ရှုံးနိမ့်ခြင်း၏အကျိုးဆက်
Vol. 3 Ch. 242
ယခုရက်ပိုင်းတွင် သိုင်းလောက၏နေရာအနှံ့ခရမ်းရောင်ဝတ်စုံနှင့်လူများကို နေရာအနှံ့တွေ့လာရသည်။
ထိုလူများ၏အင်္ကျီရင်ဘက်ပေါ်တွင် လခြမ်းပုံတစ်ခုသို့မဟုတ် နှစ်ခုစီပါကြကာ လခြမ်းသုံးခုအထိပါသည့်အဆင့်လွန်သိုင်းသမားများပင်ပါဝင်သည် ။
ထို့အပြင်နဂါးစိမ်းဂိုဏ်းကြီး၏ မျက်စိပိတ်နားပိတ်ထားသည့်အပြုအမူကြောင့်အနက်ရောင်သိုင်းလောကသားများမှာ နေရာအနှံ့ခေါင်းထောင်လာကာ ခိုးဆိုးလုယက်ခြင်း လူသတ်ခြင်းများကိုလည်းပြုလုပ်လာကြသည် ။
အထူးသဖြင့် ခရမ်းရောင်သွေးလဂိုဏ်း၏လက်အောက်ခံ ဂိုဏ်းအဖွဲ့များဖြစ်ကြသည် ။
ယခုအချိန်အထိခရမ်းရောင်သွေးလဂိုဏ်းမှ မကောင်းသည့်လုပ်ရပ်တစ်စုံတစ်ရာမပြုလုပ်သေးသော်လည်း သူ၏လက်အောက်ခံအင်အားစုများမှာ စိတ်တိုင်းကျဆိုးသွမ်းနေကြသည်။
မကောင်းမှုအား မနှစ်မြို့သည့်အဖြူရောင်သိုင်းဂိုဏ်းအချို့မှာ ထိုလူများကိုဆန့်ကျင်ခဲ့သော်လည်း သုံးညအတွင်း ထိုအဖွဲ့အစည်းဆယ်ခုကျော်သုတ်သင်ခံရပြီးနောက် မည်သူမှရှေ့ထွက်မဟန့်တားဝံ့တော့ပေ။
ထိုဖြစ်ရပ်များ၏မူလအစမှာ လွန်ခဲ့သည့်တစ်လခန့်ကဖြစ်ခဲ့သည့် စန်နုန်ကျ အဖြူအနက်စိန်ခေါ်ပွဲကြောင့်ဖြစ်ပေသည် ။
ထိုစိန်ခေါ်ပွဲတွင် ဂိုဏ်းကြီးငါးဂိုဏ်းမှထိပ်သီးများကို နှင်းငွေ့မိစ္ဆာသခင်မှ တရားမျှတစွာယှဉ်ပြိုင်၍အနိုင်ယူပြခဲ့ကာ သိုင်းလောကတစ်ခုလုံးကိုတုန်လှုပ်စေခဲ့သည် ။
ထို့အပြင် နှင်းငွေ့မိစ္ဆာသခင်အားလိုက်လံသတ်ဖြတ်ခဲ့ကြသည့် သိုင်းဝိဇ္ဇာသုံးယောက်၏အလောင်းများကိုလည်း လိုင်စီတောအုပ်ထဲတွင်တွေ့ခဲ့ရသည်။
ထိုသိုင်းဝိဇ္ဇာသုံးယောက်မှာ တောင်ပင်လယ်ကျွန်းသခင် အရှေ့ပိုင်းရှိမိုးကြိုးနတ်ဘုရားကျောင်းမှနတ်ဆရာတစ်ယောက် ၊ အနောက်ပိုင်းယင်မျိုးနွယ်စုမှအကြီးအကဲတို့ဖြစ်ကြသည်။
