ဂိုဏ်းကြီးငါးဂိုဏ်းကိုစိန်ခေါ်ခြင်း(၁)
Vol. 3 Ch. 228
နှင်းငွေ့မိစ္ဆာသခင်၏စကားမှာ အားမာန်ပါလှသည်။ ထို့အပြင် သူ၏ပင်ကိုယ်စရိုက်ဖြစ်ဟန်တူသည့် မောက်မာဝံ့ကြွားမှုကိုလည်းတွေ့နိုင်သည် ။
ထိုဝံ့ကြွားမှာမှာ တမင်ပြုလုပ်နေခြင်းမဟုတ်ဘဲ အရိုးထဲမှလာသည့် ဝံ့ကြွားမှုဖြစ်ကာ ဂိုဏ်းကြီးငါးဂိုဏ်းမဆိုထားနှင့် သူ၏ရှေ့တွင် ဘုရင်မင်းမြက်ကိုယ်တိုင်ရပ်နေလျှင်ပင် သူ၏စိတ်အတိုင်းပြုမူနေမည်ဖြစ်ပေသည်။
ဂိုဏ်းကြီးငါးဂိုဏ်းမှခေါင်းဆောင်များမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြကာ စုတ်စုတ်ပြတ်ပြတ်ပုံစံဖြင့်အဖိုးအိုတစ်ဦးမှ ပြောလိုက်သည်။
“ ဂိုဏ်းချုပ်ကြီးတို့ ပထမတိုက်ပွဲကို ကျုပ်စမ်းသပ်ပြီးတိုက်ခိုက်ပါ့မယ် “
ထိုအဖိုးအိုမှာ စုတ်ပြဲကာ ဖာရာပရပွဖြစ်နေသည့်ဝတ်စုံကိုဝတ်ဆင်ထားသော်လည်း သူ၏မျက်လုံးများက စူးရှတောက်ပြောင်နေသည် ။
သူ၏လက်ထဲတွင် ကျောက်စိမ်းတုတ်တစ်ချောင်းရှိကာ သူ၏ဝတ်စုံပေါ်တွင် သေးငယ်သည့်အိတ်လေးများ အစီအရီကပ်၍ချုပ်ထားသည်။
အဖိုးအိုမှာ သူတောင်းစားဂိုဏ်းမှ အိတ်ခုနစ်လုံးအဆင့်အကြီးအကဲတစ်ယောက်ဖြစ်ကာ စည်းကမ်းထိမ်းသိမ်းရေးမှူးလည်းဖြစ်သည် ။
အိတ်ခုနစ်လုံးအဆင့်မှာ ဂိုဏ်းစည်းမျဉ်းအရ ဂိုဏ်းချုပ်ပြီးလျှင်အကြီးဆုံးပုဂ္ဂိုလ်များဖြစ်ကြသည်။
ခရမ်းရောင်သွေးလဂိုဏ်း၏စိန်ခေါ်မှုမှာ အရပ်ရှစ်မျက်နှာသို့ပျံ့နှံ့နေသော်လည်း သူတောင်းစားဂိုဏ်း၏ဂိုဏ်းချုပ်ကြီးမှာမူ မည်သည့်နေရာသို့ရောက်နေသည်မသိပေ။
သူတောင်းစားဂိုဏ်းချုပ်ကြီး စုတိချုံး၏ဘွဲ့အမည်မှာလည်း လေလွင့်တေလေဖြစ်ကာ လေနှင့်အတူလိုက်ပါနေသလို နေရာအနှံသို့လေလွင့်သွားလာနေကာ သူမည်သည့်နေရာသို့ရောက်နေသည်ကို မည်သူမှမသိကြပေ။
ထို့ကြောင့် ဂိုဏ်းချုပ်မရှိသည့်အတွက် အိတ်ခုနစ်လုံးအဆင့် စည်းကမ်းထိမ်းသိမ်းရေးမှူးမှ ဂိုဏ်းသားများကို ဦးဆောင်လာခြင်းဖြစ်သည်။
သူတောင်းစားဂိုဏ်းမှအဖိုးအို၏စကားကြောင့် ဂိုဏ်းချုပ်များမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာာခေါင်းညိမ့်လိုက်ကြသည် ။
သူတောင်းစားဂိုဏ်းကဲ့သို့ ဂိုဏ်းသားပေါင်းထောင်နှင့်ချီသည့်ဂိုဏ်းတစ်ခုတွင် စည်းကမ်းထိမ်းသိမ်းရေးမှူးရာထူးကိုရထားမှာ သာမန်သိုင်းသမားတစ်ယောက်မည်သို့မှမဖြစ်နိုင်ပေ။
