ခြေတည်အဆင့် ရောက်ရှိခြင်း
Vol. 2 Ch. 27
ဒင် ဒင် ဒင်!
ရှန်မို့ခန္ဓာကိုယ်ထဲမှ အချက်ပေးသံကဲ့သို့ ပဲ့တင်သံမျိုး မြည်လာသည်။ ထိုအသံမှာ သူ့စိတ်ဝိညာဉ်ထဲတွင် နက်ရှိုင်းစွာ ပေါ်ထွက်နေ၏။
ရှန်မိုတစ်ယောက် မျက်လုံးကို တင်းတင်းပိတ်လျက် ဆက်၍ကျင့်ကြံနေသည်။ အချိန်တိုင်းတွင် အသက်ရှူနေရင်း အငွေ့ပျံမလို ခံစားချက်မျိုး ဖြစ်နေလေ၏။
ချီစုစည်းခြင်းအဆင့် ခြေတည်အဆင့်သို့ ကူးပြောင်းခြင်းမှာ အသစ်တစ်ဖန် မွေးဖွားသကဲ့သို့ပင်။
(၃) ရက်အကြာ၌။
စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်စုံစွာဖြင့် တာအိုအခြေခံ ဖြစ်ပေါ်လာလေသည်။
အခြေခံမှာ ဒြပ်စင် (၅) မျိုး၊ အရောင် (၅) ရောင်ဖြင့် တောက်ပနေ၏။
ကောင်းကင်မှ ဖန်ဆင်းထားသကဲ့သို့ လက်ရာမြောက်လှသည်။
တာအိုအခြေခံ အပြည့်အဝ ပေါ်လာချိန်တွင် ရုတ်တရက် စိတ်ဝိညာဉ်စွမ်းအင်များကို ဖိနှိပ်လေ၏။
ဘုံး!
အထဲမှာ စွမ်းအင်များ ဖိအားပေးခံရပြီး အောက်ဆုံးအလွှာမှာ ပထမဆုံး ပြောင်းလဲလာ၏။
အငွေ့အခြေအနေမှ အရည်ပုံစံ ပြောင်းလဲပြီး လုပ်ငန်းစဉ်မှာ ရှည်လျားလှသည်။
နောက်ထပ် (၃) ရက် ကုန်ဆုံးသွားပြန်၏။
ဤသို့ဖြင့် ပထမဆုံး ရေပေါက် ဖြစ်ပေါ်လာပြီး ထို့နောက် အားလုံး တဖြည်ဖြည်း ပြောင်းလဲလာသည်။
နောက်ဆုံး၌ စိတ်ဝိညာဉ်စွမ်းအင်မုန်တိုင်းပုံစံမှ ရေကန်ငယ်လေးသဖွယ် ပြောင်းသွားတော့သည်။
တာအိုအခြေခံသည်လည်း ရေကန်ပေါ်၌ သစ်သားလှေလေးကဲ့သို့ မျောနေ၏။
ထိုအချိန်တွင် ရှန်မို ရုတ်တရက် မျက်လုံးပွင့်လာသည်။
ဘုံး!
မှင်တက်စရာကောင်းလောက်သော အရှိန်အဝါများ နေရောင်ခြည်ကဲ့သို့ တောက်ပလာ၏။ ပတ်ဝန်းကျင်မှ ဖုန်များ အုန်းခနဲထ၍ ခြံထဲတွင် ဖုံးသွားသည်။
သို့သော် ရှန်မိုနှင့် (၁၀) မီတာပတ်လည်တွင်တော့ ဖုန်တစ်စက်မျှ မတင်ပေ။
နောက်ဆုံးတော့ ပျော်ရွှင်မှုကို အပြည့်အဝ ခံစားရလေပြီ။
“ဒါ ခြေတည်အဆင့်ပဲ”
ခန္ဓာကိုယ်ထဲရှိ ပုံရိပ်ငယ်မှ စိတ်ဝိညာဉ်စွမ်းအင် အရည်များကို ခံစားမိရင်း ပြုံးပျော်နေ၏။
ရှန်မိုတစ်ယောက် မိုးကြိုးဓားကို ဆွဲထုတ်ကာ မိုးကြိုးအရိပ် ဓားသိုင်းအား စမ်းကြည့်လိုက်သည်။
ဘုံး!
