တောင်ဘက်ဂိတ်အားဖျက်ဆီးခြင်းသိုင်းကွက်
Vol. 3 Ch. 248
“ ဟူး... ဟူး..”
လေတိုးသံနှင့်အတူ လူရိပ်သုံးခုမှာ ချင်းယန်ဓားဂိုဏ်း၏ခြံဝန်းအတွင်းသို့ ရောက်လာသည်။
ဟူချန်းမှာ ထိုလူများ၏အဆင့်မြင့်လှသည့်ကိုယ်ဖော့ပညာကြောင့် မျက်နှာကွက်ခနဲပျက်သွားကာ သူ၏စိတ်ထဲတွင်လေးလံသွားသည် ။
အထူးသဖြင့် ထိုလူသုံးယောက်၏ခန္တာကိုယ်ပေါ်မှ လခြမ်းသုံးခုနှင့် ခရမ်းရောင်ဝတ်စုံများကြောင့်ပင်ဖြစ်သည်။
သူ၏စိတ်ထဲတွင် အန္တရာယ်အငွေ့အသက်ကိုခံစားမိခြင်းမှာလည်း ထိုလူများကြောင့်ပင်ဖြစ်ရပေမည်။
“ မိတ်ဆွေတို့ ခရမ်းရောင်သွေးလဂိုဏ်းနဲ့ ကျုပ်တို့ချင်းယန်ဓားဂိုဏ်းက ဘယ်လိုပတ်သတ်မှုမျိုးမှမရှိဘဲနဲ့ ဘာဖြစ်လို့ကျုပ်တို့ဂိုဏ်းကိုရောက်လာတာပါလဲ “
ဟူချန်းမှ သူ၏စိတ်ကိုတည်ငြိမ်စေကာ အရိုအသေပြု၍မေးလိုက်သည်။
“ ငါတို့လာချင်လို့လာတာပေါ့ အကြောင်းပြချက်လိုသေးလို့လား ။ မင်းတို့ဂိုဏ်းရဲ့တံဆိပ်ပြားနဲ့ ချင်းခွန်ဂိုဏ်းရဲ့တံဆိပ်ပြားကိုလွှဲပေးမယ်ဆိုရင် ငါတို့လာလမ်းအတိုင်းပြန်သွားမယ်။
ချင်းခွန်ဂိုဏ်းကလူတွေဒီမှာမရှိဘူးလို့တော့မပြောနဲ့ ငါတို့ရောက်နေတာကြာပြီ။ သူတို့မင်းတို့ဂိုဏ်းအဆောက်အဦးထဲမှာပုန်းကွယ်နေတာကိုလည်း ငါတို့သိတယ် “
ခရမ်းရောင်သွေးလဂိုဏ်းသားတစ်ယောက်မှ လေသံပြတ်ဖြင့်ဆိုလိုက်သည် ။
သူ၏လေသံမှာ စိတ်မရှည်သည့်ပုံပေါ်နေကာ ဟူချန်းကိုလည်း တစ်စက်မှလေးစားပုံမပေါ်ပေ။
ခရမ်းရောင်သွေးလဂိုဏ်းသား၏တင်စီးသည့်စကားကြောင့် ချင်းယန်ဓားဂိုဏ်းသားများမှာာထိုလူများအားဝိုင်းထားကာ ဒေါသတကြီးကြည့်လိုက်ကြသည် ။
အစောပိုင်းက ကြယ်နက်ဂိုဏ်းသားများမှာမူ သူတို့၏ဂိုဏ်းချုပ်သေဆုံးသွားသည်ကိုမြင်သည်နှင့် စိတ်ဓာတ်ကျကာ အညံ့ခံပြီးဖြစ်ပေသည်။
ဟူချန်းသည်လည်း ထိုလူများ၏မောက်မာသည့်အပြုအမူကြောင့် သူ၏စိတ်ထဲတွင်ထောင်းခနဲဖြစ်သွားသော်လည်း သူ၏လူများကိုလက်ကာပြကာ ထပ်၍ပြောလိုက်သည်။
“ ချင်းခွန်ဂိုဏ်းဆိုတာ ကျုပ်တို့ရဲ့မဟာမိတ်ဂိုဏ်းပဲ။ နောက်ပြီး ဂိုဏ်းတစ်ခုရဲ့တံဆိပ်ပြားဆိုတာ ဂိုဏ်းရဲ့ဂုဏ်သိက္ခာပဲ ။ ခင်ဗျားတို့ကိုပေးလိုက်လို့ လုံးဝမဖြစ်ပါဘူး “
သူ၏စကားကြောင့် ခရမ်းရောင်သွေးလဂိုဏ်းသားမှ ဘေးဘက်ကိုဝေ့ကြည့်ကာ လှောင်ပြောင်သည့်လေသံဖြင့်ပြောလိုက်သည် ။
