← Chapters

သိုင်းတာအိုအော်ရာ

Vol. 182 Ch. 2729

သိုင်းတာအိုအော်ရာ

Vol. 182 Ch. 2729

ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ တာအိုအရှင်သွေးမိစ္ဆာကြောင့် ဖြစ်ပေါ်လာခဲ့သည့် မျိုးနွယ်စုတစ်သောင်းကပ်ဘေးကို ပြန်လည်အမှတ်ရသွား၏။

အရင်တုန်းက တာအိုအရှင်သွေးမိစ္ဆာသည် အလွန်တရာပါရမီအရည်အချင်းရှိပြီး ကောင်းကင်ဘုံဝံပုလွေ၏ အကူအညီနှင့်အတူ သွေးသန့်စင်ထုတ်မိစ္ဆာသုတ္တန်ကိုဖန်တီးကာ မျိုးနွယ်စုတစ်သောင်းကို သွေးမျိုးနွယ်အဖြစ်သွတ်သွင်းပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကို သိမ်းပိုက်အုပ်စိုးလိုခဲ့လေသည်။

သွေးသန့်စင်ထုတ်မိစ္ဆာသုတ္တန်သည် အရမ်းကို​ကြောက်စရာကောင်းပြီး အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာနှင့် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာပင်လျှင် ၎င်း၏ လွှမ်းမိုးမှုကနေ မလွတ်မြောက်နိုင်ခဲ့ပေ။

ဗုဒ္ဓကျောင်းတော်များမှ ကိုယ်တော်တာမင်းသာလျှင် ကောင်းကင်ဘုံမိစ္ဆာဖြိုခွဲခြင်းနှင့်အတူ သူ့ကိုယ်သူစွန့်လွှတ်အနစ်နာခံကာ သွေးသန့်စင်ထုတ်မိစ္ဆာသုတ္တန်ကနေ ရုန်ထွက်နိုင်ခဲ့လေသည်။

တဗူးဂမ္ဘီရကျင့်စဥ်တစ်ခုအနေဖြင့် ကောင်းကင်​သင်္ချိုင်းသုတ္တန်သည် သွေးသန့်စင်ထုတ်မိစ္ဆာသုတ္တန်ထက် အဆများစွာပိုမိုအဆင့်မြင့်လေသည်။

တကယ်တော့ လက်ရှိအခြေအနေသည် ထျန်ဟွမ်ကုန်းမြေတိုက်ကအခြေအနေနှင့် တူတော့မတူပေ။

ဆူဇီမိုသည် ကောင်းကင်သင်္ချိုင်းသုတ္တန်ကို ကျင့်ကြံထားသော်လည်း သူသည် ဤတဗူးဂမ္ဘီရကျင့်စဥ်မှာ ပုန်းလျှိုးနေသည့် မည်သည့်ပြဿနာကိုမှ ရှာမတွေ့ခဲ့ပေ။

သိုင်းတာအိုပင်မခန္ဓာသည်လည်း ကောင်းကင်သင်္ချိုင်းသုတ္တန်ကိုဖတ်ရှုခဲ့ပြီး သူသည် မည်သည့်ထူးခြားမှုကိုမှ ရှာမတွေ့ခဲ့ပေ။

သို့သော်ယခု အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာ၊ ဧကရာဇ်ပိုရွှင်းနှင့် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးတို့ ဒီဘက်မျိုးဆက်တွင် တစ်ဆက်တည်း ပြန်လည်ရှင်သန်လာခြင်းမှာ တိုက်ဆိုင်မှုတစ်ခု မဟုတ်လောက်ပေ။

အရင်တုန်းက ထိုဧကရာဇ်သုံးပါးသည် အလွန်တရာကျော်ကြားခဲ့သော ထိပ်သီးဧကရာဇ်များ ဖြစ်ခဲ့ကြသည်။

ဒီဘက်မျိုးဆက်မှာ သူတို့ပြန်လည်ရှင်သန်လာခြင်းက ဘယ်လိုရည်ရွယ်ချက်နဲ့လဲ။

အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာ၏ လက်ရှိအခြေအနေသည် ဧကရာဇ်ပိုရွှင်း ပြန်လည်ရှင်သန်ခဲ့စဥ်ကနှင့် အတော်လေးဆင်တူနေ၏။ သူတို့သည် ရုန်းကန်နေရသော အခြေအနေတစ်ရပ်မှာ ကျဆင်းပြီး သူတို့၏ စိတ်များက အလွန်တရာ မတည်မငြိမ်ဖြစ်နေသည့်အလားပင်။

