လောကစင်္ကြံလမ်းကြောင်းများ
Vol. 182 Ch. 2716
သူတို့ငုံးယောက်သည် ငရဲခါးသက်စိမ့်စမ်းဘေးသို့ အလျင်အမြန်ရောက်ရှိလာကြ၏။
သိုင်းတာအိုပင်မခန္ဓာသည် ရေကန်၏ အလယ်မှာဖြည်းဖြည်းချင်းတိုးထွက်နေသည့် စိမ့်စမ်းရေများကို လေးနက်စွာကြည့်နေ၏။
ငရဲအရှင်ခါးသက်စိမ့်စမ်းက ထပ်မံ၍ဖျောင်းဖျလိုက်လေသည်။
“အရှင်... ခါးသက်စိမ့်စမ်းရဲ့စွမ်းအားက တစ်မူထူးခြားတယ်... အဲဒါက တစ္ဆေမျိုးနွယ်ကို ဖိနှိမ်နိုင်ရုံတင်မကဘူး... အဲဒါက သာမန်သက်ရှိတွေပေါ်လည်း အဖျက်စွမ်းအားအရမ်းကိုမြင့်မားတယ်”
ငရဲခါးသက်စိမ့်စမ်းပင် ထိုသို့ဆိုလျှင် ခါးသက်စိမ့်စမ်း၏ အခြားတစ်ဘက်မှာရှိသော ဒဏ္ဍာရီလာ တမလွန်မြစ်၏ အခြေအနေက ပို၍ပင်ပြင်းထန်ကြမ်းတမ်းနေပေလိမ့်မည်။
သို့သော် ယခုအချိန်မှာ သူက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ပြန်သွားချင်သည်ဆိုလျှင် သူ့မှာ ထိုအန္တရာယ်ကို စွန့်စားဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိပေ။
ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာသည် တမလွန်မြစ်ကို အတော်လေးစိတ်ဝင်စားမိနေ၏။ သူထင်တာမမှားဘူးဆိုလျှင် ငရဲကမ္ဘာမှသက်ရှိများကို တမလွန်မျိုးနွယ်ဟု ခေါ်ဆိုခြင်းမှာ တမလွန်မြစ်နှင့် ပတ်သက်ဆက်စပ်နေပေလိမ့်မည်။
“ငါ့ကို ဒီကနေစောင့်နေ... ငါ အောက်ကိုဆင်းပြီး စုံစမ်းစစ်ဆေးကြည့်လိုက်ဦးမယ်”
ထိုသို့ပြောပြီးနောက် သိုင်းတာအိုပင်မခန္ဓာက ခါးသက်စိမ့်စမ်း၏ အရင်းအမြစ်ထဲသို့ ခုန်ဝင်သွား၏။ သူ၏ ခန္ဓာကိုယ်က အထဲကိုနစ်ဝင်ကာ ပျောက်ကွယ်သွားလေသည်။
“ဟီးဟီး...”
လေဟာနယ်ယက္ခက ထူးဆန်းစွာရယ်မောပြီး တတွတ်တွတ်ရေရွတ်လိုက်၏။ ဒီလူကအောက်ကို တကယ်ဆင်းသွားရဲတာပဲ... သူကပြန်မလာနိုင်တော့မှာ ငါစိုးမိတယ်”
ငရဲအရှင်ခါးသက်စိမ့်စမ်းက မည်သည့်စကားမှမဆိုဘဲ စိမ့်စမ်းဘေးမှာ မတ်တတ်ရပ်ကာ တိတ်တဆိတ်စောင့်ဆိုင်းနေ၏။
သိုင်းတာအိုပင်မခန္ဓာသည် ခါးသက်စိမ့်စမ်း၏ အရင်အမြစ်ထဲသို့ ဝင်ရောက်လာပြီးနောက် သူသည် စိမ့်စမ်းရေ၏ ရိုက်ခတ်မှုကို ခုခံရရုံသာမက သူသည် ငရဲခါးသက်စိမ့်စမ်းမှာပါဝင်သည့် ထူးဆန်းသောစွမ်းအားကိုလည်း ခုခံရလေသည်။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ သွေးချီကိုလှည့်ပတ်ပြီး ဆူနာမီအသံက သူ၏ ကိုယ်ထဲမှာ ထွက်ပေါ်လာကာ သူက အောက်သို့ အဆက်မပြတ်နစ်ဝင်သွား၏။