“ မင်းရဲ့လူနည်းနည်းလေးနဲ့ ငါတို့ကိုနိုင်မယ်ထင်လို့လား ။ သူတို့ကိုမပြောနဲ့ မင်းကိုတောင် သိုင်းကွက်တစ်ရာအတွင်းငါသတ်လိုက်လို့ရတယ်နော် ငါ့ရဲ့စိတ်ရှည်မှုက အကန့်အသက်ရှိတယ် “
ထိုဂိုဏ်းသား၏ အေးစက်စက်စကားကြောင့် ဟူချန်းလည်း ညှိုနှိုင်းမရမှန်းသိသည်နှင့် သူ၏ရင်ထဲတွင်လေးလံသွားကာ နောက်ဆုံးအနေဖြင့်ပြောလိုက်သည်။
“ ကျုပ်တို့ချင်းယန်ဓားဂိုဏ်းက ရှောင်လင်ကျောင်းတော်ရဲ့ကာကွယ်ပေးမှုအောက်မှုရှိတယ်ဆိုတာခင်ဗျားသိမှာမှာ။ ကျုပ်တို့ဂိုဏ်းကို တိုက်ခိုက်ချင်တယ်ဆိုတာ သေချာပြီလား “
ဟူချန်းမှ ထိုလူများကို ရှောင်လင်ကျောင်းတော်၏အမည်ဖြင့်ခြောက်လှန့်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ယခုသူတို့ရှိနေရာမှာ ဟိုနန်နယ်ထဲတွင်ဖြစ်ကာ ရှောင်လင်ကျောင်းတော်၏ပိုင်နက်တွင်ရှိပေသည်။
ယခင်ကဆိုလျှင် ဟိုနန်နယ်အတွင်း အနက်ရောင်သိုင်းလောကသားများပင် ဝင်ရောက်ရဲခြင်းမရှိသည်အထိ ရှောင်လင်ကျောင်းတော်၏ဂုဏ်သိက္ခာမှာ ကြီးမားပေသည်။
ဟူချန်းမှာ ထိုလူများအနည်းငယ်ဟန့်သွားမည်ဟု မျှော်လင့်ထားခဲ့သော်လည်း သူတွေးထင်ထားသည်နှင့်ဆန့်ကျင်စွာ ထိုလူမှ ဟက်ဟက်ပက်ပက်ရယ်မောလာသည်။
“ ဟားးဟားး ရှောင်လင်ကျောင်းတော်ဟုတ်လား ။ ငါတို့ဂိုဏ်းချုပ်ရဲ့လက်ထဲမှာရှုံးနိမ့်သွားတဲ့ ဘုန်းကြီးကျောင်းကိုပြောတာလား “
ခရမ်းရောင်သွေးလဂိုဏ်းသား၏ လှောင်ပြောင်သည့်စကားကြောင့် ဟူချန်း၏မျက်နှာနီရဲသွားကာာဒေါသအကြီးအကျယ်ထွက်သွားသည်။
ဟူချန်းမှာ ရှောင်လင်ကျောင်းတော်မှထွက်ခွာ၍ သိုင်းလောကထဲတွင်လှုပ်ရှားခဲ့သည်မှာ အချိန်ကြာမြင့်ပြီဖြစ်သော်လည်း သူကရှောင်လင်အဝေးရောက်ဂိုဏ်းသားတစ်ဦးဖြစ်နေဆဲပင်။
ထို့ကြောင့် ရှောင်လင်ကျောင်းတော်၏ဂုဏ်သိက္ခာမှာ သူ၏စိတ်ထဲတွင်လွန်စွာခမ်းနားကြီးကျယ်ကာ ခရမ်းရောင်သွေးလဂိုဏ်းသား၏ မခန့်လေးစားလှောင်ပြောင်စကားကြောင့် ထိုလူ့ထံသို့ခုန်ဝင်သွားလိုက်သည်။
ထိုဂိုဏ်းသားမှာ ဟူချန်းနှင့်စကားပြောဆိုနေသော်လည်း သတိလက်လွတ်ဖြစ်မနေဘဲ ဟူချန်းခုန်ဝင်လာသည်ကိုတွေ့သည်နှင့် သူ၏နောက်ကျောမှဓားကို လျှပ်တပြတ်ဆွဲထုတ်လိုက်သည်။
“ ချွမ်း... “
ဟူချန်း၏တုတ်ထိပ်မှကြေးကွင်းလေးများနှင့် ခရမ်းရောင်သွေးလဂိုဏ်းသား၏ဓားရှည်တို့ထိခတ်သွားကာ ဟူချန်းမှာ နောက်သို့ခြေသုံးလှမ်းဆုတ်ပေးလိုက်ရသည် ။
