ရွှမ်ကျန်းဒေသနှင့် ဂိုဏ်း (၅) ခု
Vol. 2 Ch. 18
နောက်တစ်နေ့တွင်။
ရှန်မို လှိမ့်၍ အိပ်ရာပေါ်မှ ထလိုက်၏။
တစ်ညလုံး ဖတ်ထားသည့် စာအုပ်ထဲမှ ပုံများလည်း ပြန်ပေါ်လာသည်။
စာအုပ်အကြောင်းအရာမှာ စိတ်ဝင်စားစရာကောင်း၍ အစီအစဉ်ကျသည်။ မူယုံးယွဲ့ကိုယ်တိုင် ရေးထားပုံပင်။
“ရွှမ်ကျန်းဒေသအခြေအနေက တော်တော် ရှုပ်ထွေးနေတာပဲ။ မိုင် (၁၀၀၀) ပတ်လည်မှာ မြို့ပေါင်း (၈၀) ရှိပြီး (၁၀) ဂိုဏ်းကျော်က ချင်းရွှမ်လိုပဲ (၃) မြို့ကနေ (၅) မြို့ကို ချုပ်ကိုင်ထားတယ်”
“အချက်အချာအကျဆုံးမြို့တွေကိုတော့ နတ်ဓားဂိုဏ်း၊ တက်နေဝန်းဂိုဏ်း၊ မိုးကြိုးမီးလျှံဂိုဏ်း၊ အဆိပ်နွယ်ဂိုဏ်းနဲ့ နတ်ရေစင်ဂိုဏ်းဆိုတဲ့ (၅) ခုက ထိန်းချုပ်ထားတယ်။ ဒီဂိုဏ်းတွေရဲ့ အင်အားက မြုတေဖွဲ့စည်းခြင်းအဆင့် ဘယ်နှစ်ယောက် ရှိလဲအပေါ် မူတည်တယ်”
“ချင်းရွှမ်ဂိုဏ်းလည်း တစ်ချိန်က ဒီ (၅) ဂိုဏ်းထဲ ပါဝင်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ နှစ် (၃၀) က ပြဿနာတစ်ခု တက်ပြီး မြုတေဖွဲ့စည်းခြင်းအဆင့် (၁၂) ယောက်နဲ့ ချင်းရွှမ်ဂိုဏ်းခေါင်းဆောင်ပါ တိုက်ပွဲထဲမှာ ဆုံးသွားတယ်”
“ဒီလိုမျိုး အင်အားကြီးတွေ အများကြီး ထိခိုက်သေဆုံးမှုကြောင့် ချင်းရွှမ်ဂိုဏ်းလည်း အားနည်းပြီး အဆင့်တွေ ကျသွားခဲ့တယ်”
“ကံကောင်းတာက ဆင်ပိန်ကျွဲလောက်ဆိုတဲ့အတိုင်း ပတ်ဝန်းကျင်က အင်အားစုတွေတော့ အလွယ်တကူ ရန်လာမစရဲခဲ့ဘူး”
ရှန်မို ဖတ်နေရင်း မျက်မှောင်ကြုတ်နိ၏။
သူ့အရင်လူမှာ ချင်းရွှမ်ဂိုဏ်းကို အင်အားအကြီးဆုံးဟု တွေးထားပြီး သူမသိသေးသည့်ကိစ္စများ ရှိနေသည်။
ချင်းရွှမ်အထက်တွင် ဂိုဏ်းကြီး (၅) ခုရှိပြီး ရွှမ်ကျန်းဒေသ၏ ဦးဆောင်သူအစစ်များပင်။
မနက်စာစားပြီးနောက် သူ ရေကန်ကြီးဆီ ထွက်လာခဲ့၏။
မူယုံးယွဲ့မှ သူ့အတွေ့အကြုံများပါ ပါသည့် နေကျင့်စဉ်မိတ္ထူပေးထား၍ အဆင်ပြေသော်လည်း ပိုကောင်းသည့်နည်းလမ်း ရှိသေး၏။
“ငရဲမီးတောက် ဖျက်ဆီးခြင်းကျင့်စဉ်”
အရင်က သူ ရုတ်တရက် သွားလိုက်လျှင် ထူးဆန်း၍ သံသယဝင်ခံရမည်စိုးသောကြောင့် ငြိမ်နေခဲ့သော်လည်း ယခု အခြေအနေများ ပြောင်းလဲသွားလေပြီ။
ကောင်းကင်အဆင့် ခန္ဓာကိုယ်တည်ဆောက်ပုံ ရှိသည့်အပြင် ဂိုဏ်းခေါင်းဆောင်၏ သီးသန့်တပည့်လည်း ဖြစ်၏။ လဲ့ရှောင်းကျန်ကိုလည်း ပြိုင်ပွဲတွင် အနိုင်ရခဲ့သည်။
ထို့ကြောင့် ယခုအချိန် ရေကန်ထဲ ဆင်းလျှင်ပင် မည်သူမျှ မေးခွန်းထုတ်ရဲမည် မဟုတ်ချေ။
