အပိုင်း(၂၂၆)
Vol. 3 Ch. 226
အပြင်းထန်ဆုံးတိုက်ပွဲ
" ဝှစ် "
လေတိုးသံနှင့်အတူ ဝမ်းတ၏ခန္တာကိုယ်မှာ မြားတစ်စင်းလိုထိုးထွက်လာသည်။
သူ၏နက်မှောင်သည့်လက်ဝါးနှက်သည်လည်း ပြိုင်တူရွေ့လျားသွားကာ ရွှမ်းမင်ကိုယ်တော်၏ဦးခေါင်းနှင့်ရင်ဘက်နေရာသို့ရိုက်ထုတ်လိုက်သည်။
ရွှမ်းမင်ကိုယ်တော်မှ တည်ငြိမ်သည့်ဟန်ဖြင့်ရပ်နေကာ သူ၏ခန္တာကိုယ်မှာ ရွေ့လျားခြင်းမရှိဘဲ လက်ဝါးနှစ်ဖက်ကို ရှေ့သို့တွန်းထုတ်လိုက်သည်။
" ဝုန်း... "
ကျယ်လောင်သည့်အသံကြီးနှင့်အတူ သူတို့နှစ်ဦးစလုံးနောက်ဘက်သို့ ခြေသုံးလှမ်းဆီဆုတ်လိုက်ကြသည်။
သူတို့၏သိုင်းကွက်မပါဘဲ ထိတ်တိုက်ရင်ဆိုင်မှုမှာ တစ်ဦးကိုတစ်ဦး အကဲစမ်းလိုက်ခြင်းသာဖြစ်သည်။
ယခုတွေ့ဆုံမှုအရာ သူတို့နှစ်ဦး၏အတွင်းအားများမှာ များစွာမကွာဟသည်ကိုတွေ့မြင်နိုင်သည်။
သို့သော် အသေအချာကြည့်မည်ဆိုပါက ဝမ်းတမှာ အရှိန်အဟုန်ဖြင့်ပေါင်းစပ်တိုက်ခိုက်ခြင်းဖြစ်ကာ ရွှမ်းမင်ကိုယ်တော်မှာမူ နေရာမှတစ်လက်မမှမရွေ့ဘဲရင်ဆိုင်ခြင်းဖြစ်သည်။
ထို့နောက်တူညီစွာနောက်ဆုပ်ပေးလိုက်ရသည်ကြိကြည့်ခြင်းဖြင့် ရွှမ်းမင်ကိုယ်တော်၏အတွင်းအားမှာ ဝမ်းတထက်ပို၍သာလွန်သည်ကို တွေ့နိုင်သည်။
ဝမ်းတုမှာ ခြေသုံးလှမ်းနောက်ဆုတ်ပြီးသည်ချက်ခြင်းပင် မြေပြင်ကိုခြေတစ်ချက်ဆောင့်၍တိုးဝင်လာကာ လက်ဝါးခုနစ်ချက်ရိုက်ထုတ်လိုက်ပြန်သည်။
ယခုအကြိမ်တွင်မူ သူ၏လက်ဝါးချက်များမှု အရိပ်များစွာခွဲဖြာသွားပြီး ရွှမ်းမင်ကိုယ်တော်အား ပိတ်ဆို့လိုက်သည်။
" မိစ္ဆာခုနစ်ကောင်ပိတ်လှောင်ခြင်း "
ဝမ်းတ၏လက်ဝါးရိုက်ချက်များကြားတွင်ပိတ်မိနေသည့်လူမှာ သာမန်အဆင့်လွန်သိုင်းသမားတစ်ဦးသာဆိုပါက လုံးဝလွတ်မြောက်မည်မဟုတ်ပေ။
ဝမ်းတုမှ လက်ဝါးခုနစ်ချက်ရိုက်ထုတ်ပြီးနောက် ရပ်တန့်မသွားဘဲ အတွင်းအားများကိုညာဘက်လက်ဝါးတွင်စုစည်း၍ ဖြေးညင်းစွာတွန်းထုတ်လိုက်သည် ။
" အမှောင်ထုရိုက်ချက် "
ထိုသိုင်းကွက်မှာ ညင်သာကာ အားအင်လျော့နည်းသည်ဟုထင်ရသော်လည်း အမှန်မှာ လွန်စွာပြင်းထန်သည့်သိုင်းကွက်ဖြစ်သည် ။
အမှောင်ထုရိုက်ချက်မှာ ဝမ်းတ၏အပြင်းထန်ဆုံးတိုက်ကွက်လည်းဖြစ်ကာ ထိုသိုင်းကွက်အား သာမန်သိုင်းဝိဇ္ဇာများပင် ထိတ်တိုက်ရင်ဆိုင်နိုင်စွမ်းမရှိပေ။
