← Chapters

စုန်းကျန့်ကျဲ၏ ဒေါသ

Vol. 2 Ch. 23

စုန်းကျန့်ကျဲ၏ ဒေါသ

Vol. 2 Ch. 23

“မလိုပါဘူး”

ရှန်မို လက်ယမ်းပြ၍ ထွက်သွားရန် ပြင်လိုက်သည်။

တပည့်မ (၂) ဦးမှာ မျက်နှာထား ပိုတင်းသွား၏။

ဘယ်ဘက်မှတစ်ဦးက မကျေမနပ်ဖြင့်

“ရှန်မို မင်း ဘဝင်မြင့်မနေစမ်းပါနဲ့။ မင်းအင်အားက အဆင်ပြေလောက်လို့ ခေါ်နေတာ။ ငါတို့ဆီလာရတာ မင်းအတွက် ဂုဏ်ယူစရာနော်။ ကျေးဇူးတင်လိုက်စမ်းပါ”

ရှန်မို နှာခေါင်းရှုံ့မိသည်။ ထိုကဲ့သို့ အတ္တကြီးသူများကို အမုန်းဆုံး ဖြစ်လေသည်။

သို့သော် ပြိုင်၍မငြင်းနိုင်တော့ပေ။

ထို့ကြောင့် ထွက်သွားရန်သာ ရွေးလိုက်၏။

ထိုစဉ် ကျယ်လောင်သော ရယ်သံတစ်ခု ထွက်လာသည်။

“ဂျူနီယာရှန်မလား။ လဲ့ရှောင်းကျန်ကို နိုင်သွားတယ်ဆိုပြီး နာမည်ကြားဖူးပါတယ်။ မင်းမှာ အင်အားကောင်းသားပဲ။ ငါတို့အဖွဲ့ထဲ လာမလား”

ရှန်မို လှည့်ကြည့်လိုက်သောအခါ အရပ်ရှည်ရှည်၊ ဖြောင့်ဖြောင့်နှင့် လူငယ်လေးကို တွေ့ရသည်။

လျှိုယွန်းရွှမ်ကဲ့သို့ လူကြီးလူကောင်းပုံစံ လူရည်သန့် ဖြစ်၏။

သို့သော် လျှိုယွန်းရွှမ်ကိုတော့ မမှီပေ။

သူ့ကို အတုခိုးထားပုံပေါ်ပြီး မသေမသပ် ဖြစ်၏။

ရှန်မို တပည့်အစစ် (၄) ဦးလုံး၏အမည်ကို သိသောကြောင့် ထိုလူမှာ စုန်းကျန့်ကျဲဖြစ်မည်ဟု သဘောပေါက်လိုက်သည်။

ရှန်မို ပြန်ပြောရန် ပြင်လိုက်စဉ် နောက်ထပ်စကားသံ ထပ်ပေါ်လာပြန်သည်။

“ရှန်မိုမလား။ ငါ့ညီမ ခဏခဏပြောပါတယ်”

“ကျောက်ထင်အဖွဲ့ထဲ လာပါလား။ စုန်းကျန့်ကျဲဆီမှာဆိုရင် မင်းအရည်အချင်းတွေ၊ ရည်မှန်းချက်တွေ မှေးမှိန်ကုန်မှာ”

ရှန်မို ထပ်ကြည့်လိုက်သောအခါ ဗလတောင့်တောင့် လူငယ်ကို တွေ့ရ၏။ အတွင်းဂိုဏ်းတပည့် ဝတ်ရုံ အစိမ်းရင့်ရင့်မှာ ခန္ဓာကိုယ်နှင့် အတိဖြစ်၍ ကြွက်သားများကို ထင်ရှားစွာ မြင်နေရသည်။

ကျောက်ထင်မှာ ကုဖုန်မြို့ ကျောက်အိမ်တော်မှ ဖြစ်သည်။

ရှန်မို မျက်ခုံးပင့်ကာ လှမ်းကြည့်မိ၍။

ကျောက်ရူရဲ့ အစ်ကိုပေါ့။ ကျောက်ရူလည်း ဘေးတွင် ရှိနေလေသည်။

ကျောက်ထင်စကားကြောင့် မျက်နှာလေး ရဲသွားပြီး သူ့အစ်ကိုခါးအား ဆွဲဆိတ်လေ၏။

စုန်းကျန့်ကျဲလည်း

“ကျောက်ထင် စကားကို ကြည့်ပြောနော်။ မဟုတ်တာတွေ လာတိုက်ခိုက်မနေနဲ့။ ငါက ကြောက်နေမှာ မဟုတ်ဘူး”

ကျောက်ထင် နှာခေါင်းရှုံ့လျက်

“ငါ့ကိုနိုင်တာ သေချာမှ အဲ့စကားပြန်လာပြောကွ”

