အခန်း (၇၀)
Vol. 7 Ch. 70
အကြွေး ယွမ် ၃၀၀ ယူလိုက်မယ်ဆိုရင် သူ တစ်နှစ်ပတ်လုံး မစားမသောက်ပဲစုရင်တောင် ယွမ်တစ်ရာထက်ပိုပြီး မဆပ်နိုင်လောက်မှာကို စိတ်ပူမိတယ်။ နောက်ပြီး သူ့ဆီမှာ ဘာတစ်ခုမှ မကျန်တော့မှာကို ကြောက်ရတယ်။
“ရှင် ဘယ်လိုပြောလိုက်တာလဲ.. တကယ်လို့ လင်းချွမ်က ကျွန်မကို ဒီလိုတွေးရင်တောင် မှန်သေးတယ်.. ကျွန်မတို့ မလုပ်ခဲ့... ဒါပေမယ့် ရှင်.. ရှင်က ကျွန်မရဲ့ခန္ဓာကိုယ်ကို ရပြီးသွားပြီ.. ဒါတောင် ရှင်က ကျွန်မကို အဲလိုထင်နေသေးတယ်ပေါ့လေ?”
ချင်ယွဲ့ယွဲ့က လင်းတုံဟဲရဲ့စကားကိုကြားတော့ ကြောင်အမ်းသွားရတယ်။ အခု သူက သူမကို ဘယ်လိုတွေ ထင်နေတာလဲ?
“မဟုတ်ဘူး ကိုယ်မင်းကိုယုံတယ်”
သူ သူမကိုမယုံရင်တောင် ဘာလုပ်နိုင်ဦးမှာလဲ။ အခု သူတို့နှစ်ယောက်က တကယ့်စုံတွဲတွေဖြစ်နေပြီလေ။
သို့ပေမယ့် သူတို့တွေက မြေသားနံရံထောင့်မှာ ပုန်းအောင်းနေတဲ့ လင်းဟိုင်တစ်ယောက် သူ့ပါးစပ်ကို လက်နဲ့ပိတ်ဆို့ထားရပြီး အံ့အားသင့်စွာနဲ့ အော်ဟစ်လုနီးပါးဖြစ်သွားခဲ့တာကိုတော့ မသိခဲ့ဘူး။
သူ့အစ်ကိုကြီးက ချင်ယွဲ့ယွဲ့ကို ရုတ်တရက် မလိုချင်တော့တာ အံ့သြစရာမရှိတော့ဘူး။ သူမက အစကတည်းက လင်းတုံဟဲနဲ့ ချစ်မှုရေးရာတွေ ရှိနေခဲ့တာပဲ။
လင်းဟိုင်က အရိုးထဲမှာတောင် ရိုးရာယဥ်ကျေးမှုတွေကို ထိန်းသိမ်းမှုကို စွဲမြဲနေအောင်ရိုက်ထည့်ခဲထားရတဲ့သူလေ။ ဒီအမျိုးသမီးက သူ့ရဲ့ဝမ်းကွဲအစ်ကိုနဲ့ ဒီလို ဆက်ဆံရေးမျိုးရှိခဲ့ပြီးတာ သေချာပေမဲ့ သူနှင့် လက်ထပ်ဖို့ကိုငြင်းဆန်နေတုန်းပဲ။ သူမက ဘယ်လိုတွေတွေးနေတာလဲ။
နောက်ပြီး သူမက သူ့ရဲ့ ဒုတိယဝမ်းကွဲအစ်ကိုကို တင်တောင်းငွေ ယွမ်သုံးရာတောင်းနေခဲ့တယ်။ သူမရဲ့ မျက်နှာက ဘယ်လောက်တောင်ကြီးမားနေလိုက်သလဲ။
သူမရဲ့ငိုသံက တကယ့်ကို နူးညံ့လှပေမဲ့ တစ်ဖက်လူဆီကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတာ ထင်ရှားလွန်းတယ်။
ဒါပေမယ့် ဒီကိစ္စက သူ့ရဲ့မိသားစုမဟုတ်သလို ဒီမရီးကလည်းက သူ့ရဲ့မရီးမဟုတ်တဲ့အတွက် သူ ဘယ်လောက်ပဲ စိတ်ဆိုးနေရင်တောင် ဝင်မပါနိုင်ဘူး။
သူ့ရဲ့အစ်ကိုအကြီးဆုံးက သူမကို မရွေးချယ်တာ တကယ်ကိုမှန်လွန်းတယ်လို့ ခံစားမိတယ်။
အရင်ကတော့ တစ်နှစ်နီးပါး စေ့စပ်ထားပြီးမှ လမ်းခွဲရတာက မကောင်းဘူးလို့ တွေးလိုက်မိသေးတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ လက်ရှိမရီးက အလွန်ကောင်းကြောင်း တွေးမိနေပြီ။ အနည်းဆုံးတော့ သူတို့ဆီကနေ အခွင့်ကောင်းမယူဘူး။ သူတို့ကိုတောင် ကောင်းကောင်း ပြုစုစောင့်ရှောက်ပေးခဲ့သေးတယ်။
