ပေါဓူတောင်
Vol. 182 Ch. 2723
ဤအရာသည် သိုင်းစိတ်ဝိညာဥ်မီးဖြစ်ပြီး လွှမ်းမိုးခြယ်လှယ်မှုအရှိဆုံးဖြစ်လေသည်။ အဲဒါသည် သိုင်းတာအိုပင်မခန္ဓာ၏ နည်းလမ်းများစွာထဲ အမြုတေစိတ်ဝိညာဥ်များနှင့် ဝိညာဥ်များကို လောင်ကျွမ်းစေခြင်းမှာ အထူးပြုသော သတ်ဖြတ်ကွက်တစ်ကွက်ဖြစ်လေသည်။
“အား...”
အနက်ရောင်အနိစ္စနှင့်အဖြူရောင်အနိစ္စက စူးစူးဝါးဝါးအော်ဟစ်လိုက်ကြ၏။
သိုင်းစိတ်ဝိညာဥ်မီးသည် အလွန်တရာမြန်ဆန်စွာ လောင်ကျွမ်းလာပြီး တစ်ခဏချင်းမှာပင် အဖြူရောင်အနိစ္စ၏ ရှည်လျားသောလျှာနှင့် အနက်ရောင်အနိစ္စ၏ လက်ထိပ်နှင့်သံခြေကျင်းတို့ကနေတစ်ဆင့် သူတို့နှစ်ယောက်ပေါ်သို့ ဖြန့်ကြက်လာခဲ့လေသည်။
လူတိုင်း၏ အကြည့်အောက်မှာ သိုင်းစိတ်ဝိညာဥ်မီးလုံးတစ်လုံးက အနက်ရောင်အနိစ္စနှင့် အဖြူရောက်အနိစ္စ၏ ခန္ဓာကိုယ်များပေါ်မှာ ထွန်းညှိလာပြီး သူတို့က သိပ်မကြာခင် လောင်ကျွမ်းပြာကျကာ မီးကျီခဲများအဖြစ်ပြောင်းလဲသွားသော ခမောက်နှစ်လုံးသာလျှင် ကျန်ခဲ့လေသည်။
ဤသတင်းကိုကြားပြီးနောက် ရောက်ရှိလာသည့် တမလွန်ဘုံမှ တစ္ဆေငယ်များစွာသည် ကြောက်ရွံ့မှုဖြင့် သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်သွားကြသည်။
သူတို့နှစ်ယောက်သည် တမလွန်ဘုံမှာ အထူးတလည်ကျော်ကြားပြီး တစ္ဆေငယ်များက သူတို့ကို အဖြူရောင်အရှင်နှင့် အနက်ရောင်အရှင်ဟူ၍ တလေးတစားခေါ်ဆိုကြရသည်။
ယခုသူတို့သည် ခရမ်းရောင်ဝတ်အမျိုးသား၏ လက်ချက်ဖြင့် အသက်ရှုချိန်အနည်းငယ်အတွင်း လောင်ကျွမ်းပြာကျသွားလေသည်။ မီးတောက်များက လွှမ်းမိုးခြယ်လှယ်မှုရှိလေသည်။ တစ္ဆေငယ်များစွာက ဤနေရာမှာ စုဝေးရောက်ရှိလာသော်လည်း သူတို့က ရှေ့သို့တက်လှမ်းရဲခြင်း မရှိပေ။
သိုင်းတာအိုပင်မခန္ဓာသည် ဤနေရာမှာ ဆက်လက်၍ ကြန့်ကြာမနေပေ။ သူက လေဟာနယ်ယက္ခကို ခေါ်ယူပြီး အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ ဝိညာဥ်ကို ကာကွယ်ပေးလိုက်၏။ သူက လေဟာနယ်ကို ဆုတ်ဖြဲပြီး အာကာသဥမင်ထဲသို့ ဝင်ရောက်ကာ နေရာကနေထွက်ခွာသွား၏။
သိုင်းတာအိုပင်မခန္ဓာ ထွက်ခွာသွားပြီး မကြာခင် မီးကျီးခဲများအဖြစ် ပြောင်းလဲသွားသော ခမောက်နှစ်လုံးက ရုတ်တရက် လေထဲမှာ လွင့်မျောလာ၏။ ထို့နောက် ချက်ချင်းပင် ပုံရိပ်နှစ်ခုက ခမောက်နှစ်လုံး၏ အောက်မှာ တဖြည်းဖြည်းပေါ်ထွက်၍ သိပ်သည်းစုဖွဲ့လာခဲ့သည်။ သူတို့သည် ယခုတင်လောင်ကျွမ်းပြာကျသွားခဲ့သော အနက်ရောင်အနိစ္စနှင့်အဖြူရောင်အနိစ္စဖြစ်လေသည်။