စည်းကမ်းထိမ်းသိမ်းရေးမှူးအဖိုးအိုသည်လည်း သိုင်းဝိဇ္ဇာအဆင့်တစ်ဝက်ဖြစ်ကာ ခွန်လွန်ဂိုဏ်းချုပ်မာရှောင်ကျင်းထက်ပင် သိုင်းပညာပို၍ထက်မြက်သေးသည်။
“ ကောင်းပြီလေ ဒါဆိုရင် အကြီးအကဲကျန်းကပဲ အရင်တိုက်လိုက်ပါ “
ဝါဆန်းဂိုဏ်းချုပ်လျှပ်စီးဓားရှင်မှပြောလိုက်သည်။
စည်းကမ်းထိမ်းသိမ်းရေးမှူး၏အမည်ရင်းကို သိရှိသည့်လူနည်းပါးကာ ဂိုဏ်းချုပ်များပင် အကြီးအကဲကျန်းဟုသာ သိထားသည်။
သိုင်းလောကသားများမှာမူ စည်းကမ်းထိမ်းသိမ်းရေးမှူးအဖိုးအိုကို ကျောက်စိမတုတ်ကျန်းဟုသိကာ သူ၏လေခွင်းတုတ်သိုင်းဖြင့်နာမည်ကျော်ကြားသည်။
သူတို့ချင်းဆွေးနွေးပြီးနောက်အဖိုးအိုကျန်းလည်း သူ၏လက်စွဲတော် ကျောက်စိမ်းတုတ်ကိုကိုင်ကာ ရှေ့သို့ထွက်လာသည်။
သိုင်းလောကသားများမှာ အဖိုးအိုကျန်းကိုမြင်သည်နှင့် ပွဲကောင်းတစ်ပွဲကြည့်ရတော့မည်ဟုခန့်မှန်းမိလိုက်ကြကာ စိတ်အားတက်ကြွလာကြသည်။
တောင်ကုန်းထက်တွင်ရှိသည့် အနည်းငယ်သောသိုင်းထိပ်သီးများမှာမူ နှင်းငွေ့မိစ္ဆာသခင်၏သိုင်းပညာကိုတွေ့မြင်ရတော့မည်ဖြစ်၍ သူတို့၏မျက်လုံးများ အရောင်တောက်လာကြသည် ။
ထိုအထဲမှလူနည်းစုသာ အဖိုးအိုကျန်းအနိုင်မရနိုင်သည်ကိုခန့်မှန်းမိကာ အဖိုးအိုကျန်းမှလည်း အနိုင်ရရန်မသေချာသော်လည်း နှင်းငွေ့မိစ္ဆာသခင်အားစမ်းသပ်ရန်အတွက် ရှေ့သို့တက်လာခြင်းဖြစ်သည်။
“ ကျုပ်က သူတောင်းစားဂိုဏ်းက စည်းကမ်းထိမ်းသိမ်းရေးမှူးကျန်းပါ “
အဖိုးအိုကျန်းမှသူ၏အမည်ကိုမိတ်ဆက်လိုက်သော်လည်း နှင်းငွေ့မိစ္ဆာသခင်မှာ များစွာစိတ်ဝင်စားဟန်အရပေ။
“ သိုင်းဝိဇ္ဇာအဆင့်ကိုတောင်မရောက်တဲ့လူကိုလွှတ်လိုက်တဲ့ဆိုတော့ ကျုပ်ကိုအထင်သေးလွန်းနေကြပြီ။ ဒီလိုလူကကျုပ်ရဲ့သိုင်းပညာကို စမ်းသပ်နိုင်ပါ့မလား “
နှင်းငွေ့မိစ္ဆာသခင်မှာတစ်ဦးတည်းရေရွတ်သလိုပြောဆိုလိုက်သော်လည်း သိုင်းလောကသားများမှာ ကောင်းစွာကြားလိုက်ကြသည် ။
နှင်းငွေ့မိစ္ဆာသခင်မှာ အဖြူရောင်ထိပ်သီးများ၏အကြံအစည်ကိုတစ်ချက်ကြည့်ရုံဖြင့်သိလိုက်ကာ အဖိုးအိုကျန်းကိုပင် မျက်စေ့ထဲထည့်ဟန်မတူပေ။
အဖိုးအိုကျန်းမှာ နှင်းငွေ့မိစ္ဆာသခင်၏စကားကြောင့် မျက်နှာနီရဲသွားပြီး သူ၏ကျောက်စိမ်းတုတ်ကို မြေပြင်ပေါ်သို့ဆောင့်ချလိုက်သည်။
“ ဟမ့် ကျုပ်ရဲ့ကျောက်စိမ်းတုတ်နဲ့တွေ့ရင် မင်းဒီလိုအထင်သေးနိုင်ဦးမလားဆိုတာကိုကြည့်ဦးမယ် “
