← Chapters

အကြီးအကဲများ စုဝေး၍ ကြေညာခြင်း

Vol. 2 Ch. 28

အကြီးအကဲများ စုဝေး၍ ကြေညာခြင်း

Vol. 2 Ch. 28

မူယုံးယွဲ့ ခေါင်းငြိမ့်ပြ၍ ဆက်၍ စမ်းသပ်လေသည်။

မကြာမီ ပြီးပြည့်စုံသော တာအိုအခြေခံအရည်ကို ခံစားမိလိုက်သည်။

သူ ပါးစပ်အဟောင်းသားဖြင့် လန့်ဖျပ်၍

“မင်း တကယ်ပဲ ခြေတည်အဆင့် ရောက်သွားပြီကိုး”

တဖြည်းဖြည်း ထိတ်လန့်မှုမှ ပျော်ရွှင်မှုဆီသို့ ပြောင်းလဲသွားသည်။

မူယုံးယွဲ့ လက်ယမ်းလိုက်သောအခါ ဆေးများစွာနှင့် စိတ်ဝိညာဉ်ကျောက်တုံးများ ပေါ်လာပြီး ရှန်မို့ဘေးသို့ ကျလာ၏။

“မင်းရဲ့ ခြေတည်အဆင့် ကျင့်ကြံခြင်း တိုးတက်အောင် ဆေး (၁၀) ပုလင်းနဲ့ အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၃၀၀)၊ အဆင့်မြင့် သိမ်မွေ့နက်နဲခြင်းအဆင့် လက်နက် (၂) ခု ပေးလိုက်မယ်။ မင်းရဲ့ ဆုလာဘ်တွေပဲ”

ရှန်မို ပစ္စည်းများကို သိုလှောင်လက်စွပ်ထဲသိမ်း၍ မူယုံးယွဲ့အား ကြည့်ကာ

“ခုနက ဆရာမ ပြဿနာတစ်ခုခု ရှိနေတာများလား”

ထိုအခါ သူ့မျက်လုံးအရောင်လေးများ လက်၍

“ဟုတ်တယ်။ အခု မင်း ခြေတည်အဆင့် ရောက်ပြီဆိုတော့ ချင်းရွှမ်လိုဏ်ဂူထဲ ဝင်လို့ရပြီပဲ”

“ငါ့နောက်က လိုက်ခဲ့။ အခုပဲ အကြီးအကဲတွေနဲ့ အစည်းအဝေးထိုင်လိုက်မယ်”

သူ ပြောပြောဆိုဆိုနှင့် ရှန်မို့ကို ဖျတ်ခနဲ ဆွဲခေါ်သွားသည်။

ရှန်မို ရုတ်တရက် လေညင်းတိုက်ခတ်သလို ခံစားရကာ တိမ်များကြား ပျံသန်းလျက် ရှိလေသည်။

သူ့ဘေးတွင် နူးညံ့အေးစက်သော မူယုံးယွဲ့ ရှိနေ၏။

“ကျွန်တော် ပျံနေတာလား”

ရှန်မို မြေပြင်ကို မျက်လုံးပြူးကာ လှမ်းကြည့်ရင်း မေးမိသည်။

သေမျိုးများမှာ အင်မော်တယ်ဖြစ်ချင်ကြခြင်းသည် မဆန်းပေ။

စက္ကန့်ပိုင်းအတွင်း တောင်လယ်မှ ခန်းမဆီ ရောက်သွားကြ၏။

ဖြတ်သွားဖြတ်လာ တပည့်များမှာ မှင်တက်၍ ကြည့်နေသည်။

မူယုံးယွဲ့မှာ နှစ်ပေါင်းများစွာ အခန်းပိတ် ကျင့်ကြံနေခဲ့၍ တပည့်အများစုသည် ဂိုဏ်းခေါင်းဆောင်ကိုပင် မသိကြချေ။

သို့သော် မနေ့ကတင် အစည်းအဝေးကြီး ပြုလုပ်ခဲ့သေး၍ ထိုသို့ ရင့်ကျက်ချောမောသော အမျိုးသမီးမှာ ဂိုဏ်းခေါင်းဆောင်မှန်း စသိရလေသည်။

ယနေ့တော့ တပည့်တစ်ဦးနှင့်တွဲ၍ တွေ့ရပြန်၏။

“ဘေးကတပည့်က ဘယ်သူလဲ။ ချောတယ်နော်”

“ခေါင်းဆောင်က သူ့ကို တော်တော် အလေးထားပုံပဲ။ တောင်ထိပ်ကနေ ပျံသွားကြတာ တွေ့လိုက်တယ်”

“မင်း မသိဘူးလား။ ရှန်မိုလေ။ လဲ့ရှောင်းကျန်ကို နိုင်သွားတဲ့တစ်ယောက်။ အရမ်း အင်အားကြီးတာ။ (၅) ယောက်မြောက် တပည့်အစစ် ဖြစ်လာမယ်တောင် ပြောနေကြတယ်”

ရှန်မို သူတို့စကားကို ကြားသောအခါ ပြုံးမိသည်။

ထိုစဉ် မူယုံးယွဲ့ လက်ဖျောက်တီးလိုက်သောအခါ အခန်းဝင်ပေါက်မှ ကြေးခေါင်းလောင်းကြီး မြည်သွား၏။

ဒေါင် ဒေါင် ဒေါင်!