ထို့အပြင် ထိုတိုက်ပွဲမှလွတ်မြောက်လာကြသည့်လူများ၏စကားအရ နှင်းငွေ့မိစ္ဆာသခင်အားတိုက်ခိုက်ရန်ကြံစည်သည်မှာ ငွေရောင်မုတ်ဆိတ်လူထူးဆန်းပါ ပါဝင်ကာ ခရမ်းရောင်သွေးလဂိုဏ်းမှသံမဏိဘုရင်အားရှုံးနိမ့်ပြီးနောက် ထွက်ပြေးသွားသည်ဟု ဆိုကြသည် ။
ကျန်ရှိနေသည့်သိုင်းဝိဇ္ဇာသုံးယောက်မှာလည်းနှင်းငွေ့မိစ္ဆာသခင်အားပူးပေါင်းတိုက်ခိုက်ကြသည့်တိုင် အနိုင်ယူနိုင်စွမ်းမရှိဘဲ သေဆုံးသွားကြရသည်။
ထိုသတင်းသိုင်းလောကတွင်ပျံ့နှံ့ပြီးနောက် နှင်းငွေ့မိစ္ဆာသခင်၏ဂုဏ်သတင်းမှာ ပို၍ကြီးမားလာကာ ခရမ်းရောင်သွေးလဂိုဏ်းကိုအတိုက်အခံပြုဝံ့သူဟူ၍မရှိသလောက်ဖြစ်လာကြသည်။
ရှောင်လင်ဝူတန်းစသည့် ထိတ်တန်းဂိုဏ်းကြီးခြောက်ခုမှာ စန်နုန်ကျစိန်ခေါ်ပွဲပြီးနောက် တိတ်ဆိတ်နေကြသည်။
ထိပ်တန်းအဆင့်ဂိုဏ်းများအိမ်တော်များမှာ အမည်မသိအကြောငပြချက်ကြောင့် တံခါးပိတ်နေကြကာ
နဂါးစိမ်းဂိုဏ်းကြီးသည်ပင် သိုင်းလောကအရေးများကိုဝင်မပါဘဲ မျက်စိပိတ်နားပိတ်နေကြသည်။
ယခုအချိန်တွင် လူကောင်းများကျီးလန့်စာစားဖြစ်နေရကာ အဖြူရောင်သိုင်းလောကသားများခေါင်းငုံ့၍ အနက်ရောင်သိုင်းသမားများရင်ကော့နေကြသည့်အတွက် လက်ရှိကာလမှာ နှစ်တစ်ရာအတွင်းအဆိုးဆုံးဖြစ်သည့် အမှောင်ခေတ်ဟု လူအများမှ ပြောဆိုလျက်ရှိကြသည်။
&&&&&&&&
ဝင်္ကပါတောအုပ်
ဓားစံအိမ်
ဓားစံအိမ်၏ အရှေ့ဘက်တွင် ပန်းနုရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် ပြိုင်စံရှားမိန်းမလှလေးတစ်ယောက် လိပ်ပြာလေးတစ်ကောင်လိုဝဲပျံကာ ဓားသိုင်းလေ့ကျင့်လျက်ရှိသည်။
သူမ၏အနီးအနားတွင် ဓားရိပ်များစွာပြန့်ကျဲနေကာ အဆင့်လွန်သိုင်းသမားတစ်ယောက်ပင် အတုအစစ်ခွဲခြားနိုင်မည်မဟုတ်ပေ။
ထို့အပြင် မိန်းမလှလေး၏ဓားကွက်များမှာ လွန်စွာမြန်ဆန်သည့်အတွက် တော်ရုံတန်ရုံအဆင့်လွန်သိုင်းသမားကို အသာအယာအနိုင်ယူနိုင်စွမ်းရှိပေသည်။
သူမနှင့်ခပ်လှမ်းလှမ်းတွင် အေးစက်စက်မျက်နှာနှင့် အနက်ရောင်ဝတ်စုံဝတ် မိန်းမလှလေးတစ်ယောက်နှင့် ဝတ်စုံဖြူဝတ်လူငယ်တစ်ယောက်ရှိ နေသည်။