လျှပ်စီးရောင် တစ်ချက်လက်ကာ သစ်သားပြားသည် ရာနှင့်ချီအောင် အစိတ်စိတ်အမွှာမွှာ ကွဲသွား၏။
ရှန်မို ပို၍ ကျေနပ်သွားသည်။
ထိုသစ်သားမှာ အလွန်မာကြောပြီး ခြေတည်အဆင့်သာ ချိုးဖျက်နိုင်ပါသည်။
ရှန်မို သူ့စနစ်ကံကြမ္မာအား ပြန်ဖွင့်ကြည့်လိုက်သည်။
အခြားအရာများ ထူးထူးခြားခြား မပြောင်းလဲသော်လည်း ကံကြမ္မာအောက်တွင် အကြောင်းအရာတစ်ခု ပေါ်လာ၏။
[ကံကောင်းခြင်း(ယာယီ)]
သူ မူယုံးယွဲ့တပည့် ဖြစ်လာ၍ ကံကောင်းခြင်း ဖြစ်နိုင်သည်။
သူ ဆက်၍ ဖတ်ကြည့်ရင်း အခွင့်အရေးအသစ်လည်း ရှိနေ၏။
[လတ်တလောအခွင့်အရေး: တောင်ထိပ်ရှိ ခြံတွင် ဂိုဏ်းခေါင်းဆောင်ကို သွားတွေ့ရင်း တာအိုအခြေခံ တည်ဆောက်ပြီးကြောင်း ပြောဖြစ်မည်။ မူယုံးယွဲ့ အလွန်ဝမ်းသာလျက် ကျင့်ကြံမှုအရင်းအမြစ်များနှင့် ချင်းရွှမ်လိုဏ်ဂူထဲ ဝင်ခွင့် ပေးမည်]
ရှန်မိို ပျော်ရွှင်စွာ ရယ်မောလျက် မူယုံးယွဲ့ကို ချက်ချင်း သွားတွေ့တော့သည်။
တာအိုအခြေခံကို ပြီးပြည့်စုံစွာ တည်ဆောက်၍ ခြေတည်အဆင့် ရောက်ရှိသည့် သတင်းကောင်းကို ဆရာမအား ပထမဆုံး ပြောပြသင့်သည်။
ထိုအခါမှ မူယုံးယွဲ့ သူ့ကို ပိုသဘောကျကာ လုံခြုံရေးလည်း တည်မြဲလိမ့်မည်။
“ချင်းရွှမ်လိုဏ်ဂူလား။ ဘယ်လို နေရာမျိုးပါလိမ့်။ တစ်ခါမှတောင် မကြားဖူးဘူး”
ရှန်မို စိတ်အားတက်ကြွစွာဖြင့် တောင်ပေါ်သို့ တက်လာသည်။
လမ်းတစ်လျှောက်တွင်လည်း တွေ့သမျှ တပည့်များအား လတ်တလော သတင်းများ ပြန်မေးမိ၏။
“ငါ အဆင့်တက်ဖို့ ကြိုးစားနေတဲ့အချိန်အတွင်း အများကြီး ဖြစ်ပျက်သွားတာပဲ”
“ကျောက်ထင်နဲ့ လောင်ရှန်နန်တို့ မိသားစုမှာ ပြဿနာတွေ တက်လို့ အိမ်အမြန် ပြန်သွားကြရတယ်”
“ချင်းရွှမ်လိုဏ်ဂူက မနေ့တည်းက ပွင့်တော့မယ့် အရိပ်အယောင် ဖြစ်နေပြီ။ နှစ် (၅၀) မှ တစ်ခါပဲ ပွင့်တဲ့ ထူးခြားဖြစ်စဉ်ပဲ။ အဲ့ထဲမှာ တစ်ရက် ကျင့်ကြံရုံနဲ့ ခြေတည်အဆင့်ဆေး (၁၀) ပုလင်း သောက်လိုက်တာနဲ့ ညီမျှတယ်”
ရှန်မို အားမရစွာ တောက်ခေါက်မိသည်။
“ဂူထဲကိုလည်း ခြေတည်အဆင့်တွေပဲ ဝင်လို့ရတာ။ အဲ့ထက် အဆင့်နိမ့်ရင် စိတ်ဝိညာဉ်စွမ်းအင် ပြင်းထန်လွန်းလို့ ပေါက်ကွဲပြီး သေလိမ့်မယ်”
“ဒီလိုအရေးကြီးတဲ့အချိန်မှာ ကျောက်ထင်နဲ့ လောင်ရှန်နန်တို့က အိမ်ကိစ္စ အရေးကြီးပြီး အတင်း ပြန်လာခိုင်းတယ်တဲ့လား”
“နောက်ကွယ်မှာ ထိန်းချုပ်နေတာ တစ်ခုခု ရှိမယ်ထင်တယ်။ ထူးဆန်းလိုက်တာ”
