← Chapters

ဂိုဏ်းကြီးငါးဂိုဏ်းကိုစိန်ခေါ်ခြင်း(၃)

Vol. 3 Ch. 230

ဂိုဏ်းကြီးငါးဂိုဏ်းကိုစိန်ခေါ်ခြင်း(၃)

Vol. 3 Ch. 230

ဝါဆန်းဂိုဏ်းချုပ် ချိုးရှင်ယင် လျှပ်စီးဓားရှင်ဟုဘွဲ့

အမည်ရထားခြင်းမှာ သူ၏ လျှပ်လက်သလို လျှင်မြန်လှသည့်ဓားကွက်များကြောင့်ဖြစ်သည်။

သိုင်းလောကအတွင်းတွင် ချိုးရှင်းယင်၏ဓားကွက်ကို အသေအချာတွေ့မြင်ရသူများမှာ ပြန်၍ပြောမပြနိုင်ဟု အဆိုရှိသည်။ သေလူများမှာ စကားမပြောနိုင်ကြတော့သည်မဟုတ်လား။

နှင်းငွေ့မိစ္ဆာသခင်မှာ ချိုးရှင်းယင်နှင့်ရင်ဆိုင်နေရသော်လည်း သူ၏မောက်မာဝံ့ကြွားသည့်ဟန်ပန်မှာရှိနေဆဲပင် ။

သို့သော် ချိုးရှင်းယင်မှာ အဖိုးအိုကျန်းနှင့်မတူဘဲ သိုင်းဝိဇ္ဇာအဆင့်သို့ရောက်နေပြီဖြစ်ကာ သူ၏ဓားကွက်များမှာ လွန်စွာလျှင်မြန်သည်ဟုကျော်ကြားပေသည်။

ယခုလည်း ဓားကိုဆွဲထုတ်လိုက်သည်နှင့် ပတ်ဝန်းကျင်သို့ ထက်ရှသည့်ဖိအားကြီးတစ်ခုသက်ရောက်လာကာ သိုင်းလောကသားများမှာ မျက်လုံးပြူးသွားကြသည်။

“ လျှပ်စီးဓားရှင်ဆီကထွက်ပေါ်နေတာ ဓားဆန္ဒဆိုတာလား “

“ တကယ်ပဲ ဓားဆန္ဒပေါ့ ။ ကောလဟာလတွေထဲကလို ဓားသမားတွေက အဆင့်တစ်ခုထိလေ့ကျင့်ပြီးသွားရင် ဓားဆန္ဒဆိုတာကိုအသုံးပြုန်ုပြီးတော့ ဓားသိုင်းရဲ့အစွမ်းကလည်း အများကြီးမြင့်တက်သွားတယ်ဆိုပဲ “

ရောက်ရှိနေကြသည့်သိုင်းသမားများထဲတွင် ဓားဆန္ဒကိုသိသူအနည်းငယ်ပါရှိသော်လည်း အများစုမှာ ယခုမှ ပထမဦးဆုံးအကြိမ်အဖြစ် ဓားဆန္ဒကို ကိုယ်တွေ့ခံစားမိခြင်းဖြစ်သည်။

သူတို့အနေဖြင့်အတော်ဝေးဝေးတွင်ရှိနေသည့်တိုင် ထက်ရှသည့် ဖိအားဒဏ်ကိုခံစားရမိသော်လည်း ချိုးရှင်းယင်၏ရှေ့ရှစ်ပေအကွာတွင်ရပ်နေသည့်နှင်းငွေ့မိစ္ဆာသခင်မှာ လက်နောက်ပစ်၍ အေးအေး‌ဆေးဆေးရှိနေဆဲပင်။

ချိုးရှင်းယင်၏ဓားဆန္ဒဖိအားမှာ အခြားသိုင်းသမားများအပေါ်သက်ရောက်ကောင်း သက်ရောင်နိုင်သော်လည်း သူ့အပေါ်တွင်မူ အထူးတလည်ခုခံနေစရာပင်မလိုအပ်ပေ။

