နောက်ဆုံးတိုက်ပွဲ(၃)
Vol. 3 Ch. 237
ဝူတန်းဂိုဏ်းချုပ်ကြီး၏နားရွက်များအနည်းငယ်လှုပ်သွားကာ တုံ့ဆိုင်းခြင်မရှိဘဲ ခန္တာကိုယ်အား နောက်ပြန်လှန်၍ထိုးစိုက်လိုက်သည် ။
“ ထန်း... “
ကျယ်လောင်သည့်အသံနှင့်အတူ ဝူတန်းဂိုဏ်းချုပ်ကြီး၏ဓားမှာ နှင်းငွေ့မိစ္ဆာသခင်၏လက်ဝါးချက်နှင့်ထိတ်တိုက်တွေ့သွားသည် ။
ယခုအခါမှအံ့အားသင့်ဆွံ့အနေကြသူများမှာ သတိပြန်ဝင်လာကြကာ နှင်းငွေ့မိစ္ဆာသခင်မှ ဝူတန်းဂိုဏ်းချုပ်ကြီး၏ရှေ့မှပျောက်သွားကာ နောက်ဘက်မှတိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်းကိုသိလိုက်ကြသည် ။
သို့သော် နှင်းငွေ့မိစ္ဆာသခင်မှ မည်သည့်နည်းဖြင့် ပျောက်ကွယ်သွားပြီး ချက်ခြင်းလိုလို ဝူတန်းဂိုဏ်းချုပ်ကြီး၏အနောက်ဘက်သို့ရောက်သွားသည်ကိုသူတို့မမြင်လိုက်မိကြပေ။
ထိုအထဲတွင်ရှိသည့် သိုင်းဝိဇ္ဇာအချို့သာ နှင်းငွေ့မိစ္ဆာသခင်၏လှုပ်ရှားမှုကို ဝေဝါးစွာမြင်လိုက်ရခြင်းဖြစ်သည် ။
“ အရမ်းမြန်လွန်းတယ် “
သိုင်းလောကသားများမှာ ပင့်သက်ရှိုက်လိုက်မိကြသည်။
နှင်းငွေ့မိစ္ဆာသခင်ထုတ်ဖော်ပြသခဲ့သည့်ကိုယ်ဖော့ပညာ၏အမြန်နှုန်းမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းကာ သူပြန်လည်တိုက်ခိုက်ခြင်းမပြုဘဲရှောင်တိမ်းနေလျှင်ပင် ဂိုဏ်းကြီးငါးဂိုဏ်းမှထိပ်သီးများ ထိအောင်တိုက်ခိုက်နိုင်မည်မဟုတ်ပေ။
ထို့အပြင် နှင်းငွေ့မိစ္ဆာသခင်မှ ယခင်တိုက်ပွဲများတွင် သူ၏ပညာများအားအနည်းငယ်သာအသုံးပြုကာ တစ်စထက်တစ်စပို၍ကြောက်မက်ဖွယ်ကောင်းလာသည် ။
ရွှမ်းချန်ဆရာတော်နှင့်တိုက်ခိုက်စဉ်က နှင်းငွေ့သုံးပါးပညာရပ်ထွက်ပေါ်လာကာ ယခုဝူတန်းဂိုဏ်းချုပ်ကြီးနှင့်တိုက်ပွဲတွင်မူ သူ၏ အံ့မခန်းကိုယ်ဖော့ပညာပါ ထွက်ပေါ်လာပြန်သည်။
နှင်းငွေ့မိစ္ဆာသခင်၏ ကြောက်မက်ဖွယ်ပညာရပ်များမှာ ကုန်ခမ်းသည်ဟူ၍မရှိနိုင်ဘဲ တစ်ခုပြီးတစ်ခု သာ၍ကောင်းမွန်လာပေသည်။
