← Chapters

တမလွန်ဘုံမရဏတံခါး

Vol. 182 Ch. 2721

တမလွန်ဘုံမရဏတံခါး

Vol. 182 Ch. 2721

အဝါရောင်စိမ့်စမ်းလမ်း။

ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ လဲပြိုကျသွားသော ဆူဇီမို၏ နောက်ဆုံးမှတ်ဉာဏ်သည် ရင်းနှီးနေကျအသံတစ်သံကို ကြားခဲ့ရ၏။

သို့သော်လည်း သူက ထိုအချိန်မှာ သတိလစ်သွားခဲ့ပြီဖြစ်ပြီး ထိုအသံကိုခွဲခြားဖို့ ခွန်အားမရှိတော့ပေ။

သူက အသိစိတ်ကို ပြန်လည်ရရှိပြီး နိုးထလာသည့်အချိန်မှာ သူသည် ကြီးမားသောအဖြူရောင်မြူခိုးများ လွှမ်းခြုံထားသည့် မှောင်မိုက်၍မကောင်းဆိုးဝါးဆန်သောနေရာတစ်ခုမှာ ရောက်ရှိနေသည်ကို နားလည်သိရှိလိုက်၏။

ဤနေရာက ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ဟုတ်ပုံမရပေ။

ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် ထူးဆန်းသောအမူအရာနှင့်အတူ ဧကရာဇ်ဂူသင်္ချိုင်းထဲမှအသံကို ပြန်လည်အမှတ်ရသွား၏။

“အဲဒါက ဘယ်လိုလုပ်ပြီးသူဖြစ်နေရတာလဲ”

ဆူဇီမိုက ဝေခွဲမရဖြစ်နေပြီး နားမလည်နိုင်ပေ။

ထိုစဥ်မှာပင် အဖြူရောင်မြူခိုးများကြားထဲမှာ သူ့လိုလူများစွာရှိနေသည်ကို တွေ့ရှိလိုက်၏။ သူတို့၏ အမူအရာများက ထုံထိုင်းနေပြီး သူတို့၏ အကြည့်များက အဓိပ္ပါယ်မဲ့ကာ ငေးငိုင်စွာဖြင့် ရှေ့သို့တက်လှမ်းနေကြ၏။

ဤလူအုပ်စုကြားမှာ အမျိုးသားများ၊ အမျိုးသမီးများ၊ လူအိုများ၊ လူငယ်များနှင့် အခြားမျိုးနွယ်များမှ သက်ရှိများလည်းပါဝင်​ပြီး အဲဒါက ကြီးမားသောလူအုပ်ကြီးတစ်ခုဖြစ်နေ၏။

ထူးဆန်းစွာပင် ဤကဲ့သို့အမျိုးမျိုးသော မျိုးနွယ်များမှာ သက်ရှိပေါင်းများစွာ အတူတကွစုဝေးနေတာတောင် မည်သည့်ပဋိပက္ခမှ ရှိမလာခဲ့ပေ။ လူတိုင်းမှာ အလိုအလျောက်နားလည်မှုတစ်ခုရှိနေပုံရပြီး ရှေ့သို့သာ လျှောက်လှမ်းနေကြ၏။

ရုတ်တရက် သူကလည်း သူတို့ထဲမှတစ်ယောက်ဖြစ်သည်ကို နားလည်သဘောပေါက်လိုက်၏။ သူသည် သူ၏ ခြေလှမ်းကို ရပ်တန့်ချင်သော်လည်း သူက သူ၏ ခန္ဓာကိုယ်ကို လုံးဝမထိန်းချုပ်နိုင်တော့ပေ။ သူသည် ဘာမှန်းမသိရသောအင်အားတစ်ရပ်ဖြင့် ရှေ့သို့ ဆွဲယူခြင်းခံနေရသည့်အလားပင်။

“ဘာဖြစ်နေတာပါလိမ့်”

ဆူဇီမိုက အိုးတိုးအမ်းတမ်းဖြစ်လာခဲ့၏။

သူသည် ရှေ့သို့ခြေလှမ်းအနည်းငယ်​တိုးပြီး သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ရှေ့သို့ ရောက်ရှိလာကာ မေးလိုက်သည်။

“တာအိုရောင်းရင်း... ဒါကဘယ်နေရာလဲ”

