ပြန်လည်ရှင်သန်ခြင်း
Vol. 182 Ch. 2727
မှောင်မည်း၍ အေးစက်နေသော ကြယ်တာရာကောင်းကင်ထဲမှာ ဧကရာဇ်ဂူသချိုင်းတစ်ခုက လွင့်မျောနေ၏။
ဂူသချိုင်းနှင့်ယှဉ်လျှင် ရှေးဟောင်းကြယ်တချို့ကပင် အရမ်းကို သေးငယ်နေသည်ဟု ထင်ရသည်။
ဧကရာဇ်ဂူသချိုင်းထဲမှာ…
ရှေးကျသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် သူတော်စင်လို သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က သူ့ခြေရင်းမှာ အေးစက်နေပြီဖြစ်သော အလောင်းတစ်လောင်းနှင့်အတူ ဧကရာဇ်ဂူသချိုင်းထဲမှာ မတ်တတ်ရပ်နေ၏။
အလောင်းက အစိမ်းရောင်ဝတ်ရုံကို ဝတ်ထားပြီး သူ့မှာ ကြော့ရှင်းသန့်ပြန့်သော သွင်ပြင်များနှင့်အတူ ငယ်ရွယ်သည့်ပုံရှိလေသည်။
သို့သော်လည်း ကျိန်စာ၏ စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားခဲ့ပြီဖြစ်သည်။ သူ၏ အမြုတေစိတ်ဝိညာဉ်က သူ၏ အသိစိတ်ထဲမှာ ကြေမွသွားပြီးတာတောင် ၎င်းသည် ကျိန်စာဖြင့် ရစ်ပတ်ခံထားရဆဲဖြစ်ပြီး သူ့မှာ ရှင်သန်ဖို့အတွက် မည်သည့်အခွင့်အရေးမှ မကျန်တော့ပေ။
“တကယ့်သနားစရာပဲ”
သက်လတ်ပိုင်းအရွယ်အမျိုးသားက သူ၏ ခေါင်းကိုငုံ့ပြီး သူ့ခြေရင်းမှာရှိသော အလောင်းကို ကြည့်လိုက်၏။ သူက ခေါင်းကို ညင်သာစွာခါပြီး တီးတိုးရေရွတ်လိုက်၏။
“အဆင့် ၁၂ ဖန်ဆင်းခြင်းကြာပဒုမ္မာခန္ဓာကတောင် ကျိန်စာနှစ်ခုရဲ့ ဝါးမြိုစွမ်းအားကို မခုခံနိုင်ဘူးပဲ”
အတန်ကြာပြီးနောက် သက်လတ်ပိုင်းအရွယ် အမျိုးသားက ပြောလိုက်၏။
“ထားလိုက်ပါတော့လေ… ဒီနေရာမှာ ဧကရာဇ်တစ်ပါးနဲ့ ကောင်းကင်လိုဏ်ဂူနယ်ပယ် ကျင့်ကြံသူများစွာက မင်းကို အဖော်ပြုပြီး သေပေးထားမှတော့ မင်းကို ဒီနေရာမှာ မြှုပ်နှံခံရတာ မင်းရဲ့မျိုးဆက်သွေးကို ဂုဏ်မငယ်စေတော့ဘူး”
ထိုသို့ပြောရင်း သက်လတ်ပိုင်းအရွယ်အမျိုးသားက သူ၏ ဝတ်ရုံစကို ဝေ့ယမ်းပြီး သူ့ဘေးရှိ မာကြောသောမြေပြင်မှာ လူပုံသဏ္ဌာန်တွင်းချိုင့်တစ်ခုကို တူးဖော်ထုတ်ကာ သူ့ဘေးမှာရှိသော အလောင်းကို တွင်းထဲသို့ ပစ်ထည့်လိုက်၏။
ထိုစဉ်မှာပင် အလောင်းထံကနေ ဓမ္မတာအိုအလင်းတစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး ဧကရာဇ်ဂူသချိုင်းတစ်ခုလုံးနှင့် တဖြည်းဖြည်းပဲ့တင်ထပ်ကာ တစ်သားတည်းကျ ပေါင်းစည်းလာခဲ့၏။
“အမ်…”
သက်လတ်ပိုင်းအရွယ် အမျိုးသားက ထူးဆန်းသောအမူအရာဖြင့် အံ့အားတသင့်ရေရွတ်ပြီး တီးတိုးပြောဆိုလိုက်၏။
“သူက ကောင်းကင်သင်္ချိုင်းသုတ္တန်ကို တကယ်ကျင့်ကြံထားတာပဲ”