ထိုအခြေအနေမျိုးတွင် အဖြူအနက်သိုင်းလောကသားများသာမက ဂိုဏ်းကြီးငါးဂိုဏ်းနှင့် အခြားဒေသမှလူများပင် နှင်းငွေ့မိစ္ဆာသခင်အားကြောက်ရွံ့ထိတ်လန့်စိတ်များ ပေါ်လာမိသည်။
တိုက်ပွဲအခြေအနေသည်လည်း ယခုပုံစံအတိုင်းသာဆိုပါက အစစ်အမှန်ထိုက်ကျိဓားသိုင်းကိုအသုံးပြုလျှင်ပင် ဝူတန်းဂိုဏ်းချုပ်ကြီးအနိုင်ရရနိအခွင့်အရေးလွန်စွာနည်းပါးလျက်ရှိသည်။
သိုင်းပညာမည်မျှကောင်းစေကာမူ ရန်သူအားထိအောင်မတိုက်ခိုက်နိုင်ပါက မည်သို့အသုံးကျပေမည်နည်း။
ဝူတန်းဂိုဏ်း၏တိမ်လှေကားကိုယ်ဖော့ပညာသည်လည်း ထိပ်တန်းအဆင့်ကိုယ်ဖော့ပညာဖြစ်သော်ငြား တိုက်ပွဲထဲတွင်မူ အသုံးပြုရန်ခက်ခဲလှသည်။
ယခု နှင်းငွေ့မိစ္ဆာသခင်၏ကိုယ်ဖော့ပညာမှာ တိုက်ပွဲထဲတွင်လည်း အသုံးပြု၍ရခြင်းကို သူဖော်ပြခဲ့ပြီးဖြစ်သည်။
အကယ်၍ဝူတန်းဂိုဏ်းချုပ်ကြီး၏တုံ့ပြန်မှုသာအနည်းငယ်နှေးကွေးခဲ့မည်ဆိုပါက အစောပိုင်းမှတိုက်ခိုက်မှုတစ်ခုနှင့်ပင် အနိုင်အရှုံးကွဲပြားသွားမည်ဖြစ်သည်။
“ ဟက် ဂိုဏ်းချုပ်ကြီး ခင်ဗျားဘယ်နှစ်ကွက်အထိတောင့်ခံနိုင်မလဲ “
နှင်းငွေ့မိစ္ဆာသခင်မှရယ်သွမ်းသွေးလိုက်ကာ သူ၏အရိပ်မှုဝေဝါးသွားသည်။
ထို့နောက် အရပ်ရှစ်မျက်နှာမှ တိုက်ခိုက်မှုများမှာ ဝူတန်းဂိုဏ်းချုပ်ကြီးဆီသို့ မိုးသီးမိုးပေါက်များပမာကျဆင်းလာတော့သည်။
“ ချွမ်း ချွမ်း “
ဝူတန်းဂိုဏ်းချုပ်ကြီးမှာ လွန်စွာတည်ကြည်သည့်ဟန်ဖြင့်ရှိနေကာ သူ၏ဓားကို တင်းကြပ်စွာဆုပ်ကိုင်၍ နှင်းငွေ့မိစ္ဆာသခင်၏တိုက်ခိုက်မှုမှန်သမျှကို သတိကြီးစွာထား၍ ကာကွယ်နေရသည်။
နှင်းငွေ့မိစ္ဆာသခင်၏အားကောင်းသည့်တိုက်ခိုက်မှုအများစုမှာ စစ်မှန်သည့်ထိုက်ကျိဓားသိုင်း၏ခံစစ်ကိုမကျော်နိုင်သည့်အတွက် ယခုအထိတိုက်ခိုက်နေရခြင်းဖြစ်သည်။
သို့သော် ဝူတန်းဂိုဏ်းချုပ်ကြီးမှာ တစ်စထက်တစ်စပိုအရေးနိမ့်လာသလို နှင်းငွေ့မိစ္ဆာသခင်၏တိုက်ကွက်များမှာ လျော့နည်းမသွားဘဲ ပို၍ပြင်းထန်လာသည်။