ဝတ်စုံဖြူဝတ်လူငယ်မှာ ယောင်္ကျားပီသသည့်သွင်ပြင်ရှိကာ အသက်သုံးဆယ်ကျော်ခန့်သာရှိသည် ။
သူ၏နောက်ကျောတွင်မူ အသွားလက်လေးလုံးခန့်ဗြက်ကျယ်သည့်ဓားကြီးတစ်လက်ကိုသိုင်းလွယ်ထားသည်။
သိုင်းလောကအတွင်းနှံ့စပ်သူများဆိုပါက ထိုဓားမှာ လွန်ခဲ့သည့်နှစ်နှစ်ကျော်က သိုင်းလောကတွင်နာမည်ကြီးခဲ့သည့် ဓားမုဆိုးရှောင်ကျန်းမင်ကိုင်လေ့ရှိသည့်မုန်တိုင်းဓားဖြစ်သည်ကိုသိရှိပေလိမ့်မည်။
“ အစ်ကိုကြီး သူ့ရဲ့ဓားပညာကိုဘယ်လိုမြင်လဲ “
အနက်ရောင်ဝတ်စုံနှင့်မိန်းမလှလေးမှ ဓားသိုင်းလေ့ကျင့်နေသည့်မိန်းမလှလေးကိုညွန်ပြကာမေးလိုက်သည်။
အဖြူရောင်ဝတ်စုံနှင့်လူရွယ်လည်း စူးရှသည့်မျက်လုံးများဖြင့် ဓားသိုင်းလေ့ကျင့်နေသည့်မိန်းကလေးကို အကဲခပ်၍ခေါင်းညိမ့်ကာပြောလိုက်သည်။
“ သိုင်းပညာအခြေခံအတော်လေးကောင်းတယ် ။ အတွင်းအားနဲ့ကိုယ်ဖော့ပညာကလည်းမဆိုးဘူး။ နောက်ပြီး ထိပ်တန်းအဆင့်ဓားသိုင်းတွေကိုလည်းကျွမ်းကျင်နေသေးတယ်။
နောက်ထပ် ဆယ်နှစ်လောက်ကျင့်ပြီးရင် ဓားဆန္ဒကိုထုတ်ဖော်နိုင်မှာပဲ။ “
ဝတ်စုံဖြူနှင့်လူငယ်မှ သူ၏အမြင်ကိုပြောဆိုလိုက်သည်။
အနက်ရောင်ဝတ်စုံနှင့်မိန်းမလှလေးလည်း ခေါင်းညိမ့်ပြကာ ဆက်၍ပြောလိုက်သည်။
“ ဒီကောင်မလေးက ဉာဏ်ရည်ထက်မြက်သလို အတော်လေးထူးချွန်တယ်။ သူကသိုင်းလောကထဲက ထိပ်တန်းအဆင့်အင်အားစုကြီးတွေထဲကဖြစ်နိုင်တယ် “
“ နောက်ပြီး မင်းလဲသူ့ကိုသဘောကျလို့ ခဏခဏလမ်းညွန်ပေးနေတယ်မလား “
ဝတ်စုံဖြူနှင့်လူရွယ်မှ ရယ်မောကာပြောလိုက်သည်။
အနက်ရောင်ဝတ်စုံနှင့်မိန်းမလှလေးမှ ဝန်ခံလိုက်သည်။
“ ဟုတ်တယ် သူကအတော်လေးတက်ကြွပြီး စိတ်ထားလဲကောင်းမွန်တယ် “
ထို့နောက် သူတို့နှစ်ယောက်လုံး စကားဆက်မပြောဖြစ်ကြတော့ဘဲတိတ်ဆိတ်သွားလေသည်။
အတန်ကြာမှ ဝတ်စုံဖြူနှင့်လူရွယ်မှ သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်သည်။
