← Chapters

ရှေးရိုးစွဲ

Vol. 6 Ch. 56

ရှေးရိုးစွဲ

Vol. 6 Ch. 56

သူ​ ပန်းကန်ကို လှမ်းယူပြီး ပြောလိုက်တယ်။

“ကိုယ် ကိုယ့်ဘာသာကိုယ်စားပါ့မယ်.. ကိုယ့်ရဲ့လက်တွေက ဒဏ်ရာ​မရထားဘူး”

“ကျွန်မက ရှင် အဆင်မပြေဖြစ်နေမှာစိုးလို့ပါ”

ဆုဆုအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလေးစားမှုက ဒီလောက်ထိခိုင်မာနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

ဒါကြောင့် သူ့ရဲ့လက်ထဲကို တူတွေထည့်ပေးလိုက်ပြီး သူ့ဘာသာသူ စားခိုင်းလိုက်တယ်။

သူတို့နှစ်ယောက် ဝေးကွာနေခဲ့တာက အချိန်အတော် ကြာမြင့်နေခဲ့ပြီ။ မူလတုန်းက ဆုဆုအနေနဲ့ အနည်းငယ် စိမ်းသက်နေလိမ့်မယ်လို့ ထင်ခဲ့မိပေမဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေတတ်တဲ့ ခံစားချက်မျိုးက ဖြစ်ပေါ်မလာခဲ့ဘူး။ သူတို့တွေ အတူရှိနေရတာကတူနေရတာ အလွန်နွေးထွေးပြီး သက်သောင့်သက်သာရှိလွန်းတယ်။

သို့သော်လည်း သူမအနေနဲ့ ဒီလို ဂျုံယာဂုဘူးကြီးတစ်ဘူးလုံးကို ကုန်အောင်မသောက်နိုင်တာကြောင့် လင်းချွမ်ကပဲ ကျန်ရှိနေတာတွေကို ယူပြီး သောက်ပေးခဲ့တယ်။ သူက သူမ စားပြီးသားကို မကြိုက်တာမျိုးနည်းနည်းလောက်တောင်မရှိခဲ့ဘူး။

သူက စားပြီးသွားတော့ လှမ်းပြောလာတယ်။

“ထမင်းဗူးတွေကို ဘေးမှာထားလိုက်လေ.. သူတို့ရောက်လာရင်ဆေးပေးလိမ့်မယ်”

“ဒါက ကိစ္စကြီးမဟုတ်ပါဘူး.. ကျွန်မ သွားဆေးလိုက်မယ်”

သူမဆီမှာ လက်အရှည်ကြီးတွေမရှိရင်တောင် တခြားလူတွေကိုတော့ ဆေးကြောဖို့ ချန်မထားချင်ဘူး။ 

ဆုဆုက ဆေးရုံရဲ့ သန့်စင်ခန်းထဲကိုသွားပြီး သူမကိုယ်သူမသန့်ရှင်းရေးလုပ်ရင်း   လင်းချွမ်ကို ကိုယ်လက်သန့်စင်ဖို့ရေတစ်ဇလုံပါယူလာခဲ့တယ်။ တကယ်လို့ ဒဏ်ရာရနေရင်တောင် ကောင်းတဲ့နေရာတွေကိုဆေးကြောနိုင်တယ်လေ။

သို့ပေမယ့် ဘယ်သူကသိမှာတဲ့လဲ။ သူမ အခန်းထဲသို့ ပြန်သွားတဲ့အချိန်မှာ ဆရာဝန်နဲ့ သူနာပြုတွေက သူ့ကို ပတ်တီးလဲပေးဖို့ ရောက်လာတာကိုမြင်လိုက်ရတယ်လေ။ သူမလည်း သူတို့ရဲ့နောက်မှ လိုက်ဝင်သွားခါနီးမှာပဲ အတွင်းမှ လင်းချွမ်ရဲ့ဟိန်းဟောက်အော်ငေါက်သံကိုကြားလိုက်ရတယ်။

“မင်းတို့တွေ  ထွက်သွားလိုက်စမ်း! ငါ့အတွက် ကျန်တဲ့လူကိုလုပ်ခိုင်းလိုက်”