နှင်းငွေ့မိစ္ဆာသခင်၏သိုင်းပညာမှာ ယခင်ကပင် ဝူတန်းဂိုဏ်းချုပ်ကြီးနှင့်မကွာဘဲ ယခုလိုသရဲတစ္ဆေကဲ့သို့အမြန်နှုန်းမျိုးဖြင့်တိုက်ခိုက်နေသည့်အတွက် လွန်စွာကြောက်မက်ဖွယ်ကောင်းလျက်ရှိသည်။
သူတို့၏တိုက်ပွဲမှာ နောက်ထပ် သိုင်းကွက်တစ်ရာကျော်လာပြီဖြစ်သည်။
ဝူတန်းဂိုဏ်းချုပ်ကြီး ယခုအချိန်ထိတောင့်ခံနိူင်ခြင်းကပင် လွန်စွာအံ့အားသင့်ဖွယ်ကောင်းနေပေသည်။
“ ဝုန်း... “
သူ၏ညာဘက်ခြမ်းမှ အင်အားပြင်းထန်သည့်လက်ဝါးချက်ကြောင့် ဝူတန်းဂိုဏ်းချုပ်ကြီးမှာ သူ၏ဓားကိုစက်ဝိုင်းပုံဝေ့ယမ်း၍ကာကွယ်လိုက်ကာ နှင်းငွေ့မိစ္ဆာသခင်အား တန်ပြန်တိုက်ခိုက်လိုက်သည်။
“ ရွှပ် “
နှင်းငွေ့မိစ္ဆာသခင်၏ ခန္တာကိုယ်မှာ ရွေ့လျားသွားကာ ဝူတန်းဂိုဏ်းချုပ်ကြီး၏ဓားမှာ နှင်းငွေ့မိစ္ဆာသခင်၏ဘေးမှဖြတ်ကျော်သွားသည်။
“ မကောင်းတော့ဘူး “
ဝူတန်းဂိုဏ်းချူပ်ကြီးမှ တစ်စုံတစ်ရာကိုတွေးမိသွားသည်။
သို့သော်သူ၏ဓားမှာ နှင်းငွေ့မိစ္ဆာသခင်၏ တင်းကြပ်စွာဖမ်းဆုပ်ထားမှုကိုခံနေရကာ တစ်လက်မမှရွေ့လျားခြင်းမရှိတော့ပေ။
နှင်းငွေ့မိစ္ဆာသခင်လည်း အခွင့်အရေးအားလက်လွတ်မခံဘဲ ဓားသွားကိုအတွင်းအားအပြည့်ထည့်ထားသည့်လက်ညိုးဖြင့်တောက်ချလိုက်သည်။
“ အေးခဲလက်ချောင်း “
“ ဒေါင်.... “
ဝူတန်းဂိုဏ်းချုပ်ကြီး၏ဓားမှာ အပြင်းအထန်လှုပ်ယမ်းသွားကာ အေးစိမ့်သည့်အတွင်းအားများမှာ ဓားမှတစ်ဆင့်ဝင်ရောက်လာသည့်အတွက် ဝူတန်းဂိုဏ်းချုပ်ကြီးလည်း ဓားကိုမြဲအောင်မကိုင်နိုင်တော့ဘဲလက်လွှတ်လိုက်ရသည် ။
ထိုအခြေအနေမျိုးတွင် သူ၏ရင်ဝသို့ရိပ်ခနဲတိုးဝင်လာသည့်လက်သီးချက်ကို မည်သို့ရှောင်တိမ်းနိုင်မည်နည်း ။
“ ဝုန်း....... “
ဝူတန်းဂိုဏ်းချုပ်ကြီး၏ခန္တာကိုယ်မှာ နောက်ဘက်သို့ လွင့်စင်သွားသလို ဂိုဏ်းကြီးငါးဂိုဏ်း၏ သေးငယ်သည့် မျှော်လင့်ချက်သည်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
“ ကျုပ်ရှုံးနိမ့်သွားပြီ “
