မိန်းကလေးများ၏စကားဝိုင်း
Vol. 3 Ch. 243
ထင်းရှောင်ယင်မှာ သွမ့်ရှင်းရှောင်၏ခေါ်သံကြောင့် ဆက်ခနဲဖြစ်သွားကာ အတွေးထဲနစ်မြောနေရာမှ သတိပြန်ဝင်လာပုံပေါ်သည်။
ထို့နောက် သူမ၏မျက်ခုံးလေးနှစ်ခုအား စုကြုံ့ကာ တစ်စုံတစ်ရာအားအပြင်းအထန်စဉ်းစားနေပုံရသည်။
သူမ၏မျက်နှာထက်တွင်လည်း ဝေခွဲမရသည့်အရိပ်အယောင်အချို့ထင်ဟပ်နေသည်။
သွမ့်ရှင်းရှောင်မှာ ပါးနပ်သည့်မိန်းကလေးဖြစ်သည့်အတွက် ထင်းရှောင်ယင်၏မျက်နှာထက်မှအရိပ်များကို အကဲခပ်လိုက်မိသည်။
သူမသိသလောက်ထင်းရှောင်ယင်မှာ အမြဲလိုလိုအေးစက်စက်အမူအယာဖြင့်ရှိနေတတ်ကာ သူမ၏စိတ်ခံစားချက်များကို မျက်နှာထက်တွင်မဖော်ပြပေ။
သို့သော် သူမလိုမိန်းကလေးတစ်ယောက်ပင် ယခုလိုချီတုံချီချဖြစ်နေသည့်အတွက် အံ့ဩစိတ်နှင့်အတူ မေးလိုက်မိသည်။
“ အစ်မယင် ဘာဖြစ်လို့လဲ ။ ကျမဘာကူညီပေးရမလဲ “
သွမ့်ရှင်းရှောင်၏စကားကြောင့် ထင်းရှောင်ယင်မှ အနည်းငယ်တွေဝေသည့်အမူအယာဖြင့် သွမ့်ရှင်းရှောင်အားကြည့်လာသည်။ ထို့နောက် ဖြေးညင်းစွာမေးလိုက်သည်။
“ ရှောင်ရှောင် နင်သိုင်းလောကထဲမှာ ထင်းရှီဆိုတဲ့သိုင်းသမားတစ်ယောက်အကြောင်းကြားဖူးလား ။
သူက နည်းနည်းကြည့်ကောင်းပြီး အသက်သုံးဆယ်ဝန်းကျင်ရှိတယ် ။ နောက်ပြီး အဖြူရောင်ဝတ်စုံကိုဝတ်တတ်တယ်။ ပြီးတော့ ဓားပညာလည်းအတော်လေးထူးချွန်တယ်။
နောက်ပြီးသူက .... “
ထင်းရှောင်ယင်မှ အနည်းငယ်နီရဲနေသည့်မျက်နှာဖြင့် သူမ၏စိတ်ထဲတွင်စွဲမြဲနေသည့် ပုံရိပ်တစ်ခုအကြောင်းကို အသေးစိတ်ပြောပြနေသည်။
သွမ့်ရှင်းရှောင်မှာ ထင်းရှီဆိုသည့်နာမည်ကြောင့် သူမ၏ရင်ထဲတွင်ထိတ်ခနဲဖြစ်သွားကာ တစ်စုံတစ်ရာအား သဘောပေါက်သလိုရှိလာသည်။
ထို့အပြင် အနည်းငယ်ထူးဆန်းနေသည့်ဟန်ဖြင့် ထင်းရှီအကြောင်းကိုအသေးစိတ်ပြောပြနေသည့် ထင်းရှောင်ယင်ကိုလည်း ငေးကြည့်နေမိသည်။
ထင်းရှောင်ယင်မှာ အတော်များများပြောဆိုလိုက်ပြီး သွမ့်ရှင်းရှောင်မှ သူမအား ထူးဆန်းသည့်ဟန်ဖြင့် စိုက်ကြည့်နေ၍ အနည်းငယ်ရှက်ရွံ့သွားကာ ထပ်၍မေးလိုက်သည် ။
“ ရှောင်ရှောင် နင်သူ့အကြောင်းကို ကြားဖူးလား “
သူမ၏သိလိုစိတ်ပြင်းပြဟန်ရသည့် အမူအယာကြောင့် သွမ့်ရှင်းရှောင်လည်း သက်ပြင်းတစ်ခုကြိတ်၍ချလိုက်ကာ ဖြေးညင်းစွာပြောလိုက်သည် ။