“……”

ဒီမှာ ဘာဖြစ်နေတာလဲ။

သူမ သံသယဖြစ်သွားရချိန်မှာပဲ မျက်နှာတွေမည်းမှောင်နေတဲ့ သူနာပြုနှစ်ယောက်နဲ့ အနောက်မှ မျက်ရည်တွေသုတ်နေတဲ့  သူနာပြုဆရာမတစ်ယောက်ကို မြင်တွေ့လိုက်ရတယ်။

“ သူနာပြုတွေက ပတ်တီးမစည်းပေးရဘူးလား”

“ဆရာဝန်က သူ့ကို ပတ်တီးစည်းပေးလိမ့်မယ်.. သူက ဒဏ်ရာရပြီးရောက်လာတဲ့အချိန်ကတောင် အရမ်းကိုသတိကြီးနေတုန်းပဲ.. နောက်ပြီး သူတို့က သူ့အနားကို သူနာပြုတွေနဲ့ ကပ်လာတာကို ခွင့်မပြုဘူးလေ”

သူနာပြုတွေက အချင်းချင်း ပြောနေခဲ့ကြတယ်။

“တကယ် ရှေးရိုးစွဲဆန်လွန်းတာပဲ”

သူတို့တွေ ဝေးကွာသွားတာကိုကြည့်ရင်း ဆုဆုတစ်ယောက် နားလည်သွားရတယ်။  လင်းချွမ်က သူမရဲ့ရှေ့မှာ အလွန် ရှက်ရွဲ့နေခဲ့ပေမဲ့ သူတို့ လက်ထပ်ပြီးချိန်မှာတော့ အလွန် စိတ်ကြီးဝင်လာခဲ့တယ်လေ။ သူက  ရှေးရိုးစွဲဆန်တဲ့လူတစ်ယောက်လို မဖြစ်ခဲ့တော့ဘူး။

ဖြစ်နိုင်တာက သူ့ကိုယ်သူ ကျောက်စိမ်းတစ်ခုလို ကာကွယ်ချင်နေတာများလား။

သူမ ရယ်မောမိလုနီးပါးဖြစ်သွားပြီးနောက် ရုတ်တရက် သူမရဲ့ ဦးနှောက်ထဲသို့ အလင်းတစ်ခု ဖြတ်ပြေးသွားခဲ့တယ်။

ဒဏ်ရာရတဲ့နေရာကို သူနာပြုဆရာမတွေကို ကြည့်ခွင့်မပြုတာက အတော်လေးဆိုးဝါးတယ်။ အမျိုးသားတွေမှာ မဖော်ပြနိုင်တာက အဲဒီနေရာပဲလေ။ ဒီတော့ လင်းချွမ်က ခါးအောက်ပိုင်းနဲ့ ပေါင်အထက်မှ အရေးကြီးတဲ့ နေရာကို ဒဏ်ရာရထားတာလား။

ဆုဆု သူမရဲ့မျက်နှာကို လက်နဲ့ ဖုံးကွယ်လိုက်မိတယ်။ တစ်ဖက်လူက မိန်းမစိုးတစ်ယောက် ဖြစ်လာမှာမဟုတ်ဘူးဆိုတာ သိပေမဲ့လည်း လင်းချွမ်က လုံးဝကို ကံမကောင်းတတ်ကြောင်း အမြဲတမ်း တွေးမိနေရတယ်။

သူက အမျိုးသမီးတွေကို ဝင်ခွင့်မပြုဘူးဆိုမှတော့ သူမသည်လည်း အမြင်မှာပဲ စောင့်ဆိုင်းနေသင့်တယ်လို့ တွေးလိုက်မိတယ်။ ဆရာဝန်တွေ အပြင်ကိုထွက်လာတဲ့အချိန်ကျမှသာ သူမကိုယ် သူမ မိတ်ဆက်ခဲ့ပြီး လင်းချွမ်ရဲ့ ဒဏ်ရာအကြောင်းကို မေးမြန်းခဲ့လေတယ်။