ဟူချန်းကိုယ်တိုင်မှာ ထူးချွန်သည့်အဆင့်လွန်သိုင်းသမားတစ်ဦးဖြစ်သော်လည်း တစ်ဖက်လူ၏သိုင်းပညာမှာ သူ့ထက်ပို၍သာလွန်ဟန်ရကာ အတွင်းအားသည်လည်း ကြောက်မက်ဖွယ်ကောင်းပေသည်။
သူတို့နှစ်ဦးစတင်တိုက်ခိုက်သည်နှင့် ချင်းယန်ဓားဂိုဏ်းသားများနှင့် ကျန်ရှိနေသည့်ခရမ်းရောင်သွေးလဂိုဏ်းသားနှစ်ဦးလည်း တိုက်ခိုက်လိုက်ကြသည်။
ထိုဂိုဏ်းသားနှစ်ယောက်မှာ လက်နက်တစ်စုံတစ်ရာကိုင်ဆောင်ထားခြင်းမရှိဘဲ အစွမ်းထက်လက်ဝါးသိုင်းတစ်မျိုးဖြင့်တိုက်ခိုက်လျက်ရှိသည် ။
ထိုလူများမှာ အဆင့်လွန်သိုင်းသမားနှစ်ဦးသာဖြစ်သော်လည်း ချင်းယန်ဓားဂိုဏ်းမှ အဆင့်မြင့်သိုင်းသမားအယောက်နှစ်ဆယ်ကျော်နှင့် ထိပ်တန်းအဆင့်ဆယ့်ငါးယောက်ပူးပေါင်းတိုက်ခိုက်နေရသည်။
ချင်းယန်ဓားဂိုဏ်းသားများမှာ သူတို့၏ချင်းယန်ပူးပေါင်းဓားကွက်ကိုအသုံးပြုနေသော်လည်း တစ်ဖက်လူနှစ်ယောင်ကိုအသာမရသေးပေ။
ထိုလူများ၏အတွင်းအားမှာ ကြောက်မက်ဖွယ်ကောင်းကာ သူတို့၏လက်ဝါးသိုင်းသည်လည်းအစွမ်းထက်လှသည်။
ခရမ်းရောင်သွေးလဂိုဏ်းသားနှစ်ယောက်မှာလည်း ချင်းယန်ဓားဂိုဏ်းသားများကို ယခုအချိန်အထိအနိုင်မယူနိုင်သေး၍ ဒေါသထွက်လျက်ရှိသည်။
သူတို့အနေဖြင့် သာမန်အခြေအနေများတွင် ထိုလူအင်အားလောက်ကိုစာဖွဲ့စရာမလိုသော်လည်း မမျှော်လင့်ထားဘဲ ထိုလူများ၏ပူးပေါင်းတိုက်ကွက်မှာ တစ်ယောက်၏ဟာကွက်ကိုကျန်လူများမှဖြည့်ပေးကာ သိသိသာသာအစွမ်းထက်နေသည် ။
ထို့ကြောင့် သူတို့အနေဖြင့် ချင်းယန်ဓားဂိုဏ်းသားများကို အချိန်တိုအတွင်းအနိုင်ယူနိုင်ရန်မှာ မဖြစ်နိုင်ပေ။
သူတို့နှစ်ဖက်စလုံး၏ တိုက်ပွဲ အဆုံးအဖြတ်မှာ ဓားရှည်ကိုင်ထားသည့်ခရမ်းရောင်သွေးလဂိုဏ်းသားနှင့် ဟူချန်းတို့၏တိုက်ပွဲအပေါ်မူတည်နေသည်။
“ ထန်း... ထန်း... “
ခရမ်းရောင်သွေးလဂိုဏ်းသား၏ဓားနှင့် ဟူချန်း၏တုတ်ရှည်တို့မှာ အဆက်မပြတ်ထိခတ်နေသည် ။
ဟူချန်းမှာ သူ၏တုတ်ရှည်အဖျားနှစ်ဖက်အားကြေးကွင်းငယ်လေးများစွပ်ထားသည့်အတွက် ဓားလှံများကို ကောင်းစွာရင်ဆိုင်နိုင်စွမ်းရှိသည်။
သို့သော် တစ်ဖက်လူ၏အတွင်းအားကြောင့် လက်န်ချင်းထိတွေ့မိသည့်အခါတိုင်း သူ၏ရင်ဘက်ထဲတွင်အောင့်တက်သွားမိသည်။
ထို့ကြောင့် အတတ်နိုင်ဆုံးထိတ်တိုက်ရင်မဆိုင်မိရန်ကြိုးပမ်းကာ တိုက်ခိုက်လျက်ရှိသည်။