စိမ့်စမ်းရေက အပေါ်သို့ တလိပ်လိပ်ထိုးတက်နေပြီး သိုင်းတာအိုပင်မခန္ဓာသည် ရေစီးကြောင်းများကို ဆန်သွားရခြင်းနှင့် တူလေသည်။ သူက အနက်ပိုင်းထဲသို့ ရောက်လာလေလေ စိမ့်စမ်းကိုးခု၏ ထူးဆန်းသောစွမ်းအားအပါအဝင် စိမ့်စမ်းရေ၏ ခုခံအားနှင့် ဘေးပတ်ဝန်းကျင်ဖိအားက ပို၍ပြင်းထန်ကြမ်တမ်းလာ၏။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းပြီး သူ၏ စိတ်ထဲမှာ စိမ့်စမ်းကိုးခုငရဲသုတ္တန်၏ ခါးသက်စိမ့်စမ်းအတွဲက ဖျတ်ခနဲပေါ်ထွက်လာ၏။ သူသည် စိမ့်စမ်းကိုးခုသုတ္တန်၏ ထိုအတွဲကို တစ်ခါသာဖတ်ရှုခဲ့ဖူး၏။
သို့သော်လည်း သူသည် စိမ့်စမ်းကိုးခုငရဲသုတ္တန်၏ အချုပ်တွဲကို နားလည်ထားခဲ့ပြီးသားဖြစ်သည်။
ထို့ကြောက့် ခါးသက်စိမ့်စမ်းအတွဲကို နားလည်ဆင်ခြင်ရာမှာ အဟန့်အတားများစွာနှင့် ကြုံတွေ့ရခြင်းမရှိဘဲ အရာရာတိုင်းက ချောမွေ့နေသည်ဟုဆိုနိုင်သည်။
သူ့ကို ငရဲခါးသက်စိမ့်စမ်းရေများက ဝန်းရံထားလေသည်။ သူသည် ခါးသက်စိမ့်စမ်းအတွဲအရ ခါးသက်စိမ့်စမ်း၏ စွမ်းအားကို နားလည်ဆင်ခြင်နေပြီး အရာရာတိုင်းက များစွာလွယ်ကူလာခဲ့သည်။
သိပ်မကြာခင် သိုင်းတာအိုပင်မခန္ဓာသည် ခါးသက်စိမ့်စမ်းအတွဲကို အဆက်မပြတ်နားလည်ဆင်ခြင်နေသည်နှင့်အမျှ သူ့အပေါ် ခါးသက်စိမ့်စမ်းရေ၏ အဟန့်အတားကလည်း လျော့ကျလာခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာက အဆက်မပြတ် အောက်သို့နစ်ဝင်သွားလေသည်။
ငရဲခါးသက်စိမ့်စမ်း၏ အနက်ပိုင်းထဲမှာပင်လျှင် သူ၏ မျက်လုံးများက ခရမ်းရောင်မီးတောက်နှစ်ခုဖြင့် တောက်လောက်နေဆဲဖြစ်ပြီး သူ၏ အမြင်အာရုံကို ထိန်းသိမ်းထားနိုင်၏။
ငရဲခါးသက်စိမ့်စမ်းထဲမှာ ဦးတည်ဘက်မျက်နှာလုံးဝမရှိပေ။
သိုင်းတာအိုပင်မခန္ဓာသည် စိမ့်စမ်းရေစီးကြောင်းများအတိုင်းသာလိုက်ပါပြီး ရေစီးကြောင်းများကို အဆက်မပြတ် ဆန်တက်ကာ တဖြည်းဖြည်းနစ်ဝင်လာခဲ့၏။
အချိန်တစ်ခုကြာသွားပြီးနောက် သိုင်းတာအိုပင်မခန္ဓာ၏ မြင်ကွင်းက ရုတ်တရက်ရှင်းလင်းသွားပြီး သူက တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရ၏။