“အဲဒါက တော်တော်ကို နီးစပ်ခဲ့တာပဲ”
အဖြူရောင်အနိစ္စက ပြုံးနေသေးသော်လည်း သူ၏ မျက်နှာက ထိတ်လန့်တကြားဖြစ်နေသည့်အလား ပို၍ပင်ဖြူဖျော့လာခဲ့၏။
အနက်ရောင်အနိစ္စက ပြောလိုက်၏။
“ဒီလူ့ကိုတားဖို့ ငါ တမလွန်ဘုံရဲ့ သေခြင်းရှင်ခြင်းတရားသူကြီးကို သတင်းပေးရမယ်”
“တမလွန်ဘုံမှာ စည်းမျဥ်းစည်းကမ်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေရှိတယ်... အပြင်ဘက်က ဘယ်သက်ရှိကမှ တမလွန်ဘုံမှာလာပြီးတော့ ထကြွသောင်းကျန်းရဲခဲ့တာမရှိဘူး”
ထိုစကားကိုကြားသောအခါ အဖြူရောင်အနိစ္စ၏ အမူအရာက ထူးဆန်းသောပုံစံမှာရှိလာပြီး သူက အသံနှိမ့်၍ပြောလိုက်၏။
“အဲလိုတော့ ပြောလို့မရလောက်ဘူး... အရင်တုန်းက ဟိုအမျိုးသမီးက...”
အဖြူရောင်အနိစ္စ၏ စကားကိုကြားသောအခါ အနက်ရောင်အနိစ္စက တစ်စုံတစ်ရာကို တွေးမိသွားပုံရ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ဆတ်ခနဲတုန်ယင်သွားပြီး ကြောက်ရွံ့နေဆဲဟန်ဖြင့် ပြောလိုက်၏။
“အဲဒီရူးသွပ်နေတဲ့မိန်းမက ရုတ်တရက်ပေါ်ထွက်လာပြီး တမလွန်ဘုံမှာသောင်းကျန်းခဲ့တယ်... တစ္ဆေဧကရာဇ်ငါးပါးထဲက ထက်ဝက်ကျော်ကတောင် သတ်ဖြတ်ခံခဲ့ရတယ်”
“အဲဒီအမျိုးသမီးနဲ့တိုက်ခိုက်ခဲ့တဲ့ တစ္ဆေဧကရာဇ်ငါးဦးထဲမှာ တစ်ဦးပဲအသက်ရှင်လျက်ကျန်ခဲ့တယ်လို့ဆိုကြတယ်”
“အဲဒါအခု... လောဖုန်တောင်ကိုအုပ်စိုးနေတဲ့ တစ္ဆေဧကရာဇ်ယန်ယွင်ပဲ... အဲဒီတိုက်ပွဲပြီးကတည်းက တစ္ဆေဧကရာဇ်ယန်ယွင်က တစ္ဆေဧကရာဇ်ငါးပါးကြားမှာ ရိုသေလေးစားခံလာရတယ်”
“အမှန်ပဲ”
“အဲဒီရူးနေတဲ့ မိန်းမလက်ထဲကနေ အသက်ရှင်နိုင်ခဲ့တယ်ဆိုတော့ သူက ဘယ်လောက်တောင်စွမ်းအားကြီးမားလိုက်လဲ”
အာကာသဥမင်ထဲမှာ သိုင်းတာအိုပင်မခန္ဓာသည် အစိမ်းရောင်ကြာပန်းဝိညာဥ်ကို ကာကွယ်ပေးရန် သူ၏ အသိစိတ်ကို ပို့လွှတ်ချင်လေသည်။
သို့သော်လည်း အစိမ်းရောင်ကြာပန်းဝိညာဥ်ပေါ်ရှိ ကောင်းကင်သင်္ချိုင်းသုတ္တန်၏ ဓမ္မတာအိုက တဖျတ်ဖျတ်လက်လာပြီး ခုခံဆန့်ကျင်နေ၏။ သိုင်းတာအိုပင်မခန္ဓာသည်ပင် အဲဒါကို သူ၏ အသိစိတ်ထဲသို့ မပို့ပေးနိုင်ပေ။
အခြေအနေက အလောတကြီးနိုင်နေပြီး သိုင်းတာအိုပင်မခန္ဓာသည် စဥ်းစားနေဖို့အချိန်မရဘဲ လောလောဆယ်မှာ အဲဒါကို လက်လျှော့လိုက်ရ၏။
“လမ်းခြောက်သွယ်ရဲ့ဝင်ပေါက်ဝက ဘယ်မှာလဲ”
သိုင်းတာအိုပင်မခန္ဓာကမေးလိုက်၏။
