ချင်းရွှမ်ဂိုဏ်းခေါင်းဆောင် သတိထားမိခြင်း
Vol. 2 Ch. 16
လျှိုယွမ်ဖုန်၊ အကြီးအကဲ (၂) ဦး၊ ကျန်းဝေ့ဟူနှင့် လျှိုဖေးတို့အားလုံး တောက်ပနေသည့်ကြယ်ပွင့်အား ငေးနေကြသည်။
အထူးသဖြင့် လျှိုဖေးမှာ ရင်ထဲကို ပျားရည်လောင်းချလိုက်သကဲ့သို့ ချိုမြိန်နေ၏။
သူ စဝင်လာတည်းက ထိုကဲ့သို့ အောင်မြင်မည့် လူငယ်လေးမှန်း သိနေခဲ့သည်။
ယခုတော့ သူ့ရွေးချယ်မှုအတွက် သက်သေပြနိုင်လေပြီ။
“ဒါ ဘယ်လိုတည်ဆောက်ပုံမျိုးလဲ။ တစ်ခါမှတောင် မတွေ့ဖူးဘူး”
အကြီးအကဲတစ်ဦးမှ ဆို၏။
“ငါလည်း မတွေ့ဖူးဘူး။ ငါပဲ ဗဟုသုတ အားနည်းတာလား…”
ဘေးမှ အကြီးအကဲလည်း ခေါင်းကုတ်၍ ရေရွတ်မိသည်။
“ငါတော့ တွေ့ဖူးသလိုပဲ”
အရပ်ရှည်ရှည် အကြီးအကဲမှ ရုတ်တရက် ထအော်၏။
လျှိုယွမ်ဖုန်လည်း စိတ်လှုပ်ရှားလျက်
“ဘာများလဲ။ မြန်မြန် ပြောစမ်းပါ”
“အလယ်အဆင့် မြေဓာတ်ခန္ဓာကိုယ်ပဲ။ မီးတိုက်ပွဲ ခန္ဓာကိုယ်”
“မီးနဲ့ ပတ်သက်တဲ့ ကျင့်စဉ်တွေ၊ သိုင်းတွေကို ကျင့်ကြံတဲ့သူက တခြားသူတွေထက် ပိုမြန်မြန် အဆင့်မြင့်နိုင်တယ်လေ”
လျှိုယွမ်ဖုန် စိတ်လှုပ်ရှားလွန်း၍ တုန်ရီနေ၏။
“ဖေး အရမ်း အံ့ဩစရာကောင်းတာပဲ။ တကယ် ထူးဆန်းတယ်”
လျှိုဖေး၏ မျက်နှာလေးမှာ ဂုဏ်ယူမှု၊ ပျော်ရွှင်မှုများ ရောနေ၏။
ထိုထူးချွန်သော လူငယ်လေးမှာ သူ့ချစ်သူ ဖြစ်နေသည်။
ရှောင်းဖန် မျက်လုံးဖွင့်၍ မြေပြင်ပေါ် ပြန်လည် ဆင်းသက်လာသည်။
လျှိုဖေးမှ ဝတ်ရုံယူ၍ အမြန်သွားခြုံပေးလိုက်သည်။
“ဘယ်လို တည်ဆောက်ပုံပါလိမ့်”
ရှောင်းဖန် ခပ်တိုးတိုး ရေရွတ်မိသည်။
“အလယ်အဆင့် မြေဓာတ် မီးတိုက်ပွဲ ခန္ဓာကိုယ်လေ။ အဖေရော တခြားအကြီးအကဲတွေပါ အရမ်း သဘောကျနေကြတယ်”
လျှိုဖေး ပျော်ရွှင်မှုကို မထိန်းချုပ်နိုင်ပေ။
လျှိုယွမ်ဖုန်လည်း အနားရောက်လာပြီး
“တော်လိုက်တာ။ မင်း ငါ့တပည့်အဖြစ် လက်ခံမလား”
ရှောင်းဖန်မှာ ဉာဏ်ထက်မြက်သူပီပီ ချက်ချင်း ဒူးတစ်ဖက်ထောက်၍ ရိုသေစွာ ပြော၏။
“မင်္ဂလာပါ ဆရာ”
“ဟားဟားဟား ကောင်းပြီ။ ငါနဲ့ လိုက်ခဲ့ကွာ။ ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ သီးသန့်တပည့်ပဲ”
“ဒီနေ့ မင်းကို မီးတောက်ကျင့်စဉ် လွှဲပေးမယ်။ မင်းရဲ့ ခန္ဓာကိုယ်နဲ့ဆို ကျင့်ကြံဖို့ ကွက်တိပဲ”