အလုပ်မလုပ်တတ်တာတွေအတွက်လည်း ကိစ္စမရှိဘူး။ အိမ်မှာလည်း အလုပ်တွေသိပ်အများကြီးမရှိဘူးလေ။ ပြောရရင် ပညာတတ်လူငယ်တွေကို ထင်းနဲ့ ရိက္ခာတွေစုဆောင်းပေးဖို့ ကူညီပေးရတာက ပုံမှန်လိုပါပဲ။
ဒီနှစ်မှာ သူ့ရဲ့အစ်ကိုကြီးက အရာအားလုံးကိုအဆင်သင့်ဖြစ်အောင်လုပ်ထားတာကြောင့် ဆောင်းရာသီမှာ သူတို့တွေ အပြင်ကိုထွက်ပြီး အေးခဲအောင်လုပ်နေစရာမလိုအပ်ဘူး။
တကယ်လို့ သူမအတွက် အစစအရာရာအကုန် ကူညီပေးရမယ်ဆိုရင်တောင် ကိစ္စမရှိသေးဘူး။ အဆုံးမှာ သူမက သူတို့ရဲ့မိသားစုကို ပိုက်ဆံရှာနိုင်အောင်ကူညီပေးခဲ့သလို ဒဏ်ရာရနေတဲ့ သူတို့ရဲ့အစ်ကိုအကြီးဆုံးကိုလည်း ပြုစုကျွေးမွေးနေခဲ့တယ်လေ။
သူက တခြားသူတွေနဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေပြောဖို့ စိတ်မဝင်စားတာကြောင့် သူ့ရဲ့ဦးလေးအိမ်သို့ ဖိနပ်နှစ်ရံ အရောက်ပို့ပေးပြီးတာနဲ့ အိမ်ကိုပြန်လာခဲ့တယ်။
သူ အိမ်ကိုပြန်ရောက်တော့ ထိုအကြောင်းတွေကို သူ့အမေဆီမှာ ပြန်ပြောပြခဲ့တယ်။ အဓိကကတော့ ထိုကိစ္စအပေါ် လူကြီးတွေရဲ့ အမြင်ကို နားထောင်ချင်တာကြောင့်ပဲ။
အမေလင်းက ထိုစကားတွေကိုကြားတဲ့အချိန်မှာ သူမရဲ့မျက်ခုံးတွေက ယင်ကောင်ကို ဖမ်းနိုင်လောက်တဲ့အထိ တွန့်ချိုးသွားခဲ့တယ်။
သူမရဲ့တူလေးက ဒီလောက်ထိဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ဒါက သိသိသာသာ အရူးလုပ်ခံနေရတာပဲလေ။
အရင်တုန်းက သူတို့ရဲ့မိသားစုသည်လည်း လှည့်စားခံခဲ့ရရတာကို တွေးမိတော့ သူမရဲ့စိတ်က အဆင်မပြေတော့ပေမဲ့ သားဖြစ်သူကိုပြောလိုက်တုန်းပဲ။
“ဒီကိစ္စနဲ့ ပတ်သက်တဲ့အကြောင်းတွေကို အပြင်ထွက်မသွားစေနဲ့.. မဟုတ်ရင် မင်းဦးလေးက မင်းရဲ့ဒုတိယဝမ်းကွဲအတွက် ပါတနာတစ်ယောက်ရှာဖို့ ခက်ခဲသွားလိမ့်မယ်”
လင်းဟိုင် အံ့အားသင့်သွားပြီး ပြန်မေးလိုက်တယ်။
“သူတို့တွေက လက်ထပ်တော့မှာ မဟုတ်ဘူးလား”
သူတို့တွေ လက်မထပ်ဘူးဆိုရင် ဘာလို့ အတူနေကြတာလဲ? အတူတူရှိနေပြီးမှ ဘာလို့ လက်မထပ်ကြတာလဲ? သူ့ဦးနှောက်က သိပ်ပြီး အလုပ်မလုပ်တော့ဘူး။
“အဲဒီမိန်းကလေးရဲ့အမြင်တွေက မြင့်လွန်းတယ်.. မင်းဦးလေးတို့မိသားစုရဲ့ အခြေအနေက သိပ်မကောင်းဘူး.. မင်းရဲ့ ဒုတိယဝမ်းကွဲအစ်ကိုကလည်း တရားဝင်အလုပ်မရှိသေးဘူး.. သူမ ဘွဲ့ရပြီးတဲ့အချိန်ကျရင် မင်းရဲ့ ဒုတိယဝမ်းကွဲအစ်ကိုကို မထီမဲ့မြင်ပြုလာပြီးတော့ ဒီအိမ်ထောင်ရေးက ဖြစ်နိုင်လိမ့်မယ်လို့ မထင်ဘူး”
သူမ လင်းချွမ်ဆီကနေ ရရှိနိုင်ခဲ့တာတွေက လင်းတုံဟဲထက် ဘယ်လိုလုပ်ပြီး နိမ့်ကျနိုင်မှာလဲ?
