ဧကရာဇ်ဂူသင်္ချိုင်း၏ လျှို့ဝှက်ချက်
Vol. 182 Ch. 2728
ဆူဇီမို၏ ထင်မြင်ချက်အရ ဧကရာဇ်ဂူသင်္ချိုင်းက အချိန်မီပေါ်ထွက်လာပြီး သူ့ကို ဝါးမျိုခဲ့သည်။
အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာမှာ ထူးဆန်းသော အပြောင်းအလဲများ အပါအဝင် သူက ကယ်တင်ခံရပြီး ပြန်လည်ရှင်သန်နိုင်ခဲ့သည်မှာ အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာကြောင့် ဖြစ်ပေမည်။
အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာကသာ ဤကဲ့သို့သော တုန်လှုပ်စရာကောင်းသည့် နည်းလမ်းများကို ပိုင်ဆိုင်နိုင်ပေမည်။
သူ့ကို စိတ်ရင်းမှန်ကန်စွာဖြင့် ကျေးဇူးတင်နေသော ဆူဇီမိုကိုကြည့်ပြီး အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာ၏ မျက်လုံးထဲရှိ သနားကရုဏာသက်မှုက ပိုမိုသိသာထင်ရှားလာပြီး သူက ကြိတ်၍သက်ပြင်းချလိုက်၏။
သူက နောက်တစ်ဖန် သေရတော့မည်ကို ဤလူငယ်က သိရှိချင်မှ သိရှိပေလိမ့်မည်။
သို့သော်လည်း ဤတစ်ခေါက်မှာ သူသည် ပြန်လည်ရှင်သန်ဖို့ အခွင့်အရေးကို ရရှိတော့မည် မဟုတ်ပေ။
အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာသည် ခဏကြာသည်အထိ ဘာပြောရမည်မသိပေ။
အမှန်တရားသည် ယခုတင် ပြန်လည်မွေးဖွားကာ ဝမ်းသာပျော်ရွှင်မှုဖြင့် ပြည့်နှက်နေသော ဤလူငယ်အတွက် ရက်စက်ရာကျလွန်းသည်ကို သူသိထားသောကြောင့်ဖြစ်သည်။
“အတိအကျပြောရရင် မင်းကို ငါမကယ်တင်ခဲ့ဘူး”
အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာက သူ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။
ဆူဇီမိုမှာ တွေဝေရှုပ်ထွေးသော အမူအရာတစ်ခု ရှိနေ၏။
ဧကရာဇ်ဂူသင်္ချိုင်းတစ်ခုလုံးမှာ သူတို့နှစ်ယောက်သာလျှင် ရှိလေသည်။ အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာက လွဲလျှင် တခြားဘယ်သူက ဖြစ်နိုင်ဦးမှာလဲ။
အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာက ဆူဇီမိုကို လက်ညှိုးထိုးပြလိုက်၏။
“မင်းကို ကယ်တင်ခဲ့တာက မင်းကိုယ်တိုင်ပဲ”
“စီနီယာ… ကျေးဇူးပြုပြီး ရှင်းပြပါဦး”
ဆူဇီမိုက သူ၏ နှစ်ဖက်ကို နောက်တစ်ဖန်ယှက်ပြလိုက်၏။
အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာက ပြောလိုက်၏။
“မင်းက ကောင်းကင်သင်္ချိုင်းသုတ္တန်ကို ကျင့်ကြံထားတာပဲ”
“ဟုတ်ပါတယ်”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။ ဤကိစ္စနှင့်ပတ်သက်၍ သူက ဖုံးကွယ်ထားစရာ မလိုပေ။
“ဒါပေမဲ့ ကောင်းကင်သင်္ချိုင်းသုတ္တန်ကို ဘာကြောင့် တဗူးဂမ္ဘီရကျင့်စဉ်တစ်ခုလို့ခေါ်လဲ မင်းသိလား”
အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာက မေးမြန်းလိုက်၏။
ဆူဇီမိုသည် ကောင်းကင်သင်္ချိုင်းသုတ္တန်၏ ဓမ္မတာအိုကို သေသေချာချာ ပြန်လည်စဉ်းစားကာ တမလွန်ဘုံမှာ သူကြုံတွေ့ခဲ့ရသည့် မမေ့ဖျောက်နိုင်သော အတွေ့အကြုံတစ်ခုကို ပြန်လည်အမှတ်ရလာ၏။ တဖြည်းဖြည်း သူက နားလည်သဘောပေါက်လာခဲ့လေသည်။
တမလွန်ဘုံမှာ ကောင်းကင်သင်္ချိုင်းသုတ္တန်သည် တဗူးဂမ္ဘီရကျင့်စဉ်တစ်ခု ဖြစ်လာသည်မှာ ကျင့်ကြံသူတစ်ယောက် သေဆုံးသွားပြီးနောက် ဓမ္မတာအိုက ပျက်ပြယ်သွားခြင်းမရှိဘဲ သူတို့၏ ဝိညာဉ်မှာ အမှတ်အသားတစ်ခု ချန်ရစ်နိုင်သောကြောင့်ဖြစ်သည်ဟု သူက တွေးထင်ခဲ့၏။
ထို့သို့ဖြင့် ကျင့်ကြံသူများသည် သူတို့၏ ဝိညာဉ်များက တမလွန်ဘုံနှင့် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်သို့ ဝင်ရောက်ပြီးတာတောင် သူတို့၏ ယခင်ဘဝမှတ်ဉာဏ်များကို ပြန်လည်နိုးထစေနိုင်မည်ဖြစ်သည်။
ထိုအခိုက်အတန့်မှာသာ သူက နားလည်သဘောပေါက်လာခဲ့၏။
သူ၏ ယခင်ခန့်မှန်းချက်နှင့်ပင်လျှင် သူသည် ကောင်းကင်သင်္ချိုင်းသုတ္တန်၏ ခွန်အားကို လျှော့တွက်မိခဲ့လေသည်။
သူ၏ ဝိညာဉ်ပေါ်မှာ ကောင်းကင်သင်္ချိုင်းသုတ္တန်ကနေ ချန်ပေးထားသည့် ဓမ္မတာအိုသည် ပြန်ဝင်စားခြင်းဖြစ်စဉ်တစ်ခု လုံးဝမဟုတ်ဘဲ ပြန်လည်ရှင်သန်ဖို့အတွက်ဖြစ်သည်။
အဲဒါသည် သူ၏ ဝိညာဉ်ကို တမလွန်ဘုံကနေ သက်ရှိလောကသို့ အတင်းအကျပ် ပြန်ဆွဲခေါ်ယူဖို့အတွက် ဖြစ်လေသည်။
ဆူဇီမိုက ကောင်းကင်သင်္ချိုင်းသုတ္တန်၏ လျှို့ဝှက်ချက်ကို အလျင်အမြန် နားလည်သဘောပေါက်လာသည်ကို တွေ့ရသောအခါ အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။
“ဒါပေမဲ့ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
အဲဒါက အဓိပ္ပာယ်မရှိဟု ဆူဇီမိုက ခံစားနေရဆဲဖြစ်၏။ သူက မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။
“ကျုပ်သိရသလောက်ဆိုရင် တမလွန်ဘုံက ကမ္ဘာတစ်ထောင်သုံးဆင့်လောကနဲ့ သီးခြားရပ်တည်နေတဲ့ တည်ရှိမှုပဲ… တမလွန်ဘုံနဲ့ အလယ်အလတ်ကမ္ဘာတစ်ထောင်ကြားမှာ စွမ်းအားကြီးမားတဲ့ နိယာမအဟန့်အတား ရှိနေတယ်”
“ဒီလိုမျိုး နိယာမအဟန့်အတားတစ်ခုကို ချိုးဖျက်ဖို့က အရမ်းကိုခက်ခဲတယ်… တဗူးဂမ္ဘီရကျင့်စဉ်တစ်ခုရဲ့ ဓမ္မတာအိုက တမလွန်ဘုံရဲ့ အဟန့်အတားကို ချိုးဖျက်ပြီး ကျုပ်ဝိညာဉ်ကို ဒီနေရာကို အတင်းအကျပ် ပြန်ဆွဲခေါ်ဖို့ ဘယ်လိုလုပ် လုံလောက်နိုင်ပါ့မလဲ”
“တဗူးဂမ္ဘီရကျင့်စဉ်တစ်ခုရဲ့ စွမ်းအားက တကယ်ပဲ လုံလောက်မှုမရှိဘူး”
အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာက သူ၏ ခြေရင်းကို လက်ညှိုးထိုးပြလိုက်၏။