ဝူတန်းဂိုဏ်းချုပ်ကြီးမှ ဒယီးဒယိုင်ဖြင့်ထရပ်ကာ ပြောလိုက်သည်။ သူ၏နှုတ်ခမ်းထောင့်စွန်းတွင်ညသွေးစီးကြောင်းတစ်ခုစီးကျနေကာ အတွင်းဒဏ်ရာရသွားဟန်တူသည် ။
သို့သော် နှင်းငွေ့မိစ္ဆာသခင်မှ ဆန်းကြယ်သည့်အအေးဓာတ်အတွင်းအားဖြင့်တိုက်ခိုက်ဟန်မရပေ။ ထို့ကြောင့် ဝူတန်းဂိုဏ်းချုပ်ကြီးမှာ သာမန်အတွင်းဒဏ်ရာတစ်ခုကိုသာရခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဝူတန်းဂိုဏ်းချုပ်ကြီးမှာ သူ၏ဓားကိုလက်လွှတ်လိုက်ရပြီးအတွင်းဒဏ်ရာရရှိသွားသည့်အတွက် ယခုတိုက်ပွဲတွင် ရှုံးနိမ့်သွားပြီဟုပြော၍ရသည်။
ဝူတန်းဂိုဏ်းချုပ်ကြီး၏အမူအယာမှာ တည်ငြိမ်နေသော်လည်း အနည်းငယ်စိတ်မသက်မသာဖြစ်နေပုံရသည်။
ဝူတန်းဂိုဏ်းချူပ်ကြီးမှာ ကျော်ကြားခြင်း၊ဂုဏ်ပုဒ်စသည်များကို များစွာအလေးမထားသော်လည်း ယခုတိုက်ပွဲမှာ ဂိုဏ်းကြီးငါးဂိုဏ်း၏ဂုဏ်သိက္ခာနှင့်တိုက်ရိုက်ပတ်သတ်နေပေသည်။
ယခုနောက်ဆုံးတိုက်ပွဲရှုံးနိမ့်သွားရသည့်အတွက် ဂိုဏ်းကြီးငါးဂိုဏ်းမှာ အဖြူအနက်ယှဉ်ပြိုင်ပွဲတွင် ရှုံးနိမ့်သွားပြီဟုပြော၍ရပေသည်။
“ ကျုပ်ရဲ့ကိုယ်ဖော့ပညာကိုသာထုတ်မသုံးရင် ဂိုဏ်းချုပ်ကြီးကိုအနိုင်ရဖို့မလွယ်ဘူး “
နှင်းငွေ့မိစ္ဆာသခင်မှ ဝူတန်းဂိုဏ်းချုပ်ကြီး၏ဓားကိုပြန်ပေးလိုက်ကာ ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။
နှင်းငွေ့မိစ္ဆာသခင်မှာ မောက်မာဝံ့ကြွားသည့်စရိုက်ရှိသော်လည်း အရည်အချင်းရှိသူများကိုမူ လေးစားပုံရသည် ။
ဝူတန်းဂိုဏ်းချုပ်ကြီးလည်း သူ၏ဓားအားပြန်၍ယူကာ နောက်ကျောမှဓားအိမ်အတွင်းပြန်ထည့်လိုက်သည်။ ထို့နောက် နှင်းငွေ့မိစ္ဆာသခင်အား လက်သီးတစ်ဖက်ဆုပ်ဂါရဝပြုကာ သူ၏နေရာသို့ပြန်လျှောက်သွားလိုက်သည်။
ဂိုဏ်းကြီးငါးဂိုဏ်းမှလူများ၏မျက်နှာထက်တွင်အမူအယာအမျိုးမျိုးထွက်ပေါ်နေကြကာ အများစုမှာ ယနေ့အရှုံးကို လက်မခံနိုင်ပုံရသည်။
သို့သော် သူတို့လက်မခံလိုလျှင်ပင် ဘာမှတတ်နိုင်မည်မဟုတ်ပေ ။ သူတို့၏ခေါင်းဆောင်များမှ အအနိူင်အရှုံးကိုစောဒကမတတ်ဘဲ နှင်းငွေ့မိစ္ဆာသခင်သည်လည်း ကြောက်မက်ဖွယ်ကောင်းလွန်လှသည်။