သက်လတ်ပိုင်းအရွယ်အမျိုးသားက ဆူဇီမိုကိုတစ်ချက်ကြည့်ပြီးနောက် ထူးဆန်းသော ​အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။ သူက ပြုံးသည်နှင့်မတူဘဲ ငိုကြွေးနေသည့်အလားဖြစ်ပြီး စကားလုံးဝပြောမလာခဲ့ပေ။

“လူကြီးမင်း... ဒါက ဘယ်နေရာပါလဲ”

ဆူဇီမိုက နောက်ထပ်အဖိုးအိုတစ်ယောက်၏ ဘေးသို့ ရောက်ရှိလာပြီး ထပ်မံ၍မေးလိုက်၏။

ထိုအဖိုးအိုက ညင်သာစွာသက်ပြင်းချပြီး ပြန်မဖြေပေ။ သူက သူ၏ တုန်ယင်နေသောလက်ကိုသာမြှောက်ပြီး ရှေ့လှမ်းလှမ်းသို့ လက်ညှိုးထိုးပြလိုက်၏။ အဖိုးအို၏ ညွှန်ပြမှုအတိုင်း လိုက်ပါကြည့်ရှုပြီး ရှေ့တည့်တည့်မြူခိုးများထဲ တောင်နှစ်လုံးကြားမှာ ဧရာမမြို့တော်တစ်ခုပေါ်ထွက်လာသည်ကို သူက ခပ်ရေးရေးတွေ့မြင်လိုက်ရ၏။

မြို့ဝင်တံခါးမှာ ချိတ်ဆွဲထားသည့် မော်ကွန်းကျောက်သားတစ်ချပ်ရှိနေ၏။ ၎င်းပေါ်မှာ စာလုံးများရှိနေပုံရသော်လည်း သူက အဲဒါကို ကောင်းကောင်းမဖတ်နိုင်ပေ။

ထိုစဥ်မှာပင် လူတစ်ယောက်က ဆူဇီမို၏ ဘေးကနေ ဖြတ်လျှောက်ပြီး သူ၏ ပခုံးကို တိုက်ချသွား၏။ သို့သော်လည်း သူက မည်သည့်အရာကိုမှ မခံစားရပေ။ သူ၏ ခန္ဓာကိုယ်က ထွင်းဖောက်နိုင်ပုံရပြီး ထိုလူက သူ့ဘေးကနေ သက်တောင့်သက်သာဖြတ်ကျော်သွား၏။

ဆူဇီမိုသည် သူ၏ ပါးစပ်ကို အနည်းငယ်ဖွင့်ဟပြီး သူရောက်ရှိနေသည့်နေရာကို ခပ်ရေးရေးနားလည်သဘောပေါက်လိုက်၏။

သိပ်မကြာခင် သူက လူအုပ်ကြီးအတိုင်းလိုက်ပါပြီး မြို့ဝင်တံခါးအောက်ဘက်သို့ ရောက်ရှိလာ၏။ ဆူဇီမိုက မော့ကြည့်လိုက်၏။

မော်ကွန်းကျောက်ပြားပေါ်မှာ ရွှေရောင်စာလုံးများကို ရေးထိုးထားလေသည်။

တမလွန်ဘုံ မရဏတံခါး...။

တကယ်ပင်...။

ဆူဇီမိုက တွေဝေရှုပ်ထွေးသောအမူအရာဖြင့် သက်ပြင်းချလိုက်၏။

သူသည် နောက်ဆုံးမှာ တက္ကသိုလ်ဂိုဏ်းချုပ်၏ ကပ်ဘေးကနေ လွတ်မြောက်နိုင်ခြင်းမရှိဘဲ သေဆုံးသွားရဆဲဖြစ်လေသည်။ သူ၏ ဝိညာဥ်က ဒဏ္ဍာရီလာ တမလွန်ဘုံသို့ ရောက်ရှိလာပြီး သူက မရဏတံခါးကို တွေ့မြင်နေရပြီဖြစ်သည်။

ကျယ်ပြန့်သောလူအုပ်ကြီးသည် သူတို့သေဆုံးသွားပြီးနောက် ဤနေရာသို့ရောက်ရှိလာသော ဝိညာဥ်များသာဖြစ်လေသည်။

