နောက်ဆုံးတိုက်ပွဲ(၂)
Vol. 3 Ch. 236
နှင်းငွေ့မိစ္ဆာသခင်မှာ လက်သီးချက်များနှင့်တိုက်ခိုက်နေရာမှ ရုတ်တရက် သူ၏တိုက်ခိုက်မှုပုံစံကိုပြောင်းလဲလိုက်သည်။
“ ရေခဲနတ်ဆိုးလက်ဝါးသိုင်း “
နှင်းငွေ့မိစ္ဆာသခင်၏လက်ဝါးရိပ်များမှာ လေထဲတွင် အရိပ်များစွာဖြစ်ပေါ်လာကာ ဝူတန်းဂိုဏ်းချုပ်ကြီးအားတိုက်ခိုက်လိုက်သည်။
သူ၏လက်ဝါးရိပ်အများစုမှာ ပုံရိပ်ယောင်အများစုဖြစ်ကာ အယောင်ပြတိုက်ခိုက်မှုများဖြစ်ကြသော်လည်း တစ်ချိန်တည်းမှာပင် ထိုလက်ဝါးရိုက်ချက်များမှာ အစစ်အမှန်အဖြစ်သို့ပြောင်းလဲသွားနိုင်သည် ။
ဝူတန်းဂိုဏ်းချုပ်ကြီးလည်း သူ၏ဓားကိုရေပတ်မဝင်အောင်ဝေ့ယမ်း၍ကာကွယ်လိုက်ရာ လက်ဝါးရိပ်အများစုမှာ ပျောက်ကွယ်သွားသော်လည်း အဖြူဖျော့ဖျော့လက်ဝါးနှစ်ဖက်မှာ တိုးထွက်လာကာ ဝူတန်းဂိုဏ်းချုပ်ကြီး၏ဓားကိုဖမ်းဆုပ်လိုက်သည်။
နှင်းငွေ့မိစ္ဆာသခင်၏လက်နှစ်ဖက်မှာ ဓားလှံတိုးပေါက်ပုံမပေါ်ပေ။ ထို့ကြောင့် ဝူတန်းဂိုဏ်းချုပ်ကြီး
၏ဓားကိုသာဖမ်းဆုပ်လိုက်မိပါက သူမည်သို့မှဖြစ်မည်မဟုတ်ပေ။
သို့သော် တစ်ဖက်တွင် ဝူတန်းဂိုဏ်းချုပ်ကြီးမှာ သူ၏ဓားကိုလက်လွတ်လိုက်ရမည်ဖြစ်ကာ တိုက်ပွဲ၏အဖြေမှာ ချက်ခြင်းပေါ်သွားနိုင်သည် ။
ဝူတန်းဂိုဏ်းချုပ်ကြီးလည်း သူ၏ဓားကွက်ကိုအလျှင်အမြန်ရုတ်သိမ်းလိုက်ရာ နှင်းငွေ့မိစ္ဆာသခင်၏လက်ဝါးနှစ်ဖက်မှာ လေထုကိုသာဖမ်းဆုပ်
မိသွားသည် ။
နှင်းငွေ့မိစ္ဆာသခင်မှာ ထိုအဖြစ်ကိုကြိုတင်မျှော်လင့်ထားပုံပေါ်သည် ။ သူ၏လက်ဝါးများမှာ ဝူတန်းဂိုဏ်းချုပ်ကြီး၏ဓားကိုမဖမ်းမိသော်လည်း ဓားကွက်ပျက်သွားသည့်ဝူတန်းဂိုဏ်းချုပ်ကြီးကို ပြင်းထန်စွာရိုက်ချလိုက်သည်။
“ ဝုန်း.... “
မြေပြင်တွင် နက်ရှိုင်းသည့်လက်ဝါးရာကြီးပေါ်လာကာ ဝူတန်းဂိုဏ်ချုပ်ကြီး၏ရင်ထဲတွင်တင်းကြပ်စလိုခံစားလိုက်ရသည်။
ထိုလက်ဝါးချက်မှာ ပွတ်ကာသီကာရှောင်တိမ်းလိုက်သဖြင့် သူ၏နံဘေးမှကပ်လျက်ဖြတ်သွားသော်လည်း အားအရှိန်မှာ ခန္တာကိုယ်အတွင်းမှသွေးကြောများကိုပင် ဗြောင်းဆန်သွားစေနိုင်သည်။
