← Chapters

ထွက်ပြေးသူ

Vol. 3 Ch. 240

ထွက်ပြေးသူ

Vol. 3 Ch. 240

တိုက်ပွဲအခြေအနေမှာ ရှုပ်ထွေးလျက်ရှိသည်။

ငွေရောင်မုတ်ဆိတ်လူထူးဆန်း၏ တိမ်ဖောက်လက်သီးသိုင်းမှာ နာမည်နှင့်လိုက်အောင်ပြင်းထန်ကာ အတွင်းအားလှိုင်းကြီးများလည်း တဝုန်းဝုန်းမည်ဟည်းနေသည်။

သူနှင့်တိုက်ခိုက်နေသည့်လူ့ဘီလူးကြီးမှာမူ ထိပ်တန်းအဆင့်ပင်မရှိသည့်လက်သီးသိုင်းတစ်ခုကိုအသုံးပြုနေသော်လည်း အပေါ်စီးမှတိုက်ခိုက်နေနိုင်သည် ။

အမှန်က သံမဏိဘုရင်၏သိုင်းပညာမှာ အဆင့်လွန်သိုင်းအဆင့်သာရှိသော်လည်း အတွင်းအားလွန်စွာကောင်းမွန်သလို သံမဏိကဲ့သို့တောင့်တင်းလှသည့်သူ၏ခန္တာကိုယ်မှာ ကြောက်မက်ဖွယ်အတိပင်။

ငွေရောင်မုတ်ဆိတ်လူထူးဆန်းမှာမူ တစ်ဖက်လူ၏ကြောက်မက်ဖွယ်ကောင်းလှသည့်ခန္တာကိုယ်ကြောင့် မည်သို့တိုက်ခိုက်ရမည်မသိဘဲအကြံအိုက်လျက်ရှိသည်။

သံမဏိဘုရင်၏ခန္တာကိုယ်မှာ ဓားလှံမတိုးသည့်ကျင့်စဉ်တစ်ခုခုကိုအောင်မြင်ထားပုံရကာ အပြင်အားကိုလည်းကျင့်ကြံထားပုံရသည်။

ထို့ကြောင့်ပင် အဆင့်လွန်သိုင်းသမားများကို‌ သွေးပွတ်ပွတ်အန်သွားစေနိုင်သည့်လက်သီးချက်များမှာ သံမဏိဘုရင်ကို နောက်သို့အနည်းငယ်ယိုင်သွားစေရုံသာဖြစ်သည်။

သံမဏိဘုရင်မှာ ငွေရောင်မုတ်ဆိတ်၏တိုက်ခိုက်မှုအများစုကိုသူ၏ခန္တာကိုယ်ဖြင့်သာခံယူကာာလွန်စွာပြင်းထန်သည့်တိုက်ကွက်များလာမှာ ခုခံခြင်းပြုလုပ်တတ်သည်။

သံမဏိဘုရင်၏လက်သီးချက်များကိုမူ ငွေရောင်မုတ်ဆိတ်မှာ ပေါ့ပေါ့ဆဆမပြုလုပ်ဝံ့ဘဲ သတိထားနေရသည်။

ထို့ကြောင့်ပင်တိုက်ပွဲစတင်သည့်အချိန်မှစ၍ သံမဏိဘုရင်မှာ အပေါ်စီးသို့ရောက်နေကာာငွေရောက်မုတ်ဆိတ်မှာ ခုခံကာကွယ်ခြင်းကိုသာအဓိကထားနေရသည်။

ဤပုံစံအတိုင်းဆက်သွားပါက ကျန်သည့်လူသုံးယောက်ကိုကူညီ၍နှင်းငွေ့မိစ္ဆာသခင်ကိုရင်ဆိုင်နိုင်ရန်ဝေးစွ သူမရှုံးနိမ့်ရန်ပင်အပြင်းအထန်ကြိုးပမ်းနေရသည်။

ငွေရောင်မုတ်ဆိတ်နှင့် သံမဏိဘုရင်တို့အပြင်းအထန်တိုက်ခိုက်နေကြသလို ကျန်သိုင်းဝိဇ္ဇာအဆင့်သုံးယောက်မှာလည်း နှင်းငွေ့မိစ္ဆာသခင်အားပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။

နှင်းငွေ့မိစ္ဆာသခင်မှာမူ အံ့မခန်းကိုယ်ဖော့ပညာဖြင့်ရှောင်တိမ်းနေကာ ပြင်းထန်လှသည့်လက်သီးချက်များဖြင့်တိုက်ခိုက်နေသည်။