“တည်နေရာအတိအကျတော့ ကျုပ်လည်းမသိဘူး... ကျုပ်က တမလွန်ဘုံနဲ့ပတ်သက်တဲ့ကိစ္စတချို့ကို ကြားဖူးပေမဲ့ ကျုပ်လည်း ဒီနေရာကို ပထမဆုံးအကြိမ် ရောက်ဖူးတာပဲ”
လေဟာနယ်ယက္ခက ပြောလိုက်၏။
“ပုံမှန်အခြေအနေမှာဆို ဝိညာဥ်တွေကပဲ တမလွန်ဘုံကို ဝင်ရောက်နိုင်တယ်... ကျုပ်တို့လိုသက်ရှိတွေက တမလွန်ဘုံကို ဝင်ရောက်လာဖို့ မဖြစ်နိုင်ဘူး”
သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်လိုက်၏။
သူနှင့်လေဟာနယ်ယက္ခသည် တမလွန်ဘုံသို့ ဝင်ရောက်လာနိုင်သည်မှာ တမလွန်ဘုံနှင့်ငရဲဘုံကြား ငရဲအဝါရောင်စိမ့်စမ်းက စီးဆင်းနေသောကြောင့်ဖြစ်ပြီး လောကအဟန့်အတားက ထိုနေရာမှာ အတော်လေးအားနည်းနေ၏။
မဟုတ်ပါက တမလွန်ဘုံရတနာကြေးမုံနှင့်ပင်လျှင် သူသည် လောကအဟန့်အတားကိုချိုးဖျက်ပြီး တမလွန်ဘုံသို့ ဝင်ရောက်လာနိုင်လိမ့်မည် မဟုတ်ပေ။
တမလွန်ဘုံသို့ ဝင်ရောက်လာသော ဝိညာဥ်များသည် ငရဲအဝါရောင်စိမ့်စမ်းဖြင့် ဆေးကြောသန့်စင်ခံရပြီးနောက် သူတို့၏ ယခင်ဘဝမှတ်ဉာဏ်များကို ဆုံးရှုံးသွားရပေလိမ့်မည်။ သူတို့သည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်သို့ ဝင်ရောက်သွားပေမည်။
ထို့ကြောင့် တမလွန်ဘုံသည် သုံးဘုံလောကမှ သက်ရှိများအတွက် လျှို့ဝှက်ဆန်းကြယ်၍ ဘာမှန်းမသိသောနေရာတစ်ခု အမြဲတမ်းဖြစ်နေခဲ့၏။
သိုင်းတာအိုပင်မခန္ဓာသည် ခဏမျှစဥ်းစားတွေးတောပြီးနောက် ရုတ်တရက် သူ၏ သိုလှောင်အိတ်ထဲကနေ ရှေးဟောင်းကြေးမီးအိမ်တစ်လုံးကို ထုတ်ယူလိုက်၏။
“အဲဒါဘာလဲ”
လေဟာနယ်ယက္ခက ရှေးဟောင်းကြေးမီးအိမ်ကို စူးစမ်းလိုစိတ်ဖြင့်ကြည့်ပြီး အဲဒါကို လက်လှမ်းကာထိကြည့်ချင်၏။
“မင်းမသေချင်သေးဘူးဆိုရင် အဲဒါကိုမထိနဲ့”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
လေဟာနယ်ယက္ခက သူ၏ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး မကျေမနပ်ဖြင့် သူ၏ လက်ကို ရုပ်လိုက်လေသည်။
သိုင်းတာအိုပင်မခန္ဓာက သိုင်းစိတ်ဝိညာဥ်မီးကို ထုတ်လွှတ်ပြီး ဝိညာဥ်မီးအိမ်ကို ထွန်းညှိလိုက်၏။
ဝိညာဥ်မီးအိမ်က တောက်လောင်လာပြီး ရွှေရောင်ရောင်လျှံစက်ဝန်းတစ်ခု ထွက်ပေါ်လာ၏။
ရွှေရောင်မီးတောက်က ညင်သာစွာ ကခုန်နေပြီးနောက် တစ်ခုသောအရပ်တစ်ဘက်သို့ တိမ်းညွှတ်သွားလေသည်။
“အဲဒီဘက်ပဲ”
သိုင်းတာအိုပင်မခန္ဓာက မီးတောက်ညွှန်ပြရာဘက်သို့ လက်ညှိုးထိုးပြလိုက်၏။