“မူယုံးယွဲ့လည်း ဒီကိစ္စကို စိုးရိမ်နေမှာပဲ”
ရှန်မို အရှိန်မြှင့်၍ လျှောက်ရင်း မကြာမီ တောင်ထိပ်ရှိ ခြံထဲ ရောက်လာသည်။
မူယုံးယွဲ့မှာ ခရမ်းပြာရောင် ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ဖြူဖွေးသော ခြေသလုံးများမှာ ပို၍ဝင်းပနေ၏။
သို့သော် မျက်ခုံးများမှာ အရင်တစ်ခေါက်ထက် ပိုကြုတ်နေလေသည်။
ရှန်မို ရောက်လာသည်ကိုပင် သတိမထားမိဘဲ တစ်ယောက်တည်း ရေရွတ်နေ၏။
“ချင်းရွှမ်လိုဏ်ဂူပွင့်တဲ့အချိန်က သတင်းကောင်း ရှိနေတာကို။ ဘာလို့ ဒီလိုတွေ ဖြစ်ရတာလဲ”
“လောင်ရှန်နန်ရဲ့အဖေ ရောဂါပြင်းထန်လာလို့ အိမ်ပြန်သွားတာ (၃) ရက်လောက် ရှိပြီ။ ဂူထဲဝင်ဖို့ အခွင့်အရေး လွတ်တော့မှာပဲ”
“ကျောက်ထင်ရဲ့အိမ်တော်လည်း ဓားပြတိုက်ခံရလို့ အတင်းလှမ်းခေါ်ကြတယ်”
“အခု လျှိုယွန်းရွှမ်နဲ့ စုန်းကျန့်ကျဲပဲ ဝင်ရတော့မှာပေါ့။ ဒါပေမဲ့ သူတို့က… ဟင်း။ ရှန်မိုသာ ခြေတည်အဆင့် ရောက်နေရင်”
ရှန်မိုမှာ ခေါင်းကုတ်လျက် နေရခက်စွာ လှမ်းခေါ်လိုက်သည်။
“ဆရာမ ဆရာမ”
ရုတ်တရက် အသံကြောင့် သူ လန့်သွားပြီး မူယုံးယွဲ့ လှည့်ကြည့်ကာ မျက်နှာထားတင်းတင်းဖြင့်
“နောက်ဆို အဲ့လို လန့်အောင် မလုပ်စမ်းနဲ့”
ရှန်မို ရယ်မောကာ
“တမင်လုပ်တာ မဟုတ်ပါဘူးဗျာ”
“ဒီနေ့ ဘာကိစ္စရှိလို့လဲ။ အရေးမကြီးရင် အပြစ်ပေးပစ်မယ်”
ရှန်မို သူလန့်၍ ရှက်သွားသည်ကို နားလည်ပါသည်။ ဂိုဏ်းခေါင်းဆောင်တစ်ယောက်၏ ဂုဏ်လည်း ရှိသေး၏။
“နှမျောစရာပဲ။ ဒီတစ်ခါတော့ ကျွန်တော့်ကို အပြစ်ပေးလို့ မရတော့ဘူး။ နောက်တစ်ခါ ထပ်လန့်သွားလောက်တယ်”
ရှန်မို ရယ်လျက် ဆက်ပြောသည်။
“ဆရာမ ကျွန်တော် တာအိုအခြေခံကို ပြီးပြည့်စုံအောင် တည်ဆောက်ပြီး ခြေတည်အဆင့် ရောက်သွားပြီ”
မူယုံးယွဲ့ သူ့ကို ငေးလျက်
“မဖြစ်နိုင်တာ။ လွန်ခဲ့တဲ့ (၆) ရက်လောက်ကမှ မီးတောက်နက်ကျောက်မျက် ပေးလိုက်တာလေ။ တခြားကျောက်တွေကို ဘယ်လို စုလိုက်တာလဲ”
သူ ပြောနေရင်းမှ တစ်ခုခု သဘောပေါက်သွားသလိုဖြင့်
“မင်း ငါ့ကို စိုးရိမ်စိတ် လျှော့ချအေးချင်တာ နားလည်ပါတယ်။ ဒါပေမဲ့ အဲ့လိုတွေ မပြောစမ်းပါနဲ့။ ငါ လိမ်တာ မကြိုက်ဘူး”
ရှန်မို ပြန်မဖြေဘဲ သူ့ကိုသာ ငေးကြည့်နေသည်။
သူ့အကြည့်မှာ တည်ငြိမ်၍ မှန်ကန်သည်။
တကယ်ဖြစ်နေတာလား။ ချက်ချင်း ရှန်မို့ဗိုက်အောက်ပိုင်းကို စမ်းကြည့်ပြန်သည်။
“ဟင် ဘာဖြစ်တာလဲ”
ရှန်မို နေရခက်စွာဖြင့်
“ဆရာမလက်က အရမ်းအေးနေတယ်”