ယနေ့မှစ၍ အလယ်ပိုင်းဒေသ၏အုပ်ချုပ်သူမှာ ခရမ်းရောင်သွေးလဂိုဏ်းဖြစ်သည်ကို ထုတ်ဖော်ပြောနေစရာပင်မလိုတော့ချေ။
အခြားဒေသမှလူများမှာမူ တစ်စုံတစ်ရာကိုတွေးတောနေကြပုံရသည် ။
သူတို့အနေဖြင့် အလယ်ပိုင်း၏အဖြူအနက်ယှဉ်ပြိုင်ပွဲကို များစွာအလေးထားခြင်းရှိဟန်မရသော်လည်း အမှန်က သူတို့လွန်စွာဂရုစိုက်ပေသည်။
သူတို့၏ရည်ရွယ်ချက်မှာ ရှင်းလင်းသည်။ အလယ်ပိုင်းဒေသမှ ရှေးကာလများမှစ၍ သိုင်းလောကတစ်ခုလုံးတွင် အင်အားအတောင့်တင်းဆုံးဖြစ်ကာ အခြားဒေသများမှာမူ အလယ်ပိုင်းထက်တစ်ဆင့်နိမ့်ကျပေသည်။
ထိုအဖြစ်က သူတို့၏စိတ်ထဲတွင် မကျေမနပ်ဖြစ်မှုများကိုခံစားနေကြရသည်။
ထို့ကြောင့် ယခု ခရမ်းရောင်သွေးလဂိုဏ်းနှင့် ဂိုဏ်းကြီးငါးဂိုဏ်းမှလူများ၏စိန်ခေါ်ပွဲတွင် မည်သည့်ဘက်မှအနိုင်ရသည်ဖြစ်စေ သူတို့အတွက်အနေအထားအနည်းငယ်ပြောင်းလဲသွားနိုင်သည်။
သူတို့အလိုအရှိဆုံးအရာမှာ စိန်ခေါ်ပွဲတွင် နှစ်ဖက်စလုံးအဆုံးအရှုံးများစွာရှိရန်ဖြစ်သည်။
သို့သော် ယခုမူ နှင်းငွေ့မိစ္ဆာသခင်မှ သူ၏ကြောက်မက်ဖွယ်သိုင်းပညာကိုပြသကာ ဂိုဏ်းကြီးငါးဂိုဏ်းကိုအနိုင်ယူပြသည့်အတွက် သူတို့အတွက်လည်းအနည်းငယ်ထိတ်လန့်စေသည်။
ယခင်က ဂိုဏ်းကြီးခြောက်ဂိုဏ်းမှာ အင်အားတောင့်တင်းကာ အလယ်ပိုင်းဒေသ၏အုပ်ချုပ်သူများဟုပြော၍ရသော်လည်း သူတို့မှာာဖြောင့်မတ်သည့်အဖြူရောင်သိုင်းလောကသားများဖြစ်ကြသည်။
နှင်းငွေ့မိစ္ဆာသခင်မှာမူ အနက်ရောင်သိုင်းလောကတစ်ခုလုံးကိုသိမ်းသွင်းထားသည့်အပြင် အနက်ရောင်သိုင်သမားဟုပြောင်ပြောင်တင်းတင်းခံယူထားသည့်အတွက် သူ၏အင်အားနှင့်ပေါင်းစပ်ပါက အခြားဒေသမှလူများပင် စိတ်မလုံခြုံမှုများကို ခံစားနေကြရသည်။
“ ကျုပ်ကိုစိန်ခေါ်ချင်တဲ့လူတွေရှိသေးလား “
နှင်းငွေ့မိစ္ဆာသခင်မှ မြေကွက်လပ်မှ ထွက်ခွာမသွားသေးဘဲ တည်ငြိမ်သည့်လေသံဖြင့်မေးလိုက်သည်။