အစကတော့ ဧကရာဇ်ပိုရွှင်း၏ ထိုစဥ်တုန်းက အခြေအနေသည် သူကျင့်ကြံထားသော ဗုဒ္ဓကျင့်ကြံမှုနှင့် မိစ္ဆာကျင့်ကြံမှုအကြား လွန်ဆွဲမှုတစ်ရပ်ကြောင့် ဖြစ်ပေါ်လာသည်ဟု ဆူဇီမိုက တွေးမိခဲ့၏။

သို့သော် ယခုကြည့်ရသည်မှာ အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာနှင့် ဧကရာဇ်ပိုရွှင်းတို့နှစ်ယောက်စလုံး၏ အခြေအနေမှာ နောက်ထပ်အကြောင်းအရင်းတစ်ခုရှိနေပုံရသည်။

ထိုစဥ်မှာပင် အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ့ကိုယ်သူ ​တည်ငြိမ်စေလိုက်၏။

သူက ဆူဇီမိုကိုကြည့်ပြီး ပြောလိုက်၏။

“အခုချိန်မှာ မင်းနာလည်ဦးမှာမဟုတ်တဲ့ တချို့အရာတွေရှိတယ်”

“မင်းကအခုပဲ ပြန်လည်ရှင်သန်လာခဲ့ပေမဲ့ ဒီဂူသင်္ချိုင်းထဲမှာရှိတဲ့ ကျိန်စာက ကျန်ရှိနေတုန်းပဲ... မင်းကိုယ်ထဲက ဆရာအာခံကျိန်စာကလည်း ပျောက်ကွယ်သွားဦးမှာ မဟုတ်ဘူး”

“ပြောရမယ်ဆိုရင် မင်းကကျိန်စာနှစ်ခုရဲ့ ဖိစီးနှိပ်စက်ခံရပြီး သေရဦးမှာပဲ... ဒါပေမဲ့ ဒီတစ်ခေါက်တော့ ကောင်းကင်သင်္ချိုင်းသုတ္တန်ကတောင် မင်းကိုကယ်တင်နိုင်မှာ မဟုတ်တော့ဘူး... မင်းက အမှန်တကယ်​သေသွားရလိမ့်မယ်”

တကယ်တော့... ဆူဇီမိုသည် အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာနှင့် အပြန်အလှန်စကားပြောဆိုနေစဥ် သူသည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို သန့်စင်ဆေးကြောဖို့အတွက် ငရဲကန့်သတ်မဲ့စိမ့်စမ်းရေကို အသုံးချနေ၏။

ယခု အစိမ်းရောင်ကြာပန်းအမြုတေစိတ်ဝိညာဥ်ထဲရှိ ကျိန်စာများက ​ပျက်ပြယ်သွားခဲ့ပြီဖြစ်ပြီး အဲဒါက ပုံမှန်အတိုင်းပြန်ဖြစ်လာခဲ့သည်။

ဆူဇီမိုသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို သန့်စင်ဆေးကြောရန် ငရဲကန့်သတ်မဲ့စိမ့်စမ်းကို ဆက်လက်၍လှည့်ပတ်နေ၏။

ကျိန်စာနှစ်ခုသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ အသားတစ်လက်မချင်းစီထဲသို့ ထိုးဖောက်ဝင်ရောက်နေခဲ့ပြီဖြစ်ပြီး သူတို့အားလုံးကို ကုန်စင်အောင်ဖယ်ရှားဖို့အတွက် အချိန်တချို့ယူရပေလိမ့်မည်။

အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာက ဆူဇီမိုနှင့်ပတ်သက်သည့် ထူးခြားမှုကို သတိထားမိသွားပုံရပြီး ဝေခွဲမရဖြစ်နေ၏။

သူက ညင်သာစွာ တီးတိုးရေရွတ်လိုက်၏။

“မင်းက မင်းခန္ဓာကိုယ်ထဲက ကျိန်စာနှစ်ခုကို မင်းဘာသာမင်း ဖယ်ရှားလိုက်တာလား”

ထိုသို့ပြောရင်း အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာက နာကျင်မှုမှာ နောက်တစ်ဖန်ကျဆင်းသွားသည့်အလား မျက်မှောင်ကြုတ်လိုက်၏။

သူ၏ ခန္ဓာကိုယ်ပေါ်ရှိအော်ရာက မတည်မငြိမ်ဖြစ်လာ၏။

“စီနီယာ…”