သူ့စကားမဆုံးသေးခင်မှာပင် အလောင်းပေါ်ရှိ ဓမ္မတာအိုက အလုပ်လုပ်လာခဲ့၏။ အလောင်းသည် ဧရာမဝဲကတော့တစ်ခုကဲ့သို့ ဧကရာဇ်ဂူသချိုင်းထဲမှ စွမ်းအားတချို့ကို ရူးသွပ်စွာ စတင်စုပ်ယူနေ၏။
အစက အသက်ဓာတ်ကင်းမဲ့နေသော အလောင်းမှာ အသက်ဓာတ်တစ်စွန်းတစ်စက ပေါ်ထွက်လာလေသည်။
အချိန်ကြာလာသည်နှင့်အမျှ အလောင်းထဲရှိ အသက်ဓာတ်အားက ပို၍သိသာရှင်းလင်း၍ ပို၍သန်မာလာပြီး အလောင်းက ပြန်လည်ရှင်သန်လာတော့မည့် လက္ခဏာများ ပြသနေသည့်အလားပင်။
သက်လတ်ပိုင်းအရွယ်အမျိုးသားက ထိုဖြစ်စဉ်မှာ အံ့အားသင့်သွားခြင်းမရှိပေ။
သို့သော်လည်း သူ့မျက်လုံးထဲရှိ သနားကရုဏာသက်မှုက ပျောက်ကွယ်မသွားဘဲ ပို၍ပင် သိသာထင်ရှားလာ၏။
“ကောင်းကင်သင်္ချိုင်းသုတ္တန်ကို ကျင့်ကြံထားပြီး ဒီဧကရာဇ်ဂူသချိုင်းထဲကို ရောက်လာပြီးတဲ့နောက် မင်းက ဧကရာဇ်ဂူသချိုင်းရဲ့စွမ်းအားနဲ့ တကယ်ပဲ ရှင်သန်နိုင်လောက်တယ်”
သက်လတ်ပိုင်းအရွယ် အမျိုးသားက တွင်းထဲမှအလောင်းကိုကြည့်ပြီး ခေါင်းခါလိုက်၏။
“ကံဆိုးစွာနဲ့ပဲ မင်းရဲ့ဝိညာဉ်က သက်ရှိလောကကို ပြန်ရောက်လာမယ်ဆိုရင်တောင် မင်းက ကျိန်စာနှစ်ခုရဲ့ ပျက်စီးထိခိုက်မှုကနေ လွတ်မြောက်နိုင်ဦးမှာ မဟုတ်ဘူး”
သက်လတ်ပိုင်းအရွယ် အမျိုးသား၏ ထင်မြင်ချက်အရ သူ့ရှေ့မှဖြစ်စဉ်သည် နောက်ဆုံးအခိုက်အတန့်မှာ သတိတစ်ချက်ပြန်လည်လာခြင်းထက် မပိုပေ။
ဤလူငယ်က ပြန်လည်ရှင်သန်ပြီးနောက် သူသည် ကျိန်စာနှစ်ခုဖြင့် သတ်ဖြတ်ခံရဦးမည်ဖြစ်ပြီး သူက သေဆုံးခြင်းဖြစ်စဉ်ကို နောက်တစ်ဖန်တွေ့ကြုံခံစားရပေမည်။ အဲဒါက သူ့အတွက် ပို၍ပင် ရက်စက်ရာကျပေမည်။
သူက နောက်တစ်ဖန်သေဆုံးသွားပြီဆိုလျှင် တဗူးဂမ္ဘီရကျင့်စဉ် ကောင်းကင်သင်္ချိုင်းသုတ္တန်နှင့်ပင်လျှင် အဲဒါက သုံးစားမရ ဖြစ်လာပေတော့မည်။
သက်လတ်ပိုင်းအရွယ်အမျိုးသားက တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ သို့မဟုတ် လူငယ်၏ ပြန်လည်ရှင်သန်ခြင်းဖြစ်စဉ်ကို ဟန့်တားနှောင့်ယှက်ခြင်းမရှိဘဲ ဘေးမှာသာ တိတ်တဆိတ် မတ်တတ်ရပ်နေ၏။
မသိလိုက်မသိဘာသာ အချိန်တစ်ခုကြာသွားပြီးနောက် ကြီးမားသော တွင်းချိုင့်ထဲရှိ အလောင်းက ၎င်း၏ အသက်ဓာတ်အားကို ပြန်လည်ရရှိလာခဲ့ပြီဖြစ်သည်။
နောက်ခဏ၌ လေဟာနယ်ထဲမှာ အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာပြီး ဝိညာဉ်တစ်စက အက်ကွဲကြောင်းကနေတစ်ဆင့် အလောင်းထဲသို့ ပြန်လည်ဝင်ရောက်လာ၏။