တစ်ချိန်တည်းမှာပင် ဝူတန်းဂိုဏ်းချုပ်ကြီးမှာ အေးစိမ့်သည့်အားလှိုင်းတစ်ခု စိမ့်ဝင်လာမှုကြောင့် သူ၏လှုပ်ရှားမှုများလေးလံသွားကာ ဓားကွက်များပင် အနည်းငယ်နှေးကွေးသွားလေသည်။
ဤသည်မှာ နှင်းငွေ့မိစ္ဆာသခင်၏ထူးဆန်းသည့်အတွင်းအားသက်ရောက်မှုဖြစ်ကာာထိုအတွင်းအားများခန္တာကိုယ်အတွင်းဝင်ရောက်သွား၍ ရွှမ်းချန်ဆရာတော်ရှုံးနိမ့်သွားရခြင်းဖြစ်သည် ။
တိုက်ပွဲ၏မျှခြေမှာ ကျိုးပြတ်သွားကာ နှင်းငွေ့မိစ္ဆာသခင်၏ရှုပ်ထွေးသည့်လက်ဝါးချက်များမှာ ဝူတန်းဂိုဏ်းချုပ်ကြီးကိုဖိအားပေးလာသည်။
ဝူတန်းဂိုဏ်းချုပ်ကြီးလည်း ထိုအခြေအနေကြောင့် သက်ပြင်းတစ်ချက်ချ၍ အေးခဲလေးလံနေသည့်ခံစားချက်ပျောက်ကွယ်သွားစေရန် ခန္တာကိုယ်အတွင်းမှအတွင်းအားများကို အဆုံးစွန်လှည့်ပတ်ကာ သူ၏ဓားကွက်များကို နောက်ထပ်တစ်ကြိမ်ပြောင်းလဲလိုက်ပြန်သည်။
ယခုတစ်ကြိမ်တွင် ဝူတန်းဂိုဏ်းချူပ်ကြီး၏ဓားကွက်များမှာ ပျော့ပြောင်းငြင်သာကာတစ်ချိန်ထဲမှာပင် အင်အားပြင်းထန်နေသည် ။
ဝူတန်းဂိုဏ်းချုပ်ကြီး၏ ဓားအရိပ်များမှာ အဝေးမှကြည့်ပါက စက်ဝိုင်းများထပ်နေသလိုဖြစ်ကာ နှင်းငွေ့မိစ္ဆာသခင်မှာ ထိုသိုင်းကွက်များကိုမြင်သည်နှင့် လွန်စွာတည်ငြိမ်သွားသည်။
ထိုကဲ့သို့တိုက်ကွက်မျိုးမှာ သိုင်းကွက်၏အလယ်တည့်တည့်တည့်မှာ အားအနည်းဆုံးနေရာဖြစ်ကာ နှင်းငွေ့မိစ္ဆာသခင်လည်းထိုအချက်ကိုကောင်းစွာသိသည်။
သို့သော် ယခုတစ်ကြိမ်သိုင်းကွက်များမှာလွန်စွာထူးဆန်းကာ သူ၏လက်နှစ်ဖက်မှာ ဓားလှံမတိုးသော်လည်း ထိုသိုင်းကွက်များထဲသို့ဝင်သွားပါက မည်သို့ဖြစ်မည်ကို သေချာမပြောနိုင်ပေ။
ထိုသို့ လျော်ကြေးကြီးသည့် လောင်းကြေးထပ်မှူမျိူးကို သူမလုပ်လိုပေ။
ထို့အပြင် ဝူတန်းဂိုဏ်းချုပ်ကြီး၏ ထူးဆန်းသည့်ဓားကွက်များကို အခြားနည်းဖြင့်တိုက်ခိုက်ရန်မှာလည်း ဖြစ်နိုင်ချေနည်းပါးလှသည်။