လျှိုယွမ်ဖုန်မှာ ရှောင်းဖန်လက်ကို ဆုပ်ကိုင်ရင်း အလွန် ကျေနပ်နေမိသည်။
ချင်းရွှမ်ဂိုဏ်းထဲတွင် ထိုကဲ့သို့ ထူးချွန်သူမှာ ရှားပါးလွန်းသည်။
အားလုံး ရှောင်းဖန်၏ ကျင့်ကြံမှုကို ဆက်ကြည့်၍ ပြန်ရန် ပြင်နေစဉ် ဆေးကန်မှာ တုန်ခါလာပြန်သည်။
ယခုတစ်ခါတွင်တော့ ရှန်မို၏ တတိယကန်မှ ဖြစ်သည်။
အကြီးအကဲများ တန့်သွားကာ လှည့်ကြည့်ကြ၏။
“တတိယကန်က… ဆူပွက်လာပြန်ပြီ။ ဒီတပည့်လည်း ခန္ဓာကိုယ်နိုးထလာပြီ”
“ဘယ်လို ဖြစ်မှာပါလိမ့်။ တစ်ချက်ကြည့်ရုံနဲ့ သိမ်မွေ့နက်နဲခြင်းအဆင့် ရှိလောက်တယ်”
“တကယ်သာဆို အနည်းဆုံး ခြေတည်အဆင့် ထိပ်ဆုံးအထိ ရောက်နိုင်တာပေါ့”
“သူ့နာမည် သိကြလား”
အကြီးအကဲများ စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသည်။
“မှတ်မိပြီ ထင်တယ်။ အရင်က အပြင်ဂိုဏ်းမှာ ထိပ်တန်းတပည့် ဖြစ်ဖူးပေမဲ့ အဆိပ်မိပြီး ကျင့်ကြံမှု ပျက်စီးသွားတာလေ။ ဒီလို ပြန်ကောင်းမွန်ပြီး ကျင့်ကြံနိုင်မယ်လို့ မထင်ထားဘူး”
အကြီးအကဲတစ်ဦးမှ လန့်ဖျပ်ကာ ပြောသည်။
“ငါလည်း မှတ်မိပြီ။ သူ့နာမည်က… ရှန်မိုဆိုလား”
အကြီးအကဲ အမျိုးသမီးမှ ဆိုသည်။
လွန်ခဲ့သောတစ်နှစ်က သူကိုယ်တိုင် ထိုအမှုကို ကိုင်တွယ်ခဲ့ပြီး ထိုအချိန်ကတော့ အားလုံး စိတ်ဝင်စားကြသော်လည်း တရားခံကို မမိခဲ့ပေ။
ယခု တစ်နှစ်အကြာတွင် လူငယ်လေးမှာ အခြေခံပြန်တည်ဆောက်၍ ကျင့်ကြံနိုင်နေလေပြီ
ရှောင်းဖန်လည်း အံ့ဩကာ တွေးမိ၏။
“ရှန်မိုလည်း ခန္ဓာကိုယ်တည်ဆောက်ပုံ နိုးထလာပေမဲ့ ငါ့ကိုတော့ မှီမှာ မဟုတ်ပါဘူး”
ဂျစ် ဂျစ် ဂျစ်!
တတိယကန်ထဲမှ မီးတောက်များ ရုတ်တရက် ပေါ်လာသည်။
ဘုံး!
တိမ်ယံများကို စုတ်ဖြဲတော့မလို ကောင်းကင်ယံအထိ လျှံတက်ကာ (၁၀) မိုင်ပတ်လည်အထိ တွေ့ရလောက်၏။
ချင်းရွှမ်ဂိုဏ်းမှ အပြင်ဂိုဏ်း၊ အတွင်းဂိုဏ်းတပည့်များမှာ ဘာဖြစ်နေမှန်း မသိသော်လည်း ထိုအခြေအနေကို ငေးကြည့်နေကြသည်။
အပူရှိန်မှာ ဘေးမှရေကန်များအထိ ကူးစပ်လာ၍ တပည့်များ အမြန် ပြေးရလေသည်။
ဆေးရည်များလည်း အငွေ့ပျံကုန်ပြီး ရှောင်ဖန်လည်း မှင်တက်၍ ကြည့်နေ၏။
လျှိုယွမ်ဖုန်နှင့် အခြားအကြီးအကဲများလည်း စွံ့အနေကြသည်။
အရပ်ရှည်ရှည်နှင့် အကြီးအကဲမှ
“ဒီလိုအခြေအနေမျိုးက ကောင်းကင်အဆင့် ခန္ဓာကိုယ်ပဲ ဖြစ်မယ်”
ဝူး!
