← Chapters

မီးတောက်နက် ကျောက်မျက်

Vol. 2 Ch. 26

မီးတောက်နက် ကျောက်မျက်

Vol. 2 Ch. 26

ညဘက်တွင်။

ရှန်မို ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံရန်

အသင့်ဖြစ်နေသည်။

ထိုစဉ် တံခါးခေါက်သံတစ်ခု ကြားရ၏။

ဖွင့်ကြည့်လိုက်သောအခါ ခါးသွယ်သွယ်လေးနှင့် အားကောင်းသော ကျောက်ရူ ဖြစ်သည်။

ကျောက်ရူ ချိုသာစွာ ပြုံးလျက်

“စီနီယာရှန် ဂိုဏ်းခေါင်းဆောင်က ခေါ်ခိုင်းလိုက်ပါတယ်”

ရှန်မို ခေါင်းငြိမ့်ပြ၏။

ထို့နောက် ညကောင်းကင်အောက်တွင် တောင်ထိပ်ပေါ်မှ ခြံဆီသို့ ရောက်လာသည်။

မူယုံးယွဲ့သည် ရေကန်ဘေး၌ ရှိနေပြီး ငါးစာကျွေးနေ၏။

ရွှေငါးလေးများမှာ ရေထဲမှာ ခုန်ပေါက်၍ အစာကိုဟပ်လေသည်။ လောဘကြီးသော လူသားများကဲ့သို့ ဖြစ်၏။

ယနေ့ည မူယုံးယွဲ့မှာ ကိုယ်ကြပ်ဂါဝန် အနီရဲရဲကို ဝတ်ဆင်ထား၍ ခန္ဓာကိုယ်အလှမှာ ပေါ်လွင်နေသည်။

သို့သော် မျက်မှောင်ကြုတ်လျက် တစ်ခုခုကို စိုးရိမ်နေပုံ ရသည်။

ရှန်မို ရောက်လာသည်ကိုတွေ့သောအခါ အမူအရာ ပျော့ပျောင်းသွား၏။

“ရှန်မို မင်းရဲ့ကျင့်ကြံမှု ဘယ်လိုအခြေအနေ ရှိလဲ”

သူ ပြုံး၍ မေးလိုက်သည်။

ရှန်မို ဦးညွှတ်လျက်

“ချီစုစည်းခြင်းထိပ်ဆုံးကို ရောက်ပါပြီ ခေါင်းဆောင်”

သူ မူယုံးယွဲ့ကိုတော့ ဖုံးထားစရာအကြောင်း မရှိပေ။

သူ့ကံကြမ္မာမှာ မူယုံးယွဲ့နှင့် ဆက်စပ်နေ၏။

သူ့တွင် အလားအလာကောင်းများ ရှိမှန်း ပြနိုင်ပါက မူယုံးယွဲ့ ပိုသဘောကျ၍ ဂရုစိုက်ပေဦးမည်။

အမှန်ပင် မူယုံးယွဲ့ အံ့ဩသွားပြီး

“ဘာပြောလိုက်တယ်။ ချီစုစည်းခြင်းအဆင့် ထိပ်ဆုံး ဟုတ်လား။ ငါ မှတ်မိသလောက် ဟိုနေ့ကတင် ချီစုစည်းခြင်းအဆင့် အောင်မြင်မှုကြီးမလား”

ရှန်မို့စကားကြောင့် လက်ထဲမှ ငါးစာထုပ်ပင် လွတ်ကျကာ ရေကန်ထဲမှ ငါးများ အစာလုယက်စားနေကြ၏။

မူယုံးယွဲ့ ငါးစာကို ဂရုမစိုက်နိုင်တော့ဘဲ ရှန်မို့အနီးသို့ လျှောက်လာ၍ သူ့ဗိုက်အောက်နားကို စမ်းကြည့်လိုက်သည်။

ရှန်မို၏ စိတ်ဝိညာဉ်စွမ်းအင်များကို စစ်ဆေးရန် ဖြစ်သည်။ ထိုအခါ ချီစုစည်းခြင်းအဆင့် ထိပ်ဆုံးပင် မကသော စွမ်းအင်ကို ခံစားမိလေသည်။

“တကယ် မှန်နေတာပဲ”

ရှန်မို့သတင်းသာ ဒီရက်ပိုင်းအတွင်း သူ့အတွက် ကောင်းကွက် ရှိလေသည်။

“မင်း မီးတောက်ကျင့်စဉ်ကို ကျင့်ကြံနေတာတော့ မဟုတ်ပါဘူးနော်”

ရှန်မို ခေါင်းငြိမ့်ပြ၏။

မူယုံးယွဲ့ ကျင့်ကြံမှုဖြင့် ထိုမျှအခြေအနေကို ခန့်မှန်းစစ်ဆေးနိုင်ပါသည်။

ရှန်မို ဆက်ပြောရန် ပြင်လိုက်စဉ် မူယုံးယွဲ့ လက်ယမ်းပြကာ

“လူတိုင်းမှာ လျှို့ဝှက်ချက် ရှိကြတာပဲ။ ငါ အတင်း မမေးပါဘူး”