ထို့နောက်ချက်ချင်းပင် အလောင်းက ညင်သာစွာ တုန်ယင်သွားလေ၏။
ရုတ်တရက် လှဲလျောင်းနေသော အစိမ်းရောင်ဝတ်လူငယ်က သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လာခဲ့၏။
ဧကရာဇ်ဂူသချိုင်းထဲမှာ ပြန်လည်ရှင်သန်လာသောလူက ဆူဇီမိုဖြစ်၏။
ဤခံစားချက်သည် အရမ်းကို ထူးဆန်းပြီး ဖော်ပြ၍ မရနိုင်အောင်ပင်။
သူသည် သေဆုံးသွားခဲ့ပြီဖြစ်သော်လည်း ယခုအချိန်မှာ သူက ဧကရာဇ်ဂူသချိုင်းထဲမှာ ပြန်လည်ရှင်သန်လာ၏။
ဒါ့အပြင် တမလွန်ဘုံမှာ သူမြင်တွေ့ကြုံတွေ့ခဲ့ရသည့် အရာရာတိုင်းသည် ထင်ယောင်ထင်မှားခံစားချက်တစ်ခု လုံးဝဟုတ်ပုံမရပေ။ အဲဒါက သူ၏ မှတ်ဉာဏ်ထဲမှာ ကြည်လင်ပြတ်သားနေဆဲဖြစ်သည်။
ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကနေ သူ့ကိုပေးခဲ့သည့် တုန်လှုပ်မှုကို မေ့ဖျောက်၍ မရနိုင်သေးပေ။
တမလွန်ဘုံမှ တစ္ဆေငယ်များ၊ အနက်ရောင် အနိစ္စနှင့် အဖြူရောင် အနိစ္စ၊ သေခြင်းရှင်ခြင်း တရားသူကြီးများ၊ တစ္ဆေဧကရာဇ်ငါးဦးနှင့် သိုင်းတာအိုပင်မခန္ဓာ…။
သိုင်းတာအိုပင်မခန္ဓာလည်း ငရဲကမ္ဘာမှာ စဉ်းစားကြည့်၍မရနိုင်သော အတွေ့အကြုံများကို ရရှိနေလေသည်။
ဤအရာများက ထင်ယောင်ထင်မှားခံစားချက်များ ဖြစ်စရာအကြောင်းမရှိပေ။
သူသည် အိပ်မက်ရှည်ကြီးတစ်ခုကနေ နိုးထလာသည်ဟု ဆူဇီမိုက ခံစားနေရ၏။
တကယ်တော့ အဲဒါသည် ထင်ယောင်ထင်မှားခံစားချက်တစ်ခုမဟုတ်ဟု သက်သေပြပေးနိုင်သည့် နောက်ထပ်အရေးကြီးဆုံးအရာတစ်ခုရှိနေသည်။
သူသည် သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲကနေ ငရဲကန့်သတ်မဲ့စိမ့်စမ်းမှ ရေကို ပြန်ယူလာခဲ့ပြီး အဲဒါက သူ၏ အသိစိတ်ထဲမှာ ယခုရှိနေ၏။
သူသည် လုံးဝသေဆုံးမသွားခဲ့သည်ကို ဆူဇီမိုက နားလည်သဘောပေါက်လိုက်၏။ သူ၏ ဝိညာဉ်သည် တမလွန်ဘုံ၏ မရဏတံခါးကို ဖြတ်ကျော်ပြီး အဝါရောင်စိမ့်စမ်းလမ်းမှာ လျှောက်ခဲ့ရုံသာဖြစ်သည်။
ဤအတွေ့အကြုံက အရမ်းကို ရှားရှားပါးပါးဖြစ်သည်။
သူ၏ အခြေအနေသည် ပြန်လည်ဝင်စားခြင်းဖြစ်စဉ်ထက် အဆများစွာပိုမိုအဆင့်မြင့်လေသည်။
ပြန်ဝင်စားခြင်းဖြစ်စဉ်မှာ သူ့ကို တစ်စုံတစ်ယောက်က လမ်းညွှန်ပေးခြင်းမရှိသရွေ့ သူ၏ ယခင်ဘဝမှတ်ဉာဏ်များကို ပြန်လည်နိုးထစေဖို့ ခက်ခဲသွားကြပေမည်။
ဒါ့အပြင် သူသည် နောက်တစ်ဖန်ကျင့်ကြံရဦးမည်ဖြစ်သည်။
သို့သော် ယခု သူ၏ ဝိညာဉ်သည် တမလွန်ဘုံမှာ တစ်ခေါက်လှည့်လည်သွားလာပြီး ဧကရာဇ်ဂူသချိုင်းထဲသို့ ပြန်လည်ရောက်ရှိလာ၏။ သူသည် သူ၏ အမြုတေစိတ်ဝိညာဉ်နှင့် နောက်တစ်ဖန်ပေါင်းစည်းသွားပြီး အဆင့်၁၂ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်သည်။