“ ဓားသိုင်းချင်းတိုက်ခိုက်ရအောင် ။ ကျုပ် လက်နက်မပါတဲ့လူတွေကို အနိုင်မယူတတ်ဘူး “

ချိုးရှင်းယင်မှ ယုံကြည်မှုပြည့်ဝနေသည့်လေသံဖြင့်ပြောလိုက်သည်။

နှင်းငွေ့မိစ္တာသခင်၏သိုင်းပညာမည်မျှကြောက်မက်ဖွယ်ကောင်းသည်ကိုသူသိကာ မိစ္ဆာအမှောင်လက်ဝါးသိုင်း၏ အစွမ်းထက်ပုံကိုလည်း တွေ့မြင်ပြီးဖြစ်သည်။

သို့သော် သူ၏စရိုက်အရလက်နက်မဲ့သူများကို တိုက်ခိုက်လေ့မရှိဘဲ နှင်းငွေ့မိစ္ဆာသခင်မှ ဓားပညာကိုလည်း ကောင်းစွာတတ်မြောက်မည်ဟု သူသိရှိပေသည်။

ဝမ်းတု၏ မြူနှင်းငရဲဓားသိုင်းမှာ လွန်စွာရက်စက်ပြင်းထန်သည့်ဓားသိုင်းဖြစ်ကာ ဝမ်းတု၏ဆရာ နှင်းငွေ့မိစ္ဆာသခင်သာအသုံးပြုပါက ဓားသိုင်း၏အစွမ်းမှာ များစွာမြင့်တက်သွားမည်ကို သူရိပ်စားမိသည်။

ထို့ကြောင့်လည်း ဓားသိုင်းယှဉ်ပြိုင်ရန်အတွက် ပြောလိုက်ခြင်းဖြစ်သည်။

“ ဓားဆန္ဒလား မဆိုးဘူး နည်းနည်းစိတ်ဝင်စားစရာကောင်းတယ် “

နှင်းငွေ့မိစ္ဆာသခင်လည်း တစ်ဦးတည်း‌ရေရွတ်၍ ခေါင်းညိမ့်၍ နောက်ဘက်သို့လှည့်ကြည့်လိုက်သည်။

အတွင်းဒဏ်ရာကုသနေသည့်ဝမ်းတကို စောင့်ကြပ်နေသည့် ငရဲဓားဝမ်းတုမှာ သူ့ဆရာ၏အတွေးကို သိဟန်ဖြင့် ရှေ့သို့ရိပ်ခနဲရွေ့လျားလာကာ သူ၏လက်ထဲမှဓားကို နှင်းငွေ့မိစ္ဆာသခင်ထံသို့ ရိုသေသည့်ဟန်ဖြင့်ပေးလိုက်သည်။

နှင်းငွေ့မိစ္ဆာသခင်လည်း ဓားကိုဆွဲထုတ်၍ ဓားအိမ်ကိုအသာပစ်ချလိုက်သည်။ ထို့နောက် သံမဏိဓားရှည်၏ထိပ်ဖျားကို လက်ဖြင့်အသာတောက်လိုက်သည် ။

“ ဒေါင်.... “

ကျယ်လောင်စူးရှသည့်မည်သံထွက်ပေါ်လာကာ အတွင်းအားအဆင့်နိမ့်သည့်သိုင်းသမားအချို့မှာ ချက်ခြင်းပင် အတွင်းအားကျင့်စဉ်ကိုလှည့်ပတ်လိုက်ကြရသည်။

ထိုအသံမှာ တမင်ရည်ရွယ်၍တိုက်ခိုက်ခြင်းမဂုတ်သော်လည်း သိုင်းသမားအတော်များများ၏နားထဲတွင်လည်း ထိုမည်သံကြီးမှာ တခဏအူထိုင်းသွားစေသည်။