သူကိုယ်တိုင်လည်း အတူတူပင်ဖြစ်သည်။

လူအုပ်ကြီးသည် မရဏတံခါးသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြ၏။

မရဏတံခါး၏ တစ်ဘက်တစ်ချက်စီမှာ တမလွန်ဘုံ၏ တစ္ဆေငယ်များက မတ်တတ်ရပ်နေကြ၏။ သူတို့က နက်မှောင်နေသော ချိန်းကြိုးများနှင့် ကျာပွတ်များကို သူတို့၏ လက်ထဲမှာကိုင်ဆွဲပြီး လူအုပ်ကြီးကို အကောင်းဆုံးလှုံ့ဆော်နေ၏။

“မြန်မြန်လုပ်ကြ... မြန်မြန် မြန်မြန်”

“မင်းတို့တွေ မရဏတံခါးကိုဝင်ရောက်တာနဲ့ မင်းတို့က သေခြင်းရှင်ခြင်းကနေ ပိုင်းခြားခံရလိမ့်မယ်”

တစ္ဆေငယ်တစ်ဦးက ကျယ်လောင်စွာပြောလိုက်၏။

နောက်ဆုံးမှာလူအုပ်ကြားထဲတွင် မချင့်မရဲဖြစ်နေသော လူများစွာရှိနေဆဲဖြစ်သည်။ သူတို့သည် မရဏတံခါးသို့ ရောက်ရှိလာသောအခါ သူတို့၏ ခြေလှမ်းကို ရပ်တန့်ပြီး နောက်ပြန်လှည့်ကြည့်လိုက်ကြ၏။

“မင်းက ဘာကိုလာကြည့်နေတာလဲ”

တမလွန်ဘုံမှ တစ္ဆေငယ်တစ်ဦးက စိတ်မရှည်နိုင်ဖြစ်လာပြီး သူ့လက်ထဲရှိ သံကျာပွတ်ကိုလွှဲယမ်းကာ ထိုသူကို ပြင်းထန်ကြမ်းတမ်းစွာ လွှဲရိုက်ချလိုက်၏။

“အား...”

ထိုလူက ခပ်စူးစူးအော်ဟစ်လိုက်ပြီး သူ၏ ဝိညာဥ်ခန္ဓာတွင် သိသာရှင်းလင်းသော အမှတ်တစ်ခုကျန်ရစ်ခဲ့ပြီး သူ၏ ဝိညာဥ်က များစွာမှေးမှိန်သွားလေသည်။

“မင်းက တမလွန်ဘုံကို ရောက်လာပြီပဲ... နောက်ပြန်လှည့်ဖို့ကို စဥ်းတောင်မစဥ်းစားနဲ့”

တစ္ဆေငယ်က လှောင်ရယ်လိုက်၏။

“မင်းတို့က အဲဒါကို တွေးနေမယ့်အစား ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို နောက်ပိုင်းဝင်ရောက်ပြီးရင် မင်းတို့တွေက ပိုကောင်းတဲ့နေရာတစ်ခုကို သွားနိုင်ဖို့ ဆုတောင်းနေတာ ပိုကောင်းလိမ့်မယ်”

ဤလူသည် အလွန်တရာခေါင်းမာပြီး သူ၏ ခေါင်းကိုမော့ကာ မတ်တတ်ရပ်နေဆဲဖြစ်၏။ သူက မရဏတံခါးသို့ မဝင်ရောက်လိုပေ။

သူ၏ ယခင်ဘဝမှာတုန်းက သူသည် ကျော်ကြားသောပညာရှင်တစ်ဦးဖြစ်ခဲ့လေသည်။ သူသည် သေဆုံးပြီး သူ၏ ဝိညာဥ်က တမလွန်ဘုံသို့ ဝင်ရောက်လာခဲ့၏။ သူသည် ဤကဲ့သို့သောအခြေအနေသို့ ကျဆင်းသွားသည်ကို လက်မခံနိုင်ဖြစ်နေသည်။

သူသည် တမလွန်ဘုံမှ တစ္ဆေငယ်အချို့၏ အနိုင်ကျင့်စော်ကားခြင်းကိုလည်း မခံချင်ပေ။

ဤနေရာသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာသာ ဖြစ်နေမည်ဆိုလျှင် ဤတစ္ဆေငယ်များ၏ ကျင့်ကြံမှုများသည် ကမ္ဘာမြေအင်မော်တယ်များ သို့မဟုတ် ကောင်းကင်အင်မော်တယ်များနှင့်သာ တူညီပေလိမ့်မည်။

