← Chapters

ရွှေကျားရရှိရန် သတ်ဖြတ်ခြင်း

Vol. 2 Ch. 25

ရွှေကျားရရှိရန် သတ်ဖြတ်ခြင်း

Vol. 2 Ch. 25

“တကယ်ပါပဲ။ ဒီကျားရိုင်းတောက တကယ် ရှုပ်တာ”

ရှန်မို သွေးအလိမ်းလိမ်းပေနေသော ကျားရိုင်းတစ်ကောင်ကို ဒေါသတကြီးကန်၍ ခေါင်းကုတ်ကာ ရေရွတ်မိသည်။

သူ အချိန်အတော်ကြာအောင် ရှာနေခဲ့သော်လည်း ကျားဘုရင်လိုဏ်ဂူကို မတွေ့သေးချေ။

လမ်းတစ်လျှောက်တွင် ကျင့်ကြံသူအချို့နှင့်ဆုံ၍ လမ်းမေးချင်သော်လည်း သူ့မြင့်မားသော အရှိန်အဝါကြောင့် ရှောင်ကွင်းသွားကြကာ ရှန်မိုတစ်ယောက်တည်း မျက်စိလည်နေသည်။

ကျားရိုင်းအချို့နှင့် တောဝက်များကို သတ်ဖြတ်ခြင်းမှလွဲ၍ ဘာမှမတွေ့ရပေ။

“ဟင် ဒီလောက်အင်အားကြီးတဲ့ ကျားဟိန်းသံလား”

ရှန်မို အရှေ့တောင်ဘက်မှ ကြားရသော အသံတစ်ခုကြောင့် မှင်တက်သွား၏။

ထိုဟိန်းသံမှာ ခုနက သူ သတ်ဖြတ်ခဲ့သော ကျားရိုင်းများအသံနှင့် မတူချေ။

ကြီးမြတ်၍ အာဏာပါသော ဘုရင်ကဲ့သို့အသံ ဖြစ်၏။

ရှန်မို တွေဝေမနေဘဲ ချက်ချင်း ထိုအရပ်သို့ ဦးတည်လာခဲ့သည်။

တစ်ဖက်တွင် ကျားဘုရင်လိုဏ်ဂူရှေ့၌။

လောင်ဖေးမှာ သူခေါ်လာသော တပည့် (၂) ဦးအား ကျားဘုရင်မှ ခုန်အုပ်သတ်ဖြတ်လိုက်၍ သွေးများ သူ့ဆီပန်းလာသည်ကို စွံ့အ၍ ကြည့်နေသည်။

အပြင်လောကမှာ ဤမျှ အန္တရာယ်များမည်ဟု မထင်ထားချေ။

သို့မဟုတ် သူတို့ကို ဦးဆောင်ခေါ်လာသူ အမျိုးသမီး ရုတ်တရက် ပျောက်သွားမည်ဟုလည်း ထင်မထားမိ။

သူ အပြင် သိပ်ထွက်လေ့မရှိ၍ အတွေ့အကြုံမရှိသော်လည်း ယခုတော့ သဘောပေါက်သွားလေပြီ။

ထောင်ချောက်ဆင်ခံလိုက်ရပြီ။

“သခင်လေးလောင် ပြေးတော့။ ကျားဘုရင်က အရမ်း အင်အားကြီးတယ်။ ကျွန်တော်တို့ မယှဉ်နိုင်ဘူး”

ကျန်တပည့်တစ်ဦးမှ သူကိုယ်တိုင်ပြေးရင်း လှမ်းအော်၏။

သူ့စကားဆုံးသည်နှင့် ကျားဘုရင်၏ ချွန်မြသော လက်သည်းများမှာ သူ့လည်ပင်းအား လှမ်းခုတ်ဆွဲလိုက်တော့သည်။

ချက်ချင်းပင် ခေါင်းနှင့် ခန္ဓာကိုယ်တို့ တခြားစီ ဖြစ်သွား၏။

လောင်ဖေးမှာ နေရာတွင်ပင် ကြောင်အမ်း၍ ခြေထောက်များသည် ခဲဆွဲထားသလို မလှုပ်နိုင်ဘဲ ဖြစ်နေသည်။

“ငါ…ငါ…”