ဆူဇီမိုက ညင်သာစွာခေါ်လိုက်၏။

လက်ရှိအခြေအနေနှင့်ပတ်သက်၍ သူသည်လည်းပဲ စိုးရိမ်ကြောင့်ကြနေမိ၏။

ဧကရာဇ်ပိုရွှင်းနိုးထလာစဥ်တုန်းက ထိုသူသည် သူ့ကို မဟာအဝီစိသို့ တွန်းချခဲ့လေသည်။

ယခု အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာနိုးထလာပြီးနောက် သူက ဘာပြုလုပ်မည်ကို ဆူဇီမိုက မသိရပေ။

“ငါ့ရဲ့တာအိုဘွဲ့ကို အရုဏ်ဆည်းဆာလို့ခေါ်တယ်ဆိုတာ ငါက အချိန်တာအိုမှာ အထူးပြုလေးကျင့်ထားလို့ပဲ”

ရုတ်တရက် အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာက ပြောလိုက်၏။

“အဲဒါကို သေသေချာချာနားလည်ဆင်ခြင်... ငါ့ရဲ့တာအိုအားလုံးက ခေါင်းလောင်းသံနဲ့ ဗုံသံထဲမှာ ရှိနေတယ်”

သူ့စကားပြောလို့ ပြီးဆုံးသွားချိန်မှာပင် အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာက ရှေးဟောင်းခေါင်းလောင်းတစ်လုံးကို တီးခတ်လိုက်သည့်အလား သူ၏ လက်ကိုညင်သာစွာ လှုပ်ရှားလိုက်၏။

ခေါင်းလောင်းသံက ခပ်ဖျော့ဖျော့ထွက်ပေါ်လာပြီး အတောမသတ်ပေ။

ထိုစဥ်မှာပင် အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာက သူ၏ လက်ချောင်းများကိုခတ်ပြီး ဗုံသံကို ထွက်ပေါ်လာစေ၏။

အသံက တိုးညင်းသော်လည်း အဲဒါက သိပ်သည်းလေးလံပြီး ဖိနှိမ်နိုင်စွမ်းရှိလေသည်။

ဆူဇီမိုသည် စင်ကြယ်ခံ့ညားကောင်းကင်ဘုံ၏ လျှို့ဝှက်ကုန်းမြေမှာတုန်းက အရုဏ်ဦးခေါင်းလောင်းနှင့် ဆည်းဆာဗုံသံကို တစ်ခါတွေ့ကြုံခံစားခဲ့ဖူးသည်။

သို့သော်လည်း ထိုစဥ်တုန်းက ဓမ္မတာအိုအမွေအနှစ်ကို နှစ်ပေါင်းများစွာ ချိပ်ပိတ်ထားခဲ့လေသည်။

ယခု အဲဒါကို အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာက ကိုယ်တိုင်​ထုတ်ဖော်လိုက်သည့်အခါ ကွာခြားချက်က သိသာထင်ရှားနေ၏။

အဆက်မပြတ်ထုတ်ဖော်ထားသော ခေါင်းလောင်းသံနှင့် ဗုံသံကြားမှာ ဆူဇီမိုသည် အချိန်ကာလအပေါ် နားလည်ဆင်ခြင်မှုအသစ်များ ရရှိလာသည်ဟု ခံစားနေရ၏။

အရုဏ်ဦးခေါင်းလောင်းနှင့် ဆည်းဆာဗုံ၏ ဓမ္မတာအိုတို့က သူ၏ တဒင်္ဂအခိုက်အတန့်နှင့် လိုက်ဖက်ညီလာရုံသာမက သူတို့က တဖြည်းဖြည်းပေါင်းစည်းလာခဲ့လေသည်။

ထိုစဥ်မှာပင် ဗုံသံနှင့် ခေါင်းလောင်းသံက ရုတ်တရက် ပျောက်ကွယ်သွား၏။

အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာ၏ ခန္ဓာကိုယ်က ပြင်းထန်စွာတုန်ယင်လာပြီး သူက အသံကိုနှိမ့်ကာပြောလိုက်၏။

“လူငယ်လေး... အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ကစဉ့်ကလျားအခြေအနေတစ်ရပ် ပေါ်ထွက်လာတော့မယ်... မင်းက တတ်နိုင်သမျှဝေးဝေး ထွက်ခွာပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ တစ်ထောင့်တစ်နေရာမှာ ပုန်းကွယ်နေဖို့ ငါအကြံပေးချင်တယ်... ဒီကိစ္စမှာ လုံးဝဝင်မပါနဲ့ ... မဟုတ်ရင်တော့....”

အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာက ဆူဇီမိုကို စေတနာဖြင့် အကြံပေးနေသော်လည်း သူ၏ လေသံက မကောင်းဆိုးဝါးဆန်လာခဲ့၏။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

အတိတ်ကာလက ခေတ်တစ်ခုမှာ ကမ္ဘာတစ်ထောင်သုံးဆင့်လောကကို တိုက်ခတ်လာသည့် ကစဉ့်ကလျားအခြေ​အနေတစ်ရပ်ရှိခဲ့ပြီး မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးအပေါ် သက်ရောက်မှုရှိခဲ့သည်ဟု စာအုပ်အင်မော်တယ်ယွင်ကျူးက တစ်ခါပြောခဲ့ဖူးသည်။

ယခု အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာကိုယ်တိုင်က အဲဒါကို ထပ်မံပြောဆိုလာခဲ့လေသည်။

ဒီဘက်မျိုးဆက်မှ ဧကရာဇ်သုံးပါး၏ ပြန်လည်ရှင်သန်လာမှုသည် ဤကစဉ့်ကလျားအခြေအနေနှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေမလား။

ဒဏ္ဍာရီလာ မိစ္ဆာအရှင်က ဒီဘက်မျိုးဆက်မှာ ပြန်လည်ပေါ်ထွက်လာတော့မှာလား။

မိစ္ဆာအရှင်က ဘယ်သူလဲ။ သူက ဘယ်နေရာကနေ ရောက်လာတာလဲ။

“သွားတော့ မြန်မြန်... မြန်မြန်”

အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာ၏ အမူအရာက သုန်မှုန်တည်တံ့လာခဲ့၏။ ရုတ်တရက်သူက သူ၏ လက်ကိုဝေ့ယမ်းပြီး ဆူဇီမိုကို အလောတကြီးထွက်ခွာခိုင်းနေ၏။

ဆူဇီမိုက သူ၏ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်၏။

ယခုအချိန်မှာ သူသည် ဧကရာဂူသင်္ချိုင်းထဲမှာ ရောက်ရှိနေ၏။ သူ၏ နည်းလမ်းများအရ သူသည် လေဟာနယ်ကိုဆုတ်ဖြဲပြီး ထွက်ခွာသွားနိုင်ခြင်း မရှိပေ။

ရုတ်တရက် အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာက ဆူဇီမို၏ ဘေးမှာရှိသော လေဟာနယ်ကို တိုက်ခိုက်ကာ ဆုတ်ဖြဲလိုက်၏။

သိပ်သည်းပြင်းထန်သော စုပ်ယူအားတစ်ရပ်က ဆူဇီမိုကို အထဲသို့ ဆွဲယူသွင်းလိုက်လေသည်။

နောက်ခဏ၌ ဆူဇီမိုက ဧကရာဇ်ဂူသင်္ချိုင်းထဲကနေ ပျောက်ကွယ်သွား၏။

နောက်ဆုံး သူတွေ့မြင်ခဲ့ရသည်မှာ အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာက ရုန်းကန်ခြင်းနှင့် တုန်ယင်နေခြင်း ဆက်လက်၍မရှိတော့ပေ။ သူက တည်ငြိမ်လာခဲ့ပြီဖြစ်ပြီး သူ၏ ခေါင်းကိုမော့ကာ အေးစက်နေသောအကြည့်ဖြင့် ဆူဇီမိုကို မှင်သေသေဖြင့်စိုက်ကြည့်နေ၏။

အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာသည် ထိုအခိုက်အတန့်မှာ အခြားသောလူတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီကို ဆူဇီမိုက ခပ်ရေးရေးအာရုံခံမိလိုက်၏။

အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာကလည်း ထိုကဲ့သို့ ဖြစ်လာမည်ကို ကြိုတွက်ထားပုံရလေသည်။ ထို့ကြောင့်ပင် သူက သူ၏ အချိန်တာအိုကို အလျင်အမြန်ပို့ချပြီး သူ့ကို ဧကရာဇ်ဂူသင်္ချိုင်းထဲကနေ ထုတ်ပေးလိုက်ခြင်းဖြစ်လေသည်။

