ထူးဆန်းသည့်ဘုန်းကြီး
Vol. 3 Ch. 249
“ ဝှစ် “
“ ချွမ်း.... “
ဟူချန်း၏ခန္တာကိုယ်မှာ နောက်ဘက်သို့ရွေ့လျားသွားကာ သူ၏နေရာတွင် လူတစ်ယောက်ရောက်နေသည် ။
တိတိကျကျပြောရလျှင် ဘုန်းကြီးတစ်ပါးဖြစ်သည်။
ထိုဘုန်းကြီးမှာ အသက်သုံးဆယ်ကျော်အရွယ်ရှိကာ သာမန်မျက်နှာနှင့် အေးချမ်းသည့်ပုံရသည်။
သို့သော် ကြောက်မက်ဖွယ်ကောင်းသည့်အချက်မှာ တိုက်ပွဲအတွင်းကြားဝင်က။ ဟူချန်းအားနောက်သို့ဆွဲယူလိုက်၍ ခရမ်းရောင်သွေးလဂိုဏ်းသား၏ဓားမှာ သူ၏ဝဲဘက်ရင်အုံသို့ထိုးစိုက်သွားခြင်းဖြစ်သည်။
မာကျောသည့်အရာတစ်ခုကိုထိခက်သံနှင့်အတူ ခရမ်းရောင်သွေးလဂိုဏ်းသား၏ဓားမှာ နောက်ဘက်သို့ပြန်ကန်ထွက်သွားသည်။
ထိုဘုန်းကြီး၏သင်္ကန်းမှာ ရင်ဘက်နေရာတွင်အပေါက်ကြီးတစ်ခုပေါ်လာသော်လည်း သူ၏ကြံ့ခိုင်သည့်ရင်ဘက်မှာ အကောင်းပကတိပင်။
“ ရှောင်လင်သံမဏိခန္တာကိုယ်ကျင့်စဉ်လား “
ခရမ်းရောင်သွေးလဂိုဏ်းသားမှ တီးတိုးရေရွတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲတွင်လည်း လေးလံ၍သွားသည်။
ဓားလှံတိုးမပေါက်သည့်ခန္တာကိုယ်ကို ပိုင်ဆိုင်ထားသည့်သိုင်းသမားများမှာ မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကိုသူကောင်းစွာသိသည်။
ခန္တာကိုယ်ကျင့်စဥ်များမှာ လေ့ကျင့်ရလွန်စွာခက်ခဲကာ လူတစ်ထောင်တွင်တစ်ယောက်မအောင်မြင်နိုင်သော်လည်း အောင်မြင်အောင်လေ့ကျင့်နိုင်ပါက လွန်စွာအစွမ်းထက်သည်။
အထူးသဖြင့် တိုက်ပွဲထဲတွင် သူတို့၏တိုက်ခိုက်မရသည့်ခန္တာကိုယ်မှာ လွန်စွာစိတ်ရှုပ်ဖွယ်ကောင်းကာ လွန်စွာကောင်းမွန်သည့်အတွင်းအား သို့မဟုတ် ရတနာစာရင်းဝင်လက်နက်တစ်ခုခုမရှိပါက ထိုလူများကို သတ်ဖြတ်နိုင်ရန်မှာ လွန်စွာခဲယဉ်းပေသည်။
သူ၏ရှေ့မှဘုန်းကြီးမှာ အသက်သုံးဆယ်ကျော်လေးဆယ်အရွယ်ရှိကာ သိုင်းပညာခန့်မှန်းမရပေ။
အဆင့်လွန်သိုင်းသမားနှစ်ယောက်၏တိုက်ပွဲအတွင်းကြားဝင်ကာ တစ်ယောက်အားကယ်ထုတ်ရန်မှာ ထင်သလောက်လွယ်ကူခြင်းမရှိပေ။
ထို့အပြင် ထိုဘုန်းကြီးမှာ သံမဏိခန္တာကိုယ်ကျင့်စဉ်ကို လေ့ကျင့်အောင်မြင်ထားသေးသည် ။
သိုင်းလောကထဲတွင်သိရှိထားသည်က ယခုနှစ်များတွင် ရှောင်လင်မှဗုဒ္ဓလက်ဝါးကိုယ်တော်တစ်ယောက်သာ သံမဏိခန္တာကိုယ်ကျင့်စဉ်ကို လေ့ကျင့်အောင်မြင်ထားသည် ။