လေညင်းနှင့်အတူ အခြားအကြီးအကဲများပါ သတိထားမိပြီး ရောက်လာသည်။
ချောမောလှပသည့် အမျိုးသမီးတစ်ဦးမှာ အပြာရောင်ပိုးသားဂါဝန်ကို ဝတ်ဆင်လျက် မြေပြင်ပေါ် ဖြည်းညင်းစွာ သက်ဆင်းလာ၏။
ဂါဝန်မှာ ခန္ဓာကိုယ်တွင် အကြပ်ဖြစ်၍ ကောက်ကြောင်းအလှများ ထင်ရှားနေ၏။
အမူအရာမှာတော့ အေးစက်၍ မာနကြီးပြီး မပျော်နိုင်သည့် ရေခဲတောင်နှင့် တူသည်။
ထို မိန်းမချောပေါ်လာသည်နှင့် အကြီးအကဲများမှာ တလေးတစား နှုတ်ဆက်ကြလေ၏။
“မင်္ဂလာပါ ဂိုဏ်းခေါင်းဆောင်မူယုံး”
လျှိုယွမ်ဖုန် မျက်လုံးအရောင်လက်၍ အမျိုးသမီး အရှိန်အဝါများကို ကြည့်နေသည်။
“ဂိုဏ်းခေါင်းဆောင် အခန်းပိတ်ကျင့်ကြံခြင်းက (၁၀) နှစ်တောင် ကြာနေပြီကို။ ဘာလို့ ရုတ်တရက် ရောက်လာတာလဲ”
သူ အံ့ဩစွာ မေးမိသည်။
အမျိုးသမီးမှာ မာနနှင့် ပျော်ရွှင်မှု ပေါင်းစပ်နေသော အမူအရာဖြင့်
“ကောင်းကင်အဆင့် တည်ဆောက်ပုံ ပေါ်လာတာကို။ ဘယ်လိုလုပ် မလာဘဲနေမလဲ”
“အဲ့တာဆို တကယ်ပေါ့”
အားလုံးမှင်တက်နေစဉ် အငွေ့များကြားမှ ရှန်မို ပေါ်လာသည်။
မီးတောက်များမှာ သူ့အဝတ်အစားများအား ကျွမ်းလောင်ထားသောကြောင့် ခန္ဓာကိုယ်အတိုင်း တွေ့နေရသည်။
ကျောက်ရူ ခပ်လှမ်းလှမ်းမှ ငေးကြည့်ရင်း မျက်လုံးပြူးလာသည်။
“ဒီ ဒီ ကြွက်သားတွေ…”
မိန်းမချောမှာ စိတ်လှုပ်ရှားလျက်
“ထိပ်တန်း ကောင်းကင်အဆင့် နေမီးတောက် ခန္ဓာကိုယ်ပဲ”
အကြီးအကဲများလည်း ဝမ်းသာနေကြ၏။
အမျိုးသမီးမှ
“သူ့နာမည် ဘယ်သူလဲ”
ထိုအခါ ကျန်းဝေ့ဟူ အမြန်ဝင်ဖြေလေသည်။
“သူက ရှန်မိုပါ ခေါင်းဆောင်”
“ကောင်းပြီ။ ဒါကို အားလုံး လျှို့ဝှက်ထားကြ။ ပေါက်ကြားစေတဲ့သူကို သစ္စာဖောက်အဖြစ် သတ်မှတ်ပြီး သတ်ပစ်မယ်”
“ဟုတ်ကဲ့ပါ”
အကြီးအကဲများနှင့် တပည့်များမှာ အမြန်ဦးညွှတ်၍ နားထောင်ကြ၏။
အရင်တစ်ခါလို အဖြစ်အပျက်မျိုး ထပ်အဖြစ်ခံ၍ မဖြစ်သောကြောင့်ပင်။
အမျိုးသမီးမှာ ခေါင်းတငြိမ့်ငြိမ့်ဖြင့်
“နောက်ပြီး ဒီနေ့ကစပြီး ရှန်မိုက ငါ့ရဲ့ သီးသန့်တပည့်ပဲ။ အကြီးအကဲတွေ အားလုံး ဂိုဏ်းအစည်းအဝေးခန်းမကို လိုက်ခဲ့ကြ။ သူ့ကို ချင်းရွှမ်ဂိုဏ်းရဲ့ (၅) ယောက်မြောက် တပည့်အစစ်အဖြစ် ကြေညာမယ်”
အကြီးအကဲများ အချင်းချင်းကြည့်နေမိ၏။
အချို့လည်း တွေဝေမနေဘဲ လိုက်သွားကြသည်။
ရှောင်ဖန်မှာတော့ နှုတ်ခမ်းကိုကိုက်လျက် မနာလိုလျက် ရှိလေ၏။
ယနေ့အတွက် သူသာလျှင် အတောက်ပဆုံး ဖြစ်ရမည်ကို မထင်မှတ်စွာဖြင့် ရှန်မိုသည် အာရုံစိုက်မှုများကို လုယူသွားသည်။
လျှိုဖေးလည်း သူ့အမူအရာကို သတိထားမိကာ အမြန် သွားချော့၏။
“အစ်ကိုရှောင်းဖန် စိတ်မပူပါနဲ့။ ကျွန်မအတွက်တော့ အစ်ကိုက အတော်ဆုံးပါ။ နောက်ပြီး ရှန်မိုက အခြေခံ ပျက်စီးဖူးတယ်လေ။ အခု ပြန်ကျင့်ကြံနိုင်ရင်တောင် အစ်ကို့လောက် မြန်မြန် အဆင့်တက်မှာ မဟုတ်ဘူး”
ရှောင်ဖန် စိတ်အခြေအနေ ပြန်ကောင်းလာပြီး
“ဖေးပြောတာ မှန်တယ်။ သူ့ကို မနာလိုနေစရာ အကြောင်းမရှိဘူး။ ငါက တကယ့်ပါရမီရှင်ပဲကို”
ထို့နောက် နှစ်ယောက်သား ပြန်လာခဲ့ကြလေသည်။