ဟူချန်း၏ မျောင်မင်းတုတ်သိုင်းကိုလည်း ခရမ်းရောင်သွေးလဂိုဏ်းသားမှ ကောင်းစွာကာကွယ်နိုင်ကာ သူ၏အင်အားပြင်းထန်သည့်ဓားချက်များက ဟူချန်းကိုအရေးနိမ့်စေသည်။
ဟူချန်းလည်းတစ်ဖက်လူ၏အတွင်းအားမှာ သူ့ထက်သာလွန်နေသည်ကိုသိသည့်အတွက်အချိန်ဆွဲမနေတော့ဘဲ သူ၏အစွမ်းအထက်ဆုံးသိုင်းကွက်ကိုထုတ်သုံးလိုက်သည်။
“ တောင်ဘက်ဂိတ်အားဖျက်ဆီးခြင်း “
ဟူချန်း၏တုတ်ရှည်မှာ ပုံမှန်တိုက်ခိုက်မှုများထက်လွန်စွာမြန်ဆန်လာကာ အားအင်လည်းလွန်စွာပြင်းထန်လာသည်။
ထို့အပြင် တုတ်ရိုက်ချက်များမှာ တစ်ချက်နှင့်တစ်ချက်ဆက်တိုက်ဆိုသလိုရောက်လာကာ ဆင့်ကဲရိုက်ချက်များကြောင့် တစ်ဖက်လူအားကာကွယ်နိုင်စွမ်းကင်းမဲ့စေသည်။
မျောင်မင်းတုတ်သိုင်းမှာ ဒဏ္ဍာရီလာမျောက်မင်းစွန်းဝူခုန်း၏ ကောင်းကင်ဘုံကိုတိုက်ခိုက်သည့် ဇာတ်ကြောင်းကို အတုယူတီထွင်ထားခြင်းဖြစ်ကာ တောင်ဘက်ဂိတ်အားဖျက်ဆီးခြင်းတိုက်ကွက်မှာ အပြင်းထန်ဆုံးဖြစ်သည် ။။
ထိုသိုင်းကွက်မှာ အစွမ်းထက်လှသော်လည်း အတွင်းအားများစွာအသုံးမပြုရသဖြင့် အတွင်းအားကိုလျှင်မြန်စွာကုန်ခမ်းစေသည်။
“ ထန်း.. ထန်း... “
ပြင်းထန်စွာတိုးဝင်လာသည့် ဆင့်ကဲဆင့်ကဲတုတ်ရိုက်ချက်များကြောင့် ခရမ်းရောင်သွေးလဂိုဏ်းသားမှာ နောက်ဘက်သို့ခြေတစ်လှမ်းပြီးတစ်လှမ်းဆုတ်ပေးနေရကာ ခုခံမှုတွင်သာအာရုံစိုက်နေသည်။
ထို့ကြောင့် ဟူချန်း၏တုတ်ချက်များမှာ သူ၏ခန္တာကိုယ်ပေါ်သို့ကျရောက်ခြင်းမရှိဘဲ သူ၏ လျှင်မြန်သွက်လက်သည့်ဓားကွက်များဖြင့် ကောင်းစွာကာကွယ်နိုင်သည်။
ထိုလူ၏ဓားသိုင်းမှာ ဟူချန်းနှင့်ပထမတိုက်ခိုက်စဉ်ကဓားသိုင်းမဟုတ်တော့ဘဲ ပေါ့ပါးလျှင်မြန်ကာ ဓားရိပ်များမှာ တလက်လက်တောက်ပနေသည်။
ဟူချန်းမှာ ရိုက်ချက်လေးဆယ့်ကိုးခုတိုက်ခိုက်ပြီးနောက် သူ၏အတွင်းအားများ များစွာလျော့နည်းသွားလေသည်။
ခရမ်းရောင်သွေးလဂိုဏ်းသား၏မျက်လုံးများမှာတောက်ပလာကာ ရှေ့သို့ရိပ်ခနဲတိုးဝင်ကာ သူ၏ဓားဖြင့်လျှင်မြန်စွာတိုက်ခိုက်လိုက်လိုက်သည်။
ဓားရိပ်ခုနစ်ခုမှာ ဟူချန်း၏ခန္တာကိုယ်ခုနစ်နေရာသို့တစ်ပြိုင်နက်ကျရောက်သွားကာ ဟူချန်းမှာ ဓားရိပ်သုံးခုကိုခုခံနိုင်သော်လည်းကျန်လေးခုမှာ သူ၏ခန္တာကိုယ်ပေါ်သို့ကျရောက်လာသည်။
ဟူချန်းလည်း ပွဲပြတ်ပြီဟုသိလိုက်ကာ သူ၏စိတ်ကိုလျော့ချလိုက်သည့်အချိန်တွင်......