သို့သော် သာမန်ပုံစံနှင့်ခန့်မှန်းမရသည့် ထိုဘုန်းကြီးမှာ သံမဏိခန္တာကိုယ်ကျင့်စဉ်၏ဓားလှံတိုးမပေါက်သည့်ခန္တာကိုယ်ပိုင်ဆိုင်ထားသည်။
“ ဘုန်းကြီးက ရှောင်လင်ကဘယ်ကိုယ်တော်လဲ “
ခရမ်းရောင်သွေးလဂိုဏ်းသားမှ ဆက်လက်တိုက်ခိုက်ခြင်းမရှိတော့ဘဲ နောက်သို့ခုန်ဆုတ်ကာ ဘုန်းကြီးကိုစူးစိုက်ကြည့်ရင်းမေးလိုက်သည် ။
“ အော်မီတော့ဖု ဒီဘုန်းကြီးက ရှောင်လင်က ရွှမ်းနန်ကိုယ်တော်ပါ “
“ ရွှမ်းနန် ... တစ်ခါမှမကြာဖူးဘူး “
ခရမ်းရောင်သွေးလဂိုဏ်းသားမှ မျက်မှောင်ကြုတ်၍ရေရွတ်လိုက်သည်။
ထိုနာမည်မှာ သိုင်းလောကတွင်ကျော်ကြားခြင်းမရှိသည့်နာမည်ဖြစ်သည် ။ ထို့ကြောင့် အနည်းငယ်စိတ်အေးသွားသည်။
သို့သော် ဘုန်းကြီး၏နောက်ဆက်တွဲစကားကြောင့်သူ၏မျက်လုံးများပြူးကျယ်သွားသည်။
“ ဟုတ်ပါတယ် ဒီဘုန်းကြီးက နာမည်မကျော်ကြားတဲ့ဘုန်းကြီးပါ။ ဒါပေမယ့် ဒကာကြီးကိုတော့ဘုန်းကြီးသိနေတယ် ။
ဒကာကြီးက ချောင်မျိုးနွယ်ရဲ့လျှပ်တပြတ်ဓားသိုင်းကိုအသုံးပြုတာဆိုတော့ သိုင်းလောကထဲက နာမည်ကျော်ကြားတဲ့ လျှပ်တပြတ်ဓား ချောင်ဖေးရှန်ဖြစ်ရမယ် “
ရွှမ်းနန်ကိုယ်တော်၏ အေးဆေးသည့်စကားကြောင့် မျက်နှာဖုံးစွပ်မှာ တုန်လှုပ်သွားကာ အတန်ကြာအောင်ငြိမ်သက်သွားသည် ။
ထို့နောက် သူ၏မျက်လုံးအစုံမှာ သားရဲများကဲ့သို့စူးရှလာကာ ရွှမ်းနန်ကိုယ်တော်အား စူးစိုက်ကြည့်လိုက်သည်။ ထို့နောက် သူ၏မျက်နှာဖုံးကိုဆွဲချွတ်လိုက်သည် ။
မျက်နှာဖုံးအောက်မှ ဥပတိရုပ်ကောင်းမွန်ကာ အသက်လေးဆယ်ကျော်လူတစ်ယောက်၏မျက်နှာပေါ်ထွက်လာသည်။
ထိုလူမှာ သိုင်းလောကအတွင်းလျှပ်တပြတ်ဓားချောင်ဖေးရှန်ဟုနာမည်ကျော်ကြားသည့်အဆင့်လွန်သိုင်းသမားတစ်ဦးဖြစ်ကာ သူ၏ဂုဏ်သိက္ခာအရ ခရမ်းရောင်သွေးလဂိုဏ်းသားတစ်ဦးဖြစ်နေခြင်းမှာ လွန်စွာအံ့သြဖွယ်ရာကောင်းလှသည် ။
ချင်းယန်ဓားဂိုဏ်းသားများနှင့်တိုက်ခိုက်နေကြသည့် မျက်နှာဖုံးစွပ်ခရမ်းရောင်သွေးလဂိုဏ်းသားနှစ်ယောက်မှာာချောင်ဖေးရှန်မှ သူ၏မျက်နှာကိုဖော်ပြသည်ကိုတွေ့မြင်ကာ အံ့သြထိတ်လန့်သွားကြသည် ။
တစ်ချိန်တည်းမှာပင် ချောင်ဖေးရှန်ရင်ဆိုင်နေရသည့်ဘုန်းကြီးမှာ ရင်ဆိုင်ရလွယ်ကူမည့်လူမဟုတ်သည်ကိုခန့်မှန်းမိကာ သူတို့၏စိတ်ထဲတွင်လေးလံသွားကြသည် ။
ထိုနှစ်ယောက်သာ်လည်း မျက်နှာဖုံးကိုယ်စီစွပ်ထားကြသည့်အတွက် သူတို့၏မျက်နှာဖုံးအောက်တွင် ချောင်းဖေးရှန်ကဲ့သို့ လူသိမခံနိုင်သည့်မျက်နှာများရှိနေနိုင်သည်။