သူ့အနေဖြင့် နောက်တစ်ဖန်ကျင့်ကြံစရာမလိုသလို သူ၏ ကျင့်ကြံမှုနယ်ပယ်ကလည်း လုံးဝလျော့ကျသွားခြင်း မရှိပေ။
ထို့မျှသာမကပေ။ တမလွန်ဘုံမှာ သူ၏ ဝိညာဉ်သည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို သူ့မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ အစစ်မှန်သဘောတရားကို နားလည်ဆင်ခြင်မိခဲ့၏။
သူသည် ဆက်လက်၍ကျင့်ကြံပြီး နားလည်ဆင်ခြင်သည်နှင့် သူသည် အစစ်အမှန်ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ထိန်းချုပ်နိုင်ကာ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုအဖြစ် ၎င်း၏ စွမ်းအားကို ထုတ်ဖော်နိုင်မည်ဖြစ်လေသည်။
ဆူဇီမိုသည် အဲဒါကို စေ့စေ့စပ်စပ်အာရုံခံကြည့်နေပြီး သူ၏ ခန္ဓာကိုယ်ထဲမှာသာ ပြောင်းလဲသွားခြင်းမဟုတ်သည်ကို နားလည်သဘောပေါက်လိုက်သည်။
သူ၏ ဝိညာဉ်သည် တမလွန်ဘုံမှာ ကူးသန်းသွားလာခဲ့ပြီး ထူးဆန်းသော အပြောင်းအလဲများစွာက အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာအပေါ် ဖြစ်ပေါ်လာစေသည့်ပုံပင်။
အလွန်တရာကြွယ်ဝသော အသက်ဓာတ်အားတစ်ခုက အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ ခန္ဓာကိုယ်ကနေ တလိပ်လိပ်ထိုးတက်နေ၏။
ယခုအချိန်မှာ ထိုစွမ်းအားသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးကို အားဖြည့်ပေးနေပြီး သူက လျင်မြန်စွာကြီးပြင်းလာနေ၏။
သူ၏ ကျင့်ကြံမှုနယ်ပယ်က မြန်နိုင်သော နှုန်းထားဖြင့် မြင့်တက်လာနေလေသည်။
တက္ကသိုလ်ဂိုဏ်းချုပ်က သူ့ကို ဧကရာဇ်ဂူသချိုင်းထဲသို့ ဝင်ရောက်ရန် ဖိအားမပေးခင်က သူသည် ပကတိဧကနယ်ပယ်သို့ ဝင်ရောက်ခါစဖြစ်ပြီး သူ၏ ကျင့်ကြံမှုနယ်ပယ်သည် ပေါင်းစည်းခြင်း ပကတိဧကနယ်ပယ်မှာသာ ရှိခဲ့သည်။
သူသည် မဟူရာ၊ ကမ္ဘာမြေနှင့် ကောင်းကင်အမြုတေတို့ကို ပကတိအမြုတေတစ်ခုအဖြစ် ပေါင်းစည်းစုဖွဲ့ခဲ့ရုံမျှသာဖြစ်လေသည်။
သို့သော်ယခု တိုးတက်မှုအလျင်အဟုန်အရ သူသည် အချိန်တိုအတွင်းမှာ နောက်ထပ်နယ်ပယ်တစ်ခုကို တက်လှမ်းသွားဖို့ အခွင့်များလေသည်။
အာကာသသက်ရှိ ပကတိဧကနယ်ပယ်…
ဆူဇီမိုက ကျေနပ်နှစ်ခြိုက်စွာဖြင့် အံ့အားသင့်သွား၏။
သူ၏ ရင်ထဲမှာ မေးခွန်းများစွာရှိနေသေးပြီး ဖြစ်ပျက်နေသည့်အရာကို သူက ကောင်းကောင်းမသိရှိသေးသော်လည်း အဲဒါသည် သူ့အတွက် ကပ်ဘေးကြားမှ ကောင်းခြင်းမင်္ဂလာတစ်ခုဟု ဆိုနိုင်မည်ဖြစ်သည်။