“ ကျုပ်က အစွမ်းထက်ဓားသိုင်းကိုတတ်ထား‌ပေမယ့် ဓားပညာကိုစိတ်မဝင်စားစလို ဓားဆန္ဒဆိုတာကိုလည်း မသိဘူး။ ဒါပေမယ့် “

နှင်းငွေ့မိစ္ဆာသခင်မှ ပွင့်လင်းစွာဝန်ခံလိုက်သည်။ ထို့နောက် ဝင့်ကြွားသည့်လေသံဖြင့်ဆက်၍ပြောလိုက်သည်။

“ ကျုပ်ကဓားသိုင်းကိုစိတ်မဝင်စားဘူးဆိုပေမယ့် ဓားကို ဘယ်လိုသုံးရမလဲဆိုတာသိတယ် ။ နောက်ပြီး ဓားဆန္ဒကိုထုတ်ဖော်နိုင်တဲ့သိုင်းသမားတွေကိုတောင် အနိုင်ယူဖူးတယ် “

သူ၏စကားမှာ ကြွားဝါပြောဆိုနေခြင်းမဟုတ်ဘဲ အမှန်အတိုင်းပြောနေခြင်းဖြစ်သည်ကို ချိုးရှင်းယင်မှာ အလိုလိုယုံကြည်နေမိသည် ။

ထို့အတူ သူ၏စိတ်များသည်လည်း အနည်းငယ်လေးလံနေသည် ။

ချိုးရှင်းယင်မှာ ဓားဆန္ဒကိုထုတ်ဖော်နိုင်သည့်ဓားသမားအချို့နှင့်တိုက်ခိုက်ဖူးသော်လည်း ထိုလူများမှာ သူ၏က ရှေ့တွင်ဓားကိုင်ကာရပ်နေသည့်လူလောက်ဖိအားပေးနိုင်ခြင်းမရှိဟု တွေးလိုက်မိသည်။

သို့သော် တစ်ဖက်လူမှ မည်မျှသိုင်းပညာမြင့်မားနေပါစေ ချိုးရှင်းယင်မှာ လုံးဝကြောက်ရွံ့မှုမရှိဘဲ နောက်မဆုတ်တန်းတိုက်ခိုက်မည်ဖြစ်သည်။

ကြောက်ရွံ့သည့်စိတ်နှင့် တွန့်ဆုတ်ကာ မပြတ်မသားဖြစ်နေသည့်စိတ်ကိုဖယ်ထုတ်ထားနိုင်မှာ ဓားသမားကောင်းတစ်ယောက်ဖြစ်ပေလိမ့်မည် ။

“ သတိထားပါ “

ချိုးရှင်းယင်မှ သတိပေးစကားပြော၍ ရှေ့သို့ တရှိန်ထိုးပြေးဝင်လာသည်။

သူ၏ဓားကိုင်လက်ကိုလည်းအနည်းငယ်လှုပ်ယမ်းလိုက်ရာ အဖြူရောင်ဓားအလင်းတန်းတစ်ခုမှာ နှင်းငွေ့မိစ္ဆာသခင်ဆီသို့ တိုးဝင်လာသည်။

နှင်းငွေ့မိစ္ဆာသခင်လည်း ခန္တာကိုယ်အားအနည်းငယ်စောင်း၍ရှောင်တိမ်းလိုက်ရာ အလင်းတန်းမှာ သူ၏နံဘေးမှကပ်၍ဖြတ်ကျော်သွားသည် ။

ထိုအချိန်တွင် နှင်းငွေ့မိစ္ဆာသခင်မှ သူ၏ဓားကို ဖြတ်ခနဲထိုးသွင်းလိုက်သည် ။

ချိုးရှင်းယင်မှာ သူ၏သိုင်းကွက်ကို နှင်းငွေ့မိစ္ဆာသခင်ရှောင်တိမ်းနိုင်မည်ဟုခန့်မှန်းထားသည့်အတွက် သတိမပြတ်ရှိနေသည် ။