သူ၏ မြင်ကွင်းအဆုံးမှာ မတူညီသောကမြစ်ရှစ်စင်းက တဖြည်းဖြည်းပေါ်ထွက်လာ၏။ ကောင်းကင်ထင်မှာပြည့်နှက်နေသော စင်ကြယ်စုတစ်ခုကဲ့သို့ သူတို့သည် အဆုံးမဲ့လေဟာနယ်ကိုဖြတ်ကျော်ပြီး ဖြည်းဖြည်းချင်းစီးဆင်းကာ လုံးဝမတူညီသော အော်ရာတစ်ခုစီကို ဖြာထုတ်ပေးနေ၏။
မြစ်ရှစ်စင်း၏ အရင်းအမြစ်သည် မှောင်မည်း၍အဆုံးမဲ့သော နောက်ထပ်မြစ်တစ်ခုစီ ဦးတည်နေ၏။
သိုင်းတာအိုပင်မခန္ဓာရောက်ရှိနေသော ငရဲခါးသက်စိမ့်စမ်းအပါအဝင် အဲဒီမှစုစုပေါင်း စိမ့်စမ်းမြစ်ကိုးစင်းရှိနေ၏။
တစ်နည်းအားဖြင့်ဆိုသော် မှောင်မည်း၍ မှုန်မှိုင်းနေသောမြစ်သည် ဒဏ္ဍာရီလာ တမလွန်မြစ်ဖြစ်ပေမည်။
သူသည် တမလွန်မြစ်နားသို့ ချဥ်းကပ်လာစဥ် သိုင်းတာအိုပင်မခန္ဓာသည် မှောင်မည်းနေသောမြစ်ကို ကြည့်ရုံဖြင့် သိပ်သည်းပြင်းထန်ကြီးမားသောဖိအားတစ်ရပ်ကို ခံစားနေရ၏။
တမလွန်မြစ်၏ ရေတစ်စက်ချင်းစီတိုင်းမှာ လောကို ဖျက်ဆီးပစ်နိုင်သည့် အန္တိမစွမ်းပကား ပါဝင်နေသည့်အလားပင်။
သိုင်းတာအိုပင်မခန္ဓာက ရေစီးကြောင်းများကိုဆန်၍ ရှေ့သို့ဆက်တက်သွား၏။
သူက တမလွန်မြစ်နှင့်နီးကပ်လာသည်နှင့်အမျှ ရှေ့မှာရှိသောဖိအားက ပို၍တိုးလာ၏။
နောက်ဆုံးမှာ သိုင်းတာအိုပင်မခန္ဓာသည် ငရဲခါးသက်စိမ့်စမ်း၏ အစပ်သို့ ရောက်ရှိလာပြီး ရပ်တန့်လိုက်၏။
သူက ရှေ့သို့ဆက်တိုးသည်နှင့်အမျှ သူသည် တမလွန်မြစ်ထဲသို့ ဝင်ရောက်နိုင်ပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာသည် တမလွန်မြစ်၏ ရှေ့မှာ မတ်တတ်ရပ်ပြီး သူ့ကိုယ်သူ အလွန်တရာသေးငယ်သည်ဟု ခံစားနေရ၏။ သူ၏ ခွန်အားသည် တမလွန်မြစ်ထံမှ ရိုက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိသည့်ပုံပင််။
သူသည် တည်ဆောက်သူသစ်ပင်နှင့် ရင်ဆိုင်ခဲ့ရစဥ်ကပင် ဤကဲ့သို့သောခံစားချက်ကို မရရှိခဲ့ပေ။
သိုင်းတာအိုပင်မခန္ဓာသည် ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် တမလွန်မြစ်ထဲသို့ ဆက်လက်၍ဝင်ရောက်လိုက်၏။
တမလွန်မြစ်က အရိုးကွဲမတတ် အေးစက်နေ၏။
ထိုမြစ်နှင့်ယှဥ်လျှင် ငရဲစိမ့်စမ်းကိုးခု၏ စွမ်းအားက ပြောပလောက်စရာ မဟုတ်တော့ပေ။
