ဂိုဏ်းကြီးငါးဂိုဏ်းကိုစိန်ခေါ်ခြင်း(၂)
Vol. 3 Ch. 229
လေခွင်းတုတ်သိုင်းမှာ အဖိုးအိုကျန်းအား သိုင်းလောကတွင် ကျောက်စိမ်းတုတ်ကျန်းဟု နာမည်တစ်လုံးရစေသည့်သိုင်းပညာဖြစ်သည်။
သို့သော် ယခုနှင်းငွေ့မိစ္ဆာသခင်နှင့်ရင်ဆိုင်ရာတွင် သူမည်မျှတိုက်ခိုက်ပါစေ နှင်းငွေ့မိစ္ဆာသခင်မှ နေရာမှတစ်လက်မမှရွေ့လျားခြင်းမရှိပေ ။
ထိုအဖြစ်က ဝမ်းတနှင့်ရွှမ်းမင်ကိုယ်တော်တို့၏တိုက်ပွဲနှင့်ဆင်တူသော်လည်း ကွာခြားသည့်အချက်မှာ နှင်းငွေ့မိစ္ဆာသခင်၏သိုင်းပညာမှာ အဖိုးအိုကျန်းထက်များစွာသာလွန်နေခြင်းဖြစ်သည်။
အဖိုးအိုကျန်းမှာ သူမည်မှတိုက်ခိုက်စေကာမူ နှင်းငွေ့မိစ္ဆာသခင်မှ အသာအယာချေဖျက်ပြနေသဖြင့် ဒေါသထွက်နေသလို စိတ်ဓာတ်လည်းကျနေသည်။
တိုက်ပွဲအားကြည့်နေကြသည့်လူများမှာမူ ထိုနှစ်ယောက်၏သိုင်းပညာကွာခြားမှုအားကြည့်ကာ အံ့ဩတကြီးဖြစ်နေကြမိသည်။
ရှောင်လင်ဒုတိယကျောင်းထိုင်၊ ဝူတန်းဂိုဏ်းချုပ်ကြီးနှင့် လျှပ်စီးဓားရှင်တို့မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြကာ သူတို့၏မျက်ဝန်းထဲတွင် စိုးထိတ်ဟန်များပေါ်လွင်နေကြသည် ။
နှင်းငွေ့မိစ္ဆာသခင်မှာ သူတို့ရင်းနှီးနေသည့်သိုင်းပညာကိုအသုံးပြုနေခြင်းဖြစ်ကာ မိစ္ဆာအမှောင်လက်ဝါးသိုင်းဖြစ်သည်။
သို့သော် နှင်းငွေ့မိစ္ဆာသခင်၏လက်ထဲတွင် မိစ္ဆာအမှောင်လက်ဝါးသိုင်းမှာ များစွာအစွမ်းထက်သွားကာ ဝမ်းတအသုံးပြုစဉ်နှင့်အလွန်ကွာခြားပြီး ကျွမ်းကျင်မှု ၊ အတွင်းအားစသည်တို့မှာ ကြောက်မက်ဖွယ်ရာအဆင့်သို့ရောက်နေသည်။
“ သိုင်းကွက်ရှစ်ကွက်ရှိနေပြီ “
နှင်းငွေ့မိစ္ဆာသခင်မှ ကျောက်စိမ်းတုတ်အားလက်ဝါးဖြင့်ရိုက်ထုတ်ကာ တည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်ရာ လူအများအပြားထိတ်လန့်သွားကြသည်။
တိုက်ပွဲမစမီက နှင်းငွေ့မိစ္ဆာသခင်မှ အဖိုးအိုကျန်းကို သိုင်းဆယ်ကွက်အတွင်းအနိုင်ယူမည်ဟုပြောခဲ့ကာ ယခု သိုင်းကွက်ရှစ်ကွက်ရှိနေပြီဖြစ်သည်ကို သူတို့သတိရလိုက်ကြသည်။
ထို့အပြင် သိုင်းရှစ်ကွက်အတွင်း နှင်းငွေ့မိစ္ဆာသခင်မှ လုံးဝစတင်တိုက်ခိုက်ခြင်းမရှိဘဲ အဖိုးအိုကျန်း၏တိုက်ခိုက်မှုများကိုသာ တစ်ခုချင်းချေဖျက်နေသည် ။
အဖိုးအိုကျန်းကဲ့သို့ မာနကြီးသည့်သိုင်းထိပ်သီးမှာ ထိုသို့အဖြစ်အပျက်ကိုမည်သို့လက်ခံနိုင်ပါမည်နည်း။