လင်းဟိုင်က စကားများများ မပြောခဲဘူး။အမေလင်းရဲ့စကားကို နားထောင်ပြီးနောက် တခြားသော အပြင်လူတွေကိုလည်း မပြောပြခဲ့ဘူး။
လူနာပြက္ကဒိန်ရဲ့ပထမလ ဆယ့်ငါးရက်မြောက်နေ့ကိုရောက်လာခဲ့ပြီး လင်းဟိုင်က ကွန်မြူနတီမှ မီးရှူးမီးပန်းတွေဝယ်ပြီး ဆော့ကစားဖို့ ယူလာခဲ့တယ်။ သူတို့ညီအကိုတွေက အချိန်အတော်ကြာအောင် ပျော်ရွှင်စွာ ကစားနေခဲ့ကြပြီး လင်းချွမ်ကလည်း ယခုချိန်မှာ လွတ်လွတ်လပ်လပ် လမ်းလျှောက်နိုင်နေပြီ။ သူက လျင်မြန်စွာ လမ်းမလျှောက်နိုင်သေးပေမဲ့လည်း လှုပ်ရှားမှုတွေတော့ လုပ်နိုင်နေပြီ။ အထိုင်အထတွေလည်းလုပ်နိုင်နေပြီဆိုပေမဲ့ အချိန်ကြာမြင့်စွာတော့ မထိုင်နိုင်သေးဘူး။
ဆုဆုတစ်ယောက် ဒီရက်ပိုင်းမှာ လက်ရှိခေတ်ကာလရဲ့ စစ်တပ်မှ ဘော့စ်တစ်ယောက် ဒိုက်ထိုးရတာကို အလွန်နှစ်သက်ကြောင်း တွေ့ရှိခဲ့တယ်။ သူက လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ဒိုက်ထိုးခြင်းကိုစတင်လာတာဖြစ်ပြီး၊ သူက အကြိမ် (၁၀၀)ကျော်လောက် ပြုလုပ်ခဲ့ပြီးနောက် အနည်းငယ် မကျေမနပ်ဖြစ်ခဲ့တယ်။
“အရမ်းပြင်းပြင်းထန်ထန်မလုပ်နဲ့ဦး.. ဒဏ်ရာကိုပြန်ပွင့်သွားစေဦးမယ်”
“အဆင်ပြေပါတယ်.. ကိုယ်ကနည်းနည်းပဲလုပ်ထားတာ”
“ရှင့်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ထိန်းရဦးမယ်လေ”
“ကိုယ့်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အရမ်းကောင်းပါတယ်”
အကြိမ်တစ်ရာကျော်အောင်ဒိုက်ထိုးပြီးနောက်မှာ ခြေထောက်က အနည်းငယ်နာကျင်လာပြီး ခဏလောက်အနားယူဖို့ လိုအပ်တယ်။
သူ့ရဲ့စစ်တပ်ထဲမှ စီနီယာပြောခဲ့တာကို သူ မှတ်မိနေတုန်းပဲ။ သူ့ရဲ့ဇနီးသည်ကို အိမ်မှာ ဂရုစိုက်ချင်ရင် ပြသနာမဖြစ်စေအောင် လုပ်ထားရမယ်။ သူ့ရဲ့ ဇနီးသည်ကို စိတ်ချမ်းသာစေချင်ရင် အကြိမ်ငါးရာကျော်အောင် ဒိုက်ထိုးနိုင်ရမယ်။ ဒါကြောင့် ကောင်လေးတွေက လေ့ကျင့်ခန်းကိုပြင်းပြင်းထန်ထန်လုပ်သင့်တာက ပုံမှန်ပဲ။
အရင်တုန်းကတော့ သူ့အနေနဲ့ ကိုင်တွယ်နိုင်လိမ့်မယ်လို့ ထင်ခဲ့ပေမယ့် အခုချိန်မှာတော့ ဒဏ်ရာရခဲ့ပြီးနောက် အကြိမ်တစ်ရာကျော်သာ လုပ်နိုင်ခဲ့တယ်။ သူ သူ့ရဲ့ ဇနီးသည်ကို စိတ်ကျေနပ်အောင်လုပ်နိုင်ပါ့မလား။