“ အင်း ကျမသူ့ကိုသိတယ် “
သူမ၏အဖြေကြောင့် ထင်းရှောင်ယင်၏မျက်လုံးများလက်ခနဲဖြစ်သွားသည် ။သွမ့်ရှင်းရှောင်မှ သူမ၏အမူအယာကိုတစ်ချက်အကဲခပ်ကာ ဆက်ပြောလိုက်သည်။
“ ကျမနဲ့သူနဲ့ရင်းနှီးတယ်။ အတော်လေးရင်းနှီးတယ်လို့ ပြောလို့ရတယ် “
သွမ့်ရှင်းရှောင်၏ အနည်းငယ်လှုပ်ခက်နေသည့်လေသံကြောင့် ထင်းရှောင်ယင်လည်း သူမ၏မျက်နှာကိုကြည့်စူးစိုက်ကြည့်လိုက်မိသည်။
သွမ့်ရှင်းရှောင်မှ ထင်းရှောင်ယင်၏အကြည့်များကိုမသိချင်ဟန်ဆောင်ကာ ဆက်ပြောလိုက်သည်။
“ ကျမတို့ကလွန်ခဲ့တဲ့နှစ်နှစ်ကျော်က ဒီတောအုပ်နဲ့ သိပ်မဝေးတဲ့နေရာမှာ စတွေ့တာ ။ အဲဒီတုန်းက ကျမဂိုဏ်းခွဲတစ်ခုကပြဿနာလေးကို ဖြေရှင်းပြီးပြန်လာခဲ့တာ ။
ကျမတို့စပြီးဆုံတဲ့အချိန်က သူကမြင်းတစ်ကောင်ကိုလက်ကဆွဲလို့ မြင်းတောင်မစီးတက်သေးဘူး။
အဲဒါနဲ့ ....... “
သွမ့်ရှင်းရှောင်လည်း သူမနှင့်ထင်းရှီစတင်တွေ့ဆုံခဲ့သည့်အကြောင်းများကို တက်ကြွစွာဖြင့်ပြောဆိုလိုက်သည်။
သူမသတိမထားမိခင်မှာပင် သူမ၏မျက်လုံးများမှာ တောက်ပနေကာ လှပသည့်မျက်နှာထက်တွင်လည်း ပျော်ရွှင်သည့်အရိပ်အယောင်များပြည့်နှက်နေသည်။
“ ဒါဆို နင်နဲ့သူနဲ့က “
ထင်းရှောင်ယင်၏မေးခွန်းမဆုံးမီ သွမ်ရှင်းရှောင်မှ ကဗြာကယာဖြတ်ပြောလိုက်သည်။
“ မဟုတ်ဘူး ကျမတို့ကရိုးရိုးသားသားပတ်သတ်မှုပါ ဒါပေမယ့် ကျမတို့ဆက်ဆံရေးက သာမန်ထက်ပိုပြီး နည်းနည်းရှုပ်ထွေးတယ် “
သွမ့်ရှင်းရှောင်၏မျက်နှာလေးမှာ အနီရောင်သမ်းသွားကာ ဦးခေါင်းကိုမသိမသာငုံ့လိုက်သည်။
ထင်းရှောင်ယင်မှာ ရှက်ရွံ့နေဟန်ရသည့်မိန်းမလှလေးအား တိတ်ဆိတ်စွာဖြင့်ကြည့်နေမိသည်။
သွမ့်ရှင်းရှောင်သည်လည်း ထင်းရှီအပေါ်တွင် ခံစားချက်အချို့ရှိနေသည်ကို သူမပင်မြင်တွေ့နေရသည် ။
ထင်းရှောင်ယင်မှာ အမည်မသိအကြောင်းပြချက်အချို့ကြောင့် သူမ၏ရင်ထဲတွင်ဝမ်းနည်းသလို ခံစားမိကာ အနည်းငယ်နာကျင်သွားသည်။
ထို့နောက် သွမ့်ရှင်းရှောင်လည်း သူမ၏ဟန်အမူအယာကိုသတိထားမိသွားကာ အနည်းငယ်ရှက်ရွံ့သွားကာ တိတ်ဆိတ်သွားသည်။
ယခုအချိန်တွင် ထင်းရှီမှာ စံအိမ်သခင်၏ဒုတိယတပည့်ဆိုသည်ကို ရိပ်စားမိနေပြီဖြစ်သည်။ ထို့အပြင် အစ်မယင်နှင့်ထင်းရှီ၏ကြားတွင်လည်းသူမမသိနိုင်သည့်ကိစ္စအချို့ရှိနေနိုင်သည်။