ထို့ကြောင့်လည်း သူ၏နံကြားသို့လှစ်ခနဲတိုးဝင်လာသည့်ဓားအား ရိုက်ဖယ်ကာ တစ်ဆက်တည်း ဓားကိုဝိုက်၍ နှင်းငွေ့မိစ္ဆာသခင်၏ဦးခေါင်းကိုပိုင်းဖြတ်လိုက်သည်။

“ ထန်း... “

ဓားချင်းထိတွေ့သွားပြီး သေးငယ်သည့်မီးပွားများထွက်လာသည်ဟု ထင်လိုက်ရကာ ချိုးရှင်းယင်မှာ ခြေလှမ်းအနည်းငယ်ဆုတ်ပေးလိုက်ရသည် ။

ဤသည်ကိုကြည့်ခြင်းဖြင့် သိုင်းဝိဇ္ဇာအဆင့်ဝါဆန်းဂိုဏ်းချုပ်ချိုးရှင်းယင်ပင် နှင်းငွေ့မိစ္ဆာသခင်၏အတွင်းအားကို မမီသည်မှာ ထင်ရှားပေသည်။

ချိုးရှင်းယင်လည်း အတွင်းအားချင်းကွာခြားသည်ကိုသိရှိသည့်နောက် ဓားချင်းထိတ်တိုက်မဆုံအောင်သတိထားကာ သူ၏တိုက်ခိုက်မှုပုံစံအား ပြောင်းလဲလိုက်သည် ။

သူ၏ဓားကွက်များမှာ လွန်စွာလျှင်မြန်ကာအလင်းတန်းများကဲ့သို့ဖြစ်နေသည့်အပြင် သူ၏ခန္တာကိုယ်သည်လည်း ပေါ့ပါးစွာရွေ့လျားတိုက်ခိုက်လျက်ရှိသည်။

နှင်းငွေ့မိစ္ဆာသခင်၏ဓားကွက်များမှာမူ များစွာလျှင်မြန်ခြင်းမရှိသော်လည်း တိကျသေသပ်ကာ အရေးကြသေကွင်းသေကွက်နေရာများသို့ရွေး၍တိုက်ခိုက်သည့် လွန်စွာရက်စက်သည့်ဓားကွက်များဖြစ်သည် ။

ထို့အပြင် နှင်းငွေ့မိစ္ဆာသခင်၏အတွင်းအားကြောင့် သံမဏိဓားရှည်မှာ အနီရင့်ရောင်ဓားလှိုင်းများထွက်ပေါ်နေကာ အဝေးမှကြည့်လျှင် မီးတောက်နေသည့်ဓားတစ်ချောင်းနှင့်ဆင်တူလှသည်။

နှင်းငွေ့မိစ္ဆာသခင်အသုံးပြနေသည့်ဓားသိုင်းမှာ သံသယဖြစ်ဖွယ်မရှိဘဲ ငရဲဓားဝမ်းတု၏ မြူနှင်းငရဲဓားသိုင်းပင်ဖြစ်သည်။

အမှောင်လက်ဝါးဝမ်းတနှင့် ငရဲဓားဝမ်းတုမှာ နှင်းငွေ့မိစ္ဆာသခင်၏တပည့်များဖြစ်သည့်အတွက် သူတို့၏သိုင်းပညာများမှာ နှင်းငွေ့မိစ္ဆာသခင်သင်ကြားပေးထားခြင်းဖြစ်သည် ။

ထို့ကြောင့် မြူနှင်းငရဲဓားသိုင်းနှင့် မိစ္ဆာအမှောင်လက်ဝါးသိုင်းတို့ကိုအသုံးပြုရာတွင် နှင်းငွေ့မိစ္ဆာသခင်မှ ပို၍ကျွမ်းကျင်ကာ သူ၏ကြောက်မက်ဖွယ်အတွင်းအားနှင့်ပေါင်းစပ်လိုက်သည့်အတွက် သိုင်းပညာများ၏စွမ်းရည်မှာ အဆအတော်များများတိုးတက်လာလေသည်။