သိုင်းတာအိုပင်မခန္ဓာသည် တမလွန်မြစ်၏ စွမ်းအားကို ခုခံဖို့အတွက် သိုင်းတာအိုငရဲခန်းကို အတင်းအကျပ်လှည့်ပတ်လိုက်၏။
သို့သော်လည်း တမလွန်မြစ်ရေက အဆက်မပြတ်တိုးဝင်နေပြီး သိုင်းတာအိုငရဲခန်းက ယိမ်းထိုးလာခဲ့၏။
သူသည် အပေါ်သို့ကူးခတ်ပြီး တမလွန်မြစ်၏ ရေမျက်နှာပြင်ထက်ကို ဖောက်ထွက်ချင်လေသည်။ သို့သော်လည်း မရေမတွက်နိုင်သော ဧရာမလက်များက သူ၏ ခန္ဓာကိုယ်ကို တမလွန်မြစ်အတွင်းကနေ ဆွဲယူနေသည့်အလား သူကအဆက်မပြတ်နစ်ဝင်လာခဲ့၏။
သူသည် ရေမျက်နှာပြင်ကို ဖောက်ထွက်ဖို့နေနေသာ အောက်ခြေထိနစ်မြုပ်ခြင်းမရှိဘဲ တမလွန်မြစ်ထဲမှာ သူ့ခန္ဓာကိုယ်ကို ထိန်းထားနိုင်သည်ကပင် အလွန်တရာကံကောင်းလှပြီဖြစ်၏။
ပို၍အရေးကြီးသည်မှာ တမလွန်မြစ်ရေသည် အားပါပြင်းထန်ပြီး သူ့ကို ရေစီးကြောင်းများအတိုင်း ဆွဲယူနေ၏။
လေဟာနယ်ယက္ခပြောပုံအရ သူသည် တမလွန်မြစ်ရေစီးကြောင်းအတိုင်း မျှောချပြီး ငရဲစိမ့်စမ်းကိုးခုသို့ ရောက်ရှိလာခဲ့၏။
သူသည် တစ္ဆေကမ္ဘာသို့ သွားရောက်ချင်သည်ဆိုလျှင် သူသည် တမလွန်မြစ်ရေစီးကြောင်းကို ဆန်တက်ရပေမည်။
သူ၏ လက်ရှိခွန်အားအရ သူသည် ထိုသို့လုံးဝမလုပ်နိုင်ပေ။
သိုင်းတာအိုပင်မခန္ဓာသည် ငရဲမြစ်ထဲမှာ သိပ်ကြာကြာမနေဘဲ နောက်သို့အလောတကြီးဆုတ်ခွာကာ ငရဲစိမ့်စမ်းကိုးခုသို့ ပြန်လည်ရောက်ရှိလာ၏။
“မရဘူးပဲ”
သိုင်းတာအိုပင်မခန္ဓာသည် ငရဲမြစ်၏ မြစ်ရေစီးကြောင်းအတိုင်း လိုက်ပါသွားမည်ဆိုလျှင် သူက ဘယ်နေရာကို ရောက်ရှိသွားမလဲ မသိရပေ။
ဒါ့အပြင် သူ၏ လက်ရှိ ကိုယ်ကာယ၊ မျိုးဆက်သွေးနှင့် ကျင့်ကြံမှုအရ သူသည် ငရဲမြစ်ထဲမှာ သိပ်ကြာကြာနေနိုင်မည် မဟုတ်ပေ။
ခဏမျှစဥ်းစားတွေးတောပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် သူလာရာလမ်းအတိုင်း ပြန်လှည့်ဖို့သာ ဆုံးဖြတ်လိုက်၏။
ဤတစ်ခေါက်မှာ သူသည် ငရဲခါးသက်စိမ့်စမ်းရှိရာသို့ ပို၍ပင်မြန်မြန်ဆန်ဆန်ရောက်ရှိလာခဲ့၏။ သိပ်မကြာခင် သူက ခါးသက်စိမ့်စမ်း၏ အရင်းအမြစ်သို့ ရောက်ရှိလာခဲ့၏။
သိုင်းတာအိုပင်မခန္ဓာသည် ရေထဲကနေတိုးထွက်ပြီး ခါးသက်စိမ့်စမ်းနန်းတော်သို့ ပြန်လည်ရောက်ရှိလာကာ အနည်းငယ်မောဟိုက်နေ၏။
“အို...”
