လျှိုယွန်းရွှမ်၏ အခွင့်အရေး
Vol. 2 Ch. 21
လျှိုယွန်းရွှမ် နှာခေါင်းရှုံ့၍
“မဖြစ်နိုင်တာ။ ငါ ဒီသားကောင်ရဖို့ တောထဲမှာ လိုက်ခဲ့ရတာ ကြာလှပြီ။ သေခါနီးမှာ ပြန်တိုက်ခိုက်လို့ ခဏလွတ်သွားတာ”
“သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကလည်း ငါလုပ်ထားတာပဲ။ အဲ့တာကို အလွယ်လေး ယူလို့ရမလား”
ရှန်မိုမှာ လျှိုယွန်းရွှမ်ခါးမှ ဓားကို လှမ်းကြည့်မိပြီး ရေခဲကဲ့သို့ အေးစက်စက်အရှိန်အဝါများကို ခံစားရသည်။ သို့သော် သားကောင်၏ ဓားဒဏ်ရာများမှာ မီးလောင်ထားသလို ဖြစ်၏။
သူ ခဏတိတ်ဆိတ်နေသည်။
အာ ဟုတ်သားပဲ။ ဒီသားကောင်ကို လိုက်နေတာ ကြာပြီလို့ ပြောတယ်နော်။
“ကျွန်တော် မှားသွားပါတယ်။ ဒါ စီနီယာလျှိုရဲ့ သားကောင်ပါ”
ရှန်မိုပြုံး၍ သားကောင်အမြုတေအား တွန်းပေးလိုက်၏။
လျှိုယွန်းရွှမ်မှ အမြုတေကို လှမ်းယူ၍ ကျေနပ်စွာ ခေါင်းငြိမ့်ကာ
“မင်းက ဉာဏ်ကောင်းသားပဲ”
ထို့နောက် သူ ချက်ချင်း ထွက်သွားတော့၏။
ရှန်မို အနောက်မှနေ၍ သူ့ကံကြမ္မာကို လှမ်းကြည့်လိုက်မိသည်။
[အမည်: လျှိုယွန်းရွှမ်]
[[အဆင့်: ခြေတည်အဆင့် အောင်မြင်မှုကြီး]
[ကံကြမ္မာ: ကံကောင်းသော ကြယ်ပွင့်၊ ချောမော၍ ကျက်သရေရှိသူ၊ ကံဆိုးမှုများကို ကံကောင်းခြင်းအဖြစ် ပြောင်းလဲနိုင်သည်၊ ရင်ဓာတ် နည်းသော ရေခဲခန္ဓာကိုယ်]
[အနာဂတ်: မြုတေဖွဲ့စည်းခြင်းအဆင့် ထိပ်ဆုံးတွင် ရပ်တန့်မည်။ နတ်ဓားဂိုဏ်း၏ လက်ထောက် ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး (၅၉) နှစ်အကြာတွင် နတ်ဓားဂိုဏ်း၏ လုပ်ငန်းများ ဆောင်ရွက်ရင်း သေဆုံးမည်]
[လတ်တလောအခွင့်အရေး (၁): ယနေ့ ရှီရှန်မြို့သို့သွားရင်း နတ်ဓားဂိုဏ်း အကြီးအကဲ၏ မြေးမနှင့် တွေ့ဆုံမည်၊ ရှန်မိုမှ မိစ္ဆာအမြုတေရသည်ကိုတွေ့ကာ အတင်းအကြပ် လုယူမည်]
[လတ်တလောအခွင့်အရေး (၂): (၅) ရက်အကြာတွင် ချင်းရွှမ်ဂိုဏ်း၏ ဓားချောက်ကမ်းကို ဖြတ်သန်းရင်း ရုတ်တရက် အသိဉာဏ်ပွင့်ကာ မိုးကြိုးအရိပ်ဓားသိုင်း၏ ပထမအဆင့်ကို နားလည်သွားမည်]
[လတ်တလောအခွင့်အရေး (၃): (၁၀) ရက်အကြာတွင် လျှိုယွမ်ဖုန်ထံမှ ကျားလိပ်ပြာကို သတ်ရန် တာဝန်ကျပြီး သဘာဝမြေအောက် ရေခဲကန်ကို တွေ့ကာ ရေခဲစွမ်းအင် ရရှိမည်။ ထို့နောက် ကျင့်ကြံပြီးသောအခါ ခြေတည်အဆင့် ထိပ်ဆုံးအထိ ရောက်ရှိမည်]
[ကံကောင်းသော ကြယ်ပွင့်: လိမ္မော်ရောင်ကြမ္မာ။ ကံအလွန်ကောင်းပြီး သေပြီး သားကောင်များ၊ ကျင့်စဉ်များကို တွေ့ရတတ်၏]