“ရဲဘော်လင်းချွမ်ရဲ့ ဒဏ်ရာက အရမ်းပြင်းထန်တယ်ဆိုပေမယ့် ဂရုတစိုက်နဲ့ ကုသမှုခံယူမယ်ဆိုရင် အနာဂတ်မှာ လှုပ်ရှားသွားလာမှုတွေကို နှောင့်နှေးစေမှာ မဟုတ်ပါဘူး”

ဆရာဝန်က ဆုဆုကို ရိုးရိုးရှင်းရှင်းရှင်းပြပြီး ထွက်သွားခဲ့တယ်။ ဆုဆုကလည်း ဒဏ်ရာက ဘယ်မှာလဲရှိနေတာလဲလို့ မမေးခဲ့မိဘူးလေ။

ဆေးရုံခန်းထဲသို့ဝင်ပြီးနောက် သူမရဲ့လက်ထဲမှရေဇလုံကိုချလိုက်ပြီး မျက်နှာသုတ်ပုဝါကို ရေနှစ်ပြီး ညှစ်လိုက်ကာ လင်းချွမ်ကိုပြောလိုက်တယ်။

“ကျွန်မ ရှင့်ကိုသုတ်ပေးမယ်”

“ကောင်းပြီး မင်းကိုဒုက္ခပေးရတော့မယ်”

သူက သူမကိုလက်ထပ်ပြီး သူမကိုဂရုတစိုက်စောင့်ရှောက်ချင်ခဲ့ပေမယ့် အခုချိန်မှာ သူမကသာ သူ့ကို ပြုစုစောင့်ရှောက်နေရတယ်။ သူ့ရဲ့နှလုံးသားထဲမှာ သူမကို အလွန်ပဲ အားနာနေခဲ့တယ်။

“ကျွန်မတို့က ဇနီးမောင်နှံတွေလေ.. ရှင် ကျွန်မကို အဲလောက်ထိ ယဥ်ကျေးနေမယ်ဆိုရင် ကျွန်မ မလုပ်ပေးတော့ဘူး”

ထိုအမျိုးသားက အနေခက်သလို ဖြစ်နေတာကိုမြင်တော့ ဆုဆုက ပိုလို့တောင် မရှက်တော့ဘူး။  သူမက လက်ကိုင်ပုဝါကိုရေညှစ်လိုက်ပြီး သူ့ရဲ့မျက်နှာနှင့် နားရွက်နောက်ကို သုတ်ပေးလိုက်တယ်။ သို့ပေမယ့် သူမရဲ့လက်က သူ့ရဲ့ နားသန်သီးကိုထိမိသွားတဲ့အချိန်မှာပဲ သူ့ရဲ့ နားရွက်တွေက ပုံမှန် မျက်လုံးနဲ့ မြင်ရလောက်တဲ့အထိနီရဲလာခဲ့ပြီး

ပိုပိုပြီးလောင်ကျွမ်းလာတော့တယ်။

ဆုဆု မသိစိတ်အရ တံတွေး မျိုချလိုက်မိတယ်။ ဒီလူ နားရွက်ကိုအထိမခံဖြစ်တတ်တဲ့အမျိုးအစားထဲမှာ ပါတာလား?

သို့ပေမယ့် သူက ဘာမှပြောမလာခဲ့ပဲ သူ့ခန္ဓာကိုယ်ကသာ တောင့်တင်းလာခဲ့ကာ  သည်းခံနေခဲ့ပုံရတယ်။ ဆုဆု အောက်ကိုငုံ့ကြည့်လိုက်တော့ သူ့ရဲ့လက်တွေကစောင်ထဲမှာ လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ထားတာကိုပါမြင်လိုက်ရတယ်။

တကယ်ဆိုရင် ဒဏ်ရာရနေတဲ့လူတစ်ယောက်ကို ဆော့ကစားတာမျိုးမလုပ်သင့်ပေမဲ့လည်း တစ်ဖက်လူရဲ့အခုလိုပုံစံကိုမြင်တော့ ဆုဆုရဲ့နှလုံးသားထဲမှ နတ်ဆိုးလေးက အလွန်အမင်း မြူးကြွလာခဲ့ရပြီး ထိုဆိုးသွန်းတဲ့အရာတွေကို လုပ်ချင်လွန်းလို့ သေးငယ်လွန်းတဲ့လက်သည်းပေါင်းတစ်ထောင်လောက်နဲ့ ကုတ်ခြစ်ခံနေရသလို ခံစားလာရတယ်။

သည်းခံပြီးရင်း သည်းခံခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သူ့ရဲ့လည်ပင်းကို ပွတ်တိုက်ပေးလို့အပြီးမှာ သူ့ရဲ့နားသန်သီးကို ဆိတ်ဆွဲလိုက်မိတော့တယ်။

“အာ့..”

