တမလွန်ဘုံမှာ စုဝေးခြင်း
Vol. 182 Ch. 2720
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ နောက်ဘက်ရှိ လောကအဟန့်အတားပေါ်မှာ ပိတ်ဆို့သွားသော အပေါက်ကိုကြည့်ပြီး ရင်တစ်ချက်ထိတ်သွား၏။
သူသည် ငရဲကမ္ဘာကနေ ထွက်ခွာလာပြီးနောက် ဤနေရာကို ဘယ်အချိန်မှ နောက်တစ်ခေါက် ပြန်လည်ရောက်ရှိလာနိုင်မလဲ မသိရပေ။
တကယ်တော့ ငရဲအရှင်အဖြစ် သူ၏ အဆင့်အတန်းအပါအဝင် ငရဲကမ္ဘာမှာ သူလွမ်းလောက်စရာ ဘာမှမရှိပေ။
သို့သော်လည်း ထိုနေရာမှာ ထျန်ဟွမ်ကုန်းမြေတိုက်မှ မိတ်ဆွေဟောင်းတစ်ယောက် ရှိနေသည်။
ထိုစဉ်မှာပင် လေဟာနယ်ယက္ခက အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“တမလွန်ဘုံက နည်းနည်းထူးခြားတယ်… ကျုပ်တို့တွေက ကျုပ်တို့ရဲ့သရုပ်သကန်ကို ပေါက်ကြားစေလို့မရဘူး… မဟုတ်ရင် ကျုပ်တို့ကို တမလွန်ဘုံက သက်ရှိတွေက သေချာပေါက် အမဲလိုက်ကြလိမ့်မယ်”
သူတို့နှစ်ယောက်သည် အဝါရောင်စိမ့်စမ်းကနေတစ်ဆင့် ကမ္ဘာနှစ်ခုကြား အဟန့်အတားကို ချိုးဖျက်ခြင်းဖြင့် ကမ္ဘာနှစ်ခု၏ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ခဲ့ပြီဖြစ်လေသည်။
အဲဒါသည် လေဟာနယ်ယက္ခက ငရဲကမ္ဘာသို့ ရောက်ရှိလာပြီး ငရဲအရှင်ခါးသက်စိမ့်စမ်း၏ အကျဉ်းချခံခဲ့ရခြင်းနှင့် အခြေအနေချင်း ဆင်တူလေသည်။
“တမလွန်ဘုံက သက်ရှိတွေကို ဘယ်လိုခွဲခြားနိုင်သလဲ”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
လေဟာနယ်ယက္ခက ပြောလိုက်၏။
“ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား ရုပ်ဖျက်ထားစရာ မလိုဘူး… ခင်ဗျားရဲ့အော်ရာက အမြဲတမ်း ထူးခြားအံ့မခန်းပဲ… ထောက်လှမ်းဖို့ ခက်ခဲတယ်… ကျုပ်ကတော့ ခြုံထည်တစ်ခုကို ခြုံထားရလိမ့်မယ်”
“တမလွန်ဘုံက သက်ရှိတွေနဲ့ တခြားသက်ရှိတွေကြားမှာ သိသာထင်ရှားတဲ့ ကွာခြားချက်ရှိတယ်…. တမလွန်ဘုံက သက်ရှိတွေမှာ အသွေးအသားခန္ဓာ မရှိကြဘူး”
“ဪ…”
သိုင်းတာအိုပင်မခန္ဓာက အနည်းငယ်အံ့အားသင့်သွားပြီး မေးလိုက်၏။
“သူတို့တွေက သွေးအသားခန္ဓာမရှိဘဲ တမလွန်ဘုံမှာ ပုံမှန်အတိုင်း ရှင်သန်နိုင်တာလား”
“ရတာပေါ့”
လေဟာနယ်ယက္ခက ပြောလိုက်၏။
“တမလွန်ဘုံက အဲဒီသက်ရှိတွေက ပြီးပြည့်စုံတဲ့ ကျင့်ကြံရေးနည်းစနစ်တစ်ခုကို ပိုင်ဆိုင်ထားတယ်…. သူတို့တွေက အသွေးအသားအပေါ် မမှီခိုဘဲ သီးခြားရပ်တည်နိုင်ကြတယ်”
“နောက်ပြီး တမလွန်ဘုံမှာ အသွေးအသားရှိတဲ့ ဘယ်သက်ရှိမဆို သူတို့ရဲ့မျိုးဆက်သွေးက ဘယ်လောက်ပဲ စွမ်းအားကြီးမားကြီးမား သူတို့က ဖိနှိမ်ပြီး ချိပ်ပိတ်ထားခံရလိမ့်မယ်”
