တစ္ဆေဧကရာဇ်ယန်ယွင်
Vol. 182 Ch. 2725
ထိုစဥ်မှာပင် ခံညားသောအမူအရာနှင့် ရွှေရောင်လှံပုဆိန်တစ်လက်ကို ကိုင်ဆွဲထားသည့် ရောင်စုံချပ်ဝတ်တန်ဆာဝတ်လူတစ်ယောက်က ပေါဓူတောင်၏ အရှေ့ဘက်အရပ်ကနေ လျှောက်လှမ်းလာ၏။
ထိုလူချဥ်းကပ်လာစဥ် ဧရာမစိတ်ဝိညာဥ်အသိစိတ်စွမ်းပကားတစ်ခုက တလိပ်လိပ်ထိုးတက်လာ၏။ အဲဒါသည် တစ္ဆေဧကရာဇ်ကျိုးချီထက် လုံးဝမနိမ့်ကျပေ။
အရှေ့ဘက်အရပ်ရှိ ထောင်ကျစ်တောင်မှ တစ္ဆေဧကရာဇ်ယွီလေ။
အခြားတစ်ဘက်မှာ စာပေသမားတစ်ယောက်ပုံစံရှိသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က စိတ်ဝိညာဥ်တောကောင်တစ်ကောင်ကို စီးနင်းကာ ဖြည်းဖြည်းချင်းလာနေ၏။ သူ၏ အကြည့်က ထက်မြတ်ပြီး သူက သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲရှိ ရှေးဟောင်းကြေးမီးအိမ်ကို အတွေးနက်စွာဖြင့် စိုက်ကြည့်နေ၏။
အနောက်ဘက်အရပ်ရှိ ပိုကျုံးတောင်မှ တစ္ဆေဧကရာဇ်ဝမ်ဟဲ...။
တစ်ချိန်တည်းမှာပင် တတိယမြောက်လူက ပေါ်ထွက်လာ၏။ သူသည် တည်တံသောအမူအရာနှင့် လင်းယုန်တစ်ကောင်၏ ပြင်းထန်ထက်ရှသောအကြည့်မျိုးရှိသည့် ပညာရှင်တစ်ဦးဖြစ်လေသည်။
တောင်ဘက်အရပ်ရှိ လောဖူတောင်မှ တစ္ဆေဧကရာဇ်ကျိရန်။
နောက်ဆုံးလူက မြောက်ဘက်အရပ်ကနေပေါ်ထွက်လာ၏။
ထိုလူ၏ ဆံပင်နှင့် အဝတ်အစားများက ဖိုသီဖတ်သီဖြစ်နေ၏။ သူက သူ့လက်ထဲရှိ ဝိုင်ဘူးတောင်းနှင့်အတူ တုန်တုန်ရီရီလျှောက်လှမ်းလာပြီး ငေးငိုင်နေသောအကြည့်နှင့်အတူ မကြာမကြာ ဝိုင်ဘူးတောင်းကို မော့သောက်နေ၏။
လက်ရှိတစ္ဆေဧကရာဇ်များသည် ဤလူပေါ်ထွက်လာသည်ကို တွေ့မြင်သောအခါ သူတို့က တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ ထိုလူ၏ သရုပ်သကန်ကို တိတ်တဆိတ်အသိအမှတ်ပြုလိုက်၏။
ထိုအချက်ကြောင့်မဟုတ်လျှင် ဤလူကို မြောက်ပိုင်းတစ္ဆေဧကရာဇ်နှင့် ဆက်စပ်မိလိမ့်မည်မဟုတ်ပေ။
မြောက်ဘက်အရပ်မှ လောဖုန်တောင်၏ တစ္ဆေဧကရာဇ်ယန်ယွင်။
လေဟာနယ်ယက္ခက တိတ်တဆိတ်ထိတ်လန့်သွား၏။
ရုတ်ရုတ်သဲသဲအခြေအနေက အရမ်းကိုကြီးမားပြီး တစ္ဆေဧကရာဇ်ငါးဦးစလုံးက ပေါ်ထွက်လာကြပြီဖြစ်သည်။