“ငါတို့ အခုရောက်နေတဲ့ နေရာကို မမေ့လိုက်နဲ့”
“ဧကရာဇ်ဂူသင်္ချိုင်း”
ဆူဇီမိုက လွှတ်ခနဲ ပြောလိုက်၏။
ထို့နောက် သူသည် အဲဒါကို ကောင်းကင်သင်္ချိုင်းသုတ္တန်၏ ဓမ္မတာအိုနှင့် ယှဉ်ကြည့်ပြီး တဖြည်းဖြည်း နားလည်သဘောပေါက်လာ၏။
ကောင်းကင်သင်္ချိုင်းသုတ္တန်သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် တမလွန်ဘုံအကြား အဟန့်အတားကို ချိုးဖျက်ပြီး သူ့ဝိညာဉ်ကို သက်ရှိလောကသို့ ပြန်လည်ခေါ်ယူလာနိုင်ခဲ့ခြင်းမှာ ဧကရာဇ်ဂူသင်္ချိုင်း၏ မြှုပ်နှံခြင်းစိတ်ဆန္ဒ၏ အကူအညီနှင့်ဖြစ်လေသည်။
အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ ရရှိခဲ့သည့် သိပ်သည်းပြင်းထန်သော စွမ်းအားကလည်း ဧကရာဇ်ဂူသင်္ချိုင်းကနေ လာလေသည်။
ဤရှေးဟောင်း ဧကရာဇ်ဂူသင်္ချိုင်းကသာ အချိန်တိုအတွင်းမှာ ပေါင်းစည်းခြင်း ပကတိဧကနယ်ပယ်ကနေ အာကာသသက်ရှိ ပကတိဧကနယ်ပယ်နီးနီးအထိ ရောက်ရှိအောင် မြှင့်တင်ပေးနိုင်သည့် ဤကဲ့သို့ သိပ်သည်းပြင်းထန်သော စွမ်းအားကို ထောက်ပံ့ပေးနိုင်ပေမည်။
ဆူဇီမိုက ခဏမျှ စဉ်းစားတွေးတောပြီး မေးလိုက်၏။
“စီနီယာ အရုဏ်ဆည်းဆာ… ကျုပ်မေးတာ ရိုင်းပျသွားရင် ခွင့်လွှတ်ပါ”
“ဒီဂူသင်္ချိုင်းက ခင်ဗျားကြောင့် ဖြစ်ပေါ်လာခဲ့တာပဲ… ပညာရှင်များစွာက ပြီးခဲ့တဲ့နှစ်တွေအတွင်း မြှုပ်နှံခံခဲ့ရတယ်ဆိုပေမဲ့ ဧကရာဇ်ဂူသင်္ချိုင်းရဲ့စွမ်းအားက လောကနှစ်ခုရဲ့ နိယာမအဟန့်အတားကို ချိုးဖျက်ဖို့ မလုံလောက်ဘူးမလား”
ဆူဇီမိုသည် ဖြစ်စဉ်တစ်ခုလုံးကို တဖြည်းဖြည်း နားလည်သဘောပေါက်လာ၏။
သို့သော်လည်း ကောင်းကင်သင်္ချိုင်းသုတ္တန်သည် ဧကရာဇ်ဂူသင်္ချိုင်း၏ စွမ်းအားကို စုဖွဲ့ပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် တမလွန်ဘုံအကြား နိယာမအဟန့်အတားကို ချိုးဖျက်နိုင်သည်မှာ အနည်းငယ် လွယ်ကူလွန်းရာကျနေသည်ဟု ထင်ရ၏။
“ငါ့ရဲ့ ဂူသင်္ချိုင်း…”
အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာက ရုတ်တရက် ထူးဆန်းစွာ ပြုံးပြလိုက်၏။
“ဒီဂူသင်္ချိုင်းထဲမှာ ရှိတဲ့ ကျိန်စာက တကယ်ပဲ ငါ့ကြောင့် ဖြစ်ပေါ်လာတာပဲ… ဒါပေမဲ့ ဒီဂူသင်္ချိုင်းက ငါ့ဟာမဟုတ်ဘူး”
ဆူဇီမိုက မှင်တက်သွား၏။
ဤဧကရာဇ်ဂူသင်္ချိုင်းက အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာ၏ ဂူသင်္ချိုင်း မဟုတ်ဘူးဆိုလျှင် အဲဒါက တခြားဘယ်သူ့ဟာလဲ။
မည်သူ၏ ဂူသင်္ချိုင်းက လောကနှစ်ခုအကြား နိယာမအဟန့်အတားကို ထိုးဖောက်နိုင်တဲ့စွမ်းအား ရှိမှာလဲ။
ဖြစ်နိုင်တာက… မဟာဧကရာဇ်တစ်ပါး၏ ဂူသင်္ချိုင်းလား။