သို့သော်လည်း သူ၏ ယခင်ဘဝမှာ ဘယ်လောက်ပင်စွမ်းအားကြီးမားခဲ့သော ပညာရှင်များဖြစ်ခဲ့သည်ဖြစ်စေ သူတို့၏ ဝိညာဥ်များသည် တမလွန်ဘံသို့ ဝင်ရောက်လာသည်နှင့် ဤတစ္ဆေငယ်များ၏ စွမ်းအားကို မခုခံနိုင်ကြပေ။

“မင်းကတော့ သေချင်နေပြီပဲ”

တမလွန်ဘုံမှ တစ္ဆေငယ်တစ်ဦးက လှောင်ရယ်လိုက်ပြီး သူ၏ ကျာပွတ်ကိုကိုင်မြှောက်ကာ ထိုသူကို ပြင်းထန်ကြမ်းတမ်းစွာ ​ပစ်ရိုက်ချလိုက်၏။

ဤကျာပွတ်ကို ထူးခြားသောပစ္စည်းများဖြင့် ပုံသွင်းထားပြီး ဝိညာဥ်များအပေါ် ပြင်းထန်သောပျက်စီးထိခိုက်မှုဖြစ်စေနိုင်သည်။

ကျာပွတ်ရိုက်ချက်အနည်းငယ်မျှမှာ ထိုသူ၏ ဝိညာဥ်က အလွန်တရာအားနည်း၍ မှေးမှိန်သွားခဲ့ပြီဖြစ်ပြီး အသက်ဓာတ်များစွာ မကျန်ရှိတော့ပေ။

“ထွီ..”

တစ္ဆေငယ်က တံထွေးထွေးပြီး ကျိန်ဆဲလိုက်၏။

“ငါ မင်းလိုလူမျိုးတွေအများကြီး တွေ့ဖူးတယ်... မင်းတို့ရဲ့အရင်ဘဝတုန်းက ဘာကောင်တွေပဲဖြစ်ခဲ့ဖြစ်ခဲ့ မင်းတို့တွေက တမလွန်ဘုံမှာ အသာတကြည်နာခံရမယ်”

ခဏမျှရပ်တန့်ပြီးနောက် တမလွန်ဘုံ၏ တစ္ဆေငယ်က လူအုပ်ကြီးကို ခပ်စိမ်းစိမ်းစိုက်ကြည့်လိုက်၏။

“မင်းတို့တွေလည်းအတူတူပဲ... အညံ့ခံဖို့ငြင်းဆန်တဲ့ဘယ်သူမဆို သူ့လိုပဲ အဆုံးသတ်သွားရမယ်”

အစကတော့ ခုခံငြင်းဆန်လိုသော လူတချို့ရှိနေခဲ့လေသည်။ ထိုအခိုက်အတန့်မှာ သူတို့သည် ဆက်လက်၍ခေါင်းမမာနိုင်တော့ဘဲ မရဏတံခါးသို့ တစ်ယောက်ပြီးတစ်ယောက်ဝင်ရောက်လိုက်ကြ၏။

ဆူဇီမိုကလည်း လူအုပ်ကြီးနှင့်အတူ ရောပါပြီး မရဏတံခါးသို့ ဝင်ရောက်လိုက်၏။

မရဏတံခါးကို ဝင်ရောက်ပြီးနောက် အစက ဤနေရာကိုစောင့်ကြပ်နေသော တစ္ဆေငယ်များက သူတို့ကိုနောက်ထပ်နေရာတစ်ခုသို့ ပို့ဆောင်ရန် လူအုပ်ကြီးနှင့်အတူ လိုက်ပါလာကြ၏။

မရဏတံခါးမှာတော့ နောက်ထပ်တစ္ဆေငယ်တစ်အုပ်စုက အစားထိုးဝင်ရောက်လာကြသည်။

ဆူဇီမိုက အလောတကြီးမရှိဘဲ လူအုပ်ကြီးနှင့် လိုက်ပါသွား၏။

သူသည် စောစောက သိုင်းတာအိုပင်မခန္ဓာနှင့် ဆက်သွယ်မှုရရှိသွားပြီဖြစ်သောကြောင့်ပင်။

အစစ်အမှန်ခန္ဓာနှစ်ခုသည် မှတ်ဉာဏ်များကို အပြန်အလှန်ဖလှယ်နေကြ၏။

တစ်ချိန်တည်းမှာပင် သိုင်းတာအိုပင်မခန္ဓာက ဤနေရာသို့ အသည်းအသန်လာနေသည်ကို သူက သိရှိလိုက်၏။