ရှန်မို ရင်ထဲနွေးသွားပြန်၏။

စဉ်းစားပေးတတ်လိုက်တာ။

“ဒီနေ့ ခေါ်လိုက်တာက မင်းကျင့်ကြံမှုအကြောင်း မေးရုံအပြင် တာအိုအခြေခံလည်း ဆွေးနွေးပေးမလို့။ တာအိုအခြေခံ ဘယ်လို တည်ဆောက်ရမလဲ သိလား”

“သိပါတယ်”

“ဒါဆို ရွေးချယ်စရာ (၂) ခု ပေးမယ်”

ထို့နောက် ဖြူဖွေးသော လက်နုနုလေး အသာယမ်းလိုက်သောအခါ ရောင်စုံ ကျောက်မျက် (၄) ခု ပေါ်လာ၏။

“ဒီကျောက်မျက် (၄) ခုမှ သန့်စင်တဲ့ ရေ၊ သစ်၊ မြေ၊ သတ္ထဆိုပြီး စိတ်ဝိညာဉ်စွမ်းအင်တွေ ပါတယ်။ အဆင့်မြင့် သိမ်မွေ့နက်နဲခြင်း ပစ္စည်းတွေဆိုတော့ မင်းရဲ့ တာအိုအခြေခံအတွက် အထောက်အကူ ဖြစ်မှာပါ”

“မင်းက ငါ့တပည့်ဆိုတော့ အကုန်လုံး ပေးလိုက်မယ်။ နောက်ဆုံးအ​ခြေခံဓာတ်ကိုတော့ ကိုယ်တိုင် ရှာရလိမ့်မယ်။ ငါ အကုန် မကူညီနိုင်ဘူး”

“ရတနာ (၅) ပါးလုံး စုံရင်တော့ ပြီးပြည့်စုံတဲ့ တာအိုအခြေခံ တည်ဆောက်နိုင်ပြီး ပုံမှန်လူတွေထက် အများကြီး သာလိမ့်မယ်”

ထို့နောက် ခဏနားပြီးမှ

“နောက်ထပ် ရွေးစရာက…”

မူယုံးယွဲ့ ညာဘက်လက်ကို ဆန့်တန်းလိုက်သောအခါ အပူငွေ့များ ထွက်နေသည့် ကျောက်နက်လေး ပေါ်လာသည်။

“ဒီမီးတောက်နက်ကျောက်ကို ကံကောင်းပြီး ရခဲ့တာ။ ဒါက ထိပ်တန်း သိမ်မွေ့နက်နဲခြင်းအဆင့် ရတနာပဲ။ မီးတောက်နက်ခြင်္သေ့ဆီက ရတာလေ”

“ပြီးပြည့်စုံတဲ့ တာအိုအခြေခံ တည်ဆောက်တဲ့အခါ မီးအခြေခံအနေနဲ့ သုံးနိုင်တယ်”

“ဒါပေမဲ့ ဒါပေးလိုက်ရင် ကျန်တဲ့ (၄) မျိုးကို မင်းကိုယ်တိုင် ကြိုးစားရတော့မှာ”

“ကဲ မင်း ကြိုက်တာရွေးပါ”

ရှန်မို သေချာစဉ်းစားမိ၏။

လက်ရှိတွင် ရွှေအခြေခံအတွက် ကျား၏ ရွှေအမြုတေ၊ သစ်အခြေခံအတွက် နဂါးသွေးသစ်မြစ်၊ ရေအခြေခံအတွက် ယင်ဓာတ် ရေခဲခြင်ဆီတို့ ရထားပြီးလေပြီ။

မကြာမီ မြေအခြေခံ၏ မြေဓာတ်သွေးကြောခြင်ဆီလည်း ယူရန်ရှိ၏။

မီးအခြေခံတစ်ခုသာ လိုပါတော့သည်။

ထိုအတွက် မည်သို့ရှာရမည်ကို တွေးနေစဉ် ဂိုဏ်းခေါင်းဆောင်လှလှလေးမှ ယူဆောင်လာခြင်းပင်။

“ဆရာမ ကျွန်တော် မီးတောက်နက်ကျောက်ကိုပဲ ရွေးပါမယ်”

ရှန်မို တုံ့ဆိုင်းမှုမရှိ ဖြေလိုက်သည်။

မူယုံးယွဲ့ အနည်းငယ် အံ့ဩသွား၏။

ရတနာ (၄) ပါးမဟုတ်ဘဲ ပိုကောင်းသည့် တစ်ခုတည်းကို ရွေးမည်ဟု မထင်ထားချေ။

“ဒီကောင်လေးက ငါ ငယ်ငယ်ကအတိုင်းပဲ။ ရည်မှန်းချက်ကြီးပြီး တွေးတတ်တယ်”

