လျှိုယွန်းရွှမ်နှင့် တွေ့ဆုံခြင်း
Vol. 2 Ch. 20
အနီးအနားတွင် အတွင်းဂိုဏ်းတပည့် (၃) ဦးတို့ စိတ်တက်ကြွစွာ လျှောက်လာကြသည်ကို တွေ့ရသည်။
“ငရဲမီးတောက်အင်မော်တယ်လိုဏ်ဂူက ချင်ကန်တောင်မှာ ရှိတယ်လို့ ကြားဖူးတယ်။ ငါသာ အဲ့ကျင့်စဉ်ကိုရရင် တစ်ဘဝလုံး အေးဆေးပဲ”
“စိတ်လျှော့စမ်းပါ။ တခြားထူးချွန်တဲ့သူတွေ ဒီလောက် နှစ်တွေရာနဲ့ချီပြီး ရှာနေတာတောင် မတွေ့တာ။ မင်းလို ဘာမဟုတ်တဲ့ သာမာန် ချီစုစည်းခြင်း အောင်မြင်မှုငယ်အဆင့်နဲ့ ကျင့်ကြံသူက ရှာနိုင်မယ် ထင်နေလား”
“ဟုတ်ပါ့။ အဲ့တာက ကောင်းကင်အဆင့် ကျင့်စဉ်ဆိုတော့ ခေါင်းဆောင်ရော၊ လက်ထောက်ခေါင်းဆောင်ရော တခြားအကြီးအကဲတွေပါ လျှို့ဝှက် ရှာဖွေဖူးတယ်တဲ့။ ဒါပေမဲ့ ဘာသတင်းမှ မကြားတော့ အဲ့တာ မတွေ့ခဲ့လို့ပေါ့”
“ဘယ်သူများ ကံကောင်းပြီး တွေ့သွားမလဲ မသိဘူး”
(၃) ယောက်သား တာဝန်ကိုယ်စီ ခွဲဝေပြီးနောက် ထွက်သွားကြ၏။ ရင်ထဲတွင်တော့ ထိုကျင့်စဉ်ကိုသာ အိပ်မက်မက်နေကြသည်။
ရှန်မို စိတ်ထဲမှ ရေရွတ်လိုက်မိ၏။
“မင်းတို့ အချိန်တွေ ဖြုန်းနေတာပဲ”
ကျင့်စဉ်မှာ သူ့လက်ထဲတွင် ရှိနေပြီဖြစ်သော်လည်း ထုတ်မပြောနိုင်ပေ။ မဟုတ်လျှင် မူယုံးယွဲ့မှ အရင်ဆုံး ဖိအားပေး၍ ယူသွားမည် ဖြစ်၏။
ရှန်မို ကျောက်ပြားပေါ်မှ စာများကိုဖတ်ရင်း နောက်ဆုံးတော့ ပစ်မှတ် ရှာတွေ့သွားသည်။
“ကြယ် (၄) ပွင့်တာဝန်: စပါးကြီးမြွေစိမ်းကို သတ်ပါ။ ဆုလာဘ်: အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး (၃၀)”
“ကြယ် (၃) ပွင့်တာဝန်: သံမဏိသစ်မြို့တွင် ဖျက်ဆီးနေသော လေနက်လူဆိုးဂိုဏ်းကို ရှင်းလင်းပါ။ ဆုလာဘ်: အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၂၀)”
တာဝန်ဘေးတွင်ပါသော ကြယ်ပွင့်မှာ ခက်ခဲမှုအခြေအနေ ဖြစ်၏။
ခန္ဓာကိုယ်ထိန်းညှိခြင်းအဆင့် ကျင့်ကြံသူများအတွက် တာဝန်သည် ကြယ် (၁) ပွင့်၊ (၂) ပွင့်သာ ဖြစ်လေသည်။
ချီစုစည်းခြင်းအဆင့်အတွက်မူ ကြယ် (၄) ပွင့်အထိ ထမ်းဆောင်နိုင်ပြီး ပိုခက်ခဲသည့်တာဝန်များမှာ အဆင့်မြင့်များအတွက် ဖြစ်သည်။
“သံမဏိသစ်မြို့… ငါတစ်ခါမှ မရောက်ဖူးဘူးပဲ”
ရှန်မို ဒုတိယထပ်မှ တာဝန်ကိစ္စပြောရန် ကောင်တာသို့သွားလေ၏။
ကောင်တာတွင် မျက်နှာဝိုင်းဝိုင်း၊ အမူအရာတည်တည်နှင့် ချီစုစည်းခြင်းအဆင့် ထိပ်ဆုံး အမျိုးသမီးတစ်ဦး ထိုင်နေသည်။
