တုန်လှုပ်ဖွယ်သိုင်းပညာ
Vol. 3 Ch. 250
“ မင်းတို့သုံးယောက်လုံး တစ်ပြိုင်တည်းတက်ခဲ့ပါလား “
နဂါးမျက်နှာဖုံးနှင့်လူမှ ခရမ်းရောင်သွေးလဂိုဏ်းမှ အဆင့်လွန်သိုင်းသမားသုံးယောက်ကိုလက်ညိုးထိုး၍ပြောလိုက်သည်။
“ မောက်မာလိုက်တာ “
ချောင်ဖေးရှန်တို့သုံးယောက်မှာ ဒေါသအကြီးအကျယ်ထွက်သွားကာ ထိုလူ၏စကားမှာ သူတို့ကိုစော်ကားနေသလိုခံစားလိုက်ရသည် ။
အဆင့်လွန်သိုင်းသမားများမှာ သိုင်းလောကတွင်လက်မထောင်နိုင်သည့်အဆင့်ဖြစ်ကာ ပထမတန်းစားအဖွဲ့အစည်းများပင် အပြစ်မပြလိုကြပေ။
ထို့အပြင် ချောင်ဖေးရှန်တို့သုံးယောက်မှာ သာမန်အဆင့်လွန်သိုင်းသမားများမဟုတ်ဘဲ လွန်စွာကြောက်မက်ဖွယ်ကောင်းသူများဖြစ်ကြသည် ။
ထိုကဲ့သို့လူများကို သုံးယောက်တစ်ယောက်ဆိုပါက
ချင်းယန်ဓားဂိုဏ်းသားများသည်ပင် ထိုလူမှာ လွန်စွာမောက်မာသည်ဟုတွေးလိုက်ကြသည်။
“ လျှပ်တပြတ်ဓားသမားချောင်ဖေးရှန် ၊ ဖြောင့်မတ်တဲ့သိုင်းသမားတွေလို့ကျော်ကြားတဲ့ ဟိုင်းယွမ်ညီအစ်ကိုနှစ်ယောက် မင်းတို့လာမှာလားငါလာရမှာလား “
ချောင်ဖေးရှန်တို့မှာ ဦးစွာဒေါသထွက်သွားကြသော်လည်း နဂါးမျက်နှာဖုံးနှင့်လူ၏စိတ်မရှည်ဟန်ရသည့်စကားကြောင့် တုန်လှုပ်သွားကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။
မျက်နှာဖုံးစွပ်နှင့် ခရမ်းရောင်သွေးလဂိုဏ်းသားနှစ်ယောက်မှ သူတို့၏မျက်နှာဖုံးစွပ်များကို ဖြေးညင်းစွာဆွဲချွတ်လိုက်ရာ ရုပ်ချင်းခပ်ဆင်ဆင်တူသည့် အသက်သုံးဆယ်ကျော်လူနှစ်ယောက်၏မျက်နှာပေါ်ထွက်လာသည်။
ထိုနှစ်ယောက်မှာ အဖြူရောင်သိုင်းလောကတွင် ဟိုင်းယွမ်ညီအစ်ကိုများဟုကျော်ကြားသည့် သိုင်းသမားများဖြစ်ကြသည်။
ဟိုင်းယွမ်ညီအစ်ကို၏ လက်ဝါးသိုင်းကွက်များမှာ လွန်စွာအစွမ်းထက်ကာ ဖြောင့်မတ်သည့်အဖြူရောင်သိုင်းလောကသားအဖြစ်ကျော်ကြားပေသည်။
သို့သော် ချောင်ဖေးရှန်ကဲ့သို့လူမျိုးပင်ခရမ်းရောင်သွေးလဂိုဏ်းသားဖြစ်နေသည့်နောက် ထိုနှစ်ယောက်ပေါ်ထွက်လာခြင်းမှာ ထူး၍အံ့ဩစရာမဟုတ်တော့ပေ ။
ချောင်ဖေးရှန်သာမကပေ ကျန်ရှိနေသည့်ခရမ်းရောင်သွေးလဂိုဏ်း၏မျက်နှာဖုံးစွပ်နှစ်ယောက်သည်လည်း ဖော်ထုတ်ခံလိုက်ရပြီဖြစ်သည်။