ဆူဇီမိုသည် အာကာသဥမင်ထဲရှိ လေဟာနယ်စီးကြောင်းထဲမှာ မျောပါသွားလေသည်။ သူက မူးဝေထုံထိုင်းနေပြီး သူဘယ်နေရာကို ရောက်ရှိနေသည်ကို မသိရှိတော့ပေ။

သူ၏ ခွန်အားအရ သူသည် သူဆင်းသက်မည့်နေရာကို လုံးဝထိန်းချုပ်နိုင်ခြင်း မရှိပေ။

သူသည် အာကာသ​ဆုံမှတ်တစ်ခုကိုသာ စောင့်မျှော်ပြီး ထွက်ပြေးနိုင်မည့်အခွင့်အလမ်းတစ်ရပ်ကို ဖမ်းဆုပ်ရမည်ဖြစ်လေသည်။

တစ်နည်းအားဖြင့်ဆိုသော် သူသည် ကျယ်ပြောလှသော အထက်ဘုံလောကမှာ မည်သည့်နေရာသို့ ရောက်ရှိသွားမည်ကို မသိရပေ။

တကယ်ဆို သူသည် ကံဆိုးမည်ဆိုလျှင် ကောင်းကင်ဘုံကမ္ဘာသို့ နောက်တစ်ဖန်ဆင်းသက်ရောက်ရှိသွားနိုင်၏။

မသိလိုက်မသိဘာသာ အချိန်တစ်ခုကြာသွားပြီးနောက် ရှေ့တည့်တည့် အာကာသဥမင်ထဲရှိ အာကာသဆုံမှတ်တစ်ခုမှာ ဓမ္မတာအိုအတက်အကျတစ်ခုက ဖြန့်ကြက်ထွက်ပေါ်လာသည်။

“ဟမ်...”

ဆူဇီမိုသည် ဓမ္မတာအိုအတက်အကျကို အာရုံခံမိသောအခါ သူ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုနှင့် ထူးဆန်းမှုအကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။

အဲဒါသည် သိုင်းတာအို၏ အော်ရာဖြစ်သည်။

သူသည် လေဟာနယ်ထဲမှာ လွင့်မျောနေပြီး ကျယ်ပြောလှသော အထက်ဘုံလောကမှာ သိုင်းတာအို၏ အော်ရာကို အမှန်တကယ်အာရုံခံမိလိုက်လေသည်။

တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဆူဇီမိုက သူ၏ အစွမ်းကုန်ကို ထုတ်ဖော်ပြီး အာကာသဆုံမှတ်ကို ဖြတ်ကျော်လိုက်၏။

ရွှစ်...

သူ၏ မြင်ကွင်းက လင်းလက်သွားပြီး မရေမတွက်နိုင်သောကြယ်များက သူ၏ ဘေးပတ်လည်မှာ လွင့်မျောနေသည်ကို တွေ့လိုက်ရသည်။

ဆူဇီမိုသည် အထက်ဘုံလောက၏ ကြယ်တာရာကောင်းကင်ထဲ ရောက်ရှိလာ၏။ ဤနေရာမှာရှိသော ပတ်ဝန်းကျင်နှင့်အော်ရာက အလွန်တရာစိမ်းသက်နေပြီး အဲဒါသည် ကောင်းကင်ဘုံကမ္ဘာနှင့် အတော်ဝေးဝေးကို ရောက်ရှိနေလောက်လေပြီ။

သူက လှည့်ပတ်ကြည့်ရှုလိုက်၏။

ရှေ့တည့်တည့်ကြယ်တာရာကောင်းကင်၏ အဆုံးမှာ သူသည် တိမ်စိုင်များကြားထိ ထိုးထွက်နေသော ဧရာမတောင်တစ်လုံးကို တွေ့မြင်လိုက်ရ၏။ ၎င်းသည် ကြယ်တာရာကောင်းကင်ထဲမှာ ပေါ်ထွက်နေပြီး အလွန်တရာထက်ရှသာ အော်ရာတစ်ခုကို ထုတ်ဖော်ထားလေသည်။

ကီလိုမီတာထောင်ချီကွာဝေးနေလျှင်တောင် ဆူဇီမိုသည် ထိုတောင်ထွတ်ကနေ ထုတ်ဖော်ထားသည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို အာရုံခံမိနိုင်ဆဲဖြစ်သည်။

စပ်ကြားစပ်ကြား ဓားအမှတ်အသားများကို သူ၏ ဘေးပတ်လည်ရှိ ကြယ်များပေါ်တွင် သူက ရှင်းရှင်းလင်းလင်းတွေ့မြင်နေရသည်။

All Chapters