ထိုဖြစ်နိုင်ခြေကို တွေးမိစဉ်မှာ ဆူဇီမိုက တုန်လှုပ်သွား၏။
ထိုစဉ်မှာပင် အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာက မှင်သေသေဖြင့်ပြောလိုက်၏။
“ဒီဂူသင်္ချိုင်းက အစတုန်းက မဟာဧကရာဇ် ဒီဃာယုရဲ့ ဂူသင်္ချိုင်း ဖြစ်ခဲ့တာပဲ”
ထင်မှတ်ထားသည့်အတိုင်းပင်။
ဆူဇီမိုက တိတ်တဆိတ် ဆွံ့အသွား၏။
အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာက ပြောလိုက်၏။
“အဲဒါက ပြန်လည်ရှင်သန်ခြင်းလောက် မရိုးရှင်းဘူး… မင်းက ကောင်းကင်သင်္ချိုင်းသုတ္တန်ကို ကျင့်ကြံထားမယ်ဆိုရင်တောင် မင်းမှာ အခွင့်အရေးများများစားစား ရှိမှာမဟုတ်ဘူး”
“ရှေးဟောင်းခေတ်ဆက်ဆက်ကတည်းက မဟာဧကရာဇ်တွေရဲ့ဂူသင်္ချိုင်းကို လူဘယ်လောက်များများက အသုံးချနိုင်ခဲ့လို့လဲ”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
အစကတော့ ဤပြန်လည်ရှင်သန်ခြင်းသည် ကောင်းကင်သင်္ချိုင်းသုတ္တန်ကို ကျင့်ကြံထားခြင်းကြောင့် ဖြစ်ပေါ်လာသည်ဟု သူက မှတ်ယူခဲ့၏။
ထိုသို့ဆိုလျှင် သူသည် သူ့မိသားစုများနှင့် မိတ်ဆွေများကို ကောင်းကင်သင်္ချိုင်းသုတ္တန်၏ ဓမ္မတာအိုကို သင်ကြားပေးရုံမျှနှင့် သူတို့က နောက်ထပ်ဘဝတစ်ခုမှာ ပြန်လည်ရှင်သန်နိုင်မည် မဟုတ်ပါလား။
သို့သော်လည်း ကြည့်ရသည်မှာ ထိုအတွေးက ရိုးရှင်းလွန်းရာကျလေသည်။
သူတို့အနေဖြင့် ကောင်းကင်သင်္ချိုင်းသုတ္တန်ကို ကျင့်ကြံဖို့က လွယ်ကူကောင်း လွယ်ကူပေလိမ့်မည်။
သို့သော်လည်း သူတို့သေဆုံးရတော့မည့် အခိုက်အတန့်မှာ ပေါ်ထွက်လာမည့် မဟာဧကရာဇ်တစ်ပါး၏ ဂူသင်္ချိုင်းကို သူတို့က ဘယ်လိုရှာဖွေနိုင်မှာလဲ။
သူသိထားရသလောက် သူ့ရှေ့မှာ မဟာဧကရာဇ် ဒီဃာယု၏ ဂူသင်္ချိုင်းအပြင် နောက်ထပ် မဟာဧကရာဇ်ဂူသင်္ချိုင်းနှစ်ခု ရှိလေသည်။ မိစ္ဆာမဟာနယ်မြေမှ မဟာဧကရာဇ် ကောင်းကင်သင်္ချိုင်း၏ ဂူသင်္ချိုင်းနှင့် အဝီစိမှာ မဟာဧကရာဇ် အနန္တ၏ ဂူသင်္ချိုင်း…။
ရုတ်တရက်ဆိုသလို…
ဆူဇီမိုက အရေးကြီးသော တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား ရင်တစ်ချက်ထိတ်သွား၏။
မဟာဧကရာဇ် ဒီဃာယု၊ မဟာဧကရာဇ် ကောင်းကင်သင်္ချိုင်းနှင့် မဟာဧကရာဇ် အနန္တတို့၏ ဂူသင်္ချိုင်းများ…။
ယခုအချိန်အထိ သူသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက သေဆုံးခဲ့ပြီးနောက် ပြန်လည်ရှင်သန်လာသော ပညာရှင်နှစ်ဦးကို ကိုယ်တိုင်တွေ့မြင်ဖူးခဲ့သည်။
တစ်ဦးသည် လွန်ခဲ့သည့်နှစ်ပေါင်းသိန်းချီကာလက သေဆုံးခဲ့သော ဧကရာဇ်ပိုရွှင်းဖြစ်သည်။
