ဂိုဏ်းကြီးငါးဂိုဏ်းကိုစိန်ခေါ်ခြင်း(၆)
Vol. 3 Ch. 233
“ မိစ္ဆာအမှောင်လက်ဝါးသိုင်း “
နှင်းငွေ့မိစ္ဆာသခင်မှ ရှေ့သို့တိုး၍ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။
ယခုအကြိမ်မှာ နှင်းငွေ့မိစ္ဆာသခင်ပထမဦးဆုံးအကြိမ်အဖြစ် စတင်တိုက်ခိုက်ခြင်းဖြစ်ကာ သူ၏လက်ဝါးမှအတွင်းအားလှိုင်းများမှာ တဟူးဟူးမည်လျက်ရှိသည် ။
ထိုလက်ဝါးချက်မှာ လွန်စွာပြင်းထန်လှကာ သာမန်အဆင့်လွန်သိုင်းသမားတစ်ဦးအား သတ်ဖြတ်နိုင်စွမ်းရှိသည် ။
ရွှမ်းချန်ဆရာတော်မှ သူ၏လက်အားအတွင်းအားများ ပို့လွှတ်ကာ နှင်းငွေ့မိစ္ဆာသခင်၏ လက်ဝါးချက်ကို ထိတ်တိုက်တွေ့လိုက်သည် ။
“ ဝုန်း... “
ကျယ်လောက်သည့်အသံနှင့်အတူ သူတို့၏ခန္တာကိုယ်များယိမ်းယိုင်သွားကြသည်။ သို့သော် နှစ်ဦးစလုံး ပြန်၍တည်ငြိမ်သွားသည်။
ထိုအကြိမ်မှာ ပထမဦးဆုံးအဖြစ် နှင်းငွေ့မိစ္ဆာသခင်၏အတွင်းအားကို ခုခံနိုင်သူပေါ်လာခြင်းဖြစ်သည်။
ယခင်တိုက်ပွဲများတွင် နှင်းငွေ့မိစ္ဆာသခင်၏နက်ရှိုင်းသည့်အတွင်းအားကို မည်သူမှမမီကြသော်လည်း ယခုအခါ ရှောင်လင်၏သန့်စင်သည့်အတွင်းအားပိုင်ရှင်ဖြစ်သည့် ရွှမ်းချန်ဆရာတော်မှ ကောင်းစွာခုခံနိုင်စွမ်းရှိသည် ။
သူတို့၏လက်ဝါးများထိတ်တိုက်တွေ့ပြီးသည့်နှင့် ရွှမ်းချန်ဆရာတော်၏လက်ဝါးမှာ လက်ငါးချောင်းအဖြစ်စုသွား၍ နှင်းငွေ့မိစ္ဆာသခင်၏ ဘယ်ဘက်လက်ကောက်ဝတ်မှ အရေးကြီးသည့်ချွယ်သွေးကြောအား ကုတ်ဆွဲလိုက်သည်။
နှင်းငွေ့မိစ္ဆာသခင်မှာ သူ၏လက်ကောက်ဝတ်အားနောက်ဘက်သို့ပြန်လှည့်၍ ရွှမ်းချန်ဆရာတော်၏တိုက်ခိုက်မှုကိုလွတ်ရုံသာရှောင်တိမ်းလိုက်သည်။
သို့သော် နှင်းငွေ့မိစ္ဆာသခင်တုံ့ပြန်တိုက်ခိုက်ခြင်းမပြုနိုင်မီ ရွှမ်းချန်ဆရာတော်၏လက်မှာ လက်ကောက်ဝတ်အားတိုက်ခိုက်နေရာမှရှေ့သို့ဖျက်ခနဲတိုးထွက်ကာ ဘယ်ပခုံးမှအရေးကြီးသွေးကြောတစ်ခုကို လက်နှစ်ချောင်းဖြင့် လျှင်မြန်စွာထိုးနှက်လိုက်သည်။
နှင်းငွေ့မိစ္ဆာသခင်မှာ ထူးခြားသည့်တိုက်ခိုက်မှုပုံစံကြောင့်အလေးအနက်ဖြစ်သွားကာ ရွှမ်းချန်ဆရာတော်၏လက်ကို သူ၏ညာလက်ဝါးဖြင့်ရိုက်ဖယ်လိုက်သည်။
ရွှမ်းချန်ဆရာတော်မှာ သူ၏တိုက်ခိုက်မှုနှစ်ခု ပျက်ပြယ်သွားသော်လည်း အနည်းငယ်မှပင်တုံ့ဆိုင်းခြင်းမရှိဘဲ ဆက်တိုက်တိုက်ခိုက်လိုက်သည်။
“ ပန်းခူးလက်ဝါးသိုင်း ပန်းပွင့်တစ်ရာစုဆောင်းခြင်း “