တမလွန်ဘုံသည် ငရဲကမ္ဘာနှင့်မတူပေ။
ငရဲကမ္ဘာသည် ကြေမွနေပြီး ဓမ္မအဆုံးသတ်ခေတ်သို့ ဝင်ရောက်ကာ ဧကရာဇ်ပညာရှင်များ မွေးဖွားပေါ်ထွက်လာခြင်း မရှိတော့ပေ။
သို့သော်လည်း တမလွန်ဘုံကို တစ္ဆေဧကရာဇ်များက အမြဲတမ်းထိန်းသိမ်းစောင့်ရှောက်ပေးနေ၏။
ဤတစ္ဆေဧကရာဇ်ငါးဦးသည် တမလွန်ဘုံရှိ တစ္ဆေဧကရာဇ်များကြားမှာ အသန်မာဆုံးသူများဖြစ်ကြလေသည်။
တစ္ဆေဧကရာဇ်လေးဦးဆင်းသက်လာပြီးနောက် သူတို့လေးယောက်၏ အကြည့်များက သိုင်းတာအိုပင်မခန္ဓာ၏ ဝိညာဥ်မီးအိမ်ပေါ်သို့ ဆင်းသက်ရောက်ရှိသွားကြ၏။ ပထမဆုံး သူတို့၏ မျက်လုံးထဲတွင် အံ့အားသင့်မှုနှင့် တုန်လှုပ်မှုအရိပ်အယောင်တစ်ခုရှိနေ၏။
သို့သော်လည်း သိပ်မကြာခင် သိပ်မကြာခင် တစ္ဆေဧကရာဇ်လေးဦး၏ မျက်နှာများပေါ်တွင် ရမ္မက်လောဘက တဖျတ်ဖျတ်ပေါ်ထွက်လာ၏။
မြောက်ဘက်အရပ်မှ တစ္ဆေဧကရာဇ်ယန်ယွင်ကသာလျှင် ဝိညာဥ်မီးအိမ်ကို သာမန်ကာလျှံကာ တစ်ချက်ကြည့်ပြီးနောက် သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်၏။ သူက ဘေးတစ်ဘက်မှာ မတ်တတ်ရပ်ပြီး ဆက်လက်၍သောက်နေလေသည်။
ဝိညာဥ်မီးအိမ်သည် သူ့လက်ထဲရှိ ဝိုင်ဘူးတောင်းလောက် အရေးမပါသည့်အလားပင်။
“အဲဒါ ဝိညာဥ်မီးအိမ်ပဲ”
တစ္ဆေဧကရာဇ်ကျိရန်၏ မျက်လုံးက ထူးဆန်းစွာတောက်ပလာပြီး သူက အေးစက်စွာပြောလိုက်၏။
တစ္ဆေဧကရာဇ်ဝမ်ဟဲကလည်း အံ့အားသင့်သွားပုံရသည်။
“ငါသိထားသလောက်ဆိုရင် ဒီဝိညာဥ်မီးအိမ်က တမလွန်ဘုံအရှင်ရဲ့အပိုင်ဖြစ်သင့်တာ... အဲဒါက ဒီလူ့ရဲ့လက်ထဲကို ဘယ်လိုရောက်သွားတာလဲ”
တစ္ဆေဧကရာဇ်ကျိုးချီက မျက်ခုံးအနည်းငယ်ပင့်ကာ ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ်... ငါတို့တွေက ဒီဝိညာဥ်မီးအိမ်ကို အရင်ဆုံးပြန်ယူရမယ်... တမလွန်ဘုံအရှင်ရဲ့ ဧကရာဇ်လက်နက်က အပြင်လူရဲ့လက်ထဲမှာ ဘာလို့ရှိနေရမှာလဲ”
“ဒါပေါ့”
တစ္ဆေဧကရာဇ်ယွီလေကလည်း ပြောလိုက်သည်။
တစ္ဆေဧကရာဇ်လေးဦးက ထိုသို့ပြောလိုက်ပြီးနောက် သူတို့က ဘေးတစ်ဘက်မှာရှိသော တစ္ဆေဧကရာဇ်ယန်ယွင်ကို လှမ်းကြည့်လိုက်ကြ၏။