ချောင်ဖေးရှန်နှင့် ဟိုင်းယွမ်ညီအစ်ကိုများမှာ ဆုံးဖြတ်ချက်ချပြီးသည့် အရိပ်အယောင်များပေါ်ထွက်လာကြသည်။
ထို့နောက် နဂါးမျက်နှာဖုံးနှင့်လူဆီသို့ ပြိုင်တူတိုးဝင်သွားကာ သူတို့၏အစွမ်းအထက်ဆုံးတိုက်ခိုက်မှုများနှင့် တိုက်ခိုက်လိုက်ကြသည်။
“ ဝုန်း.....ဝုန်း.... “
“ ရွှပ် “
အဖြူရောင်ဓားအလင်းတန်းနှင့်အတူ လက်ဝါးရိုက်ချက်နှစ်ခုမှာ တစ်ပြိုင်နက်ကျရောက်လာသည်။
ဟိုင်းယွမ် ညီအစ်ကိုနှစ်ယောက်မှ လေပေါ်သို့ခုန်တက်ကာ လက်ဝါးနှစ်ချက်ရိုက်ထုတ်လိုက်ခြင်းဖြစ်ပြီး လျှပ်တပြတ်ဓားချောင်ဖေးရှန်မှ နဂါးမျက်နှာဖုံးစွပ်၏အောက်ပိုင်းကိုတိုက်ခိုက်လိုက်သည်။
သူတို့၏ပူးပေါင်းဆောင်ရွက်မှုမှာ အကွက်စေ့ကာ မကြာခဏပူးတွဲတိုက်ခိုက်ဖူးပုံရသည် ။
နဂါးမျက်နှာဖုံးနှင့်လူမှ မြေပြင်အားခြေတစ်ချက်ဆောင့်၍ခုန်တက်ကာ ချောင်ဖေးရှန်၏ဓားကိုရှောင်တိမ်းလိုက်သည်။
ထို့နောက် လက်ဝါးနှစ်ဖက်ကိုပင့်မြောက်ကာ သူ၏ဦးခေါင်းဆီသို့ကျရောက်လာသည့် ဟိုင်းယွမ်ညီအစ်ကို၏လက်ဝါးချက်များကို ထိတ်တိုက်ရင်ဆိုင်လိုက်သည်။
“ ဝုန်း.... “
မြေပြင်တစ်ခုလုံးတုန်ခါသွားမတတ်အသံကျယ်ကြီးထွက်ပေါ်လာကာ ဟိုင်းယွမ်ညီအစ်ကိုမှာနောက်ဘက်သို့လွင့်သွားသည်။
ထိုနှစ်ယောက်မှာဖြူဖျော့နေသည့်မျက်နှာများဖြင့် ခြေလှမ်းအတော်များများဆုတ်ပေးလိုက်ရကာ အံ့ဩထိတ်လန့်နေသည့်မျက်နှာများဖြင့်ရှိနေသည်။
ချောင်ဖေးရှန်လည်း ဟိုင်းယွမ်ညီအစ်ကိုလွင့်စင်သွားသည်နှင့် နောက်သို့အလျှင်အမြန်ဆုတ်ခွာပြီးဖြစ်သည်။
“ သိုင်းဝိဇ္ဇာ အဆင့် “
ချောင်ဖေးရှန်တို့သုံးယောက်သာမက ဟူချန်းပါအံ့ဩတုန်လှုပ်သွားသည်။ ရွှမ်းနန်ကိုယ်တော်တစ်ယောက်သာ ကြိုတင်သိရှိပြီးသည့်ဟန်ဖြင့် ခပ်အေးအေးရှိနေသည်။
“ ဟုတ်တယ် ဒါပေမယ့် မင်းတို့သိတာနောက်ကျသွားပြီ “
နဂါးမျက်နှာဖုံးနှင့်လူမှ ရယ်မောကာ ချောင်ဖေးရှန်တို့သုံးယောက်ဆီသို့တိုးဝင်သွားသည်။
ချောင်ဖေးရှန်တို့မှာ တစ်ဖက်လူမှ သိုင်းဝိဇ္ဇာတစ်ယောက်ဖြစ်သည်ကိုသိသည်နှင့် တိုက်ခိုက်လိုစိတ်များပျောက်ဆုံးသွားကာ လွတ်မည့်လမ်းကိုရှာဖွေနေကြသည် ။