[ချောမော၍ ကျက်သရေရှိသူ: လိမ္မော်ရောင်ကြမ္မာ။ အလွန်ချောမောခန့်ညားသောကြောင့် အမျိုးသမီးများစွာ၏ စိတ်ဝင်စားမှုခံရပြီး ဆောင်ကြာမြိုင်သွားလျှင် ပိုက်ဆံမကုန်သည့်အပြင် ပြန်ရလာလိမ့်မည်]
[ကံဆိုးမှုမှ ကံကောင်းခြင်းသို့: လိမ္မော်ရောင်ကြမ္မာ။ အန္တရာယ်တွေ့တိုင်း အခွင့်အရေးအဖြစ် ပြောင်းလဲနိုင်မည်]
[ယင်ဓာတ်နည်း၍ ရေခဲခန္ဓာကိုယ်: လိမ္မော်ရောင်ကြမ္မာ။ ရေခဲစွမ်းအင် ကျင့်စဉ်များကို ကျင့်ကြံနိုင်ပြီး သိုင်းပညာတွင် အခြားသူများထက် တိုးတက်မှု မြန်ဆန်မည်]
ရှန်မို ဖတ်ကြည့်ပြီးနောက် တွေးတောနေမိ၏။
“ငါ ဒီမှာမရလိုက်တာ ဒါကြောင့်ကိုး။ သူ့အခွင့်အရေးက အဓိကဖြစ်ပြီး ငါက နောက်ခံဇာတ်လမ်းထဲ ပါတဲ့သူပဲ…”
“သူက ရှောင်းဖန်လောက်တော့ ကံမကောင်းဘူး။ လိမ္မော်ရောင်အဆင့်ဆိုတော့”
“ဒါပေမဲ့ နတ်ဓားဂိုဏ်းက မြေးမနဲ့တွေ့ပြီး လက်ထောက်ခေါင်းဆောင်အထိ ဖြစ်မှာပဲ”
ရှန်မို သဘောပေါက်လာသည်။
ချင်းရွှမ်ဂိုဏ်း ပျက်စီးသောအခါ လျှိုယွန်းရွှမ် ဂိုဏ်းပြောင်းခြင်း သို့ သစ္စာဖောက်၍ အစတည်းက ပြောင်းခြင်း ဖြစ်နိုင်သည်။
“လူကြီးလူကောင်းပုံစံပေမဲ့ လောဘကြီးတဲ့ သစ္စာဖောက် ဖြစ်နေတာပဲ”
“မင်းက ငါ့ရဲ့ မိစ္ဆာအမြုတေကို ယူသွားတော့ ငါလည်း မင်းရဲ့ သိမ်မွေ့နက်နဲခြင်းအဆင့် ရေခဲစွမ်းအင်ကို ပြန်ယူရမှာပဲ”
ရှန်မို ချိုင့်ဝှမ်းဆီသို့သာ ဆက်လျှောက်လာခဲ့သည်။
စပါးကြီးမြွေစိမ်းမှာ ဒုတိယအဆင့် သားကောင်ဖြစ်၍ ရှန်မို ဓားချက် (၃) ချက်မျှဖြင့် အနိုင်ယူနိုင်သွားသည်။
ထို့နောက် စပါးကြီးမြွေစိမ်း၏ဗိုက်ကို ဖွင့်ကြည့်လိုက်သောအခါ အနီရဲရဲ နဂါးသွေးမြစ်ကို တွေ့ရ၏။
ဤသည်မှာ အလွန်အဆင့်မြင့်သော ရတနာတစ်မျိုး ဖြစ်ပြီး သန့်စင်အားကောင်းသော စိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်သည်။
ရှန်မို သိုလှောင်လက်စွပ်ထဲမှ ရေအိတ်ကိုထုတ်၍ သွေးအမြစ်၌ ကပ်တွယ်နေသော အညှိအချွဲများကို ဆေးချလိုက်သည်။
“ဒါက ငါ့တာအိုအခြေခံအတွက် အသုံးဝင်လာလိမ့်မယ်”
သူ ကျေနပ်စွာ ခေါင်းတငြိမ့်ငြိမ့်ဖြစ်နေသည်။
“တာအိုအခြေခံတွေက သာမာန်၊ အဆင့်မြင့်နဲ့ ပြီးပြည့်စုံခြင်းဆိုပြီး ခွဲထားတယ်”
“အဆင့်နိမ့် ဒါမှမဟုတ် အလယ်အဆင့် ရတနာ (၅) ခုလောက် မွမ်းမံစုပ်ယူနိုင်ရင် သာမာန်တာအို အခြေခံတော့ ရပြီ။ နောက်ထပ်တိုးသွားရင်လည်း နောက်အဆင့်တွေ ရနိုင်တယ်။ ဒါပေမဲ့ အဲ့တာရဲ့ အဆုံးမှာ ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူတွေ တော်တော်များများ ရပ်သွားကြတာပဲ”
ရှန်မို သက်ပြင်းချမိ၏။