ရှန်မို သွားနေရင်း တစ်ခုခု သတိရသွား၏။ မနေ့က ခေါင်းဆောင်နှင့် အကြီးအကဲများ သူ့ကို တပည့်အစစ်အဖြစ် ခန့်အပ်ရန် ဆွေးနွေးကြသည်ဟု ကျန်းဝေ့ဟူထံမှ သတင်းရထားသည်။ သို့သော် မူယုံးယွဲ့မှ ဘာမှ ထပ်မပြောပေ။
“အကြီးအကဲတွေ ငြင်းလိုက်ကြတယ် ထင်တယ်”
မူယုံးယွဲ့မှာ ဂိုဏ်းခေါင်းဆောင် ဖြစ်သော်လည်း ချင်းရွှမ်ဂိုဏ်းအပေါ် ထိန်းချုပ်မှု အားမကောင်းလှပေ။
စွမ်းအင်ကောင်းလွန်း၍သာ သဘောတူ တင်မြှောက်ထားခြင်း ဖြစ်သည်။
“ချင်းရွှမ်ဂိုဏ်းရဲ့ အကြီးအကဲတွေက မစည်းလုံးကြဘူးပဲ။ သေချာကူညီနေတဲ့ မူယုံးယွဲ့ကလွဲပြီး အားလုံးကို သတိထားရမယ်”
ရှန်မို ရေရွတ်မိ၏။
တပည့်အစစ်ဟူသည့် ဂုဏ်ပုဒ်ပါရလျှင် သာကောင်းသော်လည်း မရလည်း ကိစ္စမရှိလှပေ။
မကြာမီ ရေကန်ကြီးဆီ ရောက်လာ၏။
ဗလတောင့်တောင့် တပည့်များမှာ ရေတံခွန်အောက်တွင် ထိုင်နေကြ၏။
ထိုကဲ့သို့ ခန္ဓာကိုယ်ထိန်းညှိခြင်းနည်းလမ်းဖြင့် ရေဖိအားကို ခံသည်မှာ ပုံမှန်ပင်။ သို့သော် တောင်ပေါ်မှကျသည့် ရေတံခွန်အရှိန်သည် ပြင်းထန်လွန်း၍ အများစုမှာ ခဏအတွင်း လက်လျှော့သွားတတ်ကြသည်။
ရှန်မို ရောက်လာသောအခါ တပည့်များ သတိထားမိသွားပြီး နှုတ်ဆက်လေ၏။
“စီနီယာ”
“မင်္ဂလာပါ စီနီယာရှန်”
“စီနီယာရှန်ရော ခန္ဓာကိုယ်ထိန်းညှိဖို့ လာတာလား”
ကျောက်ရူလည်း ရှိနေ၏။
အခြားသူများထက်တော့ ရှန်မို့သရုပ်မှန်ကို သိကာ ပိုလေးစားနေသည်။
ရှန်မို ခေါင်းငြိမ့်ပြ၍
“စမ်းကြည့်မလို့ပါ”
ထို့နောက် ဝတ်ရုံကို မြေပြင်ပေါ် ချွတ်ချရန် ပြင်လိုက်စဉ် ကျောက်ရူ ပြုံးလျက်
“ကျွန်မ ကိုင်ထားပေးပါမယ်။ မြေကြီးပေါ်မှာ ညစ်ပတ်သွားမှာပေါ့”
“ကောင်းပါပြီ”
သူ ကျောက်ရူကို ပေးထားလိုက်၏။
အခြားတပည့်များမှာ ကျောက်ရူ၏ စိတ်အားထက်သန်မှုကိုကြည့်ကာ အားကျနေကြသည်။
အခြားအမျိုးသားတပည့်များကို ဂရုမစိုက်ခဲ့သော ကျောက်ရူသည် ရှန်မိုနှင့်မှ ပြောင်းလဲနေ၏။
ရှန်မို တွေးမနေတော့ဘဲ ရေကန်ထဲ ခုန်ချသွားသည်။ ရေဖိအားမှာ အလွန်ပြင်းထန်ကာ အသက်ရှူချိန် (၁၁) ခေါက်မျှတွင် သူ သည်းမခံနိုင်တော့သလို ဖြစ်လာသည်။
“ပုံမှန်အနေနဲ့တော့ ချီစုစည်းခြင်း ကျင့်ကြံသူတစ်ယောက်က အသက်ရှူချိန် (၅) ခေါက်ပဲ ခံနိုင်ရည်ရှိကြတယ်။ သူက နောက်ဆုံးစံချိန်တင်ထားတဲ့ လျှိုယွန်းရွှမ်ကိုတောင် ကျော်သွားပြီနော်”
“ဟုတ်တယ်။ သူတောင် (၉) ခေါက်အထိပဲ ရတာ”
“စီနီယာရှန်က တကယ် အံ့ဩစရာပဲ”
