← Chapters

အနောက်ဆုံးတိုက်ပွဲ(၁)

Vol. 3 Ch. 235

အနောက်ဆုံးတိုက်ပွဲ(၁)

Vol. 3 Ch. 235

လူအများအံ့ဩထိတ်လန့်နေကြစဉ် ဝူတန်းဂိုဏ်းချုပ်ကြီးမှာ သူ၏နေရာမှထကာ နှင်းငွေ့မိစ္ဆာသခင်ရပ်နေသည့် မြေကွက်လပ်သို့ ဖြေးညင်းစွာလျှောက်လာလေသည်။

တစ်ယောက်တစ်ပေါက်ဆူညံနေကြသည့်သိုင်းလောကသားများမှာ မီးကိုရေဖြင့်ငြိမ်းသက်လိုက်သလိုတိတ်ကျသွားကာ သူတို့၏မျက်လုံးအကြည့်များက နေရာတစ်ခုထဲတွင်စုပြုံနေကြသည်။

ဝူတန်းဂိုဏ်းချုပ်၏ဂိုဏ်းချုပ်ကြီးကျန်းချန်းဟောင် ၊ ကျော်ကြားလှသည့် အလယ်ပိုင်းဓားဘုရင်၏တပည့် ၊ ရှုံးပွဲမရှိသေးသည့် နာမည်ကျော်ဓားသမား ။

ထိုဂုဏ်ပုဒ်များမှာ သူတို့၏စိတ်ထဲတွင် တန်းစီ၍ပေါ်လာကြကာ လွန်စွာပြင်းထန်လှမည့်တိုက်ပွဲကိုကြည့်ရန် မျက်လုံးများအရောင်တောက်လာကြသည် ။

ဝူတန်းဂိုဏ်းချုပ်ကြီး၏ ဂုဏ်သတင်းမှာ ကျော်ကြားလှသလို တစ်ဖက်လူမှာလည်း ဂိုဏ်းကြီးလေးဂိုဏ်းမှ ထိပ်သီးပုဂ္ဂိုလ်များအား ဆက်တိုက်အနိုင်ယူသွားခဲ့သူဖြစ်သည်။

သူတို့၏တိုက်ပွဲရလာဒ်မှာမည်သို့ရှိမည်ကိုမသိနိုင်သေးသော်လည်း လွန်စွာပြင်းထန်ကြမ်းတမ်းမည်မှာ မေးနေစရာပင်မလိုပေ။

ဝူတန်းဂိုဏ်းချုပ်ကြီး၏အဖြူအနက်ဝတ်စုံမှာ လေထဲတွင်တဖျက်ဖျက်လွင့်နေရာ သူ၏နောက်ကျောတွင် ရှေးဟောင်းဓားတစ်လက်ရှိနေသည် ။

အစောပိုင်းက ထိုက်ကျိဓားစန်းဟုန်းလျန်၏ ဆိုးဆိုးရွားရွားရှုံးနိမ့်မှုနှင့် စိတ်ဓာတ်ပြိုလဲသွားမှုက ဝူတန်းဂိုဏ်းချုပ်ကြီးကို များစွာစိတ်ထိခိုက်စေခဲ့သည်။

စန်းဟုန်းလျန်မှာ ဝူတန်းဂိုဏ်းချုပ်ကြီးသဘောအကျဆုံးတပည့်ဖြစ်သည့်အပြင် ယခုအခါနောက်ထပ်တစ်ကြိမ်ဓားပြန်ကိုင်နိုင်ရန်မသေချာဘဲ အဆိုးဝါးဆုံးမှာ သူ၏စိတ်ဓာတ်များပြိုလဲသွားခြင်း ဖြစ်သည်။

ထိုအခြေအနေက ဝူတန်းဂိုဏ်းချုပ်ကြီး၏စိတ်ကိုအနည်းနှင့်အများ အကျိုးသက်ရောက်စေသော်လည်း ယခုအခါ ထိုစိတ်ခံစားချက်များပျောက်ကွယ်သွားဟန်ရသည်။

ယခု ဝူတန်းဂိုဏ်းချုပ်ကြီး၏မျက်နှာမှာ လုံးဝတည်ငြိမ်နေကာ သူ၏သွင်ပြင်မှာ မှန်းဆရခက်သည့်ရေပြင်ကြီးတစ်ခုအလားပင်။

သို့သော် သူ၏ပိန်ပါးသည့်ခန္တာကိုယ်မှာ ဖြောင့်တန်းစွာစိုက်ထူထားသည့်ဓားတစ်ချောင်း၏အငွေ့အသက်များထွက်ပေါ်နေသည်။

နှင်းငွေ့မိစ္ဆာသခင်၏မျက်လုံးများမှာ အရောင်တလက်လက်တောက်ပလာကာ မျက်နှာဖုံးအောက်မှသူ၏မျက်နှာသည်လည်း ပြုံးလိုက်ဟန်ရသည်။