သွေးဆာနေသော ကျားဘုရင်၏ ပါးစပ်ကြီးမှာ သူ့အရှေ့သို့ ရောက်နေလေပြီ။

ထိုစဉ် သူ့အဖေနှင်ဘ အစ်မတို့ကို ပြန်မြင်ယောင်လာမိ၏။

“ငါသာ အိမ်ကနေ ခိုးမထွက်လာရင်၊ အဖေ့ရောဂါကုဖို့ ကျားဘုရင်ကို သတ်မယ်လို့ မတွေးခဲ့ရင် အခုလို သေရမှာ မဟုတ်ဘူး”

ထိုအချိန်တွင် လျှပ်စီးကဲ့သို့ ဓားရောင်တစ်ခု လက်ခနဲ ဖြစ်သွားပြီး ဇွက်ခနဲ အသံနှင့်အတူ ကျားဘုရင်၏ သွေးများ သူ့ဆီ ပန်းထွက်လာသည်။

ကျားဘုရင်သည် စူးဝါးစွာ အော်ဟစ်ရင်း နောက်ပြန်ဆုတ်သွား၏။ သူ့ကိုတိုက်ခိုက်သူကိုလည်း ဒေါသတကြီး လှမ်းကြည့်လေသည်။

လောင်ဖေးလည်း ထိုနေရာကို လှမ်းကြည့်လိုက်သောအခါ လူငယ်လေးတစ်ဦးကို ရုတ်တရက် တွေ့ရ၏။

“မင်းကို ရှာနေတာကြာလှပြီ။ ဒီရောက်နေတာကိုး”

ရှန်မို နှာခေါင်းရှုံ့၍ မိုးကြိုးအရိပ်ဓားသိုင်းဖြင့် ဆက်လက်တိုက်ခိုက်လေသည်။

ထိုကျားဘုရင်မှာ ချီစုစည်းခြင်းထိပ်ဆုံးအဆင့်သာ ရှိကြောင်း သူ မလာခင်တည်းက လေ့လာထားခဲ့၏။

ရှန်မိုကိုယ်တိုင်လည်း ချီစုစည်းခြင်းထိပ်ဆုံး ဖြစ်သောကြောင့် အလွယ်တကူ ကိုင်တွယ်နိုင်လေသည်။

ပထမဓားချက်ဖြင့်ပင် ကျားဘုရင်ကို သတ်နိုင်သော်လည်း အမြန်ရှောင်သွား၍ အနည်းငယ် လွတ်သွား၏။

ချွမ် ချွင် ချွမ်!

ရှန်မို နောက်ထပ် (၃) ချက် ထပ်တိုက်ခိုက်ပြီးနောက် ကျားဘုရင် လက်မလျှော့သေးသော်လည်း သွေးကြောများ ပန်းထွက်ကာ အားနည်းနေလေပြီ။

နောက်ဆုံး ဒေါသတကြီး အော်ဟစ်ရင်း ရှန်မို့ကို တွန်းချ၍ ထွက်ပြေးရန် ပြင်လေ၏။

သို့သော် ရှန်မိုမှာ အလွတ်မပေးချေ။ (၄) ချက်မြောက် ဓားချက်ကို နှလုံးသားတည့်တည့်နေရာသို့ ထိုးချလိုက်သည်။

ထိုအခါမှ နောက်ဆုံး အော်ဟစ်၍ လဲကျသွားတော့သည်။

ရှန်မိုမှာ သေချာစေရန် နောက်ထပ် ဓားချက်များစွာ ထပ်ထိုးလိုက်သေး၏။

လောင်ဖေး သူ့အရည်အချင်းကို အံ့ဩတကြီး လှမ်းကြည့်နေသည်။

လူအများကြီး ဝိုင်းတိုက်ခိုက်ရင်တော့ ကျားဘုရင် တစ်ခါမှ ဒဏ်ရာမရတာ။ အခုတော့ သူတစ်ယောက်တည်းနဲ့ သတ်လိုက်တာလား”

“ဒီလောက် အင်အားကြီးတဲ့သူမျိုး မတွေ့ဖူးဘူး”