အဖိုးအိုကျန်း၏ဒေါသစကားကြောင့် နှင်းငွေ့မိစ္ဆာသခင်မှ ဦးခေါင်းကိုအသာယမ်းကာ လက်ကိုဝေ့ယမ်း၍ပြောလိုက်သည်။
“ မင်းတို့ရဲ့ဂိုဏ်းချုပ်ဆိုရင်တော့ ကျုပ်နည်းနည်း စိတ်ဝင်စားသေးတယ် ။ အင်း မင်းလိုမျိုးအဆင့်ကိုတော့ ကျုပ်သိုင်းဆယ်ကွက်အတွင်းအနိုင်ယူပြမယ် “
နှင်းငွေ့မိစ္ဆာသခင်မှာ လွန်ကဲစွာမောက်မာခြင်းဖြစ်သည်။
ယခုရှိနေကြသည့်လူများထဲတွင် အဖိုးအိုကျန်းကိုအနိုင်ယူနိုင်သူများရှိနေသော်လည်း အနည်းဆုံး သိုင်းကွက်တစ်ရာမကျော်ဘဲအနိုင်မယူနိုင်ကြပေ။
နှင်းငွေ့မိစ္ဆာသခင်၏စကားကြောင့် အဖိုးအိုကျန်းမှာ စိတ်ထိမ်းမထားနိုင်တော့ဘဲ သူ၏ကျောက်စိမ်းတုတ်ဖြင့် စတင်တိုက်ခိုက်လိုက်သည်။
လေတိုးသံတဝှီးဝှီးနှင့်အတူ ကျောက်စိမ်းတုတ်မှာအရှိန်ပြင်းစွာတိုးဝင်သွားလေသည်။
အဖိုးအိုကျန်း၏ လေခွင်းတုတ်သိုင်းမှာ အတွင်းအားကိုအခြေခံကာ ခန္တာကိုယ်ရှိသွေးကြောများကိုတိုက်ခိုက်သည့်ပညာရပ်ဖြစ်သည် ။
ထိုတုတ်သိုင်းကြောင့်ပင် အဖိုးကျန်းမှာ ကျောက်စိမ်းတုတ်ကျန်းဟုကျော်ကြားကာ သူတောင်းစားဂိုဏ်း၏စည်းကမ်းထိမ်းသိမ်းရေးမှူးရာထူးကို ရခဲ့ခြင်းဖြစ်ပေသည် ။
ကျောက်စိမ်းတုတ်မှာ ရှေ့သို့တဖြောင့်ထဲတိုးဝင်သွားကာ နှင်းငွေ့မိစ္ဆာသခင်၏ခန္တာကိုယ်မှာ အရေးကြီးသည့်သွေးကြောရှစ်ခုဆီသို့ တစ်ပြိုင်နက်တိုက်ခိုက်လိုက်သည်။
နှင်းငွေ့မိစ္ဆာသခင်မှ နေရာမှတလက်မမှမရွေ့ဘဲ လက်နောက်ပစ်၍ရပ်နေကာ အစိမ်းရောင်အရိပ်ပြေးဝင်လာသည်နှင့် သူ၏လက်တစ်ဖက်ကိုရိပ်ခနဲလှုပ်ရှားလိုက်သည်။
“ ဖြောင်း... “
ကျောက်စိမ်းတုတ်နှင့် နှင်းငွေ့မိစ္ဆာသခင်၏လက်ဝါးတို့ထိတွေ့သွားကာ ကျယ်လောင်သည့်အသံကြီးထွက်ပေါ်လာသည်။
ကျောက်စိမ်းတုတ်မှာ လွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်တိုးဝင်လာသော်လည်း နှင်းငွေ့မိစ္ဆာသခင်၏လက်ဝါးမှပို၍လျှင်မြန်ကာ အဖိုးအိုကျန်း၏သိုင်းကွက် အနည်းငယ်လစ်ဟာနေသည့်နေရာသို့ရိုက်ချလိုက်သည့်အတွက် သိုင်းကွက်ပျက်ကာ နောက်သို့ဆုတ်ပေးလိုက်ရခြင်းဖြစ်သည်။
အဖိုးအိုကျန်း၏ကျောက်စိမ်းတုတ်မှာ တုန်ခါ၍နောက်သို့ပြန်ထွက်သွားကာ အဖိုးကျန်လည်း ခြေသုံးလှမ်းခန့်ဆုတ်ပေးလိုက်ရသည် ။
အဖိုးကျန်းမှာ တဆက်ဆက်တုတ်ယင်နေသေးသည့် သူ၏လက်နှစ်ဖက်ကိုအံ့ဩထိတ်လန့်စွာဖြင့်ကြည့်လိုက်မိကာ နှင်းငွေ့မိစ္ဆာသခင်၏အတွင်းအားကိုလည်း ဖြုံသွားမိသည်။