ထိုသူက ဝိုင်ကိုသောက်နေဆဲဖြစ်ပြီး ဤကိစ္စကို စိတ်ဝင်စားသည့်ပုံမရှိပေ။
တစ္ဆေဧကရာဇ်လေးဦးက တိုက်ခိုက်တော့မည်ကိုကြည့်ပြီး လေဟာနယ်ယက္ခက အလောတကြီး အော်ပြောလိုက်၏။
“တစ္ဆေဧကရာဇ်တို့... ဒါက နားလည်မှုလွဲနေတာပါ”
“သူက ငရဲကမ္ဘာရဲ့ ငရဲအရှင်အသစ်ပဲ... ကျုပ်တို့တွေက တမလွန်ဘုံကို ဒီတိုင်းပဲဖြတ်သွားရုံပဲ ကျုပ်တို့မှာ ရန်လိုစိတ်မရှိဘူး”
တစ္ဆေဧကရာဇ်ကျိုးချီက လှောင်ရယ်လိုက်၏။
“ငရဲအရှင်တဲ့လား”
တခြားသောတစ္ဆေဧကရာဇ်များကလည်း အဲဒါကို မယုံကြည်သည်မှာ သိသာလေသည်။
တစ္ဆေဧကရာဇ်ကျိရန်က လှောင်ပြုံး ပြုံးလိုက်၏။
“မင်းက တခြားသူတွေကိုလိမ်ရင် အဆင်ပြေလိမ့်မယ်... ဒါပေမဲ့ မင်းက ငါတို့ရဲ့ရှေ့မှာ ဖြီးလုံးလှန့်လုံး လာထုတ်ချင်နေတာလား”
“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက လူသားတစ်ယောက်က ငရဲအရှင်ဖြစ်တယ်လို့ မင်းကငါ့ကို လာပြောနေတာလား”
“ဒါက...”
လေဟာနယ်ယက္ခက ပြောစရာစကားမဲ့သွားရ၏။
“တိုက်ကြ”
တစ္ဆေဧကရာဇ်ကျိုးချီက အမိန့်ပေးလိုက်၏။
တစ္ဆေဧကရာဇ်လေးဦးက တစ်ယောက်ပြီးတစ်ယောက်တိုက်ခိုက်လာပြီး သိုင်းတာအိုပင်မခန္ဓာထံ သိပ်သည်းပြင်းထန်သော ဝိညာဥ်စွမ်းအားများကို ထုတ်လွှတ်လိုက်ကြ၏။
သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ ဝိညာဥ်မီးအိမ်ကို ကိုင်မြှောက်ကာ ညင်သာစွာ လေဖြင့်မှုတ်လိုက်၏။
မီးအိမ်ထဲရှိ လောင်စာဆီက ရွှေရောင်မီးပွားများနှင့်အတူ ရုတ်တရက် တစ္ဆေဧကရာဇ်လေးဦးရှိရာသို့ ဖိတ်စင်ပြန့်ကျဲသွား၏။
တစ္ဆေဧကရာဇ်လေးဦးသည် ဝိညာဥ်မီးအိမ်၏ စွမ်းအားကို သိသိသာသာ စိုးရိမ်ပူပန်နေပြီး တစ်ယောက်ပြီးတစ်ယောက် ရှောင်တိမ်းလိုက်ကြ၏။
သူတို့၏ ဝိညာဥ်စွမ်းအားသည် ဝိညာဥ်မီးအိမ်၏ ရောင်လျှံစက်ဝန်းကို မချိုးဖျက်နိုင်ကြပေ။
သူတို့က ရွှေရောင်ရောင်လျှံစက်ဝန်း၏ ဧရိယာထဲဝင်ရောက်လာသည့်ခဏမှာပင် သူတို့က ဘာမှမကျန်အောင် ပြောင်းလဲသွားပြီး ဝိညာဥ်မီးအိမ်ဖြင့် သန့်စင်စုပ်ယူခြင်း ခံလိုက်ရ၏။