ထို့ကြောင့် နှင်းငွေ့မိစ္ဆာသခင်၏ အစွမ်းထက်သည့်တိုက်ကွက်များမှာ ဝူတန်းဂိုဏ်းချုပ်ကြီး၏ ခံစစ်ကိုလုံးဝထိုးဖောက်နိုင်ခြင်းမရှိပေ။
နှင်းငွေ့မိစ္ဆာသခင်၏ ရှုပ်ထွေးလှသည့် လက်ဝါးချက်များသည်လည်း ဝူတန်းဂိုဏ်းချုပ်ကြီး၏ ဓားကွက်များအောက်တွင်ပျက်ပြယ်သွားကာ ရေကန်ထဲသို့ကျဆင်းသွားသည်သေးငယ်သည့်ကျောက်ခဲလေးလို အဆုံးအစမဲနစ်မြုပ်သွားရသည် ။
“ စစ်မှန်သည့် ထိုက်ကျိဓားသိုင်း “
သိုင်းလောကသားများမှာ ထိတ်လန့်တကြားရေရွတ်လိုက်မိကြသည်။
ထိုက်ကျိဓားသိုင်းမှာ သိုင်းလောကတစ်ခုလုံးတွင် မသိသူမရှိနာမည်ကျော်သည့်ဓားသိုင်းတစ်ခုဖြစ်ကာာဝူတန်းဂိုဏ်းအားတည်ထောင်သူဂိုဏ်းချုပ်ကြီးမှ တီထွင်ခဲ့ခြင်းဖြစ်သည် ။
ထိုက်ကျိဓားသိုင်း၏ပုံစံမှာ ယင်နှင့်ယန်အားအခြေခံကာ ပျော့ပြောင်းမှုနှင့်မာကျောမှုကိုပေါင်းစပ်ထားခြင်းဖြစ်သည်။
ထိုက်ကျိဓားသိုင်း၏နာမည်ကျော်သည့်အချက်မှာပျော့ပြောင်းသည့်ယင်အားကြောင့် တစ်ဖက်လူ၏တိုက်ခိုက်မှုမှန်သမျှကို အားအင်လျော့နည်းသွားစေကာ အဆင့်ကုန်အထိတတ်မြောက်ပြီးပါက လွန်စွာဆန်းကြယ်အစွမ်းထက်သည့်ဓားပညာဖြစ်သည်။
သို့သော် အစွမ်းထက်သည့်ရှေးဟောင်းသိုင်းပညာများမှာ ကြောက်ခမန်းလိလိအစွမ်းထက်သလို လေ့ကျင့်ရန်လွန်စွာမှခဲယဉ်းလှသည်။
ထို့ကြောင့် အချိန်ကြာလာသည်နှင့် အမျှ ရှေးဟောင်းအစွမ်းထက်သိုင်းပညာများမှာ သိုင်းလောကမှတိမ်မြုပ်သွားခဲ့ရခြင်းဖြစ်သည်။
နောက်ပိုင်းနှစ်များတွင် စစ်မှန်သည့်ထိုက်ကျိဓားသိုင်းကို လေ့ကျင့်အောင်မြင်သူဟူ၍ မရှိသလောက်နည်းပါးလာသည်။
ထိုအကြောင်းအရာများက လွန်ခဲ့သည့်နှစ်ငါးဆယ်ကျော်က အလယ်ပိုင်းဓားဘုရင်ဟုလျှမ်းလျှမ်းတောက်ကျော်ကြားခဲ့သည့် ဝူတန်းဂိုဏ်းချုပ်ကျန်းချန်းဟောင်မတိုင်မီအထိဖြစ်သည်။
ကျန်းချန်းဟောင်မှ စစ်မှန်သည့် ထိုက်ကျိဓားသိုင်းကိုလေ့ကျင့်အောင်မြင်ခဲ့သလို နောင်လာနောက်သားများ ပို၍လွယ်ကူစေရန်အတွက် ထိုက်ကျိဓားသိုင်းကို အပျော့အမာပုံစံနှစ်ခုအဖြစ်ခွဲထုတ်ပေးခဲ့သည်။