ဧကရာဇ်ပိုရွှင်းသည် အဝီစိမှာ ပြန်လည်ရှင်သန်လာခဲ့၏။ သို့သော်လည်း တကယ်တမ်းမှာတော့ ထိုနေရာသည် မဟာဧကရာဇ် အနန္တ၏ ဂူသင်္ချိုင်းဖြစ်လေသည်။
တခြားတစ်ယောက်မှာ လွန်ခဲ့သည့် နှစ်ပေါင်းသန်းချီကာလက သေဆုံးခဲ့သော မိစ္ဆာဧကရာဇ် ကမ္ဘာဖျက်ကပ်ဘေး ဖြစ်လေသည်။
မိစ္ဆာဧကရာဇ် ကမ္ဘာဖျက်ကပ်ဘေးသည် မဟာဧကရာဇ် ကောင်းကင်သင်္ချိုင်း၏ ဂူသင်္ချိုင်းထဲမှာ ပြန်လည်ရှင်သန်လာခဲ့၏။
သူ့ရှေ့မှာရှိသော အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာကတော့… သူသည်လည်းပဲ လွန်ခဲ့သည့်နှစ်ပေါင်းများစွာက သေဆုံးခဲ့သော်လည်း ဒီဘက်မျိုးဆက်မှာ သူက ပြန်လည်ရှင်သန်လာ၏။
ဒါ့အပြင် သူသည် မဟာဧကရာဇ် ဒီဃာယု၏ ဂူသင်္ချိုင်းထဲမှာ ပြန်လည်နိုးထလာခဲ့လေသည်။
အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာကို ဆူဇီမိုကြည့်ရှုပုံက တဖြည်းဖြည်းပြောင်းလဲလာ၏။
တစ်ချိန်တည်းမှာပင် အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာမှာ ထူးဆန်းသော အပြောင်းအလဲတချို့ ပေါ်ထွက်လာသည့်ပုံပင်။
အစကတော့ အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာသည် ဆူဇီမိုကို သနားကရုဏာသက်စွာဖြင့် ကြည့်နေ၏။ သူ၏ အမူအရာက နူးညံ့ပျော့ပျောင်းနေခဲ့ပြီး သူတော်စင်အော်ရာတစ်ခုကို ထုတ်ဖော်ထားလေသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာသည် ထူးဆန်းသော အခြေအနေတစ်ရပ်မှာ ကျဆင်းသွားပြီး အဆက်မပြတ် ရုန်းကန်နေရသည့်အလား သုန်မှုန်နေသော အမူအရာဖြင့် မျက်မှောင်ကြုတ်ထား၏။
သူ၏ ခန္ဓာကိုယ်ပေါ်မှာ နောက်ထပ် မကောင်းဆိုးဝါးဆန်ဆန်အော်ရာတစ်ခု ထပ်မံရှိလာခဲ့၏။
“ကျုပ်ထင်တာ မမှားဘူးဆိုရင် စီနီယာ ခင်ဗျားကလည်း ကောင်းကင်သင်္ချိုင်းသုတ္တန်ကို ကျင့်ကြံထားတာမလား”
ဆူဇီမိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ဖြည်းဖြည်းချင်းမေးလိုက်၏။
“ဟုတ်တယ်”
အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာ၏ အသံက သိသိသာသာ ပိုမိုအေးစက်လာခဲ့သည်။
သို့သော်လည်း သူသည် တစ်စုံတစ်ရာကို တောင့်ခံနေဆဲဖြစ်သည့်အလား သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ပြီး အံကိုတင်းတင်းကြိတ်ထား၏။
ထိုသို့ဆိုလျှင် အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာသာလျှင် မဟုတ်ဘဲ ဧကရာဇ်ပိုရွှင်းနှင့် မိစ္ဆာဧကရာဇ် ကမ္ဘာဖျက်ကပ်ဘေးတို့ကလည်း ကောင်းကင်သင်္ချိုင်းသုတ္တန်ကို ကျင့်ကြံထားကြပေမည်။
ထို့ကြောင့်ပင် သူတို့သုံးယောက်သည် မဟာဧကရာဇ်များ၏ ဂူသင်္ချိုင်းများကို အသုံးချပြီး သည်ဘက်မျိုးဆက်မှာ ပြန်လည်ရှင်သန်လာကြခြင်း ဖြစ်လေသည်။