သို့သော်လည်း တမလွန်ဘုံ၏ အာကာသက ရှုပ်ထွေးသောကြောင့် သိုင်းတာအိုပင်မခန္ဓာသည် လေဟာနယ်ကိုဆုတ်ဖြဲပြီး တည်နေရာခုန်ကူးဖို့အတွက် အချိန်အနည်းငယ်ပိုယူနေရ၏။

ဆူဇီမိုသည် လူအုပ်ကြီးနှင့်အတူ လိုက်ပါလာစဥ် သူက ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုနေ၏။

ဘေးပတ်ဝန်းကျင်မှာ ကြီးမားသောဧရိယာတစ်ခုကို အဖြူရောင်မြူခိုးအလွှာများက လွှမ်းခြုံထားဆဲဖြစ်သည်။

သူတို့ခြေဖဝါးအောက်ရှိ ညစ်ပတ်နေသောလမ်းကတော့ အဝါရောင်သန်းနေပြီး ထူးဆန်းသောစွမ်းအားတစ်ခုဖြာထွက်နေ၏။

တမလွန်ဘုံမှတစ္ဆေငယ်တစ်ဦးက ပြောလိုက်၏။

“ငါမင်းတို့တွေကို သင်ပြပေးမယ်... မင်းတို့အခုလျှောက်လှမ်းနေတဲ့လမ်းက အဝါရောင်စိမ့်စမ်းလမ်းပဲ”

“ခဏနေပြီးရင် မင်းတို့တွေအားလုံးက တံတားတစ်စင်းပေါ်ကိုရောက်လိမ့်မယ်... အဲဒါက အတိတ်မေ့တံတားပဲ”

“ဟဲဟဲ... အတိတ်မေ့တံတားအောက်မှာ အဝါရောင်စိမ့်စမ်းက တလိပ်လိပ်ထိုးတက်နေတယ်... မင်းတို့တွေက တံတားပေါ်မှာ အဝါရောင်စိမ့်စမ်းရဲ့ဆေးကြောသန့်စင်ခြင်းခံရပြီးတာနဲ့ မင်းတို့ရဲ့အရင်ဘဝ မှတ်ဉာဏ်တွေအားလုံးက ဗလာကျင်းသွားလိမ့်မယ်”

“နောက်ဆုံးအနေနဲ့ မင်းတို့တွေက ငရဲတာအိုကိုသွားရမလား ဒါမှမဟုတ် ဆာလောင်တစ္ဆေတာအိုလား... ဒါမှမဟုတ် မင်းတို့တွေက လူသားအဖြစ် ဒါမှမဟုတ် သားရဲအဖြစ်ပြန်ဝင်စားမလားဆိုတာကတော့ အားလုံးက မင်းတို့တစ်ယောက်ချင်းစီရဲ့ ကံကြမ္မာပေါ်မူတည်နေလိမ့်မယ်”

သိပ်မကြာခင် လူတိုင်းသည် ရေများ တဝုန်းဝုန်းရိုက်ခတ်နေသောအသံကို ကြားလိုက်ရပြီး ရှေ့မှာရှိသောအော်ရာက စိုစွတ်ထိုင်းမှိုင်းနေ၏။

တမလွန်ဘုံ၏ အဝါရောင်စိမ့်စမ်းက ရှေ့တည့်တည့်မှာရှိနေ၏။

ဆူဇီမိုက တဖြည်းဖြည်းအရှိန်ကို လျှော့ချလိုက်သည်။

သူသည် မရဏတံခါးသို့ ဝင်ရောက်နိုင်လေသည်။

သို့သော်လည်း သူသည် အဝါရောင်စိမ့်စမ်းရေဖြင့် ဆေးကြောသန့်စင်ခြင်းကို လက်မခံနိုင်ပေ။

သူသည် အဝါရောင်စိမ့်စမ်းရေဖြင့် ဆေးကြောသန့်စင်ခံရပြီး သူ၏ မှတ်ဉာဏ်များ ပျောက်ကွယ်သွားသည်နှင့် သူ့ဘဝ၏ အငွေ့အသက်များအားလုံးက ဖျောက်ဖျက်ခံရပြီး သူက အမှန်တကယ်သေဆုံးသွားရပေလိမ့်မည်။

All Chapters