အဖိုးအိုကျန်လည်း သူ၏ကျောက်စိမ်းတုတ်ကို မွှတ်နေအောင်လည်ကာ နှင်းကွေ့မိစ္ဆာသခင်ထံသို့ တိုးဝင်သွားသည်။
“ လေခွင်းစကြာ “
ထိုသိုင်းကွက်မှာ လေခွင်းတုတ်သိုင်းထဲမှအစွမ်းအထက်ဆုံးသိုင်းကွက်ဖြစ်ကာ ယခင်ကတစ်ဖက်လူမည်မျှအားကောင်းနေပါစေ အဖိုးအိုကျန်းမှထိုသိုင်းကွက်ကို သုံးလိုက်သည်နှင့် အနိုင်ရခဲ့သည်သာဖြစ်သည်။
‘ လေခွင်းစကြာ ‘ သိုင်းကွက်မှာ ကျောက်စိမ်းတုတ်ကိုသာမက အဖိုးအိုကျန်း၏ခန္တာကိုယ်ကိုပါ ဂျင်တစ်လုံးကဲ့သို့မွတ်နေအောင်လည်စေကာ သူစပတ်ဝန်းကျင်တွင် အစိမ်းရောင်အလင်းတန်းတစ်ခုမှကာကွယ်ပေးထားသကဲ့သို့ထင်ရသည်။
ထိုအခြေအနေတွင် ဓားလှံများပင် အဖိုးအိုကျန်းကိုမထိခိုက်စေနိုင်တော့ဘဲ တိုက်ခိုက်သည့်လက်နက်၊ သိုင်းကွက်မှန်သမျှကို ပြန်ကန်ထွက်စေမည်ဖြစ်သည်။
ထိုကဲ့သို့ ကောင်းမွန်သည့်သိုင်းကွက်တွင် ပြင်းထန်လှသည့် အဖိုးအိုကျန်း၏အတွင်းအားများထည့်သွင်းထားရာ သိုင်းဝိဇ္ဇာအဆင့်များကိုပင် အနိုင်ရနိုင်ပေသည် ။
အစိမ်းရောင်အရိပ်ကြီးသူ့ထံသို့တိုးဝင်လာသည်ကိုမြင်သည်နှင့် နှင်းငွေ့မိစ္တာသခင်မှာ ခေါင်းတစ်ချက်ဆက်လိုက်ကာ အသိအမှတ်ပြုသလိုခေါင်းညိမ့်လိုက်သည်။ ထို့နောက် သူ၏ဘယ်လက်ကိုရှေ့သို့ဆန့်ထုတ်လိုက်သည်။
“ မိစ္တာဘုရင်၏ဖမ်းဆုပ်မှု “
ဂျင်တစ်လုံးကဲ့သို့ မွတ်နေအောင်လည်ကာ ဓားလှံများကိုပင်ပြန်ကန်ထွက်သွားစေနိုင်သည့် အဖိုးအိုကျန်းကျောင်စိမ်းတုတ်မှာ နှင်းငွေ့မိစ္ဆာသခင်၏လက်ထဲတွင် တိခနဲရပ်သွားကာ နှင်းငွေ့မိစ္ဆာသခင်မှ တုတ်ချောင်း၏အလယ်ကိုဖမ်းဆုတ်မိထားသည် ။
“ သွားပြီ “
သိုင်းလောကသားများမှာ အဖိုးအိုကျန်းရှုံးနိမ့်သွားပြီဟုတွေးလိုက်မိကြသည်။
မိမိ၏လက်နက်မှာ ရန်သူ၏လက်ထဲသို့ကျရောက်သွားသည့်နောက် မည်သည့်သိုင်းသမားမှအခြေအနေမကောင်းနိုင်ပေ။
သို့သော် အဖိုးအိုကျန်း၏မျက်နှာထက်တွင် အပြုံးတစ်ခုထွက်ပေါ်လာကာ ကျောက်စိမ်းတုတ်ကိုလက်လွှတ်၍ မြေပြင်အားခြေတစ်ချက်ဆောင့်ကာ လေထဲသို့ခုန်တက်လိုက်သည်။
ထို့နောက် သူ၏အတွင်းအားများကို အကုန်သုံး၍ အောင်ဘက်သို့ လက်ဝါးဖြင့်ရိုက်ထုတ်လိုက်သည်။
“ နဂါးရေသောက်ဆင်း “
“ ဝှမ်း.. “
အော်ဟစ်မာန်သွင်းသံနှင့်အတူ နဂါးအော်သံသဲ့သဲ့ထွက်ပေါ်လာကာ လူအများမှာ အံ့ဩသွားကြသလို အဖိုးအိုကျန်း၏ရုတ်တရက်အချိန်ကိုက်တိုက်ခိုက်မှုကြောင့် နှင်းငွေ့မိစ္ဆာသခင်ပင် ရှောင်တိမ်းနိုင်မည်မဟုတ်ပေ။