ရှန်မို စားပွဲကို လက်ဖြင့် ခေါက်လိုက်၏။
“စီနီယာအစ်မ ကျွန်တော် ဂိုဏ်းပတ်ဝန်းကျင်ရဲ့ မြေပုံ လိုချင်လို့ပါ”
အမျိုးသမီးမှာ သူ့ကိုမော့ကြည့်၍ အံဆွဲထဲမှ မြေပုံကို ထုတ်ပေးလိုက်ပြီး
“အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၃) ခု”
ရှန်မိုခေါင်းငြိမ့်ပြ၍ ထုတ်ပေးလိုက်သည်။
အမျိုးသမီးကြီးမှာ အခြားသူများကဲ့သို့ ပိုမတောင်းဟုလည်း မှတ်ချက်ပေးမိ၏။
“စပါးကြီးမြွေစိမ်းက ချိုင့်ဝှမ်းထဲမှာ ရှိပြီး လေနက်လူဆိုးဂိုဏ်းကတော့ သံမဏိမြို့နားမှာ။ ရပြီ။ မြွေအရင်ဖမ်းပြီးမှ အပြန် မြို့ထဲဝင်လိုက်မယ်”
ရှန်မို တစ်ယောက်တည်း ဆုံးဖြတ်ပြီးလိုက်သည်။
“ဒါပေမဲ့ အရင်ဆုံး အင်အားဖြည့်ရဦးမယ်”
ငရဲမီးတောက် ဖျက်စီးခြင်းကျင့်စဉ် ရထားသော်လည်း သူ မကျင့်ကြံရသေးပေ။
ထို့နောက် သူ့အဆောင်သို့ပြန်၍ တံခါးပိတ်ကာ သော့ပါခတ်ထားလိုက်သည်။ ပြီးမှ ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်၍ စကျင့်ကြံတော့၏။
ကျင့်စဉ်မှာ အသက်ပုံမှန်ရှူရင်း စိတ်ဝိညာဉ်စွမ်းအင်များ စုပ်ယူကာ ခန္ဓာကိုယ်အင်အားအဖြစ် ပြောင်းလဲရသည်။
ကျင့်စဉ်အဆင့်မြင့်လေ ပြောင်းလဲမှုမြန်လေ ဖြစ်သည်။
ရှန်မို သိုလှောင်လက်စွပ်ထဲမှ ချီစုစည်းခြင်းအဆင့် ဆေး (၂) ပုလင်းထုတ်ကာ တစ်ကျိုက်တည်း မော့သောက်ချလိုက်သည်။
ထိုအခါ ငရဲမီးတောက် ဖျက်ဆီးခြင်းကျင့်စဉ်နှင့် ပေါင်းစပ်မိပြီး စိတ်ဝိညာဉ်စွမ်းအင်များ လျင်မြန်စွာ တိုးတက်လာသည်။
(၂) နာရီဝန်းကျင်အကြာတွင် ချီစုစည်းခြင်းအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်သွားတော့၏။
ထိပ်ဆုံးရောက်ရှိရန် သိပ်မလိုတော့ပေ။
ရှန်မို ရုတ်တရက် မျက်လုံးပြန်ပွင့်လာပြီး အံ့ဩနေ၏။
“ကောင်းကင်အဆင့် ကျင့်စဉ်ဆိုတဲ့အတိုင်းပဲ။ အဆင့်မြန်မြန် တက်သွားပြီပဲ”
ငရဲမီးတောက် ဖျက်စီးခြင်းကျင့်စဉ်တွင် အဆင့် (၆) ခုရှိပြီး ပထမအဆင့်ကို နားလည်ပြီးလျှင် ခြေတည်အဆင့်သို့ တက်နိုင်ကာ တဖြည်းဖြည်း တစ်ဆင့်ချင်းတိုး၍ နောက်ဆုံး အဆင့် (၆) ကို နားလည်ပြီးလျှင် ခြေတည်ဝိညာဉ်အဆင့် ထိပ်ဆုံးသို့ ရောက်ရှိနိုင်ပါသည်။
ရှန်မိုတစ်ယောက် နောက်ထပ်အဆင့်တက်နိုင်လောက်အောင် နားလည်မည့်အချိန်ကို မျှော်လင့်နေမိသည်။
ထို့နောက် မတ်တပ်ထရပ်၍ မိုးကြိုးဓားဖြင့် မိုးကြိုးအရိပ်ဓားသိုင်းအား ကျင့်ကြံလေ၏။
ဇွက် ဇွစ် ဝှစ်!
