သိုင်းထိပ်သီးလေးယောက်
Vol. 3 Ch. 239
“ ဆရာ ဘယ်သူတွေလဲ “
ဝမ်းတမှ နားမလည်ဟန်ဖြင့်မေးလိုက်သည်။ သူ၏မေးခွန်းကို နှင်းငွေ့မိစ္ဆာသခင်မှပြန်ဖြေစရာပင်မလိုပေ ။
သူတို့၏ရှေ့သို့ ရိပ်ခနဲရိပ်ခနဲရောက်ရှိလာကြသည့်လူရိပ်များကြောင့် ဝမ်းတ၏မျက်နှာမှာ တင်းမာသွားသည် ။
“ ခရမ်းရောင်သွေးလဂိုဏ်းရဲ့ဂိုဏ်းချုပ်လို့မပြောရဘူး မင်းကတကယ်တော်တာပဲ “
စကားသံနှင့်အတူ သူတို့၏လမ်းရှေ့တွင် လူလေးယောက်ပိတ်ရပ်လာသည်။
နောက်ထပ် လူရိပ်များမှာလည်း တောအုပ်ထဲမှ ပေါ့ပါးစွာဖြင့်ထွက်ပေါ်လာကာ ဝမ်းတတို့လူစုကိုဝိုင်းထားကြသည်။
လမ်း၏ဘယ်ဘက်ဘေးမှ အနီရောင်ဝတ်စုံဆင်တူနှင့်ဓားကိုယ်ကိုယ်စီသိုင်းလွယ်ထားကြသည့်လူခြောက်ယောက် ၊ လမ်း၏ညာဘက်ဘေးမှ အနက်ရောင်ဝတ်စုံဆင်တူနှင့် လူခြောက်ယောက် ၊ သူတို့၏နောက်မှ အဖြူရောင်ဝတ်စုံဆင်တူနှင့်လူခြောက်ယောက် စုစုပေါင်း လူဆယ့်ရှစ်ယောက်ခန့်ရှိသည်။
ထူးခြားသည့်ထိုလူများမှာ သူတို့၏ပတ်လည်တွင်ဝိုင်းထားကြသည်။ သူတို့၏မျက်နှာများမှာမူ ဟန်အမူအယာကင်းမဲ့နေကာ ဝမ်းတတို့အဖွဲ့ကို အလွတ်မပေးဘဲ စူးစိုက်ကြည့်နေကြသည်။
အစောပိုင်းကပြောလိုက်သည့်လူမှာ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်အဖိုးအိုဖြစ်ကာ သူ၏မုတ်ဆိတ်မှာ သပ်ရပ်၍ငွေရောင်တောက်နေသည်။
သူ၏ဘေးတွင် လူသုံးယောက်ရှိကာ အနက်ရောင်ဝတ်စုံနှင့် ပျင်းရိဟန်ရသည့်အဖိုးအို ၊ အနီးရောင်ဝတ်ရုံနှင် ပိန်ကပ်ကပ်အဖိုးအိုတစ်ယောက် ၊ ဝတ်စုံဖြူနှင့်ခန့်ညားသည့်လူလတ်ပိုင်းတစ်ယောက်တို့ရှိသည်။
ငွေရောင်မုတ်ဆိတ်အဖိုးအိုမှအပ ကျန်လူများမှာ ဝမ်းတတို့ကိုဝိုင်းထားသည့်လူများ၏ခေါင်းဆောင်ဖြစ်ကာ သူတို့၏ပုံစံကိုကြည့်ရုံဖြင့်သိနိုင်သည်။
“ သိုင်းလောကထဲကပျောက်ကွယ်နေတဲ့ငွေရောင်မုတ်ဆိတ်လူထူးဆန်းကကျုပ်ကိုဟန့်တားလိမ့်မယ်လို့ထင်မထားဘူး “
နှင်းငွေ့မိစ္ဆာသခင်မှ အေးစက်စက်လေသံဖြင့်ပြောလိုက်သည်။
ငွေရောင်မုတ်ဆိတ်လူထူးဆန်းမှာ လွန်ခဲ့သည့်နှစ်နှစ်ဆယ်ကျော်ကကျော်ကြားခဲ့သည့်သိုင်းထိပ်သီးတစ်ယောက်ဖြစ်ကာ အဖြူမကျအနက်မကျသိုင်းသမားတစ်ယောက်ဖြစ်သည်။
သူ၏ တိမ်ဖောက်လက်သီးသိုင်းပညာမှာလည်း ကြောက်မက်ဖွယ်ကောင်းကာ ထိုခေတ်ထိုအခါက သိုင်းလောက၏ထိပ်တန်းတွင်ရပ်တည်ခဲ့သည်။