လူအများမှာ နှင်းငွေ့မိစ္ဆာသခင်၏သိုင်းပညာကို လွန်စွာအံ့ဩထိတ်လန့်နေကြသည့်အတွက် အဖိုးအိုကျန်းမှာ သူတောင်းစားဂိုဏ်း၏စည်းကမ်းထိမ်းသိမ်းရေးမှူးဖြစ်နေသည်ကို တခဏမေ့လျော့သွားကြသည်။
ထို့ကြောင့် အဖိုးအိုကျန်း၏ကျောက်စိမ်းတုတ်ကို နှင်းငွေ့မိစ္ဆာသခင်မှဖမ်းဆုပ်လိုက်သည်နှင့်သူတို့အားလုံးအဖိုးအိုကျန်ရှုံးနိမ့်သွားပြီဟု တွေးလိုက်မိကြခြင်းဖြစ်သည်။
သူတောင်းစားဂိုဏ်း၏နဂါးနိုင်လက်ဝါးဆယ့်ရှစ်ကွက်မှာ သိုင်းလောကတွင်အကျော်ကြားဆုံးအမာစားလက်ဝါးသိုင်းလည်းဖြစ်ကာ ဂိုဏ်းချုပ်မှ ပြင်ပလူများကို သုံးကွက်အထိသင်ကြားပေး၍ရပေသည်။
ထို့ကြောင့်လည်း အဖိုးအိုကျန်းမှ နဂါးနိုင်လက်ဝါးသိုင်းမှ သုံးကွက်တတ်မြောက်ထားကာ မည်သူမှမထင်မှတ်သည့်အချိန်တွင် ရုတ်တရက်အသုံးပြုလိုက်နိုင်ခြင်းဖြစ်သည်။
နှင်းငွေ့မိစ္ဆာသခင်လည်း သူ၏ညာလက်အား ရင်ဘက်ရှေ့တွင်ကပ်ကာ အပေါ်ဘက်သို့ လျှင်မြန်စွာတွန်းထုတ်လိုက်သည်။
“ ဝုန်း.... “
ကျယ်လောင်သည့်အသံနှင့်အတူ လူရိပ်နှစ်ခုမှာ ကွဲသွားကြသည်။
“ စိတ်မကောင်းစရာပဲ သိုင်းကွက်ကထိတ်တန်းအဆင့်ရှိပေမယ့် အသုံးပြုတဲ့လူရဲ့အတွင်းအားက အဆင့်မမီဘူး “
နှင်းငွေ့မိစ္ဆာသခင်မှ နောင်တရသည့်လေသံဖြင့်ပြောလိုက်သော်လည်း သူ၏ခန္တာကိုယ်မှာမူ မူလနေရာမှ နောက်သို့ခြေသုံးလှမ်းအကွာသို့ရောက်နေသည်။
သူ၏ရှေ့တွင် နက်ရှိုင်းသည့်ခြေရာကြီးသုံးခုကျန်ခဲ့သည်ကိုကြည့်ခြင်းဖြင့် နဂါးနိုင်လက်ဝါးသိုင်းမှသိုင်းကွက်တစ်ခုတည်းကပင် မည်မျှအားအင်ပြင်းထန်သည်ကိုတွေ့နိုင်သည်။
အဖိုးအိုကျန်းမှာမူ ခပ်လှမ်းလှမ်းတွင်လဲကျနေကာ ပြန်၍မထနိုင်သွေးများအန်ထုတ်လျက်ရှိသည် ။
အစောပိုင်းကလက်ဝါးချင်းထိတ်တိုက်တွေ့ဆုံရာတွင် မထင်မှတ်သည့်အချိန်၌ တိုက်ခိုက်လိုက်၍ သူအသာစီးရသွားသော်လည်း နှင်းငွေ့မိစ္ဆာသခင်၏အတွင်းအားမှာ ကြောက်မက်ဖွယ်ကောင်းလှသည် ။
လက်ဝါးချင်းတွေ့ဆုံပြီးနောက် အဖိုးအိုကျန်းမှ နောက်ဘက်သို့လွင့်စင်သွားကာ အတွင်းဒဏ်ရာရသွားချိန်တွင် နှင်းငွေ့မိစ္ဆာသခင်မှ ခြေသုံးလှမ်းခန့်သာဆုတ်ပေးလိုက်ရသည်။
မည်သို့ပင်ဖြစ်စေ ယခုအကြိမ်မှာ နှင်းငွေ့မိစ္ဆာသခင်ပထမဆုံးအကြိမ်အဖြစ်နောက်ဆုတ်ပေးလိုက်ရခြင်းဖြစ်သော်လည်း တစ်ဖက်လူအားအတွင်းဒဏ်ရာအပြင်းအထန်ရစေကာ တိုက်ပွဲအဖြေမှာမူ မေးနေစရာပင်မလိုတော့ပေ။