သူ၏ လေနတ်ဆိုး၏မိစ္ဆာခြေလှမ်းမှာ လွန်စွာအစွမ်းထက်သည်မှန်သော်လည်း ယခုသူရင်ဆိုင်နေရသည်က သိုင်းဝိဇ္ဇာသုံးယောက်၏ပူးပေါင်းတိုက်ခိုက်မှုဖြစ်သည် ။

စန်နုန်ကျတွင်တိုက်ခိုက်စဉ်ကနှင်းငွေ့မိစ္ဆာသခင်မှာ ဂိုဏ်းကြီးငါးဂိုဏ်းမှထိပ်သီးများကို တစ်ဦးတည်းဖြင့်အနိုင်ယူခဲ့သော်လည်းထိုစဉ်က သိုင်းလောကစည်းကမ်းအတိုင်းတစ်ဦးချင်းတိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်။

ယခု သိုင်းဝိဇ္ဇာသုံးယောက်မှာ သူတို့၏ဂုဏ်သိက္ခာကိုဂရုစိုက်ခြင်းမရှိဘဲ သုံးယောက်တစ်ယောက်တိုက်ခိုက်နေသည့်အပြင် သူတို့တစ်ဦးချင်းစီကလည်း ကြောက်မက်ဖွယ်ကောင်းပေသည်။

တောင်ပင်လယ်သခင်မှ သူ၏နာမည်ကျော်သိုင်းပညာဖြစ်သည့် အရိပ်တစ်ထောင်လက်ဝါးဖြင့် နှင်းငွေ့မိစ္ဆာသခင်၏လှုပ်ရှားမှုများကိုကန့်သတ်ထားပေသည်။

ယင်မျိူးနွယ်စုမှအဖိုးအို၏ ကျီးနတ်လက်သည်းသိုင်းမှာ လျှင်မြန်ရက်စက်သည့်အပြင် မိုးကြိုးနတ်ဘုရားကျောင်းမှနတ်ဆရာ၏ဓားပညာသည်လည်း ဝါဆန်းဂိုဏ်းချုပ်ကြီး၏အဆင့်၌ရှိပေသည် ။

ထိုထိပ်သီးသုံးယောက်ကိုရင်ဆိုင်ရာတွင် နှင်းငွေ့မိစ္ဆာသခင်မှာ သူ၏‌ကိုယ်ဖော့ပညာကြောင့် အောက်စည်းသို့ရောက်မသွားသေးခြင်းဖြစ်သည်။

ထိပ်သီးများ၏တိုက်ပွဲမှာ များစွာပြင်းထန်လှသော်လည်း အဆင့်လွန်သိုင်းသမားများ၏တိုက်ပွဲမှာ ပို၍ရက်စက်သည်။

မိုးကြိုးနတ်ဘုရားကျောင်းမှ ဓားသမားခြောက်ယောက် ၊ ယင်မျိုးနွယ်စုမှ လူခြောက်ယောက်နှင်ပ တောင်ပင်လယ်မှ သိုင်းသမားခြောက်ယောက်တို့မှာ ဝမ်းတနှင့်ဝမ်းတုတို့ကိုဝိုင်းဝန်းတိုက်ခိုက်လျက်ရှိသည်။

ဝမ်းတနှင့်ဝမ်းတုတို့မှာ သိုင်းဝိဇ္ဇာအဆင့်တစ်ဝက်များကိုပင် ကောင်းစွာယှဉ်ပြိုင်နိုင်သော်လည်း ယခုအခါတွင်မူ စန်နုန်ကျမှသူတို့၏ဒဏ်ရာများကြောင့်အင်အားယုတ်လျော့လျက်ရှိသည်။

တစ်ဖက်တွင် အဆင့်လွန်သိုင်းသမားဆယ့်ရှစ်ယောက်၏ပူးပေါင်း‌တိုက်ခိုက်မှုကိုခံနေရကာ ထိုလူများမှာ သူတို့၏အင်အားစုများတွင် လက်ရွေးစင်များသာဖြစ်ကြသည် ။

ထို့ကြောင့်လည်း ဝမ်းတနှင့်ဝမ်းတုမှာ ခံစစ်ကိုအားပြုတိုက်ခိုက်နေရခြင်းဖြစ်သော်လည်း တဖြေးဖြေးအရေးနိမ့်လာကြသည်။

“ သံမဏိ တိုက်ပွဲကိုမြန်မြန်ဖြတ်လိုက်ပြီး ဝမ်းတနဲ့ဝမ်းတုကိုသွားကူညီလိုက်ဦး “

နှင်းငွေ့မိစ္ဆာသခင်မှ တိုက်ပွဲအခြေအနေအားကောင်းစွာအကဲခပ်မိသဖြင့် ညွှန်ကြလိုက်သည် ။