မိန်းမလှလေးနှစ်ယောက်လုံးမှာ အတွေးကိုယ်စီဖြင့်တိတ်ဆိတ်နေကြကာ ပတ်ဝန်းကျင်မှာ ငြိမ်သက်သွားသည်။
တစ်ခါတစ်ရံ လေနတ်သား၏ကျီစယ်မှုကြောင့်သစ်ပင်မှ ခွဲခွာခဲ့ရသည့် သစ်ရွက်ခြောက်လေးများမှာ ဝေ့ကာဝိုက်ကာဖြင့် မြေပြင်ပေါ်သို့ ကြွေကျလာသည်။
“ အစ်မယင် ကျမသိုင်းလောကထဲကိုဆင်းရင် အစ်မလည်းလိုက်ခဲ့ပါလား “
သွမ့်ရှင်းရှောင်၏စကားသံမှာ တိတ်ဆိတ်နေခြင်းအားဖြိုခွဲလိုက်သည်။
သူမ၏စကားကြောင့် ထင်းရှောင်ယင်လည်း မျက်မှောင်ကြုတ်၍တစ်စုံတစ်ခုအားတွေးနေသည်။ ထို့နောက် ခေါင်းယမ်း၍ပြောလိုက်သည်။
“ ငါ သူပြန်လာမှပဲ သိုင်းလောကထဲကိုဆင်းတော့မယ် “
ထင်းရှောင်ယင်ရည်ညွှန်းသည့် ‘ သူ ‘ ဆိုသည်မှာ ထင်းရှီကိုပြောမှန်း သွမ့်ရှင်းရှောင်သိပေသည်။
ထိုစကားအရ ထင်းရှီမှာ သိုင်းလောကထဲမှ ထွက်ခွာ၍ ဓားစံအိမ်သို့ပြန်လာမည့်သဘောဖြစ်သည်။ ထိုသို့ဆိုလျှင်.....
“ အစ်မယင် ကျမမနက်ဖြန်ဒီကနေသွားတော့မယ် အစစအရာရာဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် “
သွမ့်ရှင်းရှောင်မှ ဆုံးဖြတ်ချက်တစ်ခုအားချမှတ်ကာပြောလိုက်သည်။ သူမ၏စကားကြောင့် ထင်းရှောင်ယင်လည်း ခေါင်းညိမ့်ပြလိုက်သည် ။
&&&&&&
နောက်တစ်နေ့နံနက်
နေမင်းကြီးမှာ နီရဲနေသည့်အရောင်အဆင်းဖြင့် အရှေ့ဘက်ရှိတိမ်တိုက်များကြားမှနေ၍ ကမ္ဘာမြေပေါ်သို့အလင်းရောင်ပေးရန်တာစူလျက်ရှိသည်။
ဓားစံအိမ်၏ရှေ့ တံခါးမပါသည့်ခြံဝန်းလေးအနီးတွင် ပန်းနုရောင်ဝတ်စုံနှင့်မိန်းမလှလေးတစ်ယောက်ရပ်နေကာ သူမ၏နောက်ကျောတွင် ဓားတစ်ချောင်းနှင့်အဝတ်ထုပ်တစ်ခုကို ချိတ်ဆွဲထားသည်။
သူမ၏ဘေးတွင် ဝတ်စုံဖြူဝတ်လူငယ်တစ်ယောက်နှင်က အနက်ရောင်ဝတ်စုံနှင့်မိန်းမလှလေးတစ်ယောက်ရပ်နေကာ ပန်းနုရောင်နှင့် မိန်းမလှလေးကို နှူတ်ဆက်စကားပြောနေဟန်ရသည်။
“ သွမ့်ရှင်းရှောင် မင်းရဲ့အဖြစ်ချင်ဆုံးဆန္ဒကို ပြောမသွားဘူးလား “
ရှောင်ကျန်းမင်မှ ပြုံးရွှင်သည့်မျက်နှာဖြင့်ပြောလိုက်သည်။ သူ၏စကားကြောင့် သွမ့်ရှင်းရှောင်မှ ပြုံး၍အသာပြောလိုက်သည်။
“ ကျမရဲ့အဓိကရည်ရွယ်ချက်က ရှင့်ရဲ့ခြေထောက်တွေပြန်ကောင်းဖို့အတွက် ဆေးမြစ်လာပို့တာလေ။ အခုရှင်လည်းပြန်ကောင်းတာသေချာသိရပြီဆိုတော့ ကျမပြန်တော့မှာပေါ့ “