ထိုအမျိုးသားရဲ့ညည်းညူသံက ဆုဆုကိုထိတ်လန့်သွားစေပြီး လျှင်မြန်စွာလွှတ်ပေးလိုက်တယ်။

“ကျွန်မ.. ကျွန်မ ရှင့်ကိုနာအောင်လုပ်မိသွားတာလား?”

လင်းချွမ်ရဲ့ မျက်နှာက နီရဲနေခဲ့ပြီ။  သူ့အနေနဲ့ နာကျင်မှုကို မခံစားရပေမဲ့လည်း သူ့ရဲ့ တစ်ကိုယ်လုံးက ထုံထိုင်းနေခဲ့တယ်။

သို့ပေမယ့် ထိုအကြောင်းကို  ပြောမပြနိုင်တာကြောင့် အသာလှမ်းပြောလိုက်တယ်။

“အင်း.. နည်းနည်း​လောက်​​...”

“ဒါဆို ကျွန်မသတိထားပါ့မယ်”

ဆုဆုက ပြောရင်းနဲ့ သူ့ရဲ့အဝတ်အစားတွေကို ချွတ်ဖို့လုပ်ခဲ့တယ်။

လင်းချွမ်ရဲ့လက်က သူမကိုအလျှင်အမြန် ဆွဲဖမ်းလာခဲ့တယ်။

“မလုပ်နဲ့...”

“ရှင်  ဘာတွေကို စိတ်လှုပ်ရှားနေရတာလဲ.. ရှင်လည်း ကျွန်မကို မမြင်​ဖူးတာလည်း မဟုတ်​ဘူးလေ”

“…”

ကောင်းပြီ။ သူ မြင်ဖူးပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက မီးတွေ ပိတ်ထားတယ်လေ။ နောက်ပြီး အခုက နေ့ခင်းဘက်ကြီးကို။

“ရှင်ကိုယ်​တိုင်​ ချွတ်ချင်နေ​တာလား” 

ဆုဆု နောက်ဆုံးတော့ တစ်ဖက်လူကို ချိန်းခြောက်ရင်းနဲ့ အပေါ်ပိုင်းကို သုတ်ပေးနိုင်သွားခဲ့ပြီး သူ့ရဲ့ စောင်ကိုဆွဲခွာဖို့လုပ်လိုက်တယ်။

ထိုအချိန်မှာ လင်းချွမ်က အသေအရှင်ငြင်းဆန်ချင်ခဲ့ပေမဲ့ ဆုဆုက ပြောလာပြန်တယ်။

“ကျွန်မ ရှင့်ရဲ့ခြေထောက်ကိုသုတ်ပေးမယ်”

လင်းချွမ်တစ်ယောက် သူမကို သုတ်ခိုင်းလိုက်ရုံသာ တတ်နိုင်ခဲ့တယ်။ ဒါပေမယ့် သူမ ပိုသုတ်လေလေ သူ ပိုပြီး ထလာလေလေပဲ။ သူ့အနေနဲ့ သူမကို တားဆီးဖို့တောင် ရှက်လာရတယ်။

ဒါပေမယ့် သူ့ရဲ့ဇနီးသည်က သူ ဘယ်နေရာမှာ ဒဏ်ရာရထားတာလဲဆိုတာကို ခန့်မှန်းနိုင်ပုံရတယ်။ သူမက သူ့ရဲ့ ဒူးအထက်ပိုင်းကို သုတ်ပေးလာခဲ့ပြီး အဲဒီအပေါ်က...

