမည်ဟည်းနေကာ မျက်လုံးများမှာ မျှော်လင့်ချက်ကင်းမဲ့နေသူကဲ့သို့ အရောင်အဆင်းမရှိဘဲ မှုန်မှိုင်းလျက်ရှိသည်။
ဝူတန်းဂိုဏ်းချုပ်ကြီး ကျန်းဟုန်းချင်မှာ သူ၏အချစ်ဆုံးတပည့်စန်းဟုန်းလျန်အားစိတ်မကောင်းသည့်အကြည့်ဖြင့်ကြည့်ကာ ခေါင်းယမ်းလိုက်သည်။
သူ၏ပုံစံမှာ ဆယ်နှစ်ခန့်အိုစာသွားသလိုထင်ရကာ ခပ်တိုးတိုးရေရွတ်လိုက်သည်။
“ ဟုန်းလျန် မင်းရဲ့ စိတ်ဓာတ်ပြိုလဲမှုတွေထဲက အမြန်ဆုံးရုန်းထွက်နိုင်ပါစေ “
သိုင်းလောကသားများမှာ ထူးခြားလှသည့်တိုက်ပွဲကြောင့် ငြိမ်သက်သွားကြကာ သူတို့၏စိတ်ထဲတွင်လည်း အတွေးကိုယ်စီရှိနေကြသည်။
ထိုအခြေအနေကို ဖြိုခွင်းလိုက်သူမှာ အမှောင်လက်ဝါးဝမ်းတဖြစ်သည် ။
“ ကျုပ်နဲ့ဘယ်သူတိုက်ရဲလဲ “
သူ၏မောက်မာသည့်အသံမှာ တောင်ကုန်းတစ်ခုလုံး ဟိန်းထွက်သွားသည်။
သူ၏စကားမှာ ငြိမ်သက်နေသည့်အခြေအနေကို လောင်စာထည့်လိုက်သလိုဖြစ်ကာ သိုင်းသမားများမှာ ပြန်၍ဆူပွက်လာကြသည်။
ဂိုဏ်းအသီးသီးမှ စိတ်မြန်သည့်သိုင်းသမားများက ဝမ်းတကိုထွက်၍တိုက်ခိုက်မည်ပြုကြသော်လည်း သူတို့၏ရောင်းရင်းများမှ ဆွဲခေါ်ဖြောင်းဖျထားကြသည်။
အနက်ရောင်သိုင်းသမားများမှာ သူတို့၏ရုတ်ရုတ်သဲသဲဖြစ်ရပ်အားကြည့်ကာ ဝိုင်း၍လှောင်ပြောင်လိုက်ကြသလို ၊ အလယ်ပိုင်း၏စိန်ခေါ်ပွဲမှာ မိမိတို့နှင့်မဆိုင်ဟုယူဆထားကြသည့် မြောက်ပိုင်း ၊ တောင်ပင်လယ် စသည်တို့မှလူများမှလည်း ဝိုင်းဝန်း၍ဘေးတီးပေးနေကြသည်။
အဖြူရောင်သိုင်းလောကသားများမှာ စိတ်သာရှိသော်လည်း ကိုယ်မလိုက်နိုင်ဟုဆိုရမည်ပင်။
မည်မျှပင် သူတို့တိုက်ခိုက်လိုပါစေ လက်ရှိလူငယ်မျိူးဆက်တွင် ဝမ်းတနှင့်နှိုင်းယှဉ်နိုင်သူမှာ ရှောင်လင်မှ ဗုဒ္ဓလက်ဝါးကိုယ်တော်သာရှိသည်။
ထို့ကြောင့် သူတို့၏မျက်လုံးများမှာ မရည်ရွယ်ဘဲနှင့် ရှောင်လင်ဒုတိယကျောင်းထိုင်၏ဘေးတွင် လက်အုပ်ချီလျက်ရပ်နေသည့်ဘုန်းကြီးငယ်ဆီသို့ရောက်သွားကြသည်။
“ ရွှမ်းမင် အချိန်ကျလာပြီ “
ရှောင်လင်ဒုကျောင်းထိုင်မှ ညင်သာစွာပြောလိုက်သည်။ သူ၏စကားကြောင့် ဘုန်းကြီးငယ်မှာ လက်အုပ်ချီ၍ ရိုသေလေးစားသည့်ဟန်ဖြင့်ခေါင်းညိမ့်လိုက်သည်။
“ စိတ်ချပါ တပည့်တော်တို့ရှောင်လင်ရဲ့သိက္ခာမကျစေရပါဘူး “
ရွှမ်းမင်ကိုယ်တော်မှ အာမခံလိုက်သည်။