သို့သော် သူပျောက်ကွယ်နေသည်မှာ အနှစ်နှစ်ဆယ်ကျော်နေပြီဖြစ်ကာ ယခုပြန်၍ပေါ်လာကာ သိုင်းဝိဇ္ဇာအဆင့်သို့ရောက်နေသည်။
နှင်းငွေ့မိစ္ဆာသခင်သည်လည်း ငွေရောင်မုတိဆိတ်လူထူးဆန်းကို မေးခွန်းထုတ်လိုက်ပြီး စူးရှသည့်မျက်ဝန်းများဖြင့်ကြည့်လိုက်သည်။
သူ၏ရှေ့ရှိလူလေးယောက်မှာ သိုင်းဝိဇ္ဇာအဆင့်များဖြစ်ကာ ကောင်းသောလာခြင်းဖြင့်ရောက်လာကြသည်မဟုတ်ပေ။
ထို့အပြင် သူတို့အားဝိုင်းထားသည့်လူဆယ့်ခြောက်ယောက်သည်လည်း အဆင့်လွန်သိုင်းသမားများဖြစ်ကြသည်။
ထိုကဲ့သို့ကြောက်မက်ဖွယ်အင်အားစုမှာ ထိပ်တန်းအဆင့်အင်အားစုကြီးများကိုပင် အမှုန့်ချေရန်လုံလောက်ပေသည်။
“ ဟဲ ဟဲ မင်းလိုကျော်ကြားတဲ့လူက ကျုပ်ရဲ့နာမည်ကိုသိနေတာဆိုတော့ ဂုဏ်ယူစရာပေါ့။ ကျုပ်က သိုင်းလောကသားတွေကိုယ်စား သိုင်းလောကအတွက် အန္တရာယ်ကြီးတစ်ခုဖြစ်တဲ့မင်းကိုဖယ်ရှားရမှာတော့ စိတ်မကောင်းဘူး “
ငွေရောင်မုတ်ဆိတ်လူထူးဆန်းမှ ရယ်ကျဲကျဲဖြင့်ပြောလိုက်သော်လည်း သူ၏မျက်လုံးများက နှင်းငွေ့မိစ္ဆာသခင်ကိုမလွတ်တမ်းသတိထားကြည့်နေသည်။
သူ၏ရှေ့မှလူမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းကာ သူတစ်ဦးတည်းဖြင့် ဂိုဏ်းကြီးငါးဂိုဏ်းမှထိပ်သီးများကိုအနိုင်ယူခဲ့သူဖြစ်သည်။
ထို့ကြောင့်လည်း ငွေရောင်မုတ်ဆိတ်လူထူးဆန်းမှာ သူတစ်ဦးတည်းမလာဝံ့ဘဲ အခြားအကူအညီများဖြင့်လာခြင်းဖြစ်သည်။
“ ဆိုစမ်းပါဦး ကျုပ်ကသိုင်းလောကကိုအန္တရာယ်ဖြစ်စေမယ့်လုပ်ရပ်ဘာတွေလုပ်ထားလို့လဲ “
နှင်းငွေ့မိစ္ဆာသခင်မှ စိတ်ဝင်စားသည့်လေသံဖြင့်မေးလိုက်သည်။
သူ၏စကားကြောင့် ငွေရောင်မုတ်ဆိတ်လူထူးဆန်းမှ တစ်ချက်ရယ်မောကာ ပြောလိုက်သည်။
“ မင်းရဲ့ခရမ်းရောင်သွေးလဂိုဏ်းက အလယ်ပိုင်းကအနက်ရောင်အင်အားစုတွေကိုအကုန်သိမ်းသွင်းပြီးပြီလေ။
နောက်ပြီး နဂါးစိမ်းဂိုဏ်းကြီးနဲ့ အင်အားကြီးထိပ်တန်းအိမ်တော်တွေကိုလည်း အကြောင်းအရာတစ်ခုခုနဲ့ မလှုပ်နိုင်အောင်လုပ်ထားသေးတယ်။
ဒီနေ့ မင်းရဲ့ခွန်အားက ဂိုဏ်းကြီးငါးဂိုဏ်းကထိပ်သီးအားလုံးကိုအနိုင်ယူနိုင်တဲ့အတွက် နောက်ထပ်မင်းရဲ့ခြေလှမ်းကဘာဆိုတာကိုခန့်မှန်းဖို့မခက်ခဲပါဘူး “
ငွေရောင်မုတ်ဆိတ်လူထူးဆန်း၏စကားကြောင့်ဘနှင်းငွေ့မိစ္ဆာသခင်လည်း ခေါင်းတညိမ့်ညိမ့်ဖြစ်သွားသည်။
ထို့နောက် လှောင်ပြောင်လိုသည့်လေသံဖြင့်ထပ်၍ မေးလိုက်သည်။