ထို့နောက် နှင်းငွေ့မိစ္ဆာသခင်ထံမှ တည်ငြိမ်သည့်စကားသံထွက်ပေါ်လာသည်။

“ ကျုပ်သိနေတယ် ခင်ဗျားကဒီမှာရှိတဲ့လူတွေထဲမှာ ကြောက်စရာအကောင်းဆုံးလူဆိုတာကို “

ထိုစကားမှာ နှင်းငွေ့မိစ္ဆာသခင်စတင်ရောက်ရှိလာသည့်အချိန်မှစ၍ ပထမဦးဆုံးအကြိမ်အဖြစ် ချီးကျူးစကားပြောခြင်းဖြစ်သည်။

ဝူတန်းဂိုဏ်းချုပ်ကြီးမှာမူ နှင်းငွေ့မိစ္ဆာသခင်၏ချီးကျူးစကားကို မည်သို့မှဖြစ်ဟန်မတူဘဲ အနိမ့်အမြင့်မရှိသည့်လေသံဖြင့်ပြောလိုက်သည်။

“ မင်းက လေးပွဲဆက်တိုက် တိုက်ခိုက်ထားတော့ အကောင်းဆုံးအခြေအနေမှာရှိမနေဘူး ။ မင်းရဲ့အတွင်းအားတွေကို ပြန်ပြီးဖြည့်လိုက်ပါ “

ဝူတန်းဂိုဏ်းချုပ်ကြီး၏စကားကြောင့် သိုင်းလောကသားများမှာ အံ့ဩလေးစားသွားမိသည်။

နှင်းငွေ့မိစ္ဆာသခင်မှာ မည်မျှနက်ရှိုင်းသည့်အတွင်းအားရှိသည်ဖြစ်စေ သိုင်းထိပ်သီးလေးယောက်နှင့်ဆက်တိုက်တိုက်ခိုက်ထားမှုကြောင့် သူ၏အတွင်းအားများ လျော့နည်းနေပေမည်။

အကယ်၍ ယခုပုံစံအတိုင်းသာတိုက်လိုက်ပါက ဝူတန်းဂိုဏ်းချုပ်ကြီးမှာ အနိုင်ရရန်အခွင့်အလမ်းပို၍များပြားပေမည်။

သို့သော် ဝူတန်းဂိုဏ်းချုပ်ကြီးမှာ ထိုအချက်ကိုသိသည့်အတွက် အခွင့်အရေးမယူဘဲ နှင်းငွေ့မိစ္ဆာသခင်အား အားပြန်ဖြည့်ရန်အခွင့်အရေးပေးလိုက်ခြင်းဖြစ်သည်။

သို့သော် နှင်းငွေ့မိစ္ဆာသခင်၏ မောက်မာဝံ့ကြွသည့်စရိုက်အရဆိုလျှင် .....

“ ကောင်းပြီ ကျုပ်ကိုအချိန်နည်းနည်းပေး “

နှင်းငွေ့မိစ္ဆာသခင်၏ ပျော့ပြောင်းသည့် စကားက လူအများကိုပါးစပ်အဟောင်းသားဖြစ်စေသည်။

နှင်းငွေ့မိစ္ဆာသခင်မှာ စန်နုန်ကျသို့ရောက်ရှိလာချိန်မှစ၍ ဂိုဏ်းကြီးငါးဂိုဏ်းနှင့်အဖြူအနက်သိုင်းလောကသားများ ၊ အခြားဒေသမှလူများကိုပင်မျက်စေ့ထဲထည့်ဟန်မတူပေ။

ထိုကဲ့သို့လူမျိူးမှ ရှားရှားပါးပါးသဘောတူလက်ခံသည်ကိုမြင်ရသည့်အတွက် သူတို့အားလုံးအံ့ဩသွားရသလို နှင်းငွေ့မိစ္ဆာသခင်မှ ထိုတိုက်ပွဲကို မည်မျှအလေးအနက်ထားသည်ကိုလည်း သိရှိနိုင်ပေသည်။

နှင်းငွေ့မိစ္ဆာသခင်မှာ အခြားလူများ၏ထင်မြင်ချက်ကို လုံးဝဂရုစိုက်ခြင်းမရှိပေ။ သူ၏တပည့်ဝမ်းတနှင့်ဝမ်းတုတို့ရှိရာသို့သွား၍ ခြေချိတ်ထိုင်ကာ အတွင်းအားစတင်လေ့ကျင့်လိုက်သည်။