ခေါင်းလောင်းသံမှာ တစ်ဂိုဏ်းလုံး ကြားလောက်အောင် ပဲ့တင်ထပ်သွားသည်။

ဂိုဏ်းခေါင်းဆောင်မှ အစည်းအဝေးခေါ်သည့် အချက်ပေးသံ ဖြစ်၏။

အကြီးအကဲများမှာ ဘယ်နေရာရောက်ရောက်၊ ဘာလုပ်နေနေ အားလုံးထားခဲ့၍ ပြေးလာကြရသည်။

တပည့်များလည်း အံ့ဩနေသည်။

မနေ့ကတင် အစည်းအဝေးလုပ်ခဲ့ပြီး ယနေ့ ထပ်ခေါ်နေပြန်သည်။

မူယုံးယွဲ့မှာတော့ ရှန်မို့ကိုခေါ်ကာ အစည်းအဝေးခန်းထဲ ဝင်သွား၏။

မြူတိမ်တောင်ထိပ်။

လက်ထောက်ဂိုဏ်းခေါင်းဆောင် လျှိုယွမ်ဖုန် နေထိုင်ရာ နေရာဖြစ်သည်။ သူ့သား လျှိုယွန်းရွှမ်နှင့် အခြားသူ့တပည့်များလည်း ရှိနေကြ၏။

လျှိုယွမ်ဖုန်တို့သားအဖမှာ စစ်တုရင်ထိုးလျက် ရှိလေသည်။

“အဖေ့လက်ရည် အများကြီး တက်လာတာပဲ။ ကျွန်တော်တော့ လိုက်မမှီတော့ဘူး”

လျှိုယွမ်ဖုန် ကျေနပ်စွာ ရယ်မောလိုက်သည်။

“အဖေ ဒီနေ့ ပျော်နေသလိုပဲနော်။ ကျင့်ကြံမှု တိုးတက်လာလို့လား”

“ဟုတ်ပါ့။ (၂) နှစ်အတွင်း တိုးတက်လာပြီ။ မြုတေဖွဲ့စည်းခြင်းအဆင့် ထိပ်ဆုံးအထိ ရောက်တော့မယ်”

“ဒါ သတင်းကောင်းပဲ။ အဖေသာ အောင်မြင်ရင် ကျွန်တော်တို့ အစီအစဉ်လည်း…”

လျှိုယွန်းရွှမ် စိတ်လှုပ်ရှားစွာပြောစဉ် အဖေဖြစ်သူမှ မျက်စောင်းလှမ်းထိုး၏။

“တောင်းပန်ပါတယ် အဖေ။ ကျွန်တော် အရမ်း ပျော်သွားလို့ပါ”

“ရပါတယ်။ အခုတော့ ဘယ်သူမှ မရှိပေမဲ့ နောက်ဆို အပြင်မှာ ပါးစပ်သတိထားပါ”

သူ လက်ဖက်ရည်တစ်ငုံသောက်ရင်း တည်ငြိမ်စွာ ပြော၏။

“မူယုံးယွဲ့ကို ယှဉ်နိုင်တဲ့အခါ မင်းကြိုက်တာ ပြောလို့ရပြီ”

လျှိုယွန်းရွှမ် ရယ်မောလျက်

“အဖေ ချင်းရွှမ်လိုဏ်ဂူက အဲ့လောက် အရေးကြီးတာလား။ ဘာလို့ ဟို (၂) ယောက်ကို ပထုတ်လိုက်တာလဲ”

“ဂူက ဘာလို့အချိန်စောပြီး ပွင့်လာလဲရော သိလား။ ရတနာ ပေါ်တော့မှာမို့လို့ပေါ့။ မှတ်ထား။ ဘာရတနာပဲ ဖြစ်ဖြစ် မင်းက ပထမဆုံးယူမယ့်သူပဲ ဖြစ်ရမယ်။ စုန်းချောင်ဖုန်တို့ သားအဖလည်း လိုက်မှာပေမဲ့ သူ့သား မရစေရဘူး”

“ဟုတ်ကဲ့။ စိတ်မပျက်ရအောင် ကြိုးစားပါ့မယ်”

ဒေါင် ဒေါင် ဒေါင်!