ထို့နောက် အံကိုတင်းတင်းကြိတ်ကာ ရှေ့သို့တိုးဝင်သွားပြန်သည်။
“ လေလှိုင်းတုန်ခါ “
အဖိုးအိုကျန်း၏တုတ်ချက်မှာ လွန်စွာပြင်းထန်သည့်အရှိန်ဖြင့်တိုးဝင်လာပြန်သည်။
ယခုသိုင်းကွက်မှာ အတွင်းအားအများအပြားသုံးစွဲထားကာ တုတ်၏လေလှိုင်းဖြင့်ပင် တစ်ဖက်လူကို တိုက်ခိုက်နိုင်သည့်သိုင်းကွက်မျိုးဖြစ်သည် ။
အဖိုးအိုကျန်း၏အတွင်းအားဖြင့်ယခုသိုင်းကွက်ကိုအသုံးပြုပါက သိုင်းလောကထဲတွင်ပင် ခုခံနိုင်မည့်လူနည်းပါးပေသည်။
နှင်းငွေ့မိစ္ဆာသခင်၏လက်ဝါးမှာ ရှေ့သို့ဖျက်ခနဲတိုးထွက်သွားကာ အဖိုးအိုကျန်း၏သိုင်းကွက်ကို နောက်ထပ်တစ်ကြိမ်ဖျက်ဆီးလိုက်သည်။
သို့သော် ယခုတစ်ကြိမ်တွင် အဖိုးအိုကျန်းမှာ ကြိုတင်ပြင်ဆင်ထားပုံရသည်။ သူ၏လေလှိုင်းတုန်ခါသိုင်းကွက် ပျက်စီးသွားသည်နှင့် လေပေါ်သို့ခုန်တက်၍ သူ၏ကျောင်စိမ်းတုတ်ကိုလျှင်မြန်စွာလှုပ်ရှားလိုက်သည်။
“ လေခွင်းရိုက်ချက်ခုနှစ်ချက် “
ရိုက်ချက်ခုနစ်ချက်ဟုသာဆိုသော်လည်း ရိုက်ချက်တစ်ခုတွင် သိုင်းကွက်သုံးခုပါကာ အဖိုးအိုကျန်းမှာ မျက်တောင်တခက်အချိန်အတွင်း ရိုက်ချက်ပေါင်းနှစ်ဆယ့်တစ်ချက်တိတိတိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
ထိုသိုင်းကွက်မှာ ရုတ်တရက်တိုက်ခိုက်ခြင်းဖြစ်သည့်အပြင် လွန်စွာမြန်ဆန်လှ၍ ခုခံရန်သို့မဟုတ် ရှောင်တိမရန်ခက်ခဲလှသည်။
နှင်းငွေ့မိစ္တာသခင်မှာမူ ယခင်ကကဲ့သို့ထူးမခြားနားပင် ။ နေရာမှတစ်လက်မမှမရွေ့ဘဲ အဖိုးအိုကျန်း၏ရိုက်ချက်များကို ထိတ်တိုက်ရင်ဆိုင်လိုက်ပြန်သည် ည
“ လက်တစ်ထောင်မိစ္ဆာ “
နှင်းငွေ့မိစ္ဆာသခင်၏လက်ဝါးသည်လည်း အရိပ်များစွာခွဲထွက်သွားကာ အဖိုးအိုကျန်း၏သိုင်းကွက်တိုင်းကို ပိတ်ဆို့လိုက်သည်။
ရလာဒ်အနေဖြင့် အဖိုးအိုကျန်းမှာ နောက်ထပ်တစ်ကြိမ်နောက်ဆုတ်ပေးလိုက်ရပြန်ကာ သူ၏မျက်နှာကြီးမှာ မည်းမှောင်လာတော့သည်။
နှင်းငွေ့မိစ္တာသခင်မှ သူ့ထက်သိုင်းပညာသာလွန်နေ၍အရှက်ရခြင်းမျိုးမဟုတ်ဘဲ သူ့ကိုအထင်သေးဟန်ဖြင့် လိုက်လံတိုက်ခိုက်ခြင်းမပြုဘဲ ကျောက်ရုပ်ထုတစ်ခုလို အေးဆေးစွာရပ်နေခြင်းက အဖိုးအိုကျန်းကို ဒေါသအကြီးအကျယ်ထွက်စေသည် ။
ထို့ကြောင့်ပင် နောက်ထပ်အချိန်မဆိုင်းတော့ဘဲ မြေပြင်ကိုတစ်ချက်ထောက်၍ နှင်းငွေ့မိစ္ဆာသခင်၏ခန္တာကိုယ်အနီးသို့တိုးကပ်သွားကာ နောက်ထပ်တစ်ကြိမ်အပြင်းအထန်တိုက်ခိုက်ပြန်သည်။