ပုံမှန်ဆိုလျှင် သိုင်းလောကသားများမှာ စိတ်မြန်လက်မြန်ရှိကာ ထိုကဲ့သို့စောင့်ဆိုင်းရခြင်းမျိုးကိုလုံးဝမနှစ်သက်ကြသော်လည်းယခုအခါအံ့ဩဖွယ်ကောင်းလောက်အောင် သူတို့ငြိမ်သက်နေကြသည်။

အတွင်းဒဏ်ရာရရှိနေသည့်ဝမ်းတနှင့် ပြင်ပဒဏ်ရာများရရှိထားသည့်ဝမ်းတုမှာ သူတို့၏ဆရာအနီးတွင်စောင့်ကြပ်နေကြကာ တင်းမာပြတ်သားသည့်မျက်နှာများဖြင့် အဖြူအနက်သိုင်းလောကသားများကို ကြည့်ရှုနေကြသည်။

အကယ်၍ တစ်စူံတစ်ယောက်မှ နှင်းငွေ့မိစ္ဆာသခင်အား မကောင်းကြံလိုပါက ဝမ်းတနှင့်ဝမ်းတုမှ အသက်ကိုရင်း၍တုံ့ပြန်တိုက်ခိုက်မည်မှာ မေးနေစရာပင်မလိုပေ။

ထို့အပြင်ဝမ်းတနှင့်ဝမ်းတု၏အစွမ်းမှာာသာမန်သိုင်းဝိဇ္ဇာတစ်ဦးကိုပင်လက်ရည်တူတိုက်ခိုက်နိုင်သည့်အတွက် မည်သူမှမကောင်းကြံစည်လိုခြင်းမရှိကြပေ။

ရေနွေးအိုးတစ်အိုးဆူချိန်၍ နှင်းငွေ့မိစ္ဆာသခင်မှာ ဖြေးညင်းစွာထရပ်လာသည်။

သူ၏ခန္တာကိုယ်အနီးတွင်အားကောင်းသည့်အငွေ့အသက်များထွက်ပေါ်နေကာ မျက်လုံးအစုံမှလည်း အရောင်တလက်လက်တောက်ပလျက်ရှိသည်။

“ ဂိုဏ်းချုပ်ကြီး ကျုပ်တို့စကြတာပေါ့ “

နှင်းငွေ့မိစ္ဆာသခင်မှ တည်ငြိမ်သည့်လေသံဖြင့်ပြောကာ ဝူတန်းဂိုဏ်းချုပ်ကြီး၏ရှေ့သို့လျှောက်လာသည်။

အေးဆေးတည်ငြိမ်စွာရပ်နေသည့် ဝူတန်းဂိုဏ်းချုပ်ကြီးမှ ခေါင်းတစ်ချက်ညိမ့်ပြ၍ သူ၏နောက်ကျောမှဓားကို ဖြေးညင်းစွာဆွဲထုတ်လိုက်သည်။

နှင်းငွေ့မိစ္ဆာသခင်မှာ စူးရှသည့်မျက်လုံးများဖြင့် ဝူတန်းဂိုဏ်းချုပ်ကြီးလှုပ်ရှားမှူများကို မျက်တောင်မခက်တမ်းကြည့်ရှုနေသည်။

ဓားသွား၏အဖြူရောင်အလင်းမှာနေရောင်အောက်တွင် တောက်ပနေသည်။

ဝူတန်းဂိုဏ်းချုပ်ကြီး၏ဓားမှာ ရှေးဟောင်းပုံစံဖြင့်အိုဟောင်းသည့် ဓားတစ်လက်ဖြစ်သော်လည်း လွန်စွာကောင်းမွန်လှသည် ။

ဓားကိုဆွဲထုတ်ပြီးသည်နှင့် ဝူတန်းဂိုဏ်းချုပ်ကြီး၏တည်ငြိမ်သည့်မျက်လုံးများမှာ စူးရှလာကာ သူ၏ခန္တာကိုယ်မှ ပြင်းထန်သည့်ဖိအားများစတင်ထွက်ပေါ်လာသည် ။

ထိုအငွေ့အသက်များမှာ စူးရှခြင်းမရှိဘဲ တည်ငြိမ်သော်လည်း လွန်စွာပြင်းထန်ပေသည်။ ထို့အပြင် ဝါဆန်းဂိုဏ်းချုပ်လျှပ်စီးဓားရှင်၏ဓားဆန္ဒထက်လည်း များစွာအစွမ်းထက်ပေသည်။

“ ဝှစ် “

လေခွင်းသံတစ်ချက်ထွက်ပေါ်လာကာ ဝူတန်းဂိုဏချုပ်ကြီး၏ဓားမှာ လေထုကိုထိုးခွင်း၍ နှင်းငွေ့မိစ္ဆာသခင်၏ ရင်ဘက်ဆီသို့ပြေးဝင်လာသည်။