ဆုဆုက ဒီလိုဘဝအခြေအနေမျိုးမှာ နေသားကျလာခဲ့ပြီ။ အရင်တုန်းက အနည်းငယ်ရှက်ရွံ့နေခဲ့ပေမဲ့လည်း အခုချိန်မှာတော့ ဆေးလိမ်းဖို့ကိုတောင် အနေရခက်တာမျိုးမရှိတော့ဘူး။
လုံခြုံရေး ဦးထုပ်ဆောင်းစရာ မလိုဘူးဆိုရင်တောင် ဒါတွေကိုလျစ်လျူရှုထားနိုင်တာဖြစ်လို့ ထိုကိစ္စတွေအကြောင်းကို မစဥ်းစားရုံပဲတတ်နိုင်လိမ့်မယ်။ အဆုံးမှာ သူမက ဒဏ်ရာရနေတဲ့လူကို အဲဒီအကြောင်းတွေတွေးနေမဲ့ သားရဲကြီးမဟုတ်ဘူးလေ။
ဒါပေမယ့် သူမရဲ့အမျိုးသားကတော့ နှလုံးသားထဲမှာ အလွန် ကြမ်းတမ်းရိုင်းပြချင်နေပြီဆိုတာကို သူမက ဘယ်လိုများသိမှာတဲ့လဲ။ သူက နေ့တိုင်း သူမနဲ့အတူရှိနိုင်ဖို့ကိုမျှော်လင့်နေတာလေ။
ဆုဆု: “ရှင် စစ်တပ်ကို ပြန်ဖို့ အလျင်လိုနေတာလား”
“အမ်…”
သူ ပြောလိုက်ပြီးမှ စကားမှားသွားတာကို သတိထားမိသွားတာကြောင့် ပြန်ပြောလိုက်တယ်။
“စိတ်မပူပါနဲ့.. ကိုယ်ကဒဏ်ရာကနေ အမြန်နလန်ထူချင်လို့ပါ”
“ အတူတူလောက်ပါပဲ..ရှင့်ရဲ့ ဒဏ်ရာက ပြန်ပြီး နလန်မထူနိုင်ရင် ရှင် ဘယ်လိုလုပ် အမြန်ပြန်သွားလို့ရမှာလဲ.. ကျွန်မ ရှင့်ကို ပိုပြီး ဂရုစိုက်ပေးပါ့မယ်”
ဆုဆုက သူ့ကို ဘောပင်ဖျားလေးနဲ့ ခပ်ဖွဖွ ပုတ်ပြီး အပြုံးနဲ့ပြောလိုက်တယ်။
လင်းချွမ် သူမကို ပွေ့ဖက်လိုက်တယ်။
“ဇနီးလေး”
“မရသေးဘူး”
“အဆင်ပြေပါတယ်”
သူက သူမကို ပွေ့ဖက်ဖို့ မေးရုံပါပဲ။
“အရူးကြီး”
ဆုဆု တစ်ဖက်လူက သူမနဲ့ ချစ်ကြည်နူးချင်တာကိုသိတာကြောင့် သူ့ရဲ့ရင်ခွင်ထဲကိုမှီပြီး နှစ်ယောက်သား စာအုပ်တစ်အုပ်ကို အတူဖတ်နေခဲ့ကြတယ်။
ဒါက တော်တော်လေး သက်တောင့်သက်သာ ရှိပေမယ့် သူမရဲ့ခါးပေါ်သို့ လက်ကြီးတစ်ဖက်က လျှောက်ထိနေတာကိုတော့ မမျှော်လင့်ထားခဲ့ဘူး။
“ ... “
“ အပြင်ကို ခဏလောက် လမ်းလျှောက်ထွက်ရအောင်”
“…”
လင်းချွမ်တစ်ယောက် တို့ဟူးစားခါနီးဖြစ်နေတာကြောင့် အနည်းငယ်သဘောမတူဖြစ်နေခဲ့ပေမဲ့ ဇနီးသည်ဖြစ်သူက လမ်းလျှောက်ဖို့အတွက် ခြံရှေ့သို့ ဆွဲခေါ်သွားခဲ့တာကို မငြင်းဆန်နိုင်ခဲ့ဘူး။
အမေလင်းက သူမရဲ့သားဖြစ်သူ ရောက်လာတာကိုမြင်တော့ လှမ်းပြောလာတယ်။