“ရှူး မင်းတို့ မသိသေးဘူးလား။ စီနီယာရှန်က အခြေခံ ပျက်စီးသွားဖူးတယ်။ ဒီလို ပြန်ရလာအောင် အရမ်းခက်ခဲခဲ့တာ”
တပည့်များအချင်းချင်း ပြောဆိုနေကြသည်။
“လျှိုယွန်းရွှမ်က ဘယ်သူလဲ”
ရေကန်ဘေးတွင် မှီလျက်ရှိသော ရှန်မိုမှ လှမ်းမေး၏။
ထိုအခါ ကျောက်ရူ လှည့်ကြည့်လာပြီး မျက်လုံးလေးများ တောက်လျက်
“စီနီယာရှန် သူ့ကို မသိဘူးလား။ လျှိုယွန်းရွှမ်ဆိုတာ လက်ထောက်ခေါင်းဆောင်လျှိုရဲ့သား။ ချင်းရွှမ်ဂိုဏ်းက တပည့်အစစ် (၄) ယောက်ထဲက တစ်ယောက်ပေါ့။ အခု ခြေတည်အဆင့် ရောက်နေပြီ”
“အတွင်းဂိုဏ်းအကြီးအကဲတွေကတော့ နောက်တက်မယ့် ဂိုဏ်းခေါင်းဆောင်အဖြစ် သဘောကျနေကြတယ်”
ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်လေသည်။
ထို့နောက် နောက်တစ်ကြိမ် ရေငုပ်ဝင်သွားပြန်၏။
မကြာမီ အပြာရောင်ဆေး (၁) လုံးကို စားလိုက်သည်။
အသက်အောင့်နိုင်သည့် ဆေးတစ်မျိုး ဖြစ်၏။
ရေအောက်တွင် ခဏတာကိစ္စများအတွက် အသုံးပြုနိုင်သည်။
ရှန်မိုတစ်ယောက် ရေနက်ထဲတွင် အာရုံစိုက်၍ ရှာဖွေနေ၏။
မကြာမီ တစ်ခုခုမှ ဆွဲငင်သလို ခံစားလာရသည်။ လှမ်းကြည့်လိုက်သောအခါ အက်ကွဲကြောင်း နေရာကျဉ်းလေးကို တွေ့ရ၏။
“သိပြီ။ ငါ့ရဲ့ နေမီးတောက်စွမ်းအင်က ဒီနေရာနဲ့ ဆက်နေတာပဲ။ အဲ့တာကြောင့် ရှောင်းဖန် မတွေ့မချင်း ဒီနေရာကို ဘယ်သူမှ မသိခဲ့ကြတာ”
“ဒါ အင်အားကောင်းတဲ့သူကိုပဲ ရွေးဖို့ အရင်တည်းက ပြင်ဆင်ခဲ့ကြတာပဲ”
ရှန်မို ပျော်ရွှင်စွာ ဆက်လက် ကူးခတ်သွားသည်။
အက်ကွဲကြောင်းမှာ ကျဉ်းမြောင်းသော်လည်း လူတစ်ယောက် ဝင်နိုင်လောက်ပြီး (၁၀) ပေဝန်းကျင်၌ လုံးဝပွင့်သွာရလေသည်။
သို့သော် ကျောက်နံရံကြီးကိုသာ တွေ့ရ၏။
ရှန်မ်ု သေချာကြည့်ပြီးနောက် လက်ဖြင့် ဖိကြည့်လိုက်သောအခါ ထူးဆန်းသော စွမ်းအင်များ ထွက်၍ သူ့လက်မှတစ်ဆင့် ခန္ဓာကိုယ်ထဲ ပျံ့နှံ့လာသလို ခံစားရသည်။
ဤသို့ဖြင့် မကြာမီအချိန်တွင် ကျောက်နံရံကြီး ကွယ်ပျောက်ကာ လိုဏ်ဂူတစ်ခု ပေါ်လာတော့သည်။
ရှန်မို ထိုနေရာကိုဖြတ်သန်းသောအခါ ရေအကာအကွယ်ကဲ့သို့ ခံစားရသောကြောင့် အသက်အောင့်ဆေးလုံးကို ပြန်ထုတ်ကာ ဝင်လာခဲ့လိုက်သည်။
လိုဏ်ဂူမှာ ရိုးရှင်း၍ အထဲတွင် စားပွဲတစ်လုံး၊ ထိုင်ခုံတစ်လုံးသာ ရှိသည်။ သို့သော် မီးစိတ်ဝိညာဉ်စွမ်းအင်မှာ အခြားနေရာများထက် အံ့ဩစရာကောင်းလောက်အောင် သိပ်သည်း၏။
စားပွဲပေါ်တွင် အလင်းလုံးလေးတစ်ခု တိတ်ဆိတ်စွာ မျောနေသည်။
အထဲ၌ ရွှေရောင် လင်းနေပြီး အသက်ရှိသည့် မြွေပေါက်လေးကဲ့သို့ ရွေ့လျားနေလေ၏။