သူ့ရဲ့မျက်နှာက အလွန်နီရဲနေခဲ့ပြီး ဖုံးကွယ်ဖို့အတွက် အပြင်းအထန်ကြိုးစားနေရတယ်။ ဒီဂန်းစတားလေးက ဒီလောက်ထိ ရက်စက်တတ်တယ်ဆိုတာကို သူ ဘယ်လိုလုပ်ပြီးသိနိုင်ခဲ့မှာတဲ့လဲ။

ဆုဆုအနေန ဒဏ်ရာက ထိုနေရာမှာမဟုတ်ဘူးဆိုရင်တောင် ထိုနေရာနဲ့ မဝေးလောက်ဘူးလို့ တွေးမိတယ်။ သူ သူနာပြုဆရာမတွေကို မထိခိုင်းတာ အံ့သြစရာမရှိတော့ဘူး။

“နာနေသေးလား”

“မနာတော့ဘူး”

“လူလိမ်!”

ဘယ်လိုလုပ် မနာပဲနေမှာလဲ? သူက ဒဏ်ရာအပြင်းအထန်ရထားတာလေ။ မဟုတ်ရင် လမ်းတောင်မလျှောက်နိုင်ပဲ နေမှာတဲ့လား။

လင်းချွမ်ရဲ့ အဖြောင့်ကောင်ရောဂါနဲ့ပတ်သက်ပြီး ဆုဆု ဘာမှမပြောနိုင်လောက်အောင်ဖြစ်နေပြီ။ ဒါပေမယ့်  သူမ သူ့ကို ဖော်ထုတ်ခြင်းမပြုခဲ့ပဲ ရေဇလုံကိုယူပြီး ပြန်သွားခဲ့တယ်။

ရေကို ပြန်သွန်ပြီးနောက် သူမ လေကောင်းလေသန့်အနည်းငယ်ရှူရှိုက်ချင်လာတာကြောင့် ကော်ရစ်တာမှာ ခဏလောက်ရပ်နေခဲ့မယ်။ ထိုအခိုက်မှာ ဘယ်လိုနတ်ဆိုးလေမျိုးတိုက်ခတ်လာတာလဲဆိုတာမသိပဲ သူမရဲ့မျက်လုံးထဲသို့  တိုက်တိုက်ဆိုင်ဆိုင်နဲ့ တစ်စုံတစ်ခု ဝင်သွားခဲ့လေတယ်။

သူမ မျက်လုံးထဲမှ အမှိုက်ကြောင့် စူးရှရှခံစားခဲ့ရပြီး မျက်လုံးကို လက်နှင့် အကြိမ်အနည်းငယ် ပွတ်သပ်လိုက်မိတယ်။

သူမ မှန်ကိုထုတ်ယူကြည့်လိုက်ပေမဲ့ ဘာကိုမှ ရှာမတွေ့တာကြောင့် မှန်ကို အိတ်ထဲသို့ပြန်ထည့်ပြီး ဆရာဝန်ရုံးခန်းဆီကို သွားလိုက်လေတယ်။ လူနာကို ပြုစုစောင့်ရှောက်နေတဲ့လူတစ်ယောက်အနေနဲ့ လူနာမှာ ဘယ်လိုဒဏ်ရာမျိုးရထားတာလဲ.. ဘယ်နေရာမှာရှိနေတာလဲဆိုတာကိုသိသင့်တယ်။

ထို့နောက် ထိုနေရာမှာရှိနေတဲ့ ချန်ယွဲ့ကျင်းသည်က ထိုမြင်ကွင်းကို မြင်တွေ့သွားခဲ့ပြီး စီးကရစ်ကို အမှိုက်ပုံးထဲသို့ထည့်လိုက်ကာ ဆေးရုံခန်းဆီကိုဝင်သွားခဲ့တယ်။အခန်းထဲမှ စောင်ကို တင်းတင်းကြပ်ကြပ်ခြုံလျက်သားရှိနေတဲ့ လင်းချွမ်ကိုမြင်တော့ ဘေးမှာဝင်ထိုင်လိုက်တယ်။

“လောင်လင်း”

“ဘာကိစ္စလဲ?”