“ ယင်ယင် မင်းသိုင်းလောကထဲကိုဆင်းတော့မှာလား “
အနက်ရောင်ဝတ်စုံနှင့်မိန်းမလှလေး၏မျက်ဝန်းထက်တွင် နားလည်ရခက်သည့်အရိပ်အယောင်များထွက်ပေါ်လာကာ ပြန်၍မဖြေပေ။
ဝတ်စုံဖြူနှင့်လူရွယ်မှ မိန်းမလှလေး၏အမူအယာကိုအကဲခပ်ကာ ဆက်ပြောလိုက်သည် ။
“ ဒီနှစ်တွေထဲမှာ မင်းညီလေးအကြောင်းကို တစ်ခါမှ မပြောခဲ့ဖူးနော် ။ မင်းနေ့တိုင်း အပြင်းအထန်လေ့ကျင့်နေတာကလည်း ညီလေးကိုလိုက်မီချင်လို့ပဲမလား “
အနက်ရောင်ဝတ်စုံနှင့်မိန်းမလှလေးမှ လက်သီးကိုတင်းကြပ်စွာဆုတ်ထားကာ နှုတ်ခမ်းကိုကိုက်ထားသည် ။
ဝတ်စုံဖြူနှင့်လူငယ်လည်း စိတ်ဓာတ်မာကျောကာ သံယောဇဉ်ကြီးမားသည့်မိန်းကလေးအား ကရုဏာသက်စွာကြည့်ကာာဆက်ပြောလိုက်သည်။
“ မင်းနောက်ရက်ကျရင် ဟိုမိန်းကလေးနဲ့သိုင်းလောကထဲကိုလိုက်သွားပါ့လား “
သူ၏စကားကြောင့် မိန်းမလှလေး၏မျက်လုံးများအနည်းငယ်အရောင်တောက်သွားသော်လည်း ခေါင်းယမ်းကာပြောလိုက်သည်။
“ ကျမသိုင်းလောကထဲကိုမဆင်းတော့ဘူး သုံးနှစ်မပြည့်ခင် သူပြန်ပြီးရောက်လာမယ်လို့ကျမယုံကြည်တယ် “
သူမ၏ပြက်သားသည့်စကားကြောင့် လူရွယ်လည်း လေပူတစ်ချက်မှုတ်ထုတ်လိုက်မိသည်။
“ အင်း မင်းရဲ့သဘောပါဘဲ အစ်ကိုကြီးတော့ မင်းကိုသိုင်းလောကထဲဆင်းပြီး ညီလေးနဲ့ဆုံစေချင်တယ် “
လူရွယ်မှ ထိုသို့ပြောကာ အဝေးသို့လျှောက်သွားတော့သည်။ မိန်းမလှလေးမှာ အနည်းငယ်ရီဝေသည့်မျက်ဝန်းများဖြင့် အဝေးသို့စိုက်ကြည့်နေသည်။
“ အစ်မယင် “
ချိုသာသည့်စကားသံလေးနှင့်အတူ သွမ့်ရှင်းရှောင်မှ ထင်းရှောင်ယင်၏ဘေးသို့ ပြံးလျက်ရောက်လာသည်။
ထင်းရှောင်ယင်ကို သူမရောက်စက အေးစက်စက်နိုင်သည့်မိန်းကလေးဟုထင်ခဲ့မိသော်လည်း ရက်အနည်းငယ်အတူရှိပြီးနောက် ထင်းရှောင်ယင်မှာ စိတ်သဘောထားပြည့်ဝကာ အဘက်ဘက်တွင်ထူးချွန်သူတစ်ဦးဖြစ်သည်ကို သိလာရသည်။
သူမဓားသိုင်းလေ့ကျင့်နေလျှင်လည်း လာရောက်ညွန်ပြပေးတတ်သေးသည်။