သို့သော် ထိုသိုင်းကွက်မှာ သာမန်အခြေအနေမျိုးတွင်ရှောင်တိမ်းရန် ၊ သို့မဟုတ် ခုခံရန်လွယ်ကူသည့်အတွက် အလစ်အငိုက်ဖြစ်စေရန် မိစ္ဆာခုနစ်ကောင်ပိတ်လှောင်ခြင်းကို ဦးစွာတိုက်ခိုက်ခြင်းဖြစ်သည်။
မိစ္ဆာခုနစ်ကောင်ပိတ်လှောင်ခြင်းမှာ မိစ္ဆာအမှောင်သိုင်းကျမ်းထဲမှ အစွမ်းထက်သည့်သိုင်းကွက်တစ်ခုလည်းဖြစ်သည်။
ထိုလက်ဝါးရိုက်ချက်များထဲတွင် အမှောင်အတွင်းအားများပါ ပါဝင်နေသည့်အတွက် စိတ်ရှုပ်ထွေးမှုကိုဖြစ်စေနိုင်ကာ ပိတ်လှောင်ခံရသူမှာ အစွမ်းကုန်အသုံးပြုနိုင်မည်မဟုတ်တော့ပေ ။
ထိုအချိန်တွင် အမှောင်ထုရိုက်ချက်ကိုသာခံလိုက်ရပါက အဆင့်လွန်သိုင်းသမားများပင် မည်သို့မှတတ်နိုင်မည်မဟုတ်ပေ။
ဝမ်းတမှာ တိုက်ပွဲစသည်နှင့် အစွမ်းထက်သိုင်းကွက်များဖြင့် ချက်ခြင်းတိုက်ခိုက်လိုက်ခြင်းဖြစ်သည် ။
သိုင်းလောကအတွင်းရှိသိုင်းသမားအများစုမှာ တိုက်ခိုက်ရာတွင် ဦးစွာသာမန်တိုက်ကွက်များဖြင့်တိုက်ခိုက်ခြင်းဖြစ်ကာ တိုက်ပွဲအရှိန်မြင့်လာမှ အစွမ်းအထက်ဆုံးသိုင်းကွက်များကို ထုတ်သုံးကြခြင်းဖြစ်သည် ။
ဝမ်းတ၏အမြင်တွင်မူထိုအချက်မှာရူးမိုက်ကာ ရန်သူမှန်သမျှကို မည်သည့်နည်းဖြင့်အနိုင်ရသည်ဖြစ်စေ အချိန်တိုအတွင်းအနိုင်ရလျှင်ပို၍ကောင်းသေးသည် ။
သူတို့၏ဘဝတွင်လည်း လက်ရည်စမ်းတိုက်ပွဲဟူ၍ သူနှင့်ဝမ်းတုတို့တိုက်ခိုက်စဉ်ကသာရှိကာ ကျန်သည့်ပွဲများမှာ သူသေကိုယ်သေတိုက်ခိုက်ခြင်းများသာဖြစ်သည်။
ယခုလည်း တိုက်ပွဲစသည်နှင့် အစွမ်းထက်သိုင်းကွက်များကိုအသုံးပြုသည့်အတွက် မည်သူမဆိုအငိုက်မိကာ မသေလျှင်ပင် ဒဏ်ရာအပြင်းအထန်ရရှိသွားနိုင်သည် ။
သို့သော် ယခုဝမ်းတနှင့်တိုက်လိုက်နေသူအား ရှောင်လင်၏အရည်အချင်းအရှိဆုံးလူငယ်မျိုးဆက်ဖြစ်ကာ သန့်စင်သည့်အတွင်းအားပိုင်ရှင်ဖြစ်နေသည်။
ဝမ်းတု၏ မိစ္ဆာခုနစ်ကောင်ရိုက်ချက်ကိုမြင်သည်နှင့် ရွှမ်းမင်ကိုယ်တော်မှာ တစ်စုံတစ်ခုမှားယွင်းနေသည်ကို ချက်ခြင်းသိလိုက်သည်။
ထို့ကြောင့် ဝမ်းတ၏လက်ဝါးရိပ်များ သူ၏ခန္တာကိုယ်အနီးသို့ရောက်လာသည်နှင့် ရွှမ်းမင်ကိုယ်တော်မှာ တည်ငြိမ်သည့်ဟန်ဖြင့် ရပ်နေသော်လည်း သူ၏လက်ဝါးတစ်ဖက်မှာ ရိပ်ခနဲရှေ့သို့တိုးထွက်သွားသည်။
အမှန်မှာ ရွှမ်းမင်ကိုယ်တော်မှ လက်ဝါးနှစ်ချက်ဆင့်ရိုက်ထုတ်ခြင်းဖြစ်သော်လည်း လျှင်မြန်သည့်အရှိန်အဟုန်ကြောင့် တစ်ချက်သာရိုက်ထုတ်သည်ဟု ထင်ရခြင်းဖြစ်သည်။