“မင်း မင်းရဲ့ဒဏ်ရာအကြောင်း မင်းဇနီးကို မပြောပြထားဘူးလား”

“ဒီနေရာမှာဖြစ်နေတာကို ဘယ်လိုလုပ်ပြောနိုင်မှာလဲ”

သူ့ရဲ့ပေါင်ပေါ်မှ ဒဏ်ရာက သူ့ရဲ့အသက်သွေးကြောကို ထိခိုက်လုနီးပါးပဲ။  ဒါကြောင့် သူ ခုတင်ပေါ်ကနေ မထနိုင်ဘူးဖြစ်နေခဲ့တာ။ ဒဏ်ရာက အရိုးကိုထိတာမဟုတ်ပေမယ့် ခြေထောက်ကိုအားပြုလိုက်မယ်ဆိုရင် ဘက်ပေါင်းစုံကနာကျင်လာရတယ်။

“မင်းရဲ့ဇနီး အပြင်ဘက်မှာ ငိုနေတာကို ငါမြင်ခဲ့တယ်.. သူမ အရမ်းဝမ်းနည်းတာ.. မျက်လုံးတွေတောင် နီရဲနေသေးတယ်.. အဲဒါကြောင့် ငါထင်တာ.. သူမက ​​မင်းမလုပ်နိုင်တော့ဘူးထင်သွားတာများလားလို့”

ချန်ယွဲ့ကျင်းက ထိုမြင်ကွင်းကို လျှို့ဝှက်စွာဝမ်းနည်းနေတဲ့တဲ့ အမျိုးသမီးတစ်ယောက်လို့ ခံစားနေရတယ်။

“ငါမလုပ်​နိုင်​​တော့ဘူး ဟုတ်လား.. ငါက အခုလေးတင် အရမ်းမတ်နေတာ”

လင်းချွမ် သူ့ရဲ့မျက်လုံးတွေကို မှေးကျဥ်းလိုက်တယ်။ သူက ထိုစကားကိုပြောပြီးနောက် တံခါးဘက်ကို လှမ်းကြည့်လိုက်ပြီး ဘယ်သူမှ ဝင်မလာတာကို မြင်မှ စိတ်သက်သာရာ ရသွားခဲ့တယ်။

“ဒါပေမယ့် မင်းက  အဲဒီအကြောင်းကို မင်းရဲ့ဇနီးကို မပြောခဲ့ဘူးမလား..  မင်းအဲဒီနေရာမှာ ဒဏ်ရာရသွားပြီး ယောက်ျားတစ်ယောက်မဖြစ်နိုင်ဘူးလို့ သူမ ထင်သွားရင် မင်းဘာလုပ်မှာလဲ”

“…”

သူ အဲဒီအကြောင်းကို တကယ် မတွေးခဲ့မိဘူး။

“မင်း သူမကို ရှင်းပြလိုက်ဦး.. သူမကို အတွေးလွန်သွားအောင်မလုပ်နဲ့”

“ဒါ…”

သူ ဘယ်လိုမျိုးရှင်းပြရမှာလဲ။

“ဘာပဲဖြစ်ဖြစ် .. မင်းအတွက် တခြားဘယ်သူမှ ပြောပြလို့ ရနိုင်တဲ့အရာမဟုတ်ဘူး..  မင်းကိုယ်တိုင်ပဲ...”

သူ စကားပြောနေတဲ့အချိန်မှာပဲ ဆုဆု အထဲကိုဝင်လာတာကို မြင်လိုက်ရတယ်။ သူမက ရေဇလုံတစ်ခုနှင့် အသစ်ဝယ်လာပုံရတဲ့ ပစ္စည်းနှစ်ခုကို ယူလာကာ ချန်ယွဲ့ကျင်းကိုမြင်တော့ စိတ်အားထက်သန်စွာ နှုတ်ဆက်လာတယ်။

“ဒုတပ်ရင်းမှုးချန်လည်း  ဒီမှာရှိနေတာပဲ.. စွံပလွန်သီးတွေစားဦးလေ.. ကျွန်မ အခုပဲဝယ်ခဲ့တာ”

သူမက အိတ်ထဲမှ စွံပလွန်သီး လက်တစ်ဆုတ်ယူပြီး ပေးလာခဲ့တယ်။

**

All Chapters