နှစ်ယောက်သား၏ စကားဝိုင်းကြောင့် တပည့်များ အာရုံစိုက်မိသွားသည်။

သူတို့နားတွင် ရှန်မိုလည်းရှိနေ၍ အခြေအနေကို ရိပ်မိပါသည်။

လျှိုယွန်းရွှမ်လည်း လှမ်းတွေ့ကာ မျက်မှောင်ကြုတ်လိုက်မိသည်။

လွန်ခဲ့သော (၃) ရက်က ရှီရှန်မြို့သို့သွားရင်း မိစ္ဆာအမြုတေ လုခဲ့သူမှာ ရှန်မို ဖြစ်နေလေသည်။

သူ့အဖေ လျှိုယွမ်ဖုန်မှ ရှန်မိုအကြောင်း တိတ်တဆိတ် ပြောပြဖူးပါသည်။

“အဖေပြောတာ သူကိုး…”

လျှိုယွန်းရွှမ် မနာလိုစိတ်များ ပြင်းပြလာ၏။

မူယုံးယွဲ့မှ ရှန်မို ကောင်းကင်အဆင့် ခန္ဓာကိုယ် နိုးထခြင်းကိစ္စကို လျှို့ဝှက်ထားရန် ပြောခဲ့သော်လည်း လျှိုယွမ်ဖုန် သူ့သားကို ပြန်ပြောလိုက်သည်။

ထို့ကြောင့် အလွန် မနာလိုစရာ ဖြစ်နေတော့၏။

ထိုပုံအတိုင်းဆိုလျှင် ရှန်မို၏ အနာဂတ်မှာ သူ့ထက် သာလွန်သွားတော့မည်။

ထိုစဉ် လောက်ရှန်နန်မှ ရှန်မိုအား ခေါင်းအစခြေအဆုံးကြည့်၍

“ဒီလူက အရမ်းယောက်ျားဆန်တယ်။ အသုံးမဝင်ဘူး။ ငါတော့ အဲ့လိုလူမျိုး မကြိုက်ဘူး”

ထို့နောက် ကျောက်ထင်ကို လှမ်းကြည့်ကာ

“ကျောက်ထင်က တပည့်အစစ်ထဲ ပါပြီးနေလို့ပေါ့။ မဟုတ်ရင် သူ့ကို အရင်ရွေးတယ်”

လောက်ရှန်နန်မှာ အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း ကြွက်သားများနှင့် ရင်ဘက်ကျယ်ကျယ်ကြောင့် ယောက်ျားများထက်ပင် ပို၍ ယောက်ျားဆန်သေးသည်။ ထို့ကြောင့် သူ့အဖွဲ့ထဲ၌ ခပ်နုနုလေးများသာ ရွေးလေ၏။

ရှန်မိုတို့၏ သုံးပွင့်ဆိုင်အခြေအနေမှာ အလွန် စိတ်ဝင်စားစရာကောင်းနေသည်။

တစ်ယောက်ကို ရွေးလျှင် တစ်ယောက်ကို ဆန့်ကျင်ရာ ရောက်ဦးမည်။

ရှောင်ဖန်နှင့် လျှိုဖေးတို့လည်း လူအုပ်ထဲ၌ ရှိနေသည်။

ရှန်မိုမှာ ခပ်အေးအေးဖြင့်

“ကျွန်တော် ဒီအတိုင်း ဖြတ်သွားတာပါ။ ဘယ်သူ့ဆီကိုမှ မဝင်ချင်ဘူး။ သွားလိုက်ပါဦးမယ်ဗျ”

ထိုသို့ပြောကာ လှည့်ထွက်လိုက်၏။

ဂိုဏ်းခေါင်းဆောင်လှလှလေးရဲ့ သီးသန့်တပည့် ဖြစ်ပြီးသားကို။ သူ့ဆီက အရင်းအမြစ် အကုန် ရထားပြီးသား။ နောက်ပြီး ကိုယ့်ဟာကိုယ်လည်း အခွင့်အရေး ထပ်ရှာနိုင်တယ်။

ရှန်မို့စကားနှင့် အပြုအမူကြောင့် အားလုံး အံ့ဩနေကြသည်။

အချို့လည်း ခေါင်းယမ်း၍ အချို့မှာ တောက်ခေါက်မိ၏။

အများစုမှာတော့ ပွဲကြည့်သကဲ့သို့ ကိုယ်တိုင်လည်း မဆုံးဖြတ်နိုင်ပေ။

ကျောက်ထင် နှာခေါင်းရှုံ့လျက်

“မင်း….အ…”

သူ့စကားမဆုံးမီ ကျောက်ရူမှ သူ့ခါးကို လှမ်းလိမ်ဆွဲပြန်သည်။

စုန်းကျန့်ကျဲသည်

“ငါက မျက်နှာသာပေးနေတာကိုများ ငြင်းရဲတယ်ပေါ့လေ”