ခြံလေးထဲတွင် ဓားဝှေ့ယမ်းသံများ ကြားရသည်။
အချက်တိုင်းမှာ အင်အားကြီး၍ စိတ်ဝိညာဉ်စွမ်းအင်များ ပျံ့နှံ့နေသည်။
ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူပင် ရှန်မို၏ ဓားချက်ကို (၃) ချက်ထက် ပိုခံနိုင်ရည်ရှိမည် မဟုတ်ပါ။
ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကျေနပ်နေ၏။
“အခုတော့ သွားရတော့မယ်”
…
ရှန်မိုမှာ အစိမ်းရင့်ရောင် အတွင်းဂိုဏ်းတပည့် ဝတ်ရုံကို ဝတ်ဆင်လျက် မိုးကြိုးဓားကို ထည့်ကာ တစ်ယောက်တည်း စပါးကြီးမြွေစိမ်းရှိရာ ချိုင့်ဝှမ်းသို့ ထွက်လာခဲ့သည်။
ဝေးလေလေ တပည့်များကို မတွေ့ရတော့ဘဲ လူခြေနည်းလာ၏။
ချင်းကန်တောင်မှာ ကျယ်ပြန့်၍ ကြီးမားပြီး အချို့ချိုင့်ဝှမ်းများမှာ ဂိုဏ်း၏ ထိန်းချုပ်မှုအောက်ပင် မရှိပေ။
ရှန်မို တောအုပ်နက်နက်ထဲ ရောက်လာပြီး တစ်နေရာတွင် ရုတ်တရက် သွေးနံ့ရလိုက်၏။
ထို့နောက် သားကောင်ကြီး၏ အော်သံကို ကြားရပြီး သွေးနံ့ရှိရာသို့ အမြန်သွားလေသည်။
မကြာမိ ဒဏ်ရာရ၍ သေခါနီး သားကောင်ကြီးကို တွေ့ရ၏။
သားကောင်မှာ ကြီး၍ (၃) မီတာခန့်ရှည်ပြီး နှင်းကဲ့သို့ ဖြူစွတ်နေသည်။
ခန္ဓာကိုယ်တွင် ဓားရာများပွလျက် အဆင့်မြင့် ကျင့်ကြံသူတစ်ဦးလက်ချက်ဟု သိသာသည်။
သူ အနီးကပ်သွားသောအခါ ဖိအားတစ်ခု ခံစားရ၏။
“ဒီအရွယ်အစား၊ ဒီလိုဖိအားက တတိယအဆင့် သားကောင်ပဲ ဖြစ်ရမယ်”
ရှန်မို အလွန်ပျော်ရွှင်နေမိသည်။
တတိယအဆင့်သားကောင်မှာ ခြေတည်အဆင့် ကျင့်ကြံသူနှင့် ညီမျှ၏။
ဒီလောက် ကံကောင်းတာလား။
သူ့ကံကြမ္မာစနစ်ကို ပြန်စစ်ကြည့်လိုက်သည်။
“ငါ့မှာ ဒီလိုမှတ်တမ်းမျိုး မရှိဘူးပဲ”
ရှန်မို ရုတ်တရက် နားမလည်နိုင် ဖြစ်သွားသည်။
သူ ခဏစဉ်းစားနေပြီးနောက် သားကောင်၏ မိစ္ဆာအမြုတေကို ထုတ်ရန် ပြင်လိုက်သည်။
ဤသို့ အလကားရသည့်လက်ဆောင်ကို ငြင်းလျှင် အရူးပင် ဖြစ်လိမ့်မည်။
အမှန်ပင် မိစ္ဆာအမြုတေကို တွေ့ရ၏။
အမြုတေသည် လက်သီးဆုပ်မျှကြီး၍ ကျောက်မျက်ကဲ့သို့ ကြည်လင်တောက်ပသည်။
စိတ်ဝိညာဉ်စွမ်းအင်များမှာမူ သိသိသာသာ ကြွယ်ဝလေ၏။
သို့သော် အင်အားကြီးလွန်းသောကြောင့် ချီစုစည်းခြင်း ကျင့်ကြံသူအတွက် စုပ်ယူရန် ခက်ခဲမည်။
အတင်းအကြပ် ကြိုးစားပါက ပေါက်ကွဲသည်အထိ ဖြစ်နိုင်၏။
သူ တွေးတောနေစဉ် အနောက်ဘက်မှ အေးစက်စက် အသံတစ်ခု ကြားရ၏။
“မိစ္ဆာအမြုတေ ငါ့ကို ပေးစမ်း”
ရှန်မိုလန့်၍ လှည့်ကြည့်လိုက်သောအခါ အရပ်ရှည်ရှည်၊ ရုပ်ချောချောနှင့် လူငယ်လေးကို တွေ့ရလေသည်။
တစ်ချက်ကြည့်ရုံဖြင့် အဆင့်တစ်ခုရှိမှန်း သိသာ၏။
“ငါပြောနေတာ မကြားဘူးလား။ အခုပေးလို့”
လူငယ်လေးမှာ မျက်မှောင်ကြုတ်၍ ထပ်ပြော၏။
“မင်းက ဘယ်သူလဲ”
ရှန်မိုလည်း ပြန်မေးလိုက်သည်။
“မင်းက ချင်းရွှမ်ဂိုဏ်းကဖြစ်ပြီး ငါ့ကို မသိဘူးလား။ ငါက လျှိုယွန်းရွှမ်ပဲ”
ရှန်မို အံ့ဩသွား၏။
“ဒီလူကိုး”
(၄) ယောက်မြောက် တပည့်အစစ် ပီသပါပေသည်။
“စီနီယာလျှို ကျွန်တော် ဒီသားကောင်အသေကို တွေ့ထားတာ။ အမြုတေလည်း ကျွန်တော် ပိုင်တယ်”
ရှန်မို ဦးညွှတ်၍ လေးလေးစားစား ပြောလိုက်သည်။ သူတို့ချင်း အဆင့်မတူ၍ ပြဿနာဖြစ်လျှင် မသက်သာပေ။