သိုင်းတာအိုပင်မခန္ဓာက အဝါရောင်စိမ့်စမ်းအတွင်း အာရုံခံကြည့်ပြီး အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။
တကယ်ပင်။
အဟန့်အတားကို ဖြတ်ကျော်လာပြီးနောက် သူ၏ မျိုးဆက်သွေးထဲမှာ ထူးဆန်းသော စွမ်းအားတစ်ခုက သိသိသာသာ ရှိလာ၏။ သူက သူ၏ မျိုးဆက်သွေးကို ဘယ်လိုပင် လှည့်ပတ်သည်ဖြစ်စေ သူက ရုန်းမထွက်နိုင်ပေ။
လေဟာနယ်ယက္ခက ဆက်ပြောလိုက်၏။
“နောက်ပြီး တမလွန်ဘုံက တစ္ဆေငယ်တွေကို လျှော့မတွက်နဲ့”
“ကျုပ်တို့တွေက အဆင့်တူမှာရှိတဲ့ တစ္ဆေဘုရင်တွေနဲ့ ကြုံတွေ့ရမယ်ဆိုရင် ကျုပ်တို့က သူတို့ကို သေသေချာချာ ကိုင်တွယ်မှရမယ်”
သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“တမလွန်ဘုံက သက်ရှိတွေကလည်း မင်းတို့တစ္ဆေကမ္ဘာကလို တစ္ဆေမျိုးနွယ်တွေပဲလား”
လေဟာနယ်ယက္ခက ရှင်းပြလိုက်၏။
“ကျုပ်တို့တွေအားလုံးကို တစ္ဆေမျိုးနွယ်လို့ ခြုံပြီးခေါ်ပေမဲ့ တကယ်တော့ ကျုပ်တို့တွေက တမလွန်ဘုံက တစ္ဆေမျိုးနွယ်နဲ့ အတော်လေးကွာခြားတယ်”
“အတိအကျပြောရရင် ကျုပ်တို့ကို ယက္ခမျိုးနွယ်လို့ ဆိုနိုင်တယ်… ကျုပ်တို့က တစ္ဆေမျိုးနွယ်ကနေ ခွဲထွက်ပြီး တစ္ဆေကမ္ဘာရဲ့ ဘဝမြစ်မှာ မွေးဖွားလာကြတယ်… ကျုပ်တို့က အသွေးအသားကို ရရှိလာပြီ”
“ဒါပေမဲ့ တမလွန်ဘုံမှာရှိတဲ့ တစ္ဆေငယ်တွေ၊ တစ္ဆေကြီးတွေ၊ တစ္ဆေဘုရင်တွေနဲ့ တစ္ဆေဧကရာဇ်တွေတောင်မှ ဝိညာဉ်ပုံစံမှာပဲ ရှိကြတယ်”
သူတို့သည် တမလွန်ဘုံမှာ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး သူတို့၏ လမ်းကြောင်းကို ဖျောက်ဖျက်ဖို့အတွက် သူတို့နှစ်ယောက်သည် အဝါရောင်စိမ့်စမ်း၏ အောက်ခြေမှာ ပုန်းလျှိုးကာ ရေစီးကြောင်းအတိုင်း လိုက်ပါပြီး သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များဖြင့် အပြန်အလှန်ဆက်သွယ်ပြောဆိုနေကြ၏။
လေဟာနယ်ယက္ခက ဆက်ပြောလိုက်၏။
“တမလွန်ဘုံမှာရှိတဲ့ အဲဒီတစ္ဆေတွေက ကျုပ်တို့ရဲ့ အမြုတေစိတ်ဝိညာဉ်ကို တိုက်ရိုက်တိုက်ခိုက်နိုင်တယ်… ကျုပ်တို့က ပေါ့ပေါ့ဆဆလုပ်မိရင် သေချာပေါက် ဒဏ်ရာအပြင်းအထန်ရသွားလိမ့်မယ်”
“အမြုတေစိတ်ဝိညာဉ် ပျက်စီးသွားတာနဲ့ လူတစ်ယောက်ရဲ့ ကိုယ်ကာယနဲ့ မျိုးဆက်သွေးက ဘယ်လောက်ပဲ စွမ်းအားကြီးမားပါစေ… အဲဒါက အခွံသက်သက်ဖြစ်လာလိမ့်မယ်”
သိုင်းတာအိုပင်မခန္ဓာက တိတ်တဆိတ် စဉ်းစားတွေးတောနေ၏။
ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ ထူးဆန်းသောအရာ မျိုးစုံရှိနေ၏။