လောင်ဖေး ရုတ်တရက် သတိပြန်ဝင်လာပြီး

“ကျေးဇူးရှင်ကြီးရယ် ကျွန်တော့်ကို ကျားဘုရင်အရိုးလေး ပြန်ရောင်းပေးလို့ ရမလားဟင်။ ကျွန်တော် (၂) ဆ ပေးပါ့မယ်”

ရှန်မို သူ့ကိုလှမ်းကြည့်၍

“ဘာလို့ ရောင်းရမှာလဲ”

လောင်ဖေးမှ

“ကျွန်တော်က ကုဖုန်မြို့၊ လောင်အိမ်တော်က လောင်ဖေးပါ။ ကျွန်တော့်အဖေ တိုက်ပွဲမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရလာပြီး နေမကောင်းဖြစ်နေပါတယ်။ အစ်မကလည်း ချင်းရွှမ်ဂိုဏ်းမှာ အလုပ်ကြိုးစားရင်း စိတ်ဝိညာဉ်ကျောက်တုံးတွေ စုနေတာပါ။ ကျွန်တော်လည်း သားတစ်ယောက်အနေနဲ့ တစ်ခုခု လုပ်မှဖြစ်မယ်ဆိုပြီး ကျားဘုရင်အရိုးကိုရှာဖို့ ထွက်လာခဲ့မိတာ”

သူ့အသံမှာ အလွန်ရိုးသားပုံပေါ်သည်။

“ကျားဘုရင်ရဲ့ အရိုးတွေက ဆေးဖော်ဖို့ အရေးကြီးလို့ပါ။ ဒါကိုသာ မရရင် နောက်ထပ် ကျားဘုရင် ထပ်ရှာဖို့ မဖြစ်နိုင်တော့ပါဘူး”

“လိုချင်တဲ့ဈေးသာ ပြောပါ။ အစ်ကိုလည်း ချင်းရွှမ်ဂိုဏ်းက တပည့်ဆိုတော့ ကျွန်တော့်ဆီမှာ မလောက်လည်း ချင်းရွှမ်ဂိုဏ်းက ကျွန်တော့်အစ်မဆီ ခေါ်သွားပါ့မယ်”

ရှန်မို မျက်မှောင်ကြုတ်မိ၏။

ဒီကောင်လေးက ရိုးလိုက်တာ။ ကိုယ့်အကြောင်း အကုန် ပြောရလား။ တခြားသူသာဆို ဈေးကြီးကြီး ပြောရောင်းလောက်တယ်”

“ရိုးရိုးသားကောင်ခန္ဓာကိုယ်အစိတ်အပိုင်းတောင် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၁၅၀) တန်တာ။ အခု ကျားဘုရင်ဆိုတော့ (၂၀၀) လောက် ပေးပေါ့”

ရှန်မိုမှ ပြော၏။

ထိုအရိုးများမှာ သူ့အတွက် အသုံးမဝင်လှသော်လည်း အလကားပေးရသည်အထိ စိတ်ထားမကောင်းနိုင်ပါ။

“(၂၀၀)…လား”

လောင်ဖေး မျက်နှာငယ်ဖြင့်

“ကျွန်တော့်မှာ (၁၀၀) ပဲရှိတယ်။ လမ်းမှာလည်း အလိမ်ခံလာရလို့။ ဒါပေမဲ့ အစ်မမှာတော့ သေချာပေါက် ရှိပါတယ်။ အစ်ကို့လိုပဲ အစိမ်းရောင်ဝတ်တဲ့ အဆင့်ပဲ”

“ဪ မင်းအစ်မက ဘယ်သူလဲ”

“လောင်ရှန်နန်ပါ။ သူ့ကို သိလားဟင်”

ရှန်မို သက်ပြင်းချလျက်

“တွေ့ဖူးပါတယ်”

လောင်ရှန်နန်ကဲ့သို့ မိန်းကလေးတွင် ယခုလို ရိုးအသော မောင်လေးရှိနေမည်ဟု မထင်ထားစရာပင်။

“ဒီမှာ ခဏစောင့်နေ။ ပြီးမှ ချင်းရွှမ်ဂိုဏ်းကို ငါနဲ့လိုက်ခဲ့”

ရှန်မို ကျားဘုရင်အလောင်းကို သိုလှောင်လက်စွပ်ထဲ သိမ်းကာ ပြောသည်။

“ဟုတ်ကဲ့ပါ”