ဗုဒ္ဓလက်ဝါးကိုယ်တော်၏ဘွဲ့အမည်မှာ ရွှမ်းမင်ကိုယ်တော်ဖြစ်ကာ ရှောင်လင်ကျောင်းထဲတွင် ထူးခြားသည့်အဆင့်အတန်းရှိသူဖြစ်သည်။
ရွှမ်းမင်ကိုယ်တော်မှာ အသက်ရှစ်နှစ်မှစတင်၍ဘုန်းကြီးဝတ်ခဲ့ခြင်းဖြစ်ကာ ဝါတော်ဆယ်နှစ်ကျော်သာရှိသေးသော်လည်း ရှောင်လင်ကျောင်းမှ လောဟန်အဆောင်မှူးခုံးချီဆရာတော်မှ တပည့်အဖြစ်လက်ခံသဖြင့် ရွှမ်းဝါစဉ်ဖြစ်ခြင်းဖြစ်သည်။
ဗုဒ္ဓလက်ဝါးကိုယ်တော်မှာ သိုင်းထိပ်သီးဆယ်ယောက်စာရင်းတွင် အချိန်ကြာမြင့်စွာနေရာယူထားသော်လည်း သူတိုက်ခိုက်သည်ကိုတွေ့မြင်ဖူးသူမှာရှားပါးပေသည်။
သူ၏တိုက်ပွဲများကိုတွေ့မြင်ဖူးသူများ၏စကားအရ ဗုဒ္ဓလက်ဝါးကိုယ်တော်မှာ မည်သည့်တိုက်ပွဲဖြစ်စေ အစွမ်းကုန်အသုံးမပြုဘဲသက်ညှာတက်သည်ဟုပြောဆိုကြသည်။
သူ၏နာမည်အဓိကကျော်ကြားလာကခြင်းမှာ သူ၏ချိူးဖျက်မရသည့်ခံစစ်ကြောင့်ပင်ဖြစ်သည်။
ယခု ကြောက်မက်ဖွယ်ကောင်းသည့် နာမည်ကျော် အမှောင်လက်ဝါးဝမ်းတနှင့်တိုက်ခိုက်ရမည်ဖြစ်သဖြင့် အချို့လူများမှာလည်း ရွှမ်းမင်ကိုယ်တော်၏အစွမ်းအစစ်အမှန်ကိုတွေ့မြင်ရမညိဟုလည်း ခန့်မှန်းနေရသည်။
မည်သို့ပင်ဖြစ်စေ ရွှမ်းမင်ကိုယ်တော်မှာ လက်အုပ်ချီ၍ ရှေ့သို့တည်ငြိမ်စွာထွက်လာကာ မြေကွက်လပ်အလယ်ရှိဝမတ၏ရှေ့တွင် မတုန်မလှုပ်ရပ်နေလိုက်သည်။
“ ကိုယ်တော်ကျုပ်တို့ပြန်တွေ့ကြပြန်ပြီ ။ ဒီတစ်ကြိမ်ကျရင်တော့ ကျုပ်ရဲ့ မိစ္ဆာအမှောင်လက်ဝါးကို အပြည့်အဝအသုံးပြုနိုင်ပြီနော် “
ဝမ်းတုမှ ပြုံးစေ့စေ့ဖြင့် ရွှမ်းမင်ကိုယ်တော်အား ကလိလိုက်သည်။
သူ၏စကားမှာ ယခင်တစ်ကြိမ်ရွှမ်းမင်ကိုယ်တော်နှင့်တိုက်ခိုက်စဉ်က အင်အားပြည့်မရှိဘဲ အနိုင်အရှုံးမပေါ်သည်ကို ရည်ညွှန်းပေသည်။
ဝမ်းတုမှ အနည်းငယ်လှောင်ပြောင်လိုက်သော်လည်း ရွှမ်းဟန်ကိုယ်တော်မှ အမူအယာပြောင်းလဲသွားခြင်းမရှိပေ။
“ အော့မီတော့ဖု ဒကာကြီးနဲ့ကျုပ်ကရေစက်ရှိတယ်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ ကျုပ်ရှောင်လင်ရဲ့သိက္ခာမကျအောင် ဒကာကြီးကိုတားဆီရဦးမယ် “
ရွှမ်းဟန်ကိုယ်တော်၏တည်ငြိမ်သည့်စကားကြောင့် ဝမ်းတလည်း ဆက်၍လှောင်ပြောင်မနေတော့ဘဲ အေးစက်စက်ပြောလိုက်သည်။
“ ကောင်းပြီ သိုင်းကွက်ကြည့် “
စကားဆုံးသည်နှင့် ဝမ်းတ၏ခန္တာကိုယ်မှာရှေ့သို့ရိပ်ခနဲတိုးဝင်လာသလို သူ၏ဖြူလျော်သည့် လက်ဝါးနှစ်ဖက်မှာလည်း နက်မှောင်သည့်အခိုးအငွေ့များယှက်သမ်းလာသည်။