သိုင်းတာအိုပင်မခန္ဓာ အသက်ရှင်လျက်ပြန်လည်ရောက်ရှိလာသည်ကို တွေ့ရသောအခါ လေဟာနယ်ယက္ခ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုအကြည့်တစ်ခု ပေါ်ထွက်လာ၏။
သိုင်းတာအိုပင်မခန္ဓာထံမှ တမလွန်မြစ်၏ တစ်မူထူးခြားသောအော်ရာကို သူက အနံ့ခံကြည့်နေ၏။
တစ်နည်းအားဖြင့်ဆိုသော် ဤလူသည် တမလွန်မြစ်သို့ တကယ်ပင် ဝင်ရောက်ခဲ့လေသည်။
“ဒီနည်းလမ်းက အလုပ်မဖြစ်ဘူး”
သိုင်းတာအိုပင်မခန္ဓာက လေဟာနယ်ယက္ခကို စိုက်ကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
လေဟာနယ်ယက္ခက သွားဖြဲကာ ပခုံးတွန့်ပြလိုက်၏။
ခဏမျှရပ်တန့်ပြီးနောက် လေဟာနယ်ယက္ခ၏ ပြူထွက်နေသော မျက်လုံးများက ဟိုဟိုဒီဒီလှည့်ပတ်ကြည့်ရှုနေ၏။ သူက ပြောလိုက်၏။
“တမလွန်ဘုံကနေတစ်ဆင့် တစ္ဆေကမ္ဘာကို ဝင်ရောက်နိုင်တဲ့ နောက်ထပ်လမ်းကြောင်းတစ်ခုရှိတယ်”
“တမလွန်ဘုံကနေတစ်ဆင့် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ဝင်ရောက်ဖို့လား”
သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွားပြီး ပြန်မေးလိုက်၏။
လေဟာနယ်ယက္ခက ခေါင်းညိတ်ပြလိုက်၏။
အရင်တုန်းက ကြင်ယာတော်ယုသည် သူ့အား တမလွန်ဘုံအကြောင်းပြောခဲ့ဖူးလေသည်။
ကြင်ယာတော်ယုပြောပုံအရ တမလွန်ဘုံသည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်အဖြစ် သီးခြားရပ်တည်နေသော်လည်း သူတို့ကတစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကြသည်။
သက်ရှိများအားလုံးက သေဆုံးသွားပြီးနောက် သူတို့၏ ဝိညာဥ်များသည် တမလွန်ဘုံသို့ဝင်ရောက်လာပြီး ပြန်ဝင်စားဖို့ အတွက် လမ်းခြောက်သွယ်သို့ ဝင်ရောက်ရမည်ဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာက ထပ်မံ၍မေးလိုက်၏။
“ငါက တမလွန်ဘုံကို ဘယ်လိုသွားရမလဲ”
တမလွန်ဘုံမှာရှိသော ဝိညာဥ်များသည် လမ်းခြောက်သွယ်ထဲမှတစ်ခုဖြစ်သော ငရဲဘုံသို့ ဝင်ရောက်နိုင်ကြသည်။
သို့သော်လည်း ငရဲကမ္ဘာမှသက်ရှိများက တမလွန်ဘုံကို ပြန်မသွားနိုင်ကြပေ။
လူတစ်ယောက်သည် အရင်တုန်းက ငရဲအရှင်ကဲ့သို့ မဟာဧကရာဇ်တစ်ပါး၏ စွမ်းအားကို ပိုင်ဆိုင်ထားပြီး လောကနိယာမများကို လျစ်လျူမရှုနိုင်သရွေ့ သူတို့သည် ကမ္ဘာနှစ်ခုကြား အဟန့်အတားကို စိတ်ရှိသလိုချိုးဖျက်နိုင်မည် မဟုတ်ပေ။
လေဟာနယ်ယက္ခက ပြောလိုက်၏။
“ငါသိထားသလောက်ဆိုရင် ငရဲကမ္ဘာနဲ့ တမလွန်ဘုံကြားမှာ အချိတ်အဆက်နဲ့ စင်္ကြံလမ်းတချို့ရှိတယ်”
“ဟမ်...”
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က ဘေးမှာရှိသော ငရဲအရှင်ခါးသက်စိမ့်စမ်းထံသို့ ရောက်ရှိသွားလေသည်။
ငရဲအရှင်ခါးသက်စိမ့်စမ်းက ဤအကြောင်းကို သူ့အား မပြောပြခဲ့ပေ။
ငရဲအရှင်ခါးသက်စိမ့်စမ်းက အလောတကြီးရှင်းပြလိုက်၏။
“အရှင်... တမလွန်ဘုံနဲ့ ငရဲကမ္ဘာကြားမှာ ချိတ်ဆက်ထားတဲ့စင်္ကြံလမ်းနှစ်ခု တကယ်ပဲရှိပါတယ်... ဒါပေမဲ့ ချိတ်ဆက်ထားတဲ့အမှတ်တွေမှာ လောကအဟန့်အတားတွေက ရှိနေတုန်းပဲ... ကျုပ်တောင်မှ အဲဒါတွေကို မချိုးဖျက်နိုင်ဘူး။”