ထို့နောက် ရှန်မို ဂူထဲဝင်သွားပြီး အလောင်းတစ်ခုကို တွေ့ရ၏။ အလောင်းအောက်တွင် သိုလှောင်လက်စွပ် ရှိပြီး အထဲတွင် လက်သီးဆုပ်အရွယ်မျှ ရွှေရောင် ကျားအမြုတေ ရှိလေသည်။

ရှန်မို ပစ္စည်းကို သိမ်းပြီးနောက် ဂူထဲမှ ပြန်ထွက်လာ၏။

“သွားမယ်။ မင်းအစ်မဆီကို”

နှစ်ယောက်သား ထွက်သွားပြီးနောက် ဝူလန် ပုန်းနေရာမှ ထွက်လာပြီး ထိတ်လန့်နေလေသည်။

“ချင်းရွှမ်ဂိုဏ်းကတပည့်နဲ့ မပူးပေါင်းဖြစ်တာ တော်သေးတယ်။ ဒီလူက… သိပ်အင်အားကြီးတာပဲ”

“နောက်တစ်ခါ ဆွဲဆောင်ရင် သတိထားရမယ်”

တစ်ဖက်တွင်။

ရှန်မိုနှင့် လောင်ဖေးတို့ ချင်းရွှမ်ဂိုဏ်းအဝင်သို့ ရောက်လာသည်။

ထိုအချိန်တွင် တပည့်အစစ်များမှ အတွင်းဂိုဏ်းတပည့် ရွေးချယ်ခနိ့အပ်ခြင်း ပြီးဆုံးသွားလေပြီ။

ရှန်မို လောင်ရှန်နန်အား ရှာ၍ လောင်ဖေးနှင့် တွေ့ပေးကာ ကျားဘုရင် အလောင်းကိုပါ ပေးလိုက်သည်။

လောင်ဖေးမှာ ချက်ချင်းမျက်ရည်များ စီးကျလာတော့၏။

အားလုံး ရှင်းပြလိုက်သောအခါ လောင်ရှန်နန်လည်း အလွန် ကျေးဇူးတင်နေမိသည်။

“ကျေးဇူးတင်လိုက်တာရှင်။ ကျားဘုရင်အကြောင်း ကြားလို့ ခဏခဏ သွားရှာဖူးပေမဲ့ မတွေ့ခဲ့ရဘူး။ ရှင်က ခဏလေးနဲ့ ရလာတာပဲ”

“ရှင့်ကို ပိန်ပြီးအားနည်းတယ် ထင်ထားတာ။ တကယ် အင်အားကြီးတာပဲ”

လောင်ရှန်နန် ရှန်မို့ပုခုံးကို့ပုတ်၍ ပြော၏။

လောင်ရှန်နန် အားရပါးရ ရယ်မောကာ

“ကျွန်မ ကျားဘုရင် တစ်ကောင်လုံးယူမယ်။ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၄၀၀) နဲ့ဆို ရလား”

“ရတယ်လေ”

ရှန်မို ခေါင်းငြိမ့်ပြ၏။

ထို့နောက် အလဲအလှယ်ပြီးသောအခါ ရှန်မို ထွက်လာခဲ့လေသည်။

လောင်ဖေးသည် လေးစားအားကျစွာ လှမ်းကြည့်ရင်း

“အစ်မ ကျွန်တော်ရော နောက်ဆို အစ်ကိုရှန့်လို ဖြစ်လာနိုင်လား”

“ဘာလို့ သူ့လို ဖြစ်ချင်ရတာလဲ။ မင်းအစ်မက အင်အား မရှိလို့လား”

လောင်ဖေးမှာ သူ့အစ်မလက်မောင်းကြွက်သားများကို ကြည့်၍ ခေါင်းယမ်းကာ

“အင်အားက အရေးမကြီးဘူး။ ဓားသုံးတာကို ကြိုက်တာ။ မိုက်တယ်လေ”

လောင်ရှန်နန် လက်ဝါးနှင့် ရွယ်လျက်

“ငါ အိမ်ကနေ ထွက်လာတာ ကြာတော့ ပျင်းနေပြီ ထင်တယ်”

“အစ်မ မလုပ်နဲ့လေ”

All Chapters