ခရမ်းရောင်သွေးလဂိုဏ်းသားနှစ်ယောင်လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့၏သိုင်းကွက်များကို ပြောင်းလဲလိုက်ကြသည်။
မူလကသူတို့အသုံးပြုနေသည့်သိုင်းပညာများမှာ။အစွမ်းထက်သော်လည်း ကျွမ်းကျင်ပုံမရေပေ။
ယခုပြောင်းလဲတိုက်ခိုက်လိုက်သည့်သိုင်းပညာများမှာမူ သူတို့၏ကိုယ်ပိုင်သိုင်းပညာများဖြစ်ကာ နှစ်ပေါင်းများစွာအသုံးပြုလာသည့်အတွက် ကျွမ်းကျင်စွာအသုံးချနိုင်သည့်အတွက် လွန်စွာအစွမ်းထက်ပေသည်။
ချောင်ဖေးရှန်သည်လည်း အစပိုင်းတွင် ဟူချန်းနှင့်တိုက်ခိုက်စဉ် အဆင့်မြင်ဓားသိုင်းတစ်မျိူးမျိုးဖြင့်တိုက်ခိုက်နေခြင်းဖြစ်သော်လည်း ဟူချန်း၏တောင်ဘက်ဂိတ်အားဖျက်ဆီးခြင်းသိုင်းကွက်ကြောင့် သူ၏လျှပ်တပြတ်ဓားသိုင်းကို ထုတ်ဖော်အသုံးပြုခဲ့ရသည်။
သို့သော် ဟူချန်းမှာ ချောင်ဖေးရှန်နှင့်အပြင်းအထန်တိုက်ခိုက်နေကာ ဖိအားပေးခြင်းကိုခံနေရသဖြင့် ထိုအချက်ကိုသတိမပြုမိပေ။
ရွှမ်းနန်ကိုယ်တော်မှာမူ သူတို့၏တိုက်ပွဲစသည့်အချိန်မှစ၍ အကဲခပ်နေသည့်အတွက်လျှပ်တပြတ်ဓားသိုင်းကိုမြင်သည်နှင့် ချောင်ဖေးယွမ်မှန်း တန်း၍သိရှိလိုက်ခြင်းဖြစ်သည်။
ချင်းယန်ဓားဂိုဏ်းသားများမှာ အစောပိုင်းက သူတို့၏စုပေါင်းဓားကွက်ဖြင့်လက်ရည်တူတိုက်ခိုက်နိုင်ပေါင်းဓားကွက်ဖြင့်လက်ရည်တူတိုက်ခိုက်နိုင်သော်လည်း ထိုလူနှစ်ယောက်မှ သိုင်းကွက်များပြောင်းလဲလိုက်သည့်အတွက် သူတို့အရေးနိမ့်လာကြသည်။
ထိုလူစုမှာ တစ်ဖက်နှင့်တစ်ဖက်အပြင်းအထန်တိုက်ခိုက်နေကြစဉ် ချောင်ဖေးရှန်နှင့် ရွှမ်းနန်ကိုယ်တော်မှာ တည်ငြိမ်နေသည်။
“ ဒါဖြင့်ရင် ကျုပ်အကြောင်းကိုသိုင်းလောကထဲမှာမပျံ့အောင်နှုတ်ပိတ်ဖို့ ဒီနေရာမှာရှိတလးအကုန်လုံးကိုသတ်ရလိမ့်မယ် “
ချောင်ဖေးရှန်မှ သတ်ဖြတ်လိုသည့်ဟန်ဖြင့်အေးစက်စက်ပြောလိုက်သည်။
ရွှမ်းနန်ကိုယ်တော်၏စကားများအရ သူမည်သူမည်ဝါဖြစ်သည်ကိုသိရှိထားပြီးသည့်အတွက် ဆက်၍ဖုံးကွယ်မနေတော့ဘဲ နှုတ်ပိတ်သည့်နေဖြင့် ဘုန်းကြီးကိုသာမက ချင်းယန်ဓားဂိုဏ်းမှလူများအားလုံးကို သတ်ဖြတ်တော့မည်မှာ ထင်ရှားပေသည်။
“ ရပ်လိုက်ကြစမ်း “
ကျယ်လောင်သည့်အသံကြီးတစ်ခုကြောင့် ချင်းယန်ဓားဂိုဏ်း၏ခြံဝန်းထဲမှလူများမှာ တုန်လှုပ်သွားကြသည်။