ထိုဓားကွက်မှာ လွန်စွာမြန်ဆန်ခြင်းမရှိသော်လည်း တည်ငြိမ်လျက်ရှိကာ မှန်းဆရခက်ခဲပေသည်။

“ ဆီးနှင်းလက်သီး “

နှင်းငွေ့မိစ္ဆာသခင်လည်း ခပ်တိုးတိုးရေရွတ်၍ ကြောက်ရွံ့ဟန်မရဘဲ သူ၏ရင်ဘက်ကိုပိုင်းဖြတ်ရန် တိုးဝင်လာသည့်ဓားသွားကိုလက်သီးဖြင့်ထိုးချလိုက်သည်။

“ ရွှပ် “

ဓား၏လားရာမှာပြောင်းလဲသွားကာ နှင်းငွေ့မိစ္ဆာသခင်၏ဘယ်ဘက်နံကြားကိုတိုးဝင်သွားသော်လည်း နှင်းငွေ့မိစ္ဆာသခင်မှ လက်ညာဘက်ကိုအနည်းငယ်တိမ်းစောင်းပေးလိုက်သည့်အတွက် နှငငွေ့မိစ္ဆာသခင်၏ခန္တာကိုယ်နှင့် တစ်လက်မအကွာမှဖြတ်ပြေးသွားသည် ။

“ သိုင်းကွက်အသေအရှင်သဘောတရားလား “

နှင်းငွေ့မိစ္ဆာသခင်မှ တိုးညင်းစွာရေရွတ်လိုက်သော်လည်း သူ၏လေသံမှာ အနည်းငယ်ဝမ်းမြောက်နေပုံရသည် ။

ထို့နောက်တွင်နှင်းငွေ့မိစ္ဆာသခင်၏ပြင်းထန်လှသည့်လက်သီးချက်များထွက်ပေါ်လာကာ တိုက်စစ်စ၍ဖွင့်သူဖြစ်လာသည်။

“ ချွမ်း... ချွမ်း... “

နှင်းငွေ့မိစ္ဆာသခင်၏လက်သီးနှင့် ဝူတန်းဂိုဏ်းချုပ်ကြီး၏ဓားသွားမှာ မကြာခဏထိတွေ့သွားသော်လည်း နှင်းငွေ့မိစ္ဆာသခင်၏လက်သီးမှာ အသွေးအသားများဖြင့်ပြုလုပ်ထားခြင်းမဟုတ်ဘဲ သံသတ္ထုကဲ့သို့အသံများထွက်ပေါ်လာတတ်သည်။

ယခုတစ်ကြိမ်တွင် နှင်းငွေ့မိစ္ဆာသခင်မှာ စတင်၍တိုက်ခိုက်ခြင်းဖြစ်ကာ သူ၏ပြင်းထန်သည့်လက်သီးချက်များမှာလည်း နေရာအနှံ့မှတိုးဝင်လာတက်သည်။

နှင်းငွေ့မိစ္ဆာသခင်၏တိုက်ခိုက်မှုများမှာ တစ်ခါတစ်ရံတွင် ထူးဆန်းစွာဖြင့်ဦးခေါင်းအားတိုက်ခိုက်နေရာမှ ပခုံးသို့မဟုတ်ရင်ဘက်သို့ပြောင်းလဲလိုက်သည်လည်းရှိသည်။

သူ၏လက်သီးသိုင်းကွက်များမှာမူ ယခင်ကထက်ပို၍ပြင်းထန်လာကာ တိုက်ခိုက်ပုံမှာ အစီအစဉ်ကျဟန်မတူပေ။

သို့သော် အစီအစဉ်မကျသည့်ထိုလက်သီးချက်များမှာ ယခင်ကထက်များစွာပို၍အစွမ်းထက်လာကာ အကယ်၍ ယခုအချိန်တွင် ဝါဆန်းဂိုဏ်းချုပ်ကြီးဖြင့်နောက်ထပ်တစ်ကြိမ်ပြန်၍တိုက်ခိုက်ပါက သိုင်းကွက်တစ်ရာအတွင်းနှင်းငွေ့မိစ္ဆာသခင်အနိုင်ရသွားပေလိမ့်မည်။

အမှန်မှာ နှင်းငွေ့မိစ္ဆာသခင်မှ သိုင်းကွက်အသေအရှင်သဘောတရားကို အသုံးပြုတိုက်ခိုက်နေခြင်းဖြစ်ကာ သူ၏တိုက်ကွက်များမှာ ယခင်တိုက်ပွဲများထက် အဆပေါင်းများစွာပို၍အစွမ်းထက်ပေသည်။

နှစ်ဦးစလုံးမှာ သိုင်းပညာသဘောတရားတစ်ခုတည်းကိုအသုံးပြုလာသည့်နောက်တွင် တိုက်ပွဲမှာပြန်၍လက်ရည်မျှလာသည် ။

All Chapters