မူယုံးယွဲ့ ကျေနပ်စွာ တွေးမိ၏။

“ကိစ္စမရှိပါဘူး။ သူ့သဘောပဲပေါ့”

ရှန်မို ရွေးချယ်ပြီးနောက် သူ မီးတောက်နက်ကျောက်ကို ပေးလိုက်၏။

မူယုံးယွဲ့ စိတ်ပေါ့ပါးစွာဖြင့် ဟိုဘက်ဒီဘက် လျှောက်လှမ်းရင်း

“မင်း ချင်ရှန်မြို့က လဲ့အိမ်တော်နဲ့ ဘာရန်ညှိုး ရှိလို့လဲ”

ရှန်မို ရုတ်တရက် လန့်သွား၏။ လဲ့ညီအစ်ကိုကို သူ သတ်ထားမိပါသည်။

မူယုံးယွဲ့ အကြည့်များ အေးစက်လျက်

“အားနည်းတဲ့ တပည့်တွေကို အနိုင်ကျင့်တာမျိုး ဘယ်တော့မှ မပပျောက်သေးဘူး”

ထို့နောက် သက်ပြင်းလေးချကာ

“မနေ့က လဲ့အိမ်တော်က တိုင်စာ ရောက်လာတယ်။ လဲ့ရှောင်းကျန် အိမ်ပြန်လာတဲ့လမ်းမှာ ပျောက်သွားလို့။ မင်းသတ်တယ်လို့ သံသယရှိတယ်တဲ့”

“တိုင်စာကိုတော့ ပယ်ချပြီးပါပြီ။ လဲ့အိမ်တော်ဘက်က မသင်္ကလာလည်း မင်းအဖေကို ဘာမှမလုပ်နိုင်ဘူး။ စိတ်အေးအေးထားပြီး ကျင့်ကြံမှုသာ အာရုံစိုက်ပါ”

“ကျေးဇူးတင်ပါတယ်”

ရှန်မို ဦးညွှတ်ကာ ပြော၏။

သူ ထိုအခြေအနေကို တွေးမိပြီး ဖြစ်ပါသည်။

“ကဲပါ ပြန်တော့လေ။ အရေးကြီးကိစ္စရှိရင် လာခဲ့”

“ဟုတ်ကဲ့ပါ။ ကျွန်တော် ပြန်လိုက်ပါဦးမယ်”

ရှန်မို ပြန်ထွက်လာခဲ့၏။

သူ့နောက်ကျောဘက်တွင် မူယုံးယွဲ့၏ သာယာသော သီချင်းညည်းသံလေးကို ကြားရလေသည်။ သူ့တပည့် အဆင့်တက်၍ ဝမ်းသာနေပုံ ပေါ်သည်။

ရှန်မို တောင်ပေါ်မှ ဆင်းလာပြီးနောက် ဂိုဏ်းအပြင်သို့ ထွက်ကာ ရှီယန်၏ အခွင့်အရေးကိုယူရန် သွားလေသည်။

ရှီယန်မှာ လိမ်လည်၊ ခိုးဝှက်၊ သတ်ဖြတ်၍ အသက်မွေးသူ ဖြစ်၏။

ထိုသို့သောသူ၏ အခွင့်အရေးကို လုယူခြင်းမှာ ရှန်မိုအတွက် ကျေနပ်စရာ ဖြစ်နေသည်။

မြေဓာတ်သွေးကြောခြင်ဆီကို ရှာဖွေခြင်းမှာ မခက်ခဲလှပေ။

(၂) နာရီအတွင်း အခက်အခဲမရှိ ပြန်လာနိုင်ခဲ့၏။

အိပ်ရာထဲ ပြန်ရောက်သောအခါ ရှန်မိုတစ်ယောက် ပြုံးရွှင်နေလေသည်။

“အခြေခံ (၅) မျိုးတော့ စုံသွားပြီ။ ဝယ်ရမယ်ဆိုရင် အနည်းဆုံး အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး (၁) သောင်းလောက် လိုမှာ”

ရှန်မို သူ့ရှေ့မှ ရတနာများကိုကြည့်ရင်း ပြုံးပျော်နေ၏။

စနစ်နှင့် အခွင့်အရေးများသာ မရှိလျှင် အချိန်တိုအတွင်း ဤမျှ တိုးတက်လာမည် မဟုတ်ကြောင်း သဘောပေါက်ပါသည်။

“တာအိုအခြေခံ တည်ဆောက်ရမယ့်အချိန်ပဲ”

ရှန်မို ရတနာ (၅) မျိုးကို စတင်၍ မွမ်းမံကျင့်ကြံတော့၏။

ရတနာများ၏ စိတ်ဝိညာဉ်စွမ်းအင်များမှာ ရှန်မို့ခန္ဓာကိုယ်ထဲ တိုးဝင်၍ စုပေါင်းကာ တာအို အခြေခံ တည်ဆောက်နေလေသည်။

All Chapters