“အာ…”
ထိုစဉ်မှာပင် ဘေးတစ်ဖက်ကနေ သက်ပြင်းချသံတစ်သံက ထွက်ပေါ်လာ၏။ ထိုအသံက သူနှင့်ရင်းနှီးမှုရှိလေသည်။ အဲဒါသည် သူမသေဆုံးခင် ကြားခဲ့ရသောအသံဖြစ်သည်။
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
သူက ပြန်လည်ရှင်သန်လာပြီး အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာထဲရှိ အပြောင်းအလဲများကို အာရုံခံကြည့်နေ၏။ သူက ထိုဖြစ်စဉ်မှာ နစ်မျောသွားပြီး မလှမ်းမကမ်းမှာ တစ်စုံတစ်ယောက် မတ်တတ်ရပ်နေသည်ကို သတိမထားမိခဲ့ပေ။
ဆူဇီမိုက တွင်းချိုင့်ထဲကနေ အလောတကြီး မတ်တတ်ထရပ်ပြီး အသံထွက်ပေါ်လာရာဘက်ကို ကြည့်လိုက်၏။ သူသည် ရှေးဟောင်းဝတ်ရုံကို ဝတ်ဆင်ထားသည့် သူတော်စင်လို သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးကို တွေ့မြင်လိုက်ရသည်။
သက်လတ်ပိုင်းအရွယ်အမျိုးသားသည်လည်း သူ့ကို ကြည့်နေ၏။ သို့သော်လည်း သူ၏ အမူအရာက တွေဝေရှုပ်ထွေးနေပြီး သူ၏ မျက်လုံးထဲမှာ သနားကရုဏာသက်မှု အငွေ့အသက်တစ်ခု ရှိနေ၏။
“စီနီယာ… ခင်ဗျားက အတိတ်ကာလတုန်းက အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာလား”
ဆူဇီမိုက အနည်းငယ်တွေဝေတုံ့ဆိုင်းပြီးနောက် အကဲစမ်းမေးမြန်းလိုက်၏။
သူသတိမလစ်ခင် ထိုသက်ပြင်းချသံကို ကြားခဲ့စဉ်.. သူသည် ဧကရာဇ်ဂူသချိုင်းထဲသို့ ပထမဆုံးဝင်ရောက်လာတုန်းက အင်မော်တယ်ဧကရာဇ်တစ်ပါး၏ အကြွင်းအကျန်စိတ်ဆန္ဒတစ်ခု ချန်ရစ်ခဲ့သည်ကို ပြန်လည်အမှတ်ရလာခဲ့၏။
အင်မော်တယ်ဧကရာဇ်၏ အကြွင်းအကျန်စိတ်ဆန္ဒမှအသံသည် ထိုအသံနှင့် အတိအကျတူညီနေသည်။
ပုံမှန်အခြေအနေမှာဆိုလျှင် အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက သေဆုံးသွားရမည်ဖြစ်သည်။
ထို့ကြောင့် ဆူဇီမိုသည် သူ့ရှေ့မှ သက်လတ်ပိုင်းအရွယ်အမျိုးသားကို တွေ့မြင်သောအခါ သူက မရေမရာဖြစ်နေဆဲပင်။
“ဟုတ်တယ်.. ငါပဲ”
သက်လတ်ပိုင်းအရွယ်အမျိုးသားက ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။
သက်လတ်ပိုင်းအရွယ်အမျိုးသား၏ ဝန်ခံစကားကိုကြားသောအခါ ဆူဇီမိုက ကြိုတင်ပြင်ဆင်ထားလျှင်တောင် ရင်တစ်ချက်ထိတ်သွားရသည်။
ထို့နောက် သူက တွင်းထဲကနေ ခုန်ထွက်ပြီး အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာကို ဦးညွှတ်လိုက်၏။
“စီနီယာ... ကျုပ်အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။”