တစ္ဆေဧကရာဇ်လေးဦးက အကြည့်ချင်းဖလှယ်ပြီး သူတို့၏ ကိုယ်ပိုင်တမလွန်လောကများ အသီးသီးကို ထုတ်ဖော်လိုက်ကြ၏။
တစ္ဆေအော်ရာများက ထိုလောကများမှာ ပြည့်နှက်နေပြီး ပုံရိပ်ယောင်များက တဖျတ်ဖျတ်လက်ကာ သူတို့သည် သိုင်းတာအိုပင်မခန္ဓာကို နောက်တစ်ဖန်ဖိနှိမ်လိုက်ကြ၏။
ဤသည်က ဧကရာဇ်နယ်ပယ်၏ စွမ်းအား ဖြစ်သည်။
သူ့မှာ ဝိညာဥ်မီးအိမ်မရှိလျှင် သိုင်းတာအိုပင်မခန္ဓာသည် တစ္ဆေဧကရာဇ်လေးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို မပြောနှင့် မည်သည့်တစ္ဆေဧကရာဇ်၏ တိုက်ခိုက်မှုကိုမှ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
ယခုအချိန်မှာ ကိုယ်ပိုင်တမလွန်လောကလေးခု၏ ဖိနှိမ်မှုအောက်မှာ ဝိညာဥ်မီးအိမ်၏ မီးတောက်များက တဖျတ်ဖျတ်ဖြစ်လာပြီး အချိန်မရွေးငြိမ်းသေသွားနိုင်၏။
ဝိညာဥ်မီးအိမ်ငြိမ်းသေသွားသည်နှင့် သိုင်းတာအိုပင်မခန္ဓာက သူ၏ နောက်ဆုံးမှီခိုအားထားရာကို ဆုံးရှုံးရပေမည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ဝိညာဥ်မီးအိမ်သည် ဘေးပတ်ဝန်းကျင်ဖိအားကို အာရုံခံမိသွားပုံရပြီး တစ်စုံတစ်ရာဖြင့် နှိုးဆွခံလိုက်ရသည့်ပုံပင်။ ၎င်းက ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာ၏ လက်ကနေလွတ်ထွက်ပြီး လေထဲမှာလွင့်မျောလာသည်။
မီးအိမ်ပေါ်မှာ 'ဝိညာဥ်' ဟူသော စာလုံးက ဝင်းလက်တောက်ပလာပြီး မီးအိမ်၏ မီးတောက်များကို ပိုမိုအားကောင်းလာစေကာ ဖြန့်ကြက်လာသော ရွှေရောင်စက်ဝန်းက ပို၍ပင်သန်မာအားကောင်းလာခဲ့၏။
ဝိညာဥ်မီးအိမ်၏ စိတ်ဝိညာဥ်အသိစိတ်က နိုးထလာပြီး တန်ပြန်တိုက်ခိုက်လာခဲ့လေသည်။
တစ္ဆေဧကရာဇ်လေးဦး၏ အမူအရာများက ပြောင်းလဲသွားပြီး သူတို့၏ တမလွန်လောကများက ဝိညာဥ်မီးအိမ်၏ ရွှေရောင်ရောင်လျှံစက်ဝန်း၏ ရိုက်ခတ်မှုအောက်မှာ စတင်ယိမ်းထိုးလာခဲ့၏။
တကယ်တော့... သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုနယ်ပယ်က အကန့်အသတ်ရှိလေသည်။