သွမ့်ရှင်းရှောင်မှာ သိုင်းလောကထဲတွင်ရှိစဉ်က ဂုဏ်မောက်သည်မဟုတ်သော်လည်း သူမ၏သိုင်းပညာကို အတော်လေးထူးချွန်သူဟုယုံကြည်ပေသည် ။
သို့မဟုတ်ပါက အသက်နှစ်ဆယ်ကျော်ကျော်ဖြင့် ထိပ်သီးဆယ်ယောက်စာရင်းတွင် နံပါတ်တစ်လုချိတ်မည်မဟုတ်ပေ ။
သူမ၏ဖခင်နှင့်ဆရာဖြစ်သူ ကျောက်စိမ်းမျက်နှာရသေ့မတို့၏သင်ကြားပေးမှုကြောင့် သူမ၏သိုင်းပညာမှာ သက်တူရွယ်တူများကြားတွင်လွန်စွာထူးချွန်ပေသည်။
သို့သော် သူမထက်နှစ်အနည်းငယ်သာကြီးမည်ဖြစ်သည့် ထင်းရှောင်ယင်မှာ ဓားပညာလွန်စွာထူးချွန်သည်ကိုသိလိုက်ရကာ သူမနှင့်တစ်ခါမှယှဉ်ပြိုင်ဖူးခြင်းမရှိသော်လည်း သူမ၏ဓားပညာနက်ရှိုင်းမှုကို ခံစားမိပေသည် ။
ထင်းရှောင်ယင်နှင့်သာယှဉ်ပြိုင်ပါပကသူမ၏သိုင်းကွက်တစ်ရာပင်ကျော်အထိ တိုက်ခိုက်မည်ဟုပင် မထင်ပေ။
သွမ့်ရှင်းရှောင်မှာ ဓားစံအိမ်တွင်ရှိစဉ် တစ်ခါတစ်ရံ အေးစက်စက်မျက်နှာနှင့် ဝတ်စုံဖြူဝတ်လူများကိုလည်းဓားစံအိမ်ထဲတွင်တွေ့ရတက်သည်။
ထင်းရှောင်ယင်၏ပြောပြချက်အရ ထိုလူများမှာ ဓားစံအိမ်၏အကြီးအကဲများသိသိရကာ ထိုလူများထံမှထွက်ပေါ်နေသည့်အငွေ့အသက်များမှာ သူမဆရာထက်အားမနည်း၍ သူမပင်ထိတ်လန့်မိသေးသည် ။
သူမဓားစံအိမ်တွင်ရှိနေသည့်တစ်လအတွင်း ရှောင်ကျန်းမင်ဆိုသည့်လူ၏ခြေထောက်များမှာလည်း လုံးဝကောင်းမွန်သွားပြီဖြစ်ကာ ထိုလူမှာလည်း နွေးထွေးကာ ခင်မင်ဖွယ်ဖြစ်သည်။
ရှောင်ကျန်းမင်မှာ စံအိမ်စခင်၏တပည့်ဖြစ်ကာ အစ်မယင်မှာမူ စံအိမ်သခင်၏သမီးဖြစ်သည်။
ထို့အပြင် ရှောင်ကျန်းမင်၏စကားအရ စံအိမ်သခင်၏တပည့်တစ်ယောက်ရှိသေးသည်ဟုသိရသည် ။။
သို့သော် ထိုလူကိုသူမတစ်ခါမှမမြင်ဖူးသည့်အပြင် ထင်းရှောင်ယင်မှလည်းထိုအကြောင်းနှင့်ပတ်သတ်၍တစ်ခွန်းမှ စကားမဟဖူးပေ။
မည်သို့ပင်ဖြစ်ဓားစံအိမ်တွင်နေခဲ့သည့်တစ်လအတွင်း သူမ၏သိုင်းပညာအတော်လေးတိုးတက်လာကာ ဆိတ်ငြိမ်ကာအေးချမ်းသည့်ပတ်ဝန်းကျင်ကြောင့်လည်း သူမယခုလိုရက်အတော်ကြာနေမိခဲ့ခြင်းဖြစ်သည်။