ရွှမ်းချန်ဆရာတော်၏တိုက်ခိုက်မှုမှာ ပန်းခူးလက်ဝါးသိုင်းထဲမှ အစွမ်းအထက်ဆုံးပုံစံဖြစ်ကာ ခန္တာကိုယ်ရှိ သွေးကြောခုနစ်ဆယ့်နှစ်ခုကို တစ်ပြိုင်တည်းတိုက်ခိုက်နိုင်သည်ဟု
သိုင်းကျမ်းတွင်ဖော်ပြထားသည် ။
ထိုအချက်မှာအနည်းငယ်ချဲ့ကားထားခြင်းဖြစ်သော်လည်း ထိုသိုင်းကွက်မှာ လွန်စွာအစွမ်းထက်သည်ကိုတော့ဝန်ခံရပေမည်။
ထိုသိုင်းကွက်၏သော့ချက်မှာ သွေးကြောများကိုလျှပ်မြန်တိကျစွာတိုက်ခိုက်နိုင်ခြင်းဖြစ်ကာ တစ်ဖက်လူတုံ့ပြန်မှုမပြုနိုင်ခင်မှာပင် အနိုင်ရနိုင်သည်။
ရွှမ်းချန်ဆရာတော်မှာ ထိုအစွမ်းအထက်ဆုံးတိုက်ခိုက်မှုပုံစံကို ပထမဆုံးတိုက်ခိုက်မှုတွင် ထုတ်သုံးလာသည်ကိုကြည့်ခြင်းဖြင့် နှင်းငွေ့မိစ္ဆာသခင်အားမည်မျှအလေးအနက်ထားသည်ကို သိရှိနိုင်သည်။
နှင်းငွေ့မိစ္ဆာသခင်မှာ ရွှမ်းချန်ဆရာတော်၏စဉ်ဆက်မပြက်သိုင်းကွက်များကို ခုခံရှောင်တိမ်းနေရသည့်အတွက် ကောင်းစွာတိုက်ခိုက်နိုင်ခြင်းမရှိပေ။
သူ၏မိစ္ဆာအမှောင်လက်ဝါးသိုင်းမှာ ပြင်းထန်မှုကို အခြေခံထားသည့်အတွက် လျှင်မြန်မှုတွင်အားနည်းပေသည် ။
ထို့ကြောင့်လည်း ရွှမ်းချန်ဆရာတော်၏ အဆက်မပြက်တိုက်ခိုက်မှုများအောက်တွင် တိုက်ကွက်တစ်ခုမှမထုတ်နိုင်ခြင်းဖြစ်သည်။
သို့သော် ယခုအချိန်အထိ ရွှမ်းချန်ဆရာတော်၏ တိုက်ခိုက်မှုများမှာ သူ၏ခန္တာကိုယ်ပေါ်သို့ တစ်ခုမှမကျရောက်သေးပေ။
ဤသည်ကိုကြည့်ခြင်းဖြင့် နှင်းငွေ့မိစ္ဆာသခင်၏ပညာအတိမ်အနက်ကိုသိရှိနိုင်သည်။
နှင်းငွေ့မိစ္ဆာသခင်လည်း တစ်ဖက်လူ၏တိုက်ခိုက်မှုပုံစံကို ကောင်းစွာအကဲခပ်မိသည်နှင့် ခေါင်းတစ်ချက်ညိမ့်ကာ အာရုံစူးစိုက်၍ နေရာအနှံ့ပြင်းထန်သည့်လက်ဝါးချက်များရိုက်ထုတ်လိုက်သည်။
နှင်းငွေ့မိစ္ဆာသခင်၏ ဦးတည်ချက်မရှိရိုက်ထုတ်လိုက်သည့် လက်ဝါးချက်များကြောင့် ရွှမ်းချန်ဆရာတော်၏တိုက်ခိုက်မှုများအနည်းငယ်နှောင့်နှေးသွားချိန်တွင် နှင်းငွေ့မိစ္ဆာသခင်မှာ ခြေတစ်ချက်ဆောင့်၍ ရွှမ်းချန်ဆရာတော်နှင့်အကွာအဝေးတစ်ခုရောက်အောင်ဆုတ်ခွာလိုက်သည်။
ထို့နောက်တွင် ပြင်းထန်လှသည့်လက်ဝါးချက်များဖြင့် ကြောက်မက်ဖွယ်တိုက်ခိုက်လိုက်သည်။
“ မိစ္ဆာခုနစ်ကောင်ပိတ်လှောင်ခြင်း “
နှင်းငွေ့မိစ္ဆာသခင်၏လက်ဝါးရိပ်များနှာ ရွှမ်းချန်ဆရာတော်၏ခန္တာကိုယ်အနီးတွင် ရစ်ဝဲနေသည် ။