ဝမ်းတ၏မိစ္တာခုနစ်ကောင်ပိတ်လှောင်ခြင်းသိုင်းကွက်မှာ ရွှမ်းမင်ကိုယ်တော်၏နှစ်ဆင့်ရိုက်ချက်ကြောင့် ပြယ်ပျက်သွားသော်လည်း အင်အားပြင်းထန်လှသည့်လက်ဝါးမှာ ချက်ခြင်းလိုလိုရောက်ရှိလာသည် ။
" ပန်းလော့လက်ဝါး "
ရွှမ်းမင်ကိုယ်တော်မှာ အန္တရာယ်များသည့် ရိုက်ချက်ကြောင့် ရှောင်တိမ်းခြင်းမပြုဘဲ ဘယ်ခြေအားနောက်သို့တစ်လှမ်းဆုတ်၍ ရှောင်လင်သိုင်းပညာခုနစ်ဆယ့်နှစ်မျိုးထဲမှ ပြင်းထနိသည့်ပန်းလော့လက်ဝါးဖြင့် ဝမ်းတု၏ရိုက်ချက်ကို ထိတ်တိုက်ခံဆောင်ပေးလိုက်သည်။
သူ၏လက်ဝါးသည်လည်း အင်အားပြင်းထန်လှကာ ဝမ်းတု၏လက်ဝါးနှင့် သိပ်မကွာပေ။
" ဝုန်း.... "
ကျယ်လောင်သည့်မည်သံကြီးနောက်ထပ်တစ်ကြိမ်ထွက်ပေါ်လာကာ ဝမ်းတမှာ ခြေလှမ်းအနည်းငယ်ဆုတ်ပေးလိုက်ရပြန်သည်။
ရွှမ်းမင်ကိုယ်တော်မှာမူ မူလအတိုင်းရပ်နေသော်လည်း သူ၏ဘယ်ခြေမှာ မာကျောသည့် ကျောက်သားမြေကြီးထဲသို့ သုံးလက်မခန့်နစ်ဝင်နေသည်။
တိုက်ပွဲအားကြည့်ရှုနေသည့်သိုင်းသမားများမှာ ကမ္ဘာတုန်မတတ်ပြင်းထန်လှသည့်သိုင်းကွက်များကြောင့် လွန်စွာတုန်လှုပ်လျက်ရှိကြသည် ။
အစောပိုင်းမှတိုက်ပွဲမှာ တိုက်ခိုက်သူများမှ ဓားသမားများဖြစ်ကာ သွေးသံရဲရဲဖြင့်အဆုံးသတ်ခဲ့သော်လည်း ယခုတိုက်ပွဲလို ပြင်းထန်အားကောင်းခြင်းမရှိပေ။
ယခုတိုက်ပွဲမှာမူ လက်နက်မဲ့သိုင်းသမားများဖြစ်သည့်အပြင် အတွင်းအား လွန်စွာကောင်းမွန်သူများဖြစ်သည့်အတွက် တိုက်ပွဲမှာ လွန်စွာပြင်းထန်လျက်ရှိသည်။
ဝမ်းတမှာ ရွှမ်းမင်ကိုယ်တော်မှ သူ၏ပြင်းထန်သည်လက်ဝါးချက်ကိုထိတ်တိုက်ရင်ဆိုင်ပြီးမည်သို့မှမဖြစ်သည်ကိုတွေ့သည်နှင့် မျက်မှောင်ကြုတ်လိုက်မိသည်။
ထို့နောက် သူ၏ခန္တာကိုယ်မှာ လျှင်မြန်စွာရွေ့လျားသွားကာ မိုးသီးမိုးပေါက်များကျသလို ပြင်းထန်စွာတိုက်ခိုက်လိုက်ပြန်သည် ။
ယခုတစ်ကြိမ်တွင်မူ ဝမ်းတမှာ ကိုယ်ဖော့ပညာကိုအဓိကထား၍ သူ၏ဆန်းကြယ်သည့်လက်ဝါးချက်များဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည် ။
ဝမ်းတ၏ဗျူဟာမှာ ရွှမ်းမင်ကိုယ်တော်ကို အတွင်းအားတွင်ယှဉ်ပြိုင်မရသည့်နောက် ပေါ့ပါးဖျက်လက်သည့်ဟန်ဖြင့် အကွက်ချောင်း၍တိုက်ခိုက်ခြင်းဖြစ်သည်။
ရွှမ်းမင်ကိုယ်တော်မှာ အတွင်းအားပညာတွင်ဝမ်းတထက်သေချာပေါက်သာလွန်သော်လည်း ကိုယ်ဖော့ပညာတွင်မူ ဝမ်းတအားမမီနိုင်ပေ။