တမလွန်ဘုံမှာ ဤကဲ့သို့ ထူးခြားသည့်သက်ရှိတစ်အုပ်စု တည်ရှိနေလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။ သူတို့သည် အသွေးအသား၏ အချုပ်အနှောင်ကနေ လုံးလုံးလျားလျား လွတ်မြောက်သွားခဲ့ပြီဖြစ်ပြီး သူတို့မှာ သူတို့ကိုယ်ပိုင် ထူးခြားသော ကျင့်ကြံရေးစနစ်တစ်ခု ရှိကြလေသည်။
ဤကဲ့သို့သော လောကတစ်ခုသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် သီးခြားခွဲထွက်ပြီး ရပ်တည်ဖို့ တကယ်ပင် အဆင့်မီလေသည်။
ထို့သို့ဖြင့် တမလွန်ဘုံနှင့် အခြားသောကမ္ဘာများအကြားမှာ သန်မာသော နိယာမများနှင့် လောကအဟန့်အတားများ ရှိနေသည်ကို စဉ်းစားကြည့်ဖို့ မခက်ခဲတော့ပေ။
အခြားသောကမ္ဘာများမှ သက်ရှိများက တမလွန်ဘုံသို့ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်မည်ဆိုလျှင် သို့မဟုတ် တမလွန်ဘုံမှ သက်ရှိများက အခြားသောကမ္ဘာများသို့ ဝင်ရောက်လာနိုင်မည်ဆိုလျှင် ကမ္ဘာတစ်ထောင်သုံးဆင့်လောကသည် ပရမ်းပတာဖြစ်လာပေလိမ့်မည်။
လေဟာနယ်ယက္ခက ထပ်မံ၍ သတိပေးလိုက်၏။
“ကျုပ်တို့က အဝါရောင်စိမ့်စမ်းထဲမှာ ပုန်းကွယ်နေပြီး ကျုပ်တို့ရဲ့ခြေရာကို ဖျောက်ထားနိုင်မယ်ဆိုရင် အကောင်းဆုံးပဲ… ကျုပ်တို့တွေက ရေစီးကြောင်းအတိုင်း လိုက်ပါပြီး လမ်းခြောက်သွယ်ဂိတ်တံခါးရဲ့ အောက်ဘက်ကို ရောက်ရှိတာနဲ့ အပြင်ကိုထွက်ပြီး တစ္ဆေကမ္ဘာဆီကို ဝင်ရောက်ရလိမ့်မယ်”
“တမလွန်ဘုံမှာရှိတဲ့ တစ္ဆေလေးတွေက ကျုပ်တို့ကို အဲဒါမတိုင်ခင် ရှာတွေ့သွားမယ်ဆိုရင် ကျုပ်တို့က တမလွန်ဘုံက ပညာရှင်ပေါင်းများစွာရဲ့ လိုက်လံဖမ်းဆီးတာကို သေချာပေါက်ခံရလိမ့်မယ်… အဲဒီအချိန်ကျရင် ကျုပ်က လမ်းခြောက်သွယ်ဂိတ်တံခါးကို တွေ့မြင်ရမှာတောင် မဟုတ်တော့ဘူး”
“လမ်းခြောက်သွယ်ဂိတ်တံခါးက ဘယ်နေရာမှာ ရှိတာလဲ”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
လေဟာနယ်ယက္ခက ရှင်းပြလိုက်သည်။
“လမ်းခြောက်သွယ်ဂိတ်တံခါးက အရပ်မျက်နှာငါးဘက်က တစ္ဆေတောင်တွေရဲ့အထက်မှာ တည်ရှိတယ်”
“အရပ်မျက်နှာငါးဘက်က တစ္ဆေတောင်တွေလား”
သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
လေဟာနယ်ယက္ခက ပြောလိုက်၏။
“တစ္ဆေတောင်ငါးလုံးက တမလွန်ဘုံရဲ့ အရပ်မျက်နှာငါးဘက်မှာ တည်ရှိပြီး အဲဒီနေရာတွေကို တစ္ဆေဧကရာဇ်ငါးဦးက ထိန်းသိမ်းစောင့်ရှောက်ပေးနေတယ်… တမလွန်ဘုံက ပြီးပြည့်စုံမှုရှိပြီး မဟာတာအိုကလည်း အားနည်းချက်မရှိဘူး… အဲဒါကြောင့် အဲဒီတစ္ဆေဧကရာဇ်တွေအားလုံးက အစစ်အမှန်ဧကရာဇ်ပညာရှင်တွေပဲ”
“ကျုပ်တို့က အပြင်ဘက်ကို ထွက်မယ်ဆိုရင် တစ္ဆေကမ္ဘာရဲ့ ဂိတ်တံခါးဆီကို ချက်ချင်း အသည်းအသန်ပြေးသွားရမယ်… ကျုပ်တို့ကို တစ္ဆေဧကရာဇ်တစ်ဦးဦးက ရှာတွေ့သွားမယ်ဆိုရင် နောက်ပိုင်းအကျိုးဆက်တွေကို စဉ်းစားကြည့်လို့ မရတော့ဘူး”