သာမာန်ချီစုစည်းခြင်း ကျင့်ကြံသူများမှာ သူ့လို အခွင့်အရေးများ မကြာခဏတွေ့လေ့ မရှိပေ။
တာအိုအခြေခံ တည်ဆောက်ရေးအတွက် သိမ်မွေ့နက်နဲခြင်းအဆင့် ရတနာများ ဝယ်ရန်သာ စိတ်ဝိညာဉ်ကျောက်တုံးများကို စုထားရသည်။
သို့သော် ငွေကြေးလဲလှယ်နှုန်းမှာလည်း မလွယ်လှ၍ ထိုအဆင့်တွင် ပိတ်မိနေကြလေ့ရှိသည်။
အရည်အချင်းမရှိ၍ မဟုတ်ဘဲ ငွေကြေးမလုံလောက်သောကြောင့်ပင်။
“တာအိုအခြေခံဆိုတာ မြင့်မြတ်တဲ့တာအိုရဲ့ အမြစ်တွယ်ရာပဲ”
“ငါ့မှာက ရွှေလက်ညှိုးစနစ်လည်း ရှိနေတော့ ပြီးပြည့်စုံတဲ့ တာအိုအခြေခံ ရလိမ့်မယ်”
ရှန်မို ရည်မှန်းချက်လေး ထားမိသည်။
ထို့နောက် နဂါးသွေးအမြစ်ကို သိုလှောင်လက်စွပ်ထဲ သိမ်း၍ သံမဏိသစ်မြို့သို့ ထွက်လာခဲ့၏။
ထိုမြို့မှ လူဆိုးဂိုဏ်းမှာ အင်အားနည်းပြီး ခန္ဓာကိုယ်ထိန်းညှိခြင်းအဆင့် အောင်မြင်မှုကြီးမှာ သူတို့အဖွဲ့သားငယ်များတွင် အမြင့်ဆုံး ဖြစ်သည်။
ခေါင်းဆောင်ပင် ခန္ဓာကိုယ်ထိန်းညှိခြင်း ထိပ်ဆုံးသာ ရှိ၏။
မည်သူမျှ မကိုင်တွယ်ခဲ့ခြင်းမှာ အရှုပ်အရှင်းများ ရှိကြ၍ ဖြစ်နိုင်၏။
ဤမျှအင်အားကို ချင်းရွှမ်ဂိုဏ်းမှ ခန္ဓာကိုယ်ထိန်းညှိခြင်းအဆင့် တပည့် (၂) ဦးလောက်ဖြင့် မဖြစ်နိုင်ပေ။ တပည့်အများအပြား လွှတ်လိုက်လျှင်လည်း ဆုလာဘ် မလုံလောက်ဘဲ ရှိ၏။
ချီစုစည်းခြင်း တပည့်များမှာလည်း ထိုအင်အားလောက်ကို ဂရုမစိုက်ပေ။
ထိူ့ကြောင့် လေနက်ဂိုဏ်းမှာ ထိုမြို့အနီးရှိ လူများကို ဒုက္ခပေးနိုင်နေသည်။
ရှန်မိုမှာ သူ့အင်အားဖြင့် အားလုံးကို သတ်ပြီးနောက် ရတနာရှာရန် ဂိုဏ်းထဲဝင်ခဲ့လိုက်သည်။
မကြာမီ ကျမ်းစာလိပ်ကို တွေ့ရလေသည်။
သို့သော် သူဖွင့်ကြည့်လိုက်သောအခါ စကားလုံး (၂) လုံးသာ တွေ့ရ၏။
“တောအုပ်”
“မြေအဆင့် စိတ်ဝိညာဉ်လက်နက်ကို ပြောတာလား။ သိပ်လည်း မက်စရာမရှိဘူးပဲ”
ရှန်မို သွေးတစ်စက်ချ၍ မွမ်းမံရန် ပြင်သော်လည်း ဘာမှမထူးပေ။
ထို့နောက် စိတ်ဝိညာဉ်စွမ်းအင်များ သွင်းမှ တုန်ခါလာတော့သည်။
ရှန်မို ရုတ်တရက်လန့်ကာ ဘေးသို့ မျက်နှာလွှဲလိုက်သည်။
ဝှစ်!
ထက်မြက်သော ဓားအရှိန်အဝါသည် ကျမ်းစာလိပ်ထဲမှ ခုန်ထွက်လာပြီး ရှန်မို့အနောက်မှ ကျောက်နံရံကြီးကို နှစ်ပိုင်းခွဲပစ်လေ၏။
ဖြတ်ရာမှာ အလွန်သေသပ်ပြီး အစွန်းထွက်နေသည့် တစ်စုံတစ်ရာမျှ မရှိပေ။
ရှန်မို မျက်လုံးပြူးသွားမိသည်။
“ဒီဓားချက်က ခြေတည်အဆင့်လောက် အင်အားရှိတယ်”
ရှန်မို အလွန်ပျော်ရွှင်လျက် ကျမ်းစာလိပ်ကို သိမ်းလိုက်လေသည်။
ယခုတော့ သူ “တောအုပ်ဓားသိုင်း” ဟုခေါ်သည့် အကြောင်းအရင်းကို နားလည်သွားလေပြီ။