ချိုးရှင်းယင်မှာမူ သူ့ကိုသိုင်းလောကတွင်လျှပ်စီးဓားရှင်ဟု နာမည်တွင်ခဲ့စေသည့် ဝါဆန်းဂိုဏ်း၏ ရှေ့ဟောင်းဓားသိုင်းမှလွန်စွာလျှင်မြန်သည့်ဓားကွက်များဖြင့်တိုက်ခိုက်နေခြင်းဖြစ်သည်။

သို့သော် ထိုဓားကွက်များကို နှင်းငွေ့မိစ္ဆာသခင်မှာ ကောင်းစွာကာကွယ်နိုင်ကာ သူ၏တန်ပြန်တိုက်ခိုက်မှုများမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းလှသည်။

အံ့အားသင့်စရာကောင်းသည်မှာ နှင်းငွေ့မိစ္ဆာသခင်၏ရက်စက်ပြင်းထန်သည့်ဓားကွက်များကို ချိုးရှင်းယင်မှ ရှောင်တိမ်းလိုက် ၊ခုခံလိုက်ဖြင့် ယခုအချိန်အထိ လက်ရည်တူယှဉ်ပြိုင်နိုင်ခြင်းဖြစ်သည်။

သူတို့နှစ်ဦးတိုက်ခိုက်လာသည်မှာ သိုင်းကွက်တစ်ရာကျော်နေပြီဖြစ်သော်လည်း လူနှစ်ယောက်မှာ လက်ရည်ညီနေကြသေးသည်။

သူ၏ဓားကွက်များမှာ ချိုးရှင်းယင်၏ဓားကွက်များထက် ပြင်းထန်ကာ ပို၍လည်းအစွမ်းထက်သည်။။သို့သော် ထိုဓားကွက်များကိုချိုးရှင်းယင်မှ ကောင်းစွာခုခံရှောင်တိမ်းနိုင်ဿ နှင်းငွေ့မိစ္ဆာသခင်မှာ မျက်မှောင်ကြုတ်လိုက်မိသည်။

သိုင်းကွက်အနည်းငယ်တိုက်ခိုက်ပြီးနောက် နှင်းငွေ့မိစ္ဆာသခင်မှာ တစ်စုံတစ်ခုအားတွေးလိုက်မိကာ မျက်နှာဖုံးအောက်မှလျှို့ဝှက်စွာပြုံးလိုက်မိသည်။

“ ငရဲပြည်မှမီးလျှံ “

ခပ်တိုးတိုးအော်ဟစ်သံနှင့်အတူ နှင်းငွေ့မိစ္ဆာသခင်၏ဓားမှ အနီရင့်ရောင်ဓားလှိုင်းကြီးထွက်ပေါ်လာသည် ။

ချိုးရှင်းယင်မှာ ကြီးမားသည့်အနီရင့်ရောင်ဓားလှိုင်းကြီးကြောင့် သူ၏မျက်နှာတည်ကြည်သွားကာ ဘေးဘက်သို့အနည်းငယ်ရွေ့လျား၍ ခုခံလိုက်သည်။

“ ဝုန်း... “

ချိုးရှင်းယင်မှာ သူ၏ဓားကိုင်လက်ထုံကျင်သွားသော်လည်း ဓားကွက်ကို ကောင်းစွာမခုခံလိုက်နိုင်ပေ။

သူ၏ဘေးဘက်ကျောက်သားမြေပြင်တွင်နက်ရှိုင်းသည့်ဓားရာကြီးတစ်ခုဖြစ်နေကာ အကယ်၍ သူ၏ခန္တာကိုယ်သာထိုနေရာတွင်ရှိနေပါက ထက်ပိုင်းပြတ်သွားပေမည် ။

All Chapters