ယက္ခမျိုးနွယ်၏ ဘုရင်ပညာရှင်တစ်ဦးအနေဖြင့် လေဟာနယ်ယက္ခ၏ တိုက်ခိုက်ရည်ခွန်အားက အလွန်တရာ သန်မာလေသည်။ သို့သော်လည်း သူသည် တမလွန်ဘုံသို့ ရောက်ရှိလာသောအခါ ဝင့်ကြွားရဲခြင်းမရှိဘဲ တမူထူးခြားစွာ သတိထားနေ၏။
“ကျုပ်တို့ရဲ့ တည်ရှိမှုတွေက တမလွန်ဘုံက ပညာရှင်တချို့အတွက် အရသာရှိတဲ့ အစားအသောက်တွေပဲ”
လေဟာနယ်ယက္ခက ပြောလိုက်၏။
“သူတို့တွေက ကျုပ်တို့ရဲ့ အမြုတေစိတ်ဝိညာဉ်ကို ပစ်မှတ်ထားပြီး ကျုပ်တို့ရဲ့ ဝိညာဉ်တွေကို ဝါးမျိုဖို့အတွက် နတ်ဘုရားစွမ်းအားတွေနဲ့ လျှို့ဝှက်အတတ်တွေ အများကြီးကို အသုံးချနိုင်တယ်”
သိုင်းတာအိုပင်မခန္ဓာသည် လေဟာနယ်ယက္ခ၏ ဖြေရှင်းချက်ကို နားထောင်ရင်း သူက အဝါရောင်စိမ့်စမ်း၏ အနက်ရှိုင်းဆုံးအပိုင်းထဲကနေ ရေစီးကြောင်းအတိုင်း မျှောချလာခဲ့၏။
ရုတ်တရက်ဆိုသလို…
သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွားပြီး ရပ်တန့်လိုက်၏။
“ဘာများဖြစ်လို့လဲ”
လေဟာနယ်ယက္ခက အလောတကြီးရပ်တန့်ပြီး လှည့်မေးလိုက်၏။
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က အေးစက်နေပြီး ငွေရောင်မျက်နှာဖုံးအောက်မှာ သူ၏အမူအရာက အနည်းငယ် တည်တံ့နေ၏။
စောစောက သူသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ တည်ရှိမှုကို နောက်တစ်ဖန် အာရုံခံမိလိုက်၏။
ငရဲကမ္ဘာမှာတုန်းက သူသည် သိုင်းပိုင်နက်နယ်မြေသို့ တက်လှမ်းပြီး ပိုင်နက်နယ်မြေတစ်ခုကို စုဖွဲ့သည့်ခဏမှာပင် သူသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာနှင့် ခေတ္တခဏ ဆက်သွယ်မှုရရှိခဲ့၏။
ထို့နောက် အစစ်အမှန်ခန္ဓာနှစ်ခုကြား ဆက်သွယ်မှုက နောက်တစ်ဖန် ပျောက်ကွယ်သွားခဲ့၏။
ဤတိုတောင်းသော ချိတ်ဆက်မှုသည် သိုင်းတာအိုပင်မခန္ဓာက ပိုင်နက်နယ်မြေတစ်ခုကို စုဖွဲ့လိုက်ခြင်းကြောင့် ဖြစ်နိုင်လေသည်။
ပိုင်နက်နယ်မြေ၏ ဖွဲ့စည်းပုံကတော့ ၎င်းသည် ကမ္ဘာများကြား အဟန့်အတားကို ယာယီအားဖြင့် ချိုးဖျက်နိုင်ပြီး အစစ်အမှန်ခန္ဓာနှစ်ခုကို ဆက်သွယ်မှုတစ်ခု ရရှိစေခဲ့သည့်ပုံပင်။
သို့သော်ယခု သိုင်းတာအိုပင်မခန္ဓာသည် မည်သည့်အရာကိုမှ ပြုလုပ်ခြင်းမရှိဘဲ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ တည်ရှိမှုကို အာရုံခံမိနေပြီဖြစ်၏။
ထိုအာရုံခံစိတ်က အလွန်တရာ သိသာရှင်းလင်းနေပြီး ပျောက်ကွယ်သွားမည့် မည်သည့်လက္ခဏာမှ မပြသပေ။
အဲဒါအတွက် ဖြစ်နိုင်ခြေတစ်ခုသာလျှင် ရှိလေသည်။