သူ၏ သိုင်းစိတ်ဝိညာဥ်မီးအရ ဝိညာဥ်မီးအိမ်ကို ထွန်းညှိခြင်းသည် သူ့အနေဖြင့် တစ္ဆေဧကရာဇ်လေးဦးကို ဆန့်ကျင်တိုက်ခိုက်ဖို့ မလုံလောက်ပေ။ သို့သော်လည်း ဝိညာဥ်မီးအိမ်သည် တမလွန်ဘုံမှ တစ္ဆေများနှင့် ဝိညာဥ်များအပေါ် ကြီးမားစွာ ချုပ်ထိန်းနိုင်သည့် သက်ရောက်မှုတစ်ခုရှိလေသည်။ ထို့ကြောင့်ပင် လက်ရှိအခြေအနေက ပေါ်ထွက်လာခြင်းပင်။
သိုင်းတာအိုပင်မခန္ဓာနှင့် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် စိတ်ချင်းဆက်နေကြ၏။
သူသည် ထပ်မံ၍ အနည်းငယ်တောင့်ခံထားသည်နှင့် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ အဓိကအချက်ကို နားလည်ဆင်ခြင်ပြီးနောက် သူ၏ ဈာန်ဝင်စားရာကနေ နိုးထလာပေလိမ့်မည်။
ထိုစဥ်မှာပင် တစ္ဆေဧကရာဇ်ကျိုးချီက ဘေးတစ်ဘက်မှာ အရက်သောက်နေဆဲဖြစ်သော တစ္ဆေဧကရာဇ်ယန်ယွင်ကိုကြည့်ကာ လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ယန်ယွင်... ဒီလိုအခြေအနေမှာ မင်းဘာလို့ဒီလိုပုံစံနဲ့ ရပ်ကြည့်နေတာလဲ”
“ဒီလူက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကနေလာတာပဲ... သူ့ကို တမလွန်ဘုံမှာ ဒီလိုမျိုး မောက်မာခွင့်ပေးထားစရာ အကြောင်းမရှိဘူး”
တစ္ဆေဧကရာဇ်ယန်ယွင်က သက်ပြင်းချလိုက်၏။
“မင်းတို့လေးယောက်က တမလွန်ဘုံအရှင်ရဲ့ ဧကရာဇ်လက်နက်စွမ်းအားကို မဖိနှိမ်နိုင်ဘူးဆိုရင် ငါပါတော့ရော ဘာလုပ်နိုင်မှာလဲ”
တစ္ဆေဧကရာဇ်ဝမ်ဟဲက ပြောလိုက်သည်။
“ညီကိုယန်ယွင်... ငါတို့အားလုံး မင်းရဲ့နည်းလမ်းတွေကို သိထားတယ်... မင်းက ငါတို့ကို ကူညီပေးဖို့မျှော်လင့်တယ်”
တစ္ဆေဧကရာဇ်ယန်ယွင်က ခဏမျှတိတ်ဆိတ်ငြိမ်သက်ပြီးနောက် သူ၏ ခေါင်းကို နောက်ဆုံးမှာမော့လိုက်၏။
သူက တစ္ဆေဧကရာဇ်လေးဦး ဝန်းရံခံထားရသည့် သိုင်းတာအိုပင်မခန္ဓာကိုကြည့်ပြီး သနားဂရုဏာသက်စွာဖြင့် ပြောလိုက်၏။
“တမလွန်ဘုံက တကယ့်ကို နေရာကောင်းတစ်ခုမဟုတ်ဘူး... မင်းဒီကို မလာခဲ့သင့်ဘူး”
တစ္ဆေဧကရာဇ်ယန်ယွင်က သူ၏ ခေါင်းကို ညင်သာစွာခါပြီး ဝိုင်ပြင်းတစ်ကျိုက်ကို မော့လိုက်၏။ သူက ပါးစပ်အပြည့်ဝိုင်ပြင်းများကို သိုင်းတာအိုပင်မခန္ဓာရှိရာဘက်သို့ ထွေးထုတ်လိုက်လေသည်။