အလယ်ပိုင်းဓားဘုရင်မှ အစစ်အမှန်ထိုက်ကျိဓားသိုင်းကို ပျော့ပြောင်းသည့်ပုံစံနှင့် မာကျောသည့်ပုံစံဟူ၍ ပုံစံနှစ်ခုခွဲထုတ်ပြီးနောက်တွင် ထိုဓားသိုင်းနှစ်ခုကို လေ့ကျင့်အောင်မြင်သူများရှိလာခဲ့သည်။
ထိုက်ကျိဓားသိုင်း၏မာကျောမှုပုံစံမှာ ဟာကွက်နည်းပါးလှသည့်ဓားသိုင်းဖြစ်ကာ တိုက်စစ်ခံစစ်မျှတ၍အစွမ်းထက်လေသည် ။
ထိုက်ကျိဓားသိုင်း ပျော့ပြောင်းမှုပုံစံမှာမူ မာကျောမှုကိုပျော့ပြောင်းမှုဖြင့်ထိမ်းချုပ်နိုင်သည်ဟူသည့်စကားအတိုင်း မာကျောမှုပုံစံထက်ပို၍အစွမ်းထက်သည်။
ထိုနှစ်ခုထက်ပို၍အစွမ်းထက်သည်က အစစ်အမှန်ထိုက်ကျိဓားသိုင်းဖြစ်မည်ကို သံသယဖြစ်စရာပင်မလိုပေ။
ထို့ကြောင့်ပင် ဝူတန်းဂိုဏ်းမှ ထိုက်ကျိဓားသိုင်းမှာ အစစ်အမှန်ထိုက်ကျိဓားသိုင်း ၊ ထိုက်ကျိဓားသိုင်း၏ပျော့ပြောင်းသည့်ပုံစံ ၊ မာကျောသည့်ပုံစံဟူ၍ ပုံစုံသုံးခုကွဲသွားခဲ့ခြင်းဖြစ်သည်။
ထိုက်ကျိဓားသိုင်း မာကျောမှုပုံစံမှာ စန်းဟုန်းလျန်၏ဓားသိုင်းဖြစ်ကာ တိုက်စစ်ကိုပို၍အသားပေးပြီး ထိုဓားသိုင်းဖြင့် သိုင်းထိပ်သီးဆယ်ယောက်စာရင်းဝင်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုက်ကျိဓားသိုင်း၏ပျော့ပြောင်းမှုပုံစံမှာမူ ဝူတန်းဂိုဏ်းချုပ်ကြီးနှင့် ပထမအကြီးအကဲတို့လေ့ကျင့်အောင်မြင်ထားသည်။
ယခင်တိုက်ပွဲများတွင် ဝူတန်းဂိုဏ်းချုပ်ကြီးမှ ထိုက်ကျိဓားသိုင်း၏ပျော့ပြောင်းသည့်ပုံစံဖြင့်သာအတိုက်များကာ ထိုဓားသိုင်းဖြင်ပ ရှုံးပွဲမရှိစံချိန်ရှိခဲ့ခြင်းဖြစ်သည်။
ထိုအချက်ကြောင့်လည်း ဝူတန်းဂိုဏ်းချုပ်ကြီးမှာ အံ့အားသင့်ဖွယ်ကောင်းလောင်အောင် စစ်မှန်သည့်ထိုက်ကျိဓားသိုင်းအောင်မြင်ထားခြင်းကို မည်သူမှမသိခြင်းဖြစ်သည် ။
ယခု ဝူတန်းဂိုဏ်းချုပ်ကြီးမှာ တိုက်ပွဲစသည်နှင့်စစ်မှန်သည့်ထိုက်ကျိဓားသိုင်းဖြင့် အလေးအနက်ထားတိုက်ခိုက်လာသည့်အတွက် နှင်းငွေ့မိစ္ဆာသခင်မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကိုလည်း မှန်းဆနိုင်သည်။