ထို့အပြင် နှင်းငွေ့မိစ္ဆာသခင်မှာ သူ၏စကားထဲကလိုပင် သိုင်းကွက်ဆယ်ကွက်အတွင်းအနိုင်ယူလိုက်ခြင်းဖြစ်ကာ အမှန်မှာ ဆယ်ကွက်မပြည့်ဘဲ ကိုးကွက်သာဖြစ်သည်။
သူတောင်းစားဂိုဏ်းမှ ဂိုဏ်းသားများမှာ ရှေ့သို့တိုးထွက်လာ၍ သူတို့၏စည်းကမ်းထိမ်းသိမ်းရေးမှူးကို သယ်ဆောင်ရန်ပြင်လိုက်ကြသည် ။
“ မင်းရဲ့လက်နက်ကိုပြန်ယူသွား “
“ ဝှီး.... “
စကားသံနှင့်အတူ ပြင်းထန်သည့်လေခွင်းသံထွက်ပေါ်လာကာ အစိမ်းရောင်အရိပ်တစ်ခုမှာ အဖိုးအိုကျန်း၏မျက်နှာဘေးမှကပ်၍ဖြတ်သွားကာ မြေပြင်တွင်တစ်ပေကျော်ကျော််စိုက်ဝင်သွားသည်။
အဖိုးအိုကျန်းမှာ သူ၏မျက်နှာပင်စပ်ဖြင်းဖြင်းဖြစ်သွားသည်ဟု ခံစားလိုက်မိကာ တစ်လက်မခန့်သာဘေးသို့ရောက်လာပါက သူ၏ဦးခေါင်းမှာ အစိတ်စိတ်အမွာမွာဖြစ်သွားပေမည်။
ဤသည်မှာ နှင်းငွေ့မိစ္ဆာသခင်မှ အဖိုးအိုကျန်းကို တိုက်ခိုက်ခြင်းမဟုတ်ဘဲသူ၏အတွင်းအားနှင့်လက်မှန်းတည့်မှုကို ပြလိုက်ခြင်းသာဖြစ်သည်။
တိုက်ပွဲအားကြည့်ရှုနေကြသည့်သိုင်းသမားများမှာ နှင်းငွေ့မိစ္ဆာသခင်၏ နက်ရှိုင်းသည့်အတွင်းအားနှင့်ကြောက်မက်ဖွယ်သိုင်းပညာကိုတွေ့မြင်လိုက်ရ၍ အံ့ဩမှုနှင့်အတူ ထိတ်လန့်သွားကြသည်။
“ နောက်ထပ် ဝါဆန်း၊ ခွန်လွန် ၊ ဝူတန်း ၊ ရှောင်လင် အစဉ်လိုက်လာရင်ကောင်းမယ် “
နှင်းငွေ့မိစ္ဆာသခင်မှ လက်နှစ်ဖက်နောက်ပစ်၍ တည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။
သူ၏စကားမှာ ဂိုဏ်းကြီးငါးဂိုဏ်းကို မျက်စေ့ထဲထည့်ထားပုံမပေါ်ဘဲ တိုက်ပွဲတစ်ခုပြီးသည်ကိုပင် လုံးဝအနားယူခြင်းမရှိပေ။
သူ၏စကားကြောင့် ဓားကိုပိုက်၍အေးဆေးစွာထိုင်နေသည့် ဝါဆန်းဂိုဏ်းချုပ်လည်း သက်ပြင်းတစ်ချက်ချ၍ ထရပ်လိုက်သည် ။
“ ကျုပ်က ဝါဆန်းဂိုဏ်းချုပ် ချိူးရှင်းယင် “
လျှပ်စီးဓားရှင်မှ လက်သီးတစ်ဖက်ဆုပ်၍ သိုင်းလောကထုံးစံအတိုင်းအရိုအသေပေးလိုက်သည် ။
နှင်းငွေ့မိစ္ဆာသခင်မှာ အသိအမှတ်ပြုဟန်ဖြင်ခေါင်းတစ်ချက်ဆက်ပြသော်လည်း ပြန်၍အရိုအသေပေးခြင်းမရှိပေ။
သူ၏အပြုအမူကြောင့်ဝါဆန်းဂိုဏ်းသားများမှာ ဒေါသပေါက်ကွဲနေကြသော်လည်း သူတို့၏ဂိုဏ်းချုပ်မှာမူ တည်ကြည်မျက်နှာဖြင့်ရှိနေကာ သူ၏လျှပ်စီးဓားကို ဖြေးညင်းစွာဆွဲထုတ်လိုက်သည်။