သူနှင့်တိုက်ခိုက်နေသည့်သိုင်းဝိဇ္ဇာသုံးယောက်မှာ အံ့အားသင့်သွားကြကာတစ်စုံတစ်ခုမှားယွင်းနေသလိုခံစားမိလိုက်ကြသည်။

ယခုအချိန်တွင် နှင်းငွေ့မိစ္ဆာသခင်မှာ ခံစစ်ကိုအားပြုနေရကာ သူ၏ထူးခြားသည့်ကိုယ်ဖော့ပညာကြောင့်သာ ရှုံးနိမ့်မသွားခြင်းဖြစ်သည် ။။

သို့သော် မထင်မှတ်ဘဲသိလိုက်ရသည်မှာ နှင်းငွေ့မိစ္ဆာသခင်မှ သူ၏တိုက်ပွဲကိုအပြည့်အဝအာရုံမစိုက်ဘဲအခြားနေရာများကိုပါ သတိပြုနေခြင်းဖြစ်သည်။

သံမဏိဘုရင်မှာ နှင်းငွေမိစ္ဆာသခင်၏စကားကြောင့် သူ၏မျက်ဝန်းများအနည်းငယ်နီရဲလာကာ သူ၏ခန္တာကိုယ်မှ သွေးကြောကြီးများထောင်ထလာသည်။

သူ၏ခန္တာကိုယ်တစ်ခုလုံးတွင် ကြွက်သားကြီးမျပြည့်နေသည့်အပြင် ထောင်ထလာသည့်သွေးကြောကြီးများကြောင့် ပို၍ပင်ကြောက်မက်ဖွယ်ကောင်းလာသေးသည်။

“ ဒေါသလက်သီးသိုင်း “

သံမဏိဘုရင်မှကျယ်လောက်စွာအော်ဟစ်မာန်သွင်း၍ သူ၏တိုက်ခိုက်မှုကိုပြောင်းလဲလိုက်သည် ။

ယခုတစ်ကြိမ်တွင် သံမဏိဘုရင်မှာ စိတ်လွတ်သွားပုံပေါ်ကာ သူ၏အတွင်းအားများလည်းပို၍တိုးပွားလာသည်။

ငွေရောင်မုတ်ဆိတ်လည်း အခြေအနေမဟန်သည်ကိုတွေ့သည်နှင့် သူ၏အစွမ်းထက်သိုင်းကွက်တစ်ခုကိုထုတ်သုံးလိုက်သည်။

“ လက်သီးခြောက်ချက်တိမ်ကိုဖျက် “

ငွေရောင်မုတ်ဆိတ်၏လက်သီးချက်ခြောက်ခုမှ သံမဏိဘုရင်၏သွေးကြောခြောက်နေရာကို ဆက်တိုက်ခိုက်လိုက်သည် ။

သူ၏လက်သီးချက်များမှာ လွန်စွာလျှင်မြန်လှသဖြင့်လက်သီးချက်တစ်ခုထဲဟုထင်ရကာ ရှောင်တိမ်းရခက်လှသည်။ ထို့အပြင်လက်သီးတစ်ချက်ချင်းဆီမှာ လွန်စွာအားအင်ပြင်းထန်ပေသည်။

“ ဖောင်း....... “

လက်သီးခြောက်ချက်မှာ သံမဏိဘုရင်၏ခန္တာကိုယ်ပေါ်သို့တစ်ပြိုင်တည်းလိုလိုကျရောက်သွားကာ သံမဏိဘုရင်၏မျက်နှာမှာအနည်းငယ်ဖြူဖျော့သွားသည်။

သို့သော် သူ၏တန်ပြန်လက်သီးချက်များကအင်အားပြင်းထန်ဆဲပင်။

ငွေရောင်မုတ်ဆိတ်မှာ သံမဏိဘုရင်မှသူ၏လက်သီးချက်များကို လုံးဝခုခံမှုမလုပ်သည့်အတွက်အံ့အားသင့်နေမိသည်။

ထိုလက်သီးချက်များမှာ လွန်စွာပြင်းထန်ကာ အဆင့်လွန်သိုင်းသမားတစ်ယောက်ကိုချက်ခြင်းအသေသတ်နိုင်သည် ။။

“ မကောင်းတော့ဘူး “

ငွေရောင်မုတ်ဆိတ်မှာ အံ့အားသင့်နေရာမှအလျှင်အမြန်သတိဝင်လာကာ ဘေးဘက်သို့ရှောင်တိမ်းလိုက်သည်။