ယခုလည်း ရွှမ်းမင်ကိုယ်တော်မှ ယိုင်လဲခြင်းမရှိသည့်တောင်တန်းကြီးတစ်ခုလို ဖြောင့်မက်စွာရပ်နေကာ ဝမ်းတ၏ အရပ်မျက်နှာပေါင်းစုံမှတိုက်ခိုက်မှုများကို တည်ငြိမ်စွာတုံ့ပြန်နေသည် ။
တိုက်ပွဲအချိန်ကြာလာသည်နှင့် ဝမ်းတု၏ခန္တာကိုယ်အနီးတွင် အနက်ရောင်အခိုးအငွေ့များထွက်ပေါ်လာသလိုထင်ရကာ မိစ္ဆာတစ်ကောင်အလားဖြစ်လာသည်။
ရွှမ်းမင်ကိုယ်တော်မှာမူ ရှောင်လင်၏စစ်မှန်သည့်သိုင်းပညာရပ်များကိုတစ်ခုချင်းထုတ်သုံးနေကာ ဝမ်းတ၏ဆန်းကြယ်သည့်လက်ဝါးချက်များကိုကောင်းစွာခုခံနိုင်သည်။
သိုင်းလောကသားများမှာ မကြုံစဖူးပြင်းထန်သည့်တိုက်ပွဲကြီးကြောင့် စိတ်အားတက်ကြွလာကာ သူ့ဘက်ကိုယ့်ဘက်ခွဲခြားခြင်းမရှိတော့ဘဲ အားပေးလျက်ရှိကြသည်။
ထို့အတူ ယခုနောက်ပိုင်းတွင် ရှောင်လင်မှသိုင်းလောကအတွင်းလှုပ်ရှားမှုနည်းပါ၍ ရှောင်လင်ကျောင်းတော်ကို နိမ့်ကျသွားပြီဟု ပြောဆိုနေကြကာ အထင်အမြင်သေးနေကြသည့်လူများသည်လည်း ပါးစပ်ပိတ်သွားကြတော့သည်။
အသက်သုံးဆယ်ဝန်းကျင်လူရွယ်နှစ်ယောက်၏တိုက်ပွဲမှာ သိုင်းဝိဇ္ဇာအဆင့်တိုက်ပွဲများအောက်တွင် အပြင်းထန်ဆုံးဟုဆို၍ရသည်။
ဝမ်းတမှာ မိစ္ဆာအမှောင်သိုင်းကျမ်းထဲမှ အစွမ်းမထက်ဆုံးသိုင်းကွက်များကို တစ်ခုပြီးတစ်ခုအသုံးပြုနေသော်လည်း ရွှမ်းမင်ကိုယ်တော်၏ခံစစ်ကိုမကျော်နိုင်ဘဲဖြစ်နေသည်။
ရွှမ်းမင်ကိုယ်တော်မှာလည်း စတင်၍တိုက်ခိုက်ခြင်းမပြုဘဲ ဝမ်းတ၏တိုက်ခိုက်မှုများကိုသာ ကာကွယ်နေရာချိုးဖျက်မရသည့်ခံစစ်ဟူသည့် သူ၏နာမည်ပြောင်ကိုပင် သွား၍သတိရမိသွားကြသည် ။
ထို့အပြင် ရွှမ်းမင်ကိုယ်တော်မှာ ရှောင်လင်၏အစွမ်းထက်ကျင့်စဉ်တစ်ခုဖြစ်သည့် သံမဏိခန္တာကိုယ်ကျင့်စဉ်ကို အဆင့်ကုန်အောက်မြင်ထားရာ အရေးကြီးသည့်နေရာများမှအပ ကျန်သည့်တိုက်ခိုက်မှုများကို လျစ်လျူရှုထားနိုင်သည်။
ကြည့်ရှုနေကြသူများ သတိထားမိကြသည့်အချက်တစ်ခုမှာ အစစ်အမှန်တိုက်ခိုက်သည့်အချိန်မှစ၍ ရွှမ်းမင်ကိုယ်တော်မှာ နေရာမှမရွေ့ဘဲ ဝမ်းတသည်သာ အရပ်မျက်နှာပေါင်းစုံမှ တိုက်ခိုင်နေခြင်းဖြစ်သည် ။
တိုက်ပွဲ၏နောက်ပိုင်းရောက်သည်နှင့် သူတို့၏တိုက်ကွက်များမှာ လွန်စွာပြင်းထန်လာကာ ဝမ်းတ၏တိုက်ကွက်များ ပို၍ကြောက်မက်ဖွယ်ကောင်းလာသလို ရွှမ်းမင်ကိုယ်တော်သည်လည်း သူ၏နာမည်ကျော်ဗုဒ္ဓလက်ဝါးသိုင်းကိုထုတ်သုံးလာရသည် ။
----------------------------------------------------------