သူတို့၏မျက်နှာများဖော်ထုတ်ခံရလျှင်ပင် ခရမ်းရောင်သွေးလဂိုဏ်းသားအဖြစ်ပြောင်ပြောင်တင်းတင်းနေထိုင်ရုံသာရှိသည်။
ယခုအချိန်တွင် ခရမ်းရောင်သွေးလဂိုဏ်း၏အထွတ်အထိပ်ကိုရောက်နေကာ ဂိုဏ်းကြီးခြောက်ခုပင် ခရမ်းရောင်သွေးလဂိုဏ်းနှင့်ထိတ်တိုက်ရင်ဆိုင်ရဲခြင်းမရှိကြပေ။
သူတို့အနေဖြင့်အလွန်ဆုံး အဖြူရောင်သိုင်းလောကသားများ၏ ပြစ်တင်ရှုံ့ချခြင်းကိုသာ ခံရမည်ဖြစ်သည်။
သို့သော် အားကောင်းသည့်ရန်သူတစ်ယောက်ကို ပူးပေါင်းရင်ဆိုင်ရန်စိတ်ကူးမရှိဘဲ ထွက်ပြေးရန်စိတ်ကူးနေခြင်းက သူတို၏အမှားသာဖြစ်သည်။
နဂါးမျက်နှာဖုံးနှင့်လူမှ သူ၏လက်နှစ်ဖက်ကိုအသာဝေ့ယမ်းလိုက်ရာ လက်ဝါးရိပ်အများအပြားထွက်ပေါ်လာကာ အရပ်ရှစ်မျပ်နှာအား ပိတ်ဆို့လိုက်သည် ။
ထို့နောက် သူ၏အားအင်လျော့နည်းဟန်ရသည့်လက်ဝါးရိုက်ချက်များမှာ ဟိုင်းယွမ်ညီအစ်ကိုဆီသို့ဦးစွာတိုးဝင်သွားသည်။
နဂါးမျက်နှာဖုံးနှင့်ရင်မဆိုင်လို၍ ဆုတ်ခွာရန်ကြံစည်နေသည့် ဟိုင်းယွမ်ညီအစ်ကိုတို့မှာ ထိတ်လန့်တုန်လှုပ်သွားကာ နဂါးမျက်နှာဖုံးနှင့်လူ၏လက်ဝါးရိုက်ချက်များကိုကာကွယ်လိုက်သည်။
ဟိုင်းယွမ်ညီအစ်ကို၏ပြင်းထန်သည့်လက်ဝါးရိုက်ချက်များမှာ ပြင်းထန်လှသော်လည်း နဂါးမျက်နှာဖုံးနှင့်လူ၏လက်ဝါးချက်နှင့်ထိတိတြိက်တွေ့ဆုံရာတွင်သူတို့၏အားအင်အများစုမှာ လျော့နည်းသွားလေသည်
နဂါးမျက်နှာဖုံးနှင့်လူ၏လက်ဝါးချက်များမှာမူ ပျော့ပြောင်းဟန်ရသော်လည်းအားအင်မလျော့နည်းလှဘဲ သူတို့၏ခုခံမှုသိုင်းကွက်များကြားမှ ဟိုင်းယွမ်ညီအစ်ကို၏ရင်ဝသို့ရိုက်ချလိုက်သည် ။
“ ဝုန်း.. ဝုန်း... “
လေးလံသည့်အသံကြီးနှင့်အတူ ဟိုင်းယွမ်ညီအစ်ကိုမှာ မြေပြင်ထက်သို့ပြုတ်ကျသွားသည် ။
ဟိုင်းယွမ်ညီအစ်ကိုမှာ အလျှင်အမြန်လူးလဲထလိုက်ကြသော်လည်း သွေးတစ်လုပ်စီအန်ထုတ်ကာ ယိမ်းယိုင်သွားကြသည်။
နဂါးမျက်နှာဖုံးနှင့်လူမှာမူ သူ၏လက်ဆအားယုံကြည်ဟန်ဖြင့် နောက်ထပ်တစ်ကြိမ်ပင်ပြန်မကြည့်တော့ပေ။
ချင်းယန်ဓားဂိုဏ်းသားများမှာ ထိုလူနှစ်ယောက်အားထွက်မပြေးနိုင်ရန်ဝန်းရံထားချိန်တွင် နဂါးမျက်နှာဖုံးနှင့်လူမှ အပြင်ဘက်သို့ထွက်ပြေးရန်ကြံစည်သည့် ချောင်ဖေးရှန်၏ရှေ့တွင်ပိတ်ရပ်လိုက်သည်။