ဝမ်းတ၏တိုက်ခိုက်မှုနှင့်ခြားနားသည်က နှင်းငွေ့မိစ္တာသခင်၏လက်ဝါးချက်များမှာ ရန်သူကိုပိတ်လှောင်နိုင်ရုံသာမက နေရာပေါင်းစုံမှတိုက်ခိုက်ခြင်းဖြစ်သည်။
ထို့အပြင် ထိုလက်ဝါးချက်များ၏ပြင်းအားမှာသာမန်အဆင့်လွန်သိုင်းသမားတစ်ဦးကိုသတ်ဖြတ်နိုင်သည်အထိ ပြင်းထန်လှသည် ။
“ ပန်းလော့လက်ဝါး “
ရွှန်းချန်ဆရာတော်လည်းသူ၏သိုင်းကွက်များကို ပြောင်းလဲလိုက်သည်။
ပန်းလော့လက်ဝါးမှာ ရှောင်လင်၏ပြင်းထန်သည့်သိုင်းပညာရပ်များထဲတွင်ပါဝင်ကာ နက်ရှိုင်းသည့်အတွင်းအားနှင့်အသုံးပြုပါက လွန်စွာကြောက်မက်ဖွယ်ကောင်းလှသည် ။
သူတို့၏တိုက်ခိုက်မှုများမှာ တဝုန်းဝုန်းမည်ဟည်းနေကာ ပတ်ဝန်းကျင်တစ်ခုလုံးသို့ အားလှိုင်းများလွင့်ပျံ့နေသည်။
သိုင်းပညာအဆင့်နိမ့်သည့်သိုင်းသမားတစ်ဦးဦးသာ တိုက်ပွဲအနီးသို့ကပ်သွားပါက ထွက်ပေါ်နေသည့်အားလှိုင်းများကြောင့် သွေးပွတ်ပွတ်အန်သွားရနိုင်သည်။
ရွှမ်းချန်ဆရာတော်နှင့်နှငငွေ့မိစ္ဆာသခင်တို့မှာ အပြင်းအထန်တိုက်ခိုက်လျက်ရှိကာ သူတို့၏အတွင်းအားများမှာလည်းညီမျှနေသည့်အတွက် တိုက်ပွဲရေချိန်မှာ ပို၍မြင့်တက်လာသည်။
ယခုအချိန်အထိ နှင်းငွေ့မိစ္ဆာသခင်မှ မိစ္ဆာအမှောင်လက်ဝါးသိုင်းတစ်ခုတည်းကိုအသုံးပြုနေသော်လည်း ရွှမ်းချန်ဆရာတော်မှာမူ ရှောင်လင်၏ခုနစ်ဆယ့်နှစ်မျိုးသောပညာရပ်များထဲမှ အချို့ကိုပြောင်းလဲတိုက်ခိုက်နေရသည်။
“ အမှောင်ထုလက်ဝါး “
နှင်းငွေ့မိစ္ဆာသခင်မှ သူတောင်းစားဂိုဏ်းမှ အဖိုးအိုကျန်းကိုအနိုင်ယူခဲ့သည့် သိုင်းကွက်ကိုထုတ်သုံးလိုက်သည် ။
သူ၏လက်ဝါးမှာ အားအင်ပြင်းထန်လှသော်လည်း ဝမ်းတကဲ့သို့အမှောင်အတွင်းအားကိုလေ့ကျင့်ထားခြင်းမရှိပေ။
သို့သော် ထိုလက်ဝါးရိုက်ချက်မှာ ယခင်တိုက်ခိုက်မှုများထက် နှစ်ဆကျော်ကျော်ပြင်းထန်ကာ အစွမ်းအထက်ဆုံး တိုက်ခိုက်မှုဖြစ်ပေသည်။
ရွှမ်းချန်ဆရာတော်လည်း မျက်နှာတည်ကြည်သွားပြီး လက်ညိုးနှင့်လက်ခလယ်ကိုဆန့်တန်း၍ ကျန်လက်ချောင်းများအား ဆုပ်ထားလိုက်သည် ။
ထို့နောက် သူ၏လက်ချောင်းနှစ်ခုတွင် အတွင်းအားများစုစည်းကာ နှင်းငွေ့မိစ္ဆာသခင်၏လက်ဝါးကို တိုက်ခိုက်လိုက်သည်။
“ သံမဏိလက်ချောင်း “
ရွှမ်းချန်ဆရာတော်၏လက်နှစ်ချောင်းမှာ နှင်းငွေ့မိစ္ဆာသခင်၏လက်ဝါးအလည်ကိုထောက်မိသွားသည့်အတွက် နှင်းငွေ့မိစ္ဆာသခင်၏လက်ဝါးချက်မှာ ပျက်ပြယ်သွားကာ နောက်သို့အနည်းငယ်ဆုတ်လိုက်ရသည် ။