ထိုစဉ် ခေါင်းလောင်းသံ ပေါ်ထွက်လာ၏။

“အဖေ မူယုံးယွဲ့က အကြီးအကဲတွေနဲ့ အစည်းအဝေး ခေါ်နေပြီ”

လျှိုယွမ်ဖုန် တစ်ချက် မျက်မှောင်ကြုတ်မိသွားပြီးမှ

“ဟွန့် ဒီမိန်းမ အကြံကုန်နေပြီပဲ။ ဘာလို့ခေါ်လဲ ကြည့်ကြသေးတာပေါ့”

တစ်ဖက်တွင် အကြီးအကဲ စုန်းချောင်ဖုန်နှင့် သူ့သား စုန်းကျန့်ကျဲတို့လည်း ကိစ္စများ တိုင်ပင်လျက် ရှိသည်။

ချင်းရွှမ်လိုဏ်ဂူထဲ ဝင်သည့်အခါ ရတနာများ အရယူ၍ လျှိုသားအဖထံ မရောက်စေရန် ဖြစ်သည်။

ထိုစဉ် ရုတ်တရက် ကြားရသော ခေါင်းလောင်းသံကြောင့် လန့်သွားကြသည်။

“အဖေ တစ်ခုခု ထူးခြားလို့များလား”

စုန်းကျန့်ကျဲ လန့်၍ မေးမိ၏။

စုန်းချောင်ဖုန် နှာခေါင်းရှုံ့လျက်

“ဘာထူးခြားစရာ ရှိလို့လဲ။ မူယုံးယွဲ့ကလွဲရင် မြုတေဖွဲ့စည်းခြင်းအဆင့်တွေ အကုန်လုံး ငါတို့ဘက်ကပဲ”

…

ချင်းရွှမ်ဂိုဏ်း အစည်းအဝေးခန်း။

ထိုအခန်းမှာ ချင်းရွှမ်ဂိုဏ်းတွင် အခမ်းနားဆုံးဖြစ်ပြီး ပုံမှန်အားဖြင့် ပိတ်ထားလေ့ရှိသည်။ အရေးကြီးပွဲများ၊ ကိစ္စများ ရှိမှသာ ဖွင့်လေသည်။

သို့သော် လွန်ခဲ့သော (၂) ရက်က မူယုံးယွဲ့မှာ အစည်းအဝေး (၂) ခု ဆက်တိုက် လုပ်ပြီးလေပြီ။

...

ထို့ကြောင့် ယခုတစ်ခါတွင်လည်း စိတ်ဝင်စားစရာ ဖြစ်နေ၏။

ဝှစ် ဝှစ် ဝှစ်!

အလင်းတန်းများ ရုတ်တရက်ဖြတ်ကာ ခန်းမရှေ့ သက်ဆင်းလာကြသည်။

အချို့ ချင်းကန်တောင်ရောက်နေသော အကြီးအကဲများလည်း အမြန်လာရ၏။

မကြာမီ အားလုံး စုံသွားကြပြီး အစည်းအဝေးခန်းမကိုလည်း ပိတ်လိုက်သည်။

အပြင်မှ တပည့်များမှာတော့ ဟိုဟိုဒီဒီ ဆွေးနွေးပြောဆိုလျက် ကျန်ခဲ့၏။

ခန်းမထဲတွင်မူ မူယုံးယွဲ့၏ ဗုံးကဲ့သို့ ကြေညာချက်ကြောင့် အားလုံး ပေါက်ကွဲကုန်၏။

“ဘာ။ ဒီတပည့်က ခြေတည်အဆင့် ရောက်ပြီဟုတ်လား”

စုန်းချောင်ဖုန် အလန့်တကြား ရေရွတ်မိသည်။

လျှိုယွမ်ဖုန်မှာ မျက်နှာကြီးပျက်လျက် ရှန်မို့ကို စိုက်ကြည့်နေ၏။

အခြားအကြီးအကဲများလည်း စွံ့အနေကြလေသည်။

မူယုံးယွဲ့သည် ထိုအမူအရာများကိုကြည့်၍ ပြုံးကာ နောက်ထပ် ဗုံးတစ်လုံး ထပ်ပစ်ချလိုက်၏။

“ရှန်မိုက ခြေတည်အဆင့် ရောက်ရုံတင်မကဘူး။ ပြီးပြည့်စုံတဲ့ တာအိုအခြေခံပါ တည်ဆောက်ပြီးပြီ”

ထိုအခါ မူယုံးယွဲ့ဘက်မှ အကြီးအကဲများ အပြေးအလွှား အနီးသို့ ရောက်လာသည်။

“တကယ်လား ခေါင်းဆောင်။ တာအို အခြေခံလား”

အကြီးအကဲလီမှာ မျက်ရည်များပင် ဝဲနေ၏။

တာအိုအခြေခံတည်ဆောက်ခြင်းမှာ အရင်းအမြစ်ရော၊ ကံပါ လိုအပ်သည်။

ကျောက်မျက် (၅) မျိုးမှာ ပိုက်ဆံရှိတိုင်း ဝယ်နိုင်သည့်အရာ မဟုတ်ချေ။

သူတို့အားလုံးထဲတွင် မူယုံးယွဲ့တစ်ဦးသာ ပြီးပြည့်စုံသော တာအိုအခြေခံ တည်ဆောက်နိုင်ထား၏။

ယခု နောက်တစ်ယောက် ပေါ်လာလေပြီ။

မူယုံးယွဲ့အား ဆန့်ကျင်သူများမှာတော့ မပျော်နိုင်ပေ။

သူ့တွင် အောင်မြင်သူ ရှိလာပြီ ဖြစ်သည်။

All Chapters