ဝိုင်မြူခိုးများက သန်မာအားကောင်းသော ဝိုင်နံ့ကိုထုတ်ပေးပြီး အဲဒီမှာ မနှိုင်းယှဥ်သာအောင် အင်အားကြီးမားသော စွမ်းအားတစ်ခုပါဝင်နေကာ ဝိညာဥ်မီးအိမ်၏ မီးတောက်များကို လွှမ်းခြုံလာခဲ့သည်။
မြူခိုးများ၏ လွှမ်းခြုံမှုအောက်မှာ ဝိညာဥ်မီးအိမ်သည် အဲဒါကို ခုခံနိုင်ပုံမရဘဲ မီးတောက်များက အဆက်မပြတ်စတင်ကျုံ့ဝင်ပြီး ရွှေရောင်ရော်လျှံစက်ဝန်းကလည်း ကျဥ်းမြောင်းလာခဲ့၏။
တစ္ဆေဧကရာဇ်လေးဦး၏ မျက်လုံးများက ဝင်းလက်သွားပြီး သူတို့က ရှေ့သို့အလောတကြီးတက်လှမ်းကာ သိုင်းတာအိုပင်မခန္ဓာထံ ရသလောက်ချဥ်းကပ်လာကြ၏။
သိုင်းတာအိုပင်မခန္ဓာက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းပြီး မလှမ်းမကမ်းတွင်ရှိသော တစ္ဆေဧကရာဇ်ယန်ယွင်ကိုကြည့်လိုက်သည်။
တစ္ဆေဧကရာဇ်ငါးဦးကြားမှာ ဤလူသည် အသန်မာဆုံးကျင့်ကြံမှုရှိပြီး ထူခြားအံမခန်းဖြစ်ပုံရလေသည်။
သူသည် လက်ရှိအကျပ်အတည်းကနေ လွတ်မြောက်ရန် ဤလူကို အရင်ဆုံးရှင်းထုတ်ပစ်ရပေမည်။
တစ်ခဏချင်းမှာပင် သိုင်းတာအိုပင်မခန္ဓာ၏ ခြေဖဝါးက လေဟာနယ်ကို ဆောင့်နင်းပြီး သူက မနှိုင်းယှဥ်သာအောင် လွှမ်းမိုးခြယ်လှယ်နိုင်သည့်စွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။ သူက ရှေ့သို့တက်လှမ်းပြီး လေထဲမှာထယ်ထိုးလိုက်သည့်အလား လေဟာနယ်ကို ကြေမွသွားစေ၏။
ထိုခြေလှမ်းတစ်လှမ်းနှင့်အတူ သိုင်းတာအိုပင်မခန္ဓာသည် တစ္ဆေဧကရာဇ်ယန်ယွင်၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
သူက ဧကရာဇ်ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်နေရသော်လည်း ကောင်းကင်လိုဏ်ဂူနယ်ပါ်မှာသာရှိသော သိုင်းတာအိုပင်မခန္ဓာသည် သိပ်သည်းပြင်းထန်သောအော်ရာကို ထုတ်ဖော်ထားဆဲဖြစ်ပြီး သူက တစ္ဆေဧကရာဇ်ကို သူ၏ ခြေဖဝါးအောက်မှာ နင်းချေပစ်ချင်နေ၏။
သိုင်းတာအိုပင်မခန္ဓာက ဝိညာဥ်မီးအိမ်ကို ကိုင်မြှောက်ပြီး တစ္ဆေဧကရာဇ်ယန်ယွင်ရှိရာသို့ အဲဒါကို လောင်ကျွမ်းစေလိုက်သည်။