သံမဏိလက်ချောင်းသိုင်းမှာလည်း ရှောင်လင်၏သိုင်းပညာခုနစ်ဆယ့်နှစ်မျိုးအနက် တစ်မျိုးဖြစ်ကာ လေ့ကျင့်အောင်မြင်ပါက လွန်စွာအစွမ်းထက်လေသည် ။
လေ့ကျင့်အောင်မြင်သည့်လူ၏လက်ချောင်းများကို သံမဏိကဲ့သို့ မာကျောစေရုံသာမက ခန္တာကိုယ်ရှိသွေးကြောများအားတိုက်ခိုက်ရာတွင်လွန်စွာအသုံးဝင်သည့်သိုင်းပညာဖြစ်သည် ။
ရွှမ်းချန်ဆရာတော်လည်း သံမဏိလက်ချောင်းသိုင်းထိရောက်သည်ကိုတွေ့သည်နှင့် ကျောက်လက်ညိုး၊ မိုးကြိုးငါးစင်းလက်ချောင်းသိုင်း စသည့် လက်ချောင်းသိုင်းပညာရပ်များကိုပါ ရောယှက်အသုံးပြုလာသည်။
နှင်းငွေ့မိစ္ဆာသခင်လည်း တစ်ဖက်လူ၏ပြောင်းလဲလာသည့်တိုက်ခိုက်မှုကြောင့် ခေါင်းယမ်း၍ ခပ်တိုးတိုးပြောလိုက်သည်။
“ တိုက်ပွဲကို မြန်မြန်အဆုံးသတ်တာကောင်းမယ် “
တစ်ဦးတည်းရေရွတ်သလိုပြောဆိုလိုက်ပြီး နှင်းငွေ့မိစ္ဆာသခင်လည်း သူ၏လက်ဝါးကိုပြန်၍ရုတ်ကာ လက်သီးပုံစံသို့ပြောင်းလိုက်သည်။
“ နှင်းငွေ့သုံးပါးပညာရပ် ဆီးနှင်းလက်သီးချက် “
နှင်းငွေ့မိစ္ဆာသခင်၏လက်သီးမှာ ရွှမ်းချန်ဆရာတော်၏လက်ချောင်းများနှင့်ထိတ်တိုက်တွေ့ဆုံသွားကာ ရွှမ်းချန်ဆရာတော်မှာ မဟန်နိုင်ဘဲ နောက်သို့ဆုတ်ပေးလိုက်ရသည်။
“ ဖြောက် “
အရိုးကျိုးသံသဲ့သဲ့ကြောင့် ရွှမ်းချန်ဆရာတော်၏ညာလက်မှ လက်ချောင်းနှစ်ခုကျိုးသွားသည်ကိုသိလိုက်ရသည် ။
တစ်ခုသိထားရမည်မှာ ရွှမ်းချန်ဆရာတော်၏လက်ချောင်းများမှာ လွန်စွာမာကျောကာ ဓားလှံများကိုပင် ချိုးဖျက်နိုင်စွမ်းရှိသော်လည်း နှင်းငွေ့မိစ္ဆာသခင်၏လက်သီးချက်ကြောင့် လက်ချောင်းနှစ်ခုလုံး ကျိုးသွားခဲ့ရပေသည်။
နှင်းငွေ့မိစ္ဆာသခင်မှာ တစ်ဖက်လူမှနောက်ဆုတ်ပေးလိုက်ရသည့်အတွက် တုံ့ဆိုင်းမနေတော့ဘဲ ရှေ့သို့ခုန်ဝင်ကာ ပြင်းထန်လှသည့်လက်သီးချက်များဖြင့်တိုက်ခိုက်လိုက်သည်။
“ ဝုန်း... ဝုန်း... “
နှင်းငွေ့မိစ္ဆာသခင်၏လက်သီးချက်များမှာ လေထုထဲတွင် တဝုန်းဝုန်းမည်ဟည်းနေကာ လွန်စွာပြင်းထန်လှသည် ။
ထိုလက်သီးချက်များနှင့်နှိုင်းယှဉ်လိုက်ပါက မိစ္ဆာအမှောင်လက်ဝါးသိုင်းမှာ အတော်လေးအားပျော့သွားပေမည်။
ထို့အပြင် လက်သီးချက်များထဲမှ အေးစိမ့်နေသည့် အားလှိုင်းကြောင့် ရွှမ်းချန်ဆရာတော်မှာ ချက်ခြင်းလိုလိုပင် ခံစစ်အနေအထားသို့ရောက်သွားလေသည်။