“ယိုး.. လက်ထပ်ပြီးကတည်းကအိမ်ကို ပြန်မလာတော့တဲ့ ငါ့ရဲ့သားက သူ့မှာ အိမ်ရှိသေးမှန်းကို သိသေးတယ်ပေါ့လေ”
“အခု အဆင်ပြေပါတယ်”
လင်းချွမ်က မသိတဲ့သူမြင်ရင် သူ့အမေကို ကြိမ်းမောင်းနေသလိုမျိုး ခပ်ပြတ်ပြတ်ပဲပြောလာတယ်။ တကယ်တော့ သူဆိုလိုတာက အရမ်းရိုးရှင်းပါတယ်။ သူအခု နေကောင်းသွားပြီဖြစ်လို့ လာတာလို့ ပြောချင်တာ။
အမေလင်းက သူ့ကို စိုက်ကြည့်လိုက်တယ်။
“နေ့တိုင်းနီးပါးရောက်လာတဲ့ ဆုဆုက ပိုကောင်းတာပဲ.. အထဲဝင်ခဲ့လေ မင်းအတွက် ပန်ကိတ်လုပ်ပေးမယ်”
“ကျွန်မ ပန်ကိတ်တစ်ခုစားချင်တယ် နောက်ပြီး အမေရဲ့ အာလူးကြော်က အကောင်းဆုံးပဲ.. အဲဒါလဲ စားချင်တယ်”
ဆုဆုက ချက်ချင်းပဲ အလိုလိုက်ခံထားရတဲ့ ကလေးတစ်ယောက်လိုမျိုး အမေလက်ရဲ့လက်ကိုလှုပ်ရမ်းကာ ပြောလာတယ်။
အမေလင်းက ပြုံးပြီး နားထောင်နေစဥ်မှာ သားဖြစ်သူရဲ့စကားကိုကြားလိုက်ရတယ်။
“ကိုယ်.. ကိုယ်လည်း လုပ်နိုင်တယ်”
“...”
အမေလင်းက မည်းမှောင်နေတဲ့မျက်နှာနဲ့ပြောလာတယ်။
“မင်း ငါလုပ်သလို လုပ်နိုင်ရင် သွားလုပ်လိုက်လေ.. ငါက ဆုဆုအတွက်သွားလုပ်ပေးမှာ.. မင်းလုပ်ချင်ရင် မင်းဘာသာမင်းသွားလုပ်နေ”
“အာလူးက အခွံခွာပြီး ကြော်ရင် ပိုပြီး အဆင်ပြေတယ်”
လင်းချွမ်ရဲ့ လေးနက်တဲ့ အကြည့်တွေက သူ အလေးအနက်ပြောနေပုံရပေမဲ့ သူ့အမေနဲ့ အမှန်တကယ်ယှဥ်ပြိုင်နေတဲ့ပုံရတယ်။
ဆုဆု ရှက်သွားရတယ်။ သူမရဲ့ခင်ပွန်းသည်က သူ့အမေကိုတောင် သဝန်တိုနိုင်တဲ့အကြောင်းကို ဘယ်လိုလုပ်သိနိုင်ခဲ့မှာလဲ။
“ဒါဆို ကျွန်မ အမေက ဖုတ်ထားတဲ့ ပန်ကိတ်နဲ့ လင်းချွမ် ကြော်ထားတဲ့ အာလူးကြော်ကိုစားရင်ရော?”
သူမအတွက် အရေးကြီးတဲ့လူနှစ်ယောက်လုံးကို မစော်ကားချင်တာကြောင့် ကြားထဲကနေပြောလိုက်တယ်။
အမေလင်း: “ကောင်းပြီ မင်း မီးဖိုအသေးသေးလေးကိုသုံး၊ ငါ မီးဖိုကြီးကိုသုံးမယ်”
သူမက မျက်နှာချင်းဆိုင်ပြောလာတယ်။
ထို့နောက် လင်းချွမ် လက်ဆေးနေတုန်းမှာ ဆုဆုက အာလူးအနည်းငယ်သွားယူပြီး အာလူးကို အခွံခွာလိုက်တယ်။
လင်းကျင်းက အပြင်မှာ ကစားပြီး ပြန်လာတော့ မိသားစုလိုက်ချက်ပြုတ်နေတာကိုမြင်တဲ့အတွက် မေးလိုက်မိတယ်။
“အမေ၊ ဒီနေ့ ဘာတွေစားရမှာလဲ”