သွမ့်ရှင်းရှောင်၏ လွတ်လပ်ပေါ့ပါးသည့်စကားကြောင့် ရှောင်ကျန်းမင်လည်း ထပ်၍ ပြုံးလိုက်မိသည်။
ထို့နောက် သူ၏မျက်နှာတည်ကြည်သွားသော်လည်း တခဏအကြာတွင်ပုံမှန်ပြန်ဖြစ်သွားကာ
“ မင်းရဲ့အဖေကိုလည်း ငါကကျေးဇူးတင်ပါတယ်လို့ ပြောပေးပါ “
ရှောင်ကျန်းမင်မှ သွမ့်ကျန်းမင်နှင့်သွမ့်ရှင်းရှောင်ကို သားအဖဖြစ်သည်ဟုသိမထားသော်လည်း တစ်စုံတစ်ရာဆက်စပ်နေမည်ဟု ရိပ်မိကာပြောလိုက်ခြင်းဖြစ်သည်။
ရှောင်ကျန်းမင်မှာ နဂါးစိမ်းဂိုဏ်းချုပ်သွမ့်ကျန်းမင်မှာ သူ၏ဖခင်သွမ့်ကျန်းမင်မဟုတ်သည့်အကြောင်းကို မသိရှိသေးပေ။ ထိုကြောင့်သူ၏ခံစားချက်များ ရှုပ်ထွေးနေခြင်းဖြစ်သည်။
သို့သော် ရှောင်ကျန်းမင်မှာ သူ၏စရိုက်ကပင်ပွင့်လင်းကာ အေးဆေးသည့်အတွက် သူတစ်ခါမှမတွေ့ဖူးသည့် သူ၏ဖခင်ဆိုသူကို အငြိုးထားခြင်းတစ်စုံတစ်ရာမရှိပါချေ။
ထို့ကြောင့် သွမ်ရှင်းရှောင်မှ သွမ့်ကျန်းမင်နှင့်တစ်စုံတစ်ရာပတ်သတ်သည်ကိုသိရှိသော်လည်း ထိုအကြောင်းကို မေးမြန်ခြင်းမပြုဘဲ ရင်းနှီးစွာဆက်ဆံခြင်းဖြစ်သည်။
“ ထင်းရှီကော ဘာတွေလုပ်နေလဲ “
ဘေးနားတွင်ငြိမ်သက်နေသည့် ထင်းရှောင်ယင်မှတိုးညင်းသည့်လေသံဖြင့်မေးလိုက်သည်။
သူမ၏မေးခွန်းကြောင့် ယမန်နေ့ကစကားဝိုင်းကိုသိမထားသည့်ရှောင်ကျန်းမင်မှာ အံ့အားသင့်သွားတော့သည်။
စိတ်ထားကောင်းမွန်ကာ လွန်စွာလှပသည့်သွမ့်ရှင်းရှောင်သည်လည်း သူ၏ညီလေးနှင့်ပတ်သတ်နေမည်ဟု သူမထင်ထားခဲ့မိပေ။
သို့သော် စကားတစ်ခွန်းမှဝင်ရောက်မေးမြန်းခြင်းမရှိဘဲ တိတ်ဆိတ်စွာဖြင့်နားထောင်နေလိုက်သည်။
“ အင်း ကျမတို့နောက်ဆုံးတွေ့ခဲ့တာက ကျန်းနန်မြို့မှာပဲ ။ နောက်သုံးလအကြာထပ်ပြီးတွေ့ဖို့ချိန်းထားခဲ့သေးတယ်။
အခုဆိုရင် တစ်လနဲ့နှစ်ဆယ့်တစ်ရက်ပဲလိုတော့တယ် “
သွမ့်ရှင်းရှောင်မှ ပြုံး၍ပြောလိုက်သည်။ သို့သော် တစ်စုံတစ်ခုအား စဉ်းစားမိသည့်ဟန်ဖြင့် သူမ၏မျက်နှာလေးတည်ငြိမ်သွားကာ ထပ်၍ပြောလိုက်သည်။
“ ဒါပေမယ့် အဲဒီအချိန်တုန်းက သူကမိန်းကလေးတစ်ယောက်နဲ့အတူရှိနေတာ “
“ မိန်းကလေးတစ်ယောက်ဟုတ်လား “
ထင်းရှောင်ယင်၏မျက်ခုံးများလည်းတွန့်ချိူးသွားသည်။