ဝိညာဥ်မီးအိမ်သည် ဝိညာဥ်များကို စုပ်ယူသန့်စင်ပြီး လောင်စာဆီအဖြစ် ပြောင်းလဲပစ်နိုင်လေသည်။
ဝိညာဥ်မီးအိမ်ညွှန်ပြရာအရပ်သည် ဝိညာဥ်စွမ်းအားအသန်မာဆုံးရှိရာနေရာ ဖြစ်လောက်လေသည်။
ထိုအချိန်မှာပင် အာကာသဥမင်ထဲကနေ ပြင်းထန်ကြမ်းတမ်းသော တုန်ခါမှုတစ်ခု ထွက်ပေါ်လာပြီး သိပ်သည်းပြင်းထန်၍ကြောက်စရာကောင်းသော ဖိအားတစ်ရပ်က လွှမ်းခြုံကျဆင်းလာ၏။
သူတို့သုံးယောက်သည် အာကာသဥမင်ထဲမှာ သွားလာနေစဥ်မှာတောင် ရှာဖွေဖော်ထုတ်ခံလိုက်ရသည့်အချက်သည် ထိုလူက ဘယ်လောက်တောင်စွမ်းအားကြီးမားသလဲပြပေးနေ၏။
ထို့နောက် ချက်ချင်းပင် အလွန်တရာထက်ရှသော အနားစောင်းတစ်ခုက အာကာသဥမင်ကိုဆုတ်ဖြဲပြီး အဲဒါကို နှစ်ပိုင်းလှီးဖြတ်ချလိုက်၏။
အဲဒါသည် သိုင်းတာအိုပင်မခန္ဓာနှင့် အခြားနှစ်ယောက်၏ လမ်းကြောင်းကို ဖြတ်တောက်လိုက်လေသည်။
“ငါက သေခြင်းရှင်ခြင်းတရားသူကြီး စွေ့...”
အသံတစ်သံက ထွက်ပေါ်လာ၏။
သူ့စကားမဆုံးသေးခင်မှာပင် သိုင်းတာအိုပင်မခန္ဓာက ဝိညာဥ်မီးအိမ်၏ ရွှေရောင်မီးတောက်ကို ညင်သာစွာခတ်ထုတ်ပြီး အာကာသဥမင်၏ အက်ကွဲကြောင်းထဲကနေတစ်ဆင့် မီးပွားတစ်ခုကို စင်ထွက်သွားစေ၏။
“အား...”
သွေးပျက်ချောက်ချားဖွယ်ရာအော်ဟစ်သံက အပြင်ဘက်ကနေထွက်ပေါ်လာ၏။
ချက်ချင်းပင် ကြောက်စရာကောင်းသော စွမ်းပကာားက တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားလေသည်။
“စွေ့လား...”
လေဟာနယ်ယက္ခက သွားဖြီးပြလိုက်၏။
“အဲဒါ သေခြင်းရှင်ခြင်းတရားသူကြီးလေးဦးထဲက တစ်ဦး အရှင်စွေ့ဖြစ်ရမယ်... တရားသူကြီးလေးဦးစလုံးက ရက်စက်ကြမ်းတမ်းတဲ့ပုဂ္ဂိုလ်တွေပဲ”
သိုင်းတာအိုပင်မခန္ဓာသည် အရေးမပါသောတစ်စုံတစ်ရာကို ပြုလုပ်ခဲ့သည့်အလား သူ၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။
ဤတစ်ခေါက်မှာ ဝိညာဥ်မီးအိမ်ကို လေဟာနယ်ယက္ခကြည့်ရှုပုံက ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
မီးပွားတစ်ခုမျှကပင် တမလွန်ဘုံ၏ တရားသူကြီးလေးဦးထဲမှတစ်ဦးကို ဒဏ်ရာအပြင်းအထန်ရရှိစေခဲ့လေသည်။
ဤရှေးဟောင်းကြေးမီးအိမ်၏ နောက်ခံက ဘာဖြစ်မလဲ။
လေဟာနယ်ယက္ခ၏ မျက်လုံးက စိတ်လှုပ်ရှားမှုဖြင့် တဖျတ်ဖျတ်လက်လာပြီး ခပ်တိုးတိုးပြောလိုက်၏။
“ဒီရတနာနဲ့ဆို ငါတို့တွေက တမလွန်ဘုံအရှင်ကို မဆွဲဆောင်မိသရွေ့ ငါတို့တွေက တမလွန်ဘုံမှာ လုပ်ချင်ရာလုပ်လို့ရပြီ”