အစစ်အမှန်ခန္ဓာနှစ်ခုက တူညီသောကမ္ဘာမှာ ရှိနေကြ၏။
အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည်လည်း တမလွန်ဘုံမှာ ရောက်ရှိနေလေပြီ။
အတိအကျဆိုရလျှင် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ ဝိညာဉ်က တမလွန်ဘုံသို့ ရောက်ရှိလာခြင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ရှိနေခဲ့ပြီး တမလွန်ဘုံသို့ တိုက်ရိုက်မဝင်ရောက်နိုင်ပေ။ ဝိညာဉ်များကသာ တမလွန်ဘုံသို့ ဝင်ရောက်လာနိုင်၏။
တစ်နည်းအားဖြင့်ဆိုသော် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက သေဆုံးသွားခဲ့ပြီဖြစ်သည်။
နောက်ဆုံးမှာတော့ သူက ခြေတစ်လှမ်းနောက်ကျသွားဆဲဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက တည်တံ့လာပြီး သူ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေ၏။
ထိုစဉ်မှာပင် သူက ကြင်ရာတော်ယု၏ အတွေ့အကြုံကို ရုတ်တရက် အမှတ်ရသွားပြီး ရင်တစ်ချက်ထိတ်သွား၏။ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ မှတ်ဉာဏ်များက ဖျက်ဆီးမခံရသေးဘဲ အဝါရောင်စိမ့်စမ်းဖြင့် ဆေးကြောသန့်စင်ခြင်း မခံရသေးသရွေ့ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက အမှန်တကယ် သေဆုံးလိမ့်မည်မဟုတ်ကြောင်း သိပ်မကြာခင် သူက နားလည်သဘောပေါက်လာခဲ့၏။
အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် သူ၏ ပြီးပြည့်စုံသော မှတ်ဉာဏ်များနှင့်အတူ ပြန်ဝင်စားနိုင်လေသည်။
ထိုသို့အတွေးဖြင့် သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ဝတ်ရုံစကို ဝှေ့ယမ်းပြီး သူ့ဘေးမှာရှိသော လေဟာနယ်ယက္ခကို ဆွဲယူလိုက်လေသည်။ ထို့နောက် သူက သူ၏ ရှေ့မှာရှိသော လေဟာနယ်ကို ဆုတ်ဖြဲပြီး ဖျတ်ခနဲ ခုန်ဝင်လိုက်၏။
အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ မှတ်ဉာဏ်များက ငရဲအဝါရောင်စိမ့်စမ်းဖြင့် ဖယ်ရှားရှင်းလင်းခြင်းမခံရခင် အစစ်အမှန်ခန္ဓာနှစ်ခုက တွေ့ဆုံရမည်ဖြစ်လေသည်။
“ခင်ဗျား ဘာလုပ်နေတာလဲ”
လေဟာနယ်ယက္ခ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။
သိုင်းတာအိုပင်မခန္ဓာသည် တမလွန်ဘုံ၏ လေဟာနယ်ကို ဆုတ်ဖြဲပြီး တည်နေရာခုန်ကူးမည်ဆိုလျှင် တမလွန်ဘုံမှ ပညာရှင်များ၏ သတိထားစောင့်ကြည့်ခြင်းကို သေချာပေါက်ခံလာရပေလိမ့်မည်။
လေဟာနယ်ယက္ခ၏ မျိုးဆက်သွေးက တကယ်ပင် စွမ်းအားကြီးမားလေသည်။ လမ်းတစ်လျှောက်မှာ လေဟာနယ်ယက္ခ၏ ပါးစပ်ထဲရှိ သွားများက ပြန်ပေါက်လာခဲ့ပြီဖြစ်ပြီး သူ၏ လေသံက ပုံမှန်အတိုင်း ပြန်ဖြစ်နေလေပြီ။