“ ဒီအတိုင်းဆို ဝူတန်းဂိုဏ်းချုပ်ကြီးမရှုံးနိုင်တော့ဘူး “
“ ဒီတစ်ပွဲမှာ ဂိုဏ်းကြီးငါးဂိုဏ်းဘက်ကအနိုင်ယူနိုင်တော့မှာပဲ “
တစ်ယောက်တစ်ပေါက်ဝေဖန်သံများရှိသော်လည်း ထိုလူအားလုံးမှာ တူညီစွာပင် တိုက်ပွဲအားမျက်စေ့မလွှဲဘဲကြည့်ရှုနေကြသည်။
“ စစ်မှန်တဲ့ထိုက်ကျိဓားသိုင်းလား “
နှင်းငွေ့မိစ္ဆာသခင်လည်း လေးစားသည့်လေသံဖြင့်ရေရွတ်လိုက်သည်။
အလယ်ပိုင်းဓားဘုရင်ကျန်းချန်းဟောင်သိုင်းလောကမှအနားယူသွားသည့်နောက် စစ်မှန်သည့်ထိုက်ကျိဓားသိုင်းကို သူ၏တပည့်မှအမွေဆက်ခံမည်ဟု မျှော်လင့်မထားမိပေ။
စစ်မှန်သည့်ထိုက်ကျိဓားသိုင်းမှာ လွန်စွာအစွမ်းထက်သည့်ဓားသိုင်းဖြစ်ကာ အသုံးပြသူမှာလည်း ဓားပညာနက်ရှိုင်းသည့်ဝူတန်းဂိုဏ်းချုပ်ကြီးဖြစ်သည့်အတွက် ပြီးပြည့်စုံနေသည်။
ထိုအခြေအနေတွင် သူ၏နှင်းငွေ့သုံးပါးပညာကပ်ပင် အောက်စည်းသို့ကျရောက်သွားလေသည်။
ထို့ကြောင့် သူ၏ဝှက်ဖဲအချို့ကိုထုတ်မသုံးလိုသော်လည်း ထိုသို့မလုပ်ပါက အနိုင်ရနိုင်တော့မည်မဟုတ်ပေ။
ယခုပင် သူ၏ဝှက်ဖဲတစ်ခုဖြစ်သည့်နှင်းငွေ့သုံးပါးပညာရပ်ကိုထုတ်သုံးထားရသည် ။သို့တိုင်အနိုင်မရသေးပေ။
နှင်းငွေ့မိစ္ဆာသခင်မှာ ဂိုဏ်းကြီးငါးဂိုဏ်းမှလူများကို လွန်စွာအထင်သေးမိထားပြီဖြစ်မှန်းနားလည်လိုက်သည်။
“ လေနတ်ဆိုး၏မိစ္ဆာခြေလှမ်း “
နှင်းငွေ့မိစ္ဆာသခင်မှ ခပ်တိုးတိုးရေရွတ်ကာ သူ၏ ခန္တာကိုယ်မှာ ရုတ်တရက်ပျောက်ကွယ်သွားသည် ။
ဝူတန်းဂိုဏ်းချုပ်ကြီးအနိုင်ရတော့မည်ဟုထင်ကြေးပေးနေသူများရော ၊ စစ်မှန်သည့်ထိုက်ကျိဓားသိုင်း ထွက်ပေါ်လာမှုကြောင့် အံအားသင့်နေသူများပါမကျန် တိုက်ပွဲအားစောင့်ကြည့်နေကြသူများအားလုံး တိတ်ဆိတ်သွားသည်။
သူတို့၏မျက်လုံးများပြူးကျယ်နေကြကာ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။