သိုင်းတာအိုပင်မခန္ဓာက နှုတ်ဆိတ်နေ၏။
ဝိညာဥ်မီးအိမ်သည် တမလွန်ဘုံမှာသူ၏ အကြီးမားဆုံး မှီခိုအားထားရာဖြစ်သည်။ သို့သော်လည်း တမလွန်ဘုံသည် လျှို့ဝှက်ဆန်းကြယ်ပြီး သူ့အတွက် ဘာမှန်းမသိရသောအရာများဖြင့် ပြည့်နှက်နေ၏။
ဝိညာဥ်မီးအိမ်သည် မည်သို့ပင်ဆိုစေ ပြင်ပပစ္စည်းတစ်ခုသာဖြစ်သည်။ သူ၏ ကျင့်ကြံမှုနယ်ပယ်က အင်မော်တယ်ဘုရင်တစ်ပါးနှင့်သာတူညီပြီး သူသည် တစ္ဆေဧကရာဇ်ကဲ့သို့ ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရသည့်အခါ ဝိညာဥ်မီးအိမ်က ဘာ်လောက်ထိအထောက်အကူပေးနိုင်မလဲ မသိရပေ။
ဒါ့အပြင် ဤဝိညာဥ်မီးအိမ်သည် တမလွန်ဘုံနှင့်ပတ်သက်ဆက်စပ်နေသည်ဟု သိုင်းတာအိုပင်မခန္ဓာက ခံစားနေရ၏။
ပေါဓူတောင်...။
ဤတောင်သည် တစ္ဆေတောင်ငါးလုံးထဲမှ တစ်လုံးဖြစ်ပြီး တမလွန်ဘုံ၏ အလယ်မှာ တည်ရှိလေသည်။
ရုတ်တရက်ဆိုသလို...။
ပေါဓူတောင်၏ အထက်ကောင်းကင်မှာ ကြီးမားသော လေဟာနယ်အက်ကွဲကြောင်းတစ်ခုက ပွင့်ထွက်သွားပြီး ပုံရိပ်သုံးခုက ပေါ်ထွက်ကာ ဖြည်းဖြည်းချင်းဆင်းသက်လာနေ၏။
“ငါဘယ်ကို ရောက်လာတာပါလိမ့်”
သိုင်းတာအိုပင်မခန္ဓာက လှည့်ပတ်ကြည့်ရှုပြီး ဘေးပတ်ဝန်းကျင်က မကောင်းဆိုးဝါးဆန်နေသည်ကို တွေ့မြင်လိုက်ရ၏။
အဲဒီမှာသစ်ပင်များနှင့် ဒေသပေါက်ပင်များစွာရှိနေသော်လည်း သူတို့က မကောင်းဆိုးဝါးဆန်သောအော်ရာကို ဖုံးကွယ်မပေးနိုင်ပေ။
“ဒါက... တစ္ဆေတောင်ငါးလုံးထဲက တစ်လုံးဖြစ်ရမယ်”
လေဟာနယ်ယက္ခက အောက်ဘက်သို့ လက်ညှိုးထိုးပြီး ပြောလိုက်၏။
“ကြည့်စမ်း... ရှေ့တည့်တည့်မှာ လမ်းခြောက်သွယ်ရဲ့ဝင်ပေါက်ဝရှိနေတယ်”
ထိုအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာနှင့် အစိမ်းရောင်ကြာပန်းဝိညာဥ်သည် သူတို့၏ ခေါင်းများကို တစ်ချိန်တည်းမှာ ငုံ့ကြည့်လိုက်ကြ၏။ သူတို့သည် အလွန်တရာတုန်လှုပ်စရာကောင်းသောမြင်ကွင်းကို တွေ့မြင်သောအခါ နေရာမှာပင် မှင်တက်သွားကြလေသည်။
သူတို့သုံးယောက်၏ အောက်ဘက်မှာ ဧရာမဝဲကတော့ချောက်နက်တစ်ခုက ပေါ်ထွက်လာ၏။ တိမ်စိုင်များက တလိပ်လိပ်ထိုးတက်၍ အဘက်ဘက်သို့ အဆက်မပြတ်ပျံ့နှံ့သွား၏။
ဧရာမဝဲကတော့တွင်... ကွဲပြားသောနယ်မြေဒေသခြောက်ခုရှိနေပြီး ထူးဆန်းသောမှော်စာလုံးများဖြင့် ပြည့်နှက်နေ၏။
ထိုမှော်စာလုံးများသည် ယင်ယန်အဆောင်သုတ္တန်နှင့် စိမ့်စမ်းကိုးခုငရဲသုတ္တန်မှာရေးသားထားသော ဘာသာစကားနှင့် အရင်းအမြစ်တူညီလေသည်။