သို့သော် ရိပ်ခနဲဝင်လာသည့်လက်သီးချက်တစ်ခုကိုရှောင်တိမ်းနိုင်စွမ်းမရှိတော့ဘဲ သူ၏ရင်ဘက်ပေါ်သို့ကျရောက်လာသည်။

“ ဝုန်း.. “

ငွေရောင်မုတ်ဆိတ်၏ခန္တာကိုယ်မှာ နောက်ဘက်သို့လွင့်စင်သွားကာ ချက်ခြင်းပင်ပြန်၍ကုန်းရုန်းထလာသည်။

သို့သော် ငွေရောင်မုတ်ဆိတ်မှာ တစ်ချက်ယိမ်းယိုင်သွားကာ ဟန်မဆောင်နိုင်ဘဲ သွေးတစ်လုပ်အန်ထုတ်လိုက်မိသည်။

ထိုလက်သီးချက်မှာ သူ၏ရင်ဘက်မှအရိုးအတော်များများကိုကျိုးသွားစေကာ အတွင်းဒဏ်ရာအကြီးအကျယ်ရရှိ စေသည် ။

ငွေရောင်မုတ်ဆိတ်မှာ ရှုံ့မဲ့နေသည့်မျက်နှာဖြင့် အခြားတစ်ဖက်မှတိုက်ပွဲများကိုအကဲခပ်လိုက်သည်။

နှင်းငွေ့မိစ္ဆာသခင်နှင့် သိုင်းဝိဇ္ဇာသုံးဦးတို့၏တိုက်ပွဲမှာ လွန်စွာပြင်းထန်နေကာ နှင်းငွေ့မိစ္ဆာသခင်ဖိနှိပ်ခံနေရသည်။

သူတိုဘ၏အဆင့်လွန်သိုင်းသမားများနှင့်တိုက်ခိုက်နေသည့်ဝမ်းတနှင့်ဝမ်းတုတို့မှာ ဒဏ်ရာကိုယ်စီရှိနေပြီဖြစ်သော်လည်း အချိန်တိုအတွင်းရှုံးနိမ့်မည့်ပုံမပေါ်သေးပေ။

လက်ရှိသူကိုယ်တိုင်မှာ အတွင်းဒဏ်ရာပြင်းထန်စွာရရှိထားကာ သူ၏ရှေ့မှလူ့ဘီလူးကြီးကိုမည်သည့်နည်းနှင့်မှအနိုင်မရနိုင်သည်ကိုသိလိုက်သည်။

ငွေရောင်မုတ်ဆိတ်မှာ စိတ်ထဲတွင်အလျှင်အမြန်တွေးတော၍ သံမဏိဘုရင်၏လက်သီးချက်ကိုတိမ်းရှောင်ကာအော်ဟစ်လိုက်သည်။

“ ကျုပ်တို့အစီအစဉ်ကျရှုံးသွားပြီ ။ ပြန်ဆုတ်ကြရအောင် “

ငွေရောင်မုတ်ဆိတ်မှ ထိုသို့အော်ဟစ်ကာ ကျန်လူများ၏စကားကိုပင်မစောင့်တော့ဘဲ လျှင်မြန်သည့်အရှိန်အဟုန်ဖြင့် တောအုပ်အတွင်းသို့တိုးဝင်ပျောက်ကွယ်သွားသည် ။

“ တောက် ဒီကောင်ကတော့ “

နှင်းငွေ့မိစ္ဆာသခင်နှင့်တိုက်ခိုက်နေသည့်သိုင်းဝိဇ္ဇာသုံးယောက်မှာ ဒေါသအကြီးအကျယ်ထွက်သွားကြသည်။

သို့သော် များစွာစဉ်းစားနိုင်ခြင်းမရှိဘဲ နှင်းငွေ့မိစ္ဆာသခင်အားဖိ၍တိုက်ခိုက်လိုက်သည်။

ငွေရောင်မုတ်ဆိတ်ထွက်ပြေးသွားသည့်နောက် သံမဏိဘုရင်မှာ နှင်းငွေ့မိစ္ဆာသခင်အားကူညီ၍တိုက်ခိုက်တော့မည့်ပုံရသည် ။

ယခုပင် သုံးယောက်တစ်ယောက်တိုက်ခိုက်သော်လည်းအနိုင်မရနိုင်ဘဲ သံမဏိဘုရင်သာဝင်ပါလာပါက သူတို့အနေဖြင့် ရှုံးနိမ့်မည်မှာ သေချာစလောက်ရှိနေသည် ။

ထို့ကြောင့်နှင်းငွေ့မိစ္ဆာသခင်အားဖိနှိပ်ကာ ပြန်၍ဆုတ်ခွာရန်ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။

All Chapters