ဤကဲ့သို့ လူအများရှေ့တွင် ငြင်းခြင်းမှာ ပါးရိုက် စော်ကားလိုက်သကဲ့သို့ပင်။

ရှန်မိုသည် သူ့ကို မကြောက်မလန့် ပြန်ကြည့်ရဲ၏။

သူ အေးစက်စွာ လှမ်းကြည့်ရင်း

“ရပ်လိုက်စမ်း”

ရှန်မိုမှာ သူ့ကို ဂရုမစိုက်ဘဲ ဆက်ထွက်သွား၏။

“ငါ မင်းကို ရပ်လိုက်လို့ ပြောနေတယ်လေ”

စုန်းကျန့်ကျဲ ထပ်အော်သည်။

“ချင်းရွှမ်ဂိုဏ်းစည်းမျဉ်းအရ ဂိုဏ်းအတွင်း ခိုက်ရန်မဖြစ်ရဘူး။ ဆူညံစေတဲ့သူကို အပြစ်ပေးမယ်”

အသံတစ်ခု ရုတ်တရက် ပေါ်လာ၏။

စုန်းကျန့်ကျဲမှာ ဒေါသထွက်လွန်း၍ မျက်နှာကြီး နီရဲလျက်

“အကြီးအကဲလီ…”

တပည့်များမှာ မြုတေဖွဲ့စည်းခြင်းအဆင့်ရှိ အတွင်းဂိုဏ်းအကြီးအကဲအမျိုးသမီးအား လှည့်ကြည့်လိုက်၏။

အကြီးအကဲလီအနေဖြင့် လှုပ်ရှားရန်ပင် မလိုဘဲ လက်ဖျောက်တစ်ချက်တီးရုံဖြင့် ဖျက်ဆီးပစ်နိုင်ပါသည်။

“စုန်းကျန့်ကျဲ မင်းကို တပည့်အစစ်တစ်ယောက် အနေနဲ့ အပြစ်ကနေ ကင်းလွတ်ခွင့် ပေးလိုက်မယ်။ ဓားချောက်ကမ်းပါးကိုသွားပြီး ကိုယ့်လုပ်ရပ်ကိုယ် ပြန်သုံးသပ်”

အကြီးအကဲ အမျိုးသမီးမှ ပြောလိုက်သည်။

စုန်းကျန့်ကျဲ လက်သီးကို တင်းတင်းဆုပ်လျက် ဒေါသထွက်နေသော်လည်း နောက်ဆုံးတော့ ခေါင်းငုံ့သည်းခံလိုက်ရ၏။

“ဟုတ်ကဲ့ပါ”

ပြောစကား နားမထောင်၍ အပြစ်ပေးခံရလျှင် ပိုဆိုးနိုင်သည်။

စုန်းကျန့်ကျဲတစ်ယောက် ရှက်ရွံ့စွာဖြင့် တစ်လှမ်းချင်း ထွက်သွား၏။

တပည့်များလည်း မှင်တက်နေကြသည်။

အကြီးအကဲလီက ဘာလို့ ရှန်မိုဘက်က လိုက်တာလဲ။

များသောအားဖြင့် ပြဿနာတက်လျှင် တပည့်အစစ်ဘက်သာ လိုက်လေ့ရှိပါသည်။ ထို့အပြင် သူ့အဖေမှာ အကြီးအကဲ စုန်းချောင်ဖုန်ဖြစ်၏။

ရှန်မိုလည်း အံ့ဩစွာဖြင့် ထိုအမျိုးသမီးကို လှမ်းကြည့်မိသည်။

အကြီးအကဲလီ ခပ်ဖြည်းဖြည်း ခေါင်းငြိမ့်ပြမှ ရှန်မို သဘောပေါက်သွားတော့၏။

သူသည် မူယုံးယွဲ့ဘက်မှ ဖြစ်လေသည်။

ရှန်မို ရင်ထဲ နွေးထွေးသွား၏။ နောက်ခံကောင်းများ ရှိခြင်းမှာ အကျိုးရှိလှသည်။

ထို့နောက် အချိန်မဖြုန်းတော့ဘဲ အခြားကိစ္စများအတွက် ဆက်ထွက်လာခဲ့သည်။

ရှန်မို ထွက်သွားပြီးနောက် တပည့်များ တစ်ယောက်တစ်ပေါက် ဆွေးနွေးဝေဖန်ရင်း အသံပြန်ထွက်လာ၏။

အကြီးအကဲလီက ရှန်မို့အတွက်နဲ့ အကြီးအကဲစုန်းကို ဆန့်ကျင်ရဲတာလား။

သူက ရှန်မို့နောက်ခံလား။

လျှိုယွန်းရွှမ်မှာတော့ အခြေအနေကိုသိနေ၍ နှာခေါင်းရှုံ့၍သာ နေသည်။

စုန်းကျန့်ကျဲသာ တကယ်တိုက်ခိုက်လျှင် ရှန်မို့အခြေခံအထိ ပျက်စီးသွားနိုင်ပါသည်။

နှမျောစရာပဲ။

All Chapters