ထိုအော်သံမှာ အတွင်းအားပြည့်ဝလှကာ ခရမ်းရောင်သွေးလဂိုဏ်းသားနှစ်ယောက်နှင့် ချင်းယန်ဓားဂိုဏ်းသားများ၏တိုက်ပွဲပါရပ်တန့်သွားသည် ။
သူတို့အားလုံး၏အကြည့်များမှာ ခြံဝန်းတံတိုင်းထက်သို့ကျရောက်သွားကြသည်။
ခြံဝန်းတံတိုင်းထက်တွင် အနက်ရောင်ဝတ်စုံနှင့်လူရိပ်တစ်ခုမှာ လက်နောက်ပစ်၍ရပ်နေသည်။
ထိုလူမှာ အထက်အောက်အနက်ရောင်ဆင်တူဝတ်ထားကာ သူ၏မျက်နှာကိုမူ အဖြူရောင်နဂါးပုံပါသည့် မျက်နှာဖုံးတစ်ခုစွပ်ထားသည်။
“ လာပြန်ပြီမျက်နှာဖုံးစွပ် “
ရွှမ်းနန်ကိုယ်တော်တိုက်ပွဲထဲသို့ဝင်ရောက်လာချိန်မှစ၍ ဟူချန်းမှာ အနားယူနေကာ သူ၏အတွင်းအား
များကိုအလျှင်အမြန်ပြန်ဖြည့်နေခြင်းဖြစ်သည်။
သို့သော် နောက်ထပ်ရောက်လာသည့်လူမှာလည်း အဖြူရောင်နဂါးမျက်နှာဖုံးတစ်ခုကိုစွပ်ထားသည့်အတွက် မနေနိုင်ဘဲ ရေရွတ်မိလိုက်ခြင်းဖြစ်သည်။
ဟူချန်းမှာ ထိုလူ မည်သည့်အချိန်ကပင် ရောက်ရှိနေသည်မသိဘဲ ထူးဆန်းသည့်အချက်မှာ အဆင့်လွန်သိုင်းသမားများဖြစ်ကြသည့် ချောင်ဖေးရှန်တို့ပင်သတိမထားလိုက်မိကြခြင်းဖြစ်သည် ။
“ အဟဲ ကျုပ်ရောက်လာတာ အချိန်ကောင်းကြီးနဲ့တူတယ် “
ထိုလူ၏စကားကြောင့် နှစ်ဘက်စလုံးကြောင်အသွားကာ သူဆိုလိုသည့်အဓိပ္ပာယ်ကိုနားမလည်ကြပေ။ သို့သော် ထိုလူမှာမည်သည့်ဘက်ကလူဖြစ်မည်ကို အကဲခပ်နေကြသည်။
“ ရွှမ်းနန်ကိုယ်တော် ဒီကောင်တွေကိုကျုပ်ရဲ့လက်ထဲထည့်လိုက်လို့မရဘူးလား “
နဂါးမျက်နှာဖုံးနှင့်လူမှ အေးဆေးသည့်လေသံဖြင့်ပြောကာ ခြံဝန်းထက်မှခုန်ချလိုက်သည် ။
သူ၏လှုပ်ရှားမှုမှာ ဖက်ရွက်လေးကဲ့သို့ပေါ့ပါးလှကာ ထိုလှုပ်ရှားမှုတစ်ခုတည်းကပင် ထိုလူမှာ အဆင့်မနိမ့်သူဖြစ်မှန်းသိနိုင်သည်။
“ ကောင်းပြီ “
ထိုလူ၏စကားကို ရွမ်းနန်ကိုယ်တော်မှ လွယ်လွယ်ကူကူဖြင့်လက်ခံကာ ခပ်လှမ်းလှမ်းသို့ဆုတ်၍တည်ငြိမ်စွာရပ်နေလိုက်သည်။
သူ၏ပုံစံမှာ နောက်ထပ်တိုက်ပွဲများကို ဝင်ပါတော့မည့်ပုံမရပေ။
ချောင်ဖေးရှန်လည်း ထိုလူမှ သူတို့၏ရန်သူဖြစ်သည်ကိုသိလိုက်သော်လည်း ခန့်မှန်းမရသည့်ဘုန်းကြီးနှင့်တိုက်ခိုက်ခြင်းထက် ထိုလူနှင့်တိုက်ခိုက်ခြင်းက ပို၍ကောင်းမွန်မည်ဟုတွေးလိုက်သည်။
ထိုလူ၏အတွင်းအားမှာ ဂရုပြုဖွယ်ဖြစ်သော်လည်း သူမကြောက်ရွံ့ပေ ။ ထိုလူအားအနိုင်မယူနိုင်လျှင်ပင် သူထွက်ပြေးလျှင်မည်သူမှဟန့်တားရမည်မရဟု ယုံကြည်မှုရှိသည်။