“ ကျုပ်သိရသလောက်ဆိုရင် ခင်ဗျားကဒီလောက်ကြီးလဲဖြောင့်မတ်တာမဟုတ်ပါဘူး ။ ခင်ဗျားရဲ့အကျင့်စရိုက်နဲ့ဆိုရင် အခြားသိုင်းသမားတွေအတွက် ကျုပ်နဲ့ရင်ဆိုင်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး ။ ကျုပ်ပြောတာဟုတ်လား “
နှင်းငွေ့မိစ္ဆာသခင်၏စကားကြောင့် ငွေရောင်မုတ်ဆိတ်လူထူးဆန်းမှာ ကောက်ကျစ်ဟန်ဖြင့်ရယ်မောလိုက်သည် ။
“ အစတုန်းကတော့ကျုပ်မှာ ဒီအစီအစဉ်မရှိပါဘူး ။ ဒါပေမယ့် မင်းရဲ့ကိုယ်ဖော့ပညာကိုကျုပ်စိတ်ဝင်စားတယ် “
သူ၏စကားမှာ ရှင်းလင်းလှသည်။ နှင်းငွေ့မိစ္ဆာသခင်၏ကိုယ်ဖော့ပညာကိုအလိုရှိ၍ တိုက်ခိုက်ခြင်းဖြစ်သည်။
သိုင်းဝိဇ္ဇာအဆင့်များ၏မျက်စေ့ထဲတွင်တော်ရုံတန်ရုံကိုယ်ဖော့ပညာမှာ မတိုးသော်လည်း နှင်းငွေ့မိစ္ဆာသခင်၏ကိုယ်ဖော့ပညာမှာမူ လွန်စွာကြောက်မက်ဖွယ်ကောင်းလှသည်။
ထို့ကြောင့်လည်း ငွေရောင်မုတ်ဆိတ်လူထူးဆန်းမှ ကျန်သည့်လူများနှင့်အဖွဲ့ဖွဲ့လာကာ နှင်းငွေ့မိစ္ဆာသခင်ကိုတိုက်ခိုက်ရန်ကြံစည်ခြင်းဖြစ်သည်။
“ အရှေ့ပိုင်းက မိုးကြိုးနတ်ဘုရားကျောင်းရဲ့နတ်ဆရာ ၊ အနောက်ပိုင်းကယင်မျိုးနွယ်စုအကြီးအကဲ ၊တောင်ပင်လယ်ကျွန်းသခင် ခင်ဗျားတို့ရဲ့ရည်ရွယ်ချက်ကရောအတူပဲလား “
နှင်းငွေ့မိစ္ဆာသခင်၏ များစွာဂရုစိုက်ပုံမရသည့်မေးခွန်းကြောင့်ကျန်လူများမှာ အနည်းငယ်အံ့အားသင့်သွားသည်။
သူတို့လူစုမှာ သိုင်းလောကထဲတွင်လှုပ်ရှားမှုနည်းပါးသော်လည်း နှင်းငွေ့မိစ္ဆာသခင်မှ သူတို့ တစ်ယောက်ချင်းစီကို ကောင်းစွာသိနေသည်။
“ ကျုပ်ကဘာသိုင်းပညာကိုမှစိတ်မဝင်စားဘူး “
ယင်မျိုးနွယ်စုမှအဖိုးအိုမှ တုံးတိပြောလိုက်သည်။ မိုးကြိုးနတ်ဘုရားကျောင်းမှနတ်ဆရာသည်လည်း ထိုနည်းတူပင်။
“ ဟဲ ဟဲ ကျုပ်တို့တောင်ပင်လာ်ကတော့ ခင်ဗျားရဲ့သိုင်းပညာတွေကိုစိတ်ဝင်စားတယ် ။ ကျုပ်ထင်တာမမှားရင် ဝူတန်းဂိုဏ်းချုပိကြီးတဲ့တိုက်ခိုက်တုန်းက ခင်ဗျားသုံးသွားတဲ့သိုင်းကွက်တွေက သိုင်းလောကကပျောက်ကွယ်သွားတဲ့ နှင်းငွေ့သုံးပါးသိုင်းပညာမဟုတ်လား “
တောင်ပင်လယ်ကျွန်းသခင်မှ ရယ်မော၍ပြောလိုက်သည့်အတွက် သူ၏ရည်ရွယ်ချက်မှာလည်း ငွေရောင်မုတ်ဆိတ်လူထူးဆန်းနှင့်ထူးမခြားနားပင် ။။
သူတို့လေးယောက်ထဲတွင် ငွေရောင်မုတိဆိတ်လူထူးဆန်းနှင့် တောင်ပင်လယ်ကျွန်းသခင်တို့မှာ နှင်းငွေ့မိစ္ဆာသခင်၏သိုင်းပညာများကိုစိတ်ဝင်စားနေကာ ကျန်နှစ်ယောက်မှာမူ နှင်းငွေ့မိစ္ဆာသခင်ကိုသတ်ဖြတ်ရန်သာအာရုံရှိကြသည်။
မည်သို့ပင်ဖြစ်စေ ထိုလေးယောက်မှာ သူ၏အသက်ကိုနုတ်ယူကြမည့်လူများဖြစ်ကြောင်းကို နှင်းငွေ့မိစ္ဆာသခင်မှကောင်းစွာသိပေသည် ။
“ ရှည်ရှည်ဝေးဝေးတွေပြောနေတယ်။ ကျုပ်ရဲ့သခင်ကြီးကို သတ်ချင်တဲ့လူတွေသေလိုက်စမ်း “
တောင်ငယ်တစ်လုံးကဲ့သို့ပုံရိပ်တစ်ခုလွင့်လာကာ ငွေရောင်မုတ်ဆိတ်လူထူးဆန်းကိုလက်သီးဖြင့်ထိုးချလိုက်သည်။
ငွေရောင်မုတ်ဆိတ်လူထူးဆန်းလည်း ရုတ်တရက်တိုက်ခိုက်လာသူကြောင့် သူ၏တိမ်ဖောက်လက်သီးဖြင့်ပြန်၍ထိုးနှက်လိုက်သည်။
“ ဝုန်း.... “
ကျယ်လောက်သည့်အသံကြီးနှင့်အတူ ငွေရောင်မုတ်ဆိတ်လူထူးဆန်းမှာ နောက်သို့ခြေသုံးလှမ်းဆုတ်ပေးလိုက်ရသည် ။
ငွေရောင်မုတ်ဆိတ်ကြိတိုက်ခိုက်လာသူမှာမူ ခြေလှမ်းတစ်ဝက်သာနောက်ဆုတ်ပေးလိုက်ရကာ ရှေ့သို့တိုးဝင်ရန်ပြင်လိုက်သည်။
“ သံမဏိ နေဦး “
နှင်းငွေ့မိစ္ဆာသခင်၏ဒေါသစွက်သည့်စကားကြောင့် ထိုလူမှာ ရပ်တန့်သွားကာ သူ၏လက်သီးအား ပွတ်၍ ငွေရောင်မုတ်ဆိတ်ကို အခဲမကြေသည့်ဟန်ဖြင့်ကြည့်နေသည်။
ငွေရောင်မုတ်ဆိတ်လူထူးဆန်းမှာ သူနှင့်ထိတ်တိုက်ရင်ဆိုင်ပြီးသည့်နောက် သူ့အောက်မကျသည့်ထွားကြိုင်းသည့်လူကိုကြည့်ကာ မျက်နှာကွက်ခနဲပျက်သွားသည် ။
“ မကောင်းတော့ဘူး ဒီကောင်က ဘုရင်ငါးပါးထဲက သံမဏိဘုရင်ပဲ “
ကျန်သည့်လူသုံးယောက်မှာလည်း အစောပိုင်းကဂရုမစိုက်မိကြသည့် ထွားကြိုင်းသန်မာသည့်လူ့ဘီလူကြီးကိုကြည့်ကာ တုန်လှုပ်သွားကြသည် ။
နှင်းငွေ့မိစ္ဆာသခင်တစ်ယောက်တည်းကိုပင် အနိုင်ရရန်ယုံကြည်ချက်မရှိသည့်အတွက် သူတို့လေးဖွဲ့ပူးပေါင်းလာခြင်းဖြစ်သည် ။
သို့သော် သိုင်းပညာတတ်ကျွမ်းဟန်မရသည့် ထိုလူ့ဘီလူးကြီးမှာ ခရမ်းရောင်သွေးလဂိုဏ်းမှ ဘုရင်တစ်ပါးဖြစ်နေမည်ဟုသူတို့မျှော်လင့်မထားကြမိပေ။
ထိုပုံစံအတိုင်းသာဆိုပါက သူတို့အောင်မြင်ရန်အခွင့်အရေးနည်းပါးသွားပေမည်။
“ တိုက်ကြ “
ငွေရောင်မုတ်ဆိတ်လူထူးဆန်းမှ အော်ဟစ်သတိပေးကာ သံမဏိဘုရင်ထံသို့တိုးဝင်သွားသည်။
ကျန်သည့်လူသုံးယောက်မှာမူ နှင်းငွေ့မိစ္ဆာသခင်အား ဝန်းရံတိုက်ခိုက်လိုက်ကြသည်။
သူတို့၏ပတ်လည်တွင် ဝိုင်းထားကြသည့်လူဆယ့်ရှစ်ယောက်မှာ ဝမ်းတနှင့်ဝမ်းတုကို တစ်ပြိုင်နက်တိုက်ခိုက်လိုက်ကြသည်။