“ ကျုပ်တို့မှားသွားတယ် ခင်ဗျားကိုဝိုင်းပြီးတိုက်ခိုက်ရမှာ “
ချောင်ဖေးယွမ်မှ မချိပြုံး ပြုံး၍ပြောလိုက်သည် ။
တစ်ဖက်လူမှ သိုင်းဝိဇ္ဇာအဆင့်တစ်ယောက်မှန်းသိသည်နှင့် သူတို့သုံးယောက်မှာ ထွက်ပြေးရန်ကြိုးစားလိုက်ခြင်းမှာ မှားယွင်းပေသည်။
အကယ်၍ သူတို့သုံးဦးသာ နဂါးမျက်နှာဖုံးနှင့်လူကို
ဝိုင်းဝန်းတိုက်ခိုက်ပါက ယခုလိုအချိန်တိုအတွင်းရှုံးနိမ့်သွားမည်မဟုတ်ပေ။
သို့သော် သိုင်းဝိဇ္ဇာအဆင့်တစ်ယောက်၊ ခန့်မှန်းမရသည့်ဘုန်းကြီးတစ်ယောက်နှင့် ထိပ်တန်း၊အဆင့်မြင့်သိုင်းသမားအများအပြားနှင့် ရင်ဆိုင်ရပါက သူတို့နေရာတွင် မည်သူမဆိုထွက်ပြေးရန်ဆုံးဖြတ်ကြပေမည်။
“ ဟုတ်တယ် မင်းတို့မှားတယ် ဒါပေမယ့်မင်းတို့သုံးယောက်ပေါင်းပြီးတိုက်ရင်တောင် ကျုပ်အတွက်အလုပ်နည်းနည်းပိုရုံပဲရှိမှာ အဆုံးသတ်ရထူးခြားမှာမဟုတ်ဘူး “
နဂါးမျက်နှာဖုံးနှင့်လူမှ ပျင်းရိဟန်ဖြင့်ပြောလိုက်သည် ။ သူ၏ပုံစံမှာ ချောင်ဖေးရှန်တို့သုံးယောက်ကို မျက်စေ့ထဲလုံးဝထည့်ပုံမရပေ။
“ ကျုပ်က မင်းကိုသတ်ပြီးထွက်သွားရတာပေါ့ “
ချောင်ဖေးရှန်မှ အံကိုတင်းတင်းကြိတ်ကာပြောလိုက်ရင်း နဂါးမျက်နှာဖုံးနှင့်လူထံသို့ခုန်ဝင်သွားသည် ။
ယခုတစ်ကြိမ်တွင် သူ၏တိုက်ခိုက်မှုများမှာ လွတ်မြောက်ရန်မျှော်လင့်ချက်လည်းဖြစ်သဖြင့် လွန်စွာပြင်းထန်ပေသည်။
လျှပ်တပြတ်ဓားသိုင်းမှာ နာမည်နှင့်လိုက်အောင်အစွမ်းထက်ကာ လျှင်မြန်တိကျ၍ မထင်မှတ်ထားသောရှုထောင့်များမှ တိုက်ခိုက်တတ်သည်။
သို့သော် နဂါးမျက်နှာဖုံးနှင့်လူမှာ သိုင်းဝိဇ္ဇာအဆင့်တစ်ယောက်ဖြစ်ကာ ချောင်ဖေးရှန်ထက် ပို၍လျှင်မြန်ကာ အတွင်းအားလည်းများစွာအားကောင်းလှသည်။
အထူးသဖြင့် သူ၏ပျော့ပြောင်းသည့်လက်ဝါးရိုက်ချက်များမှာ ထူးဆန်းသည့်အားအင်တစ်မျိုးပါဝင်ကာ ချောင်ဖေးရှန်၏အားအင်များကို ပျက်ပြယ်စေသည်။
နဂါးမျက်နှာဖုံးနှင့်လူမှာ သိုင်းကွက်အနည်းငယ်တိုက်ခိုက်ပြီးနောက် ခေါင်းယမ်းလိုက်သည်။
ထို့နောက် နောက်သို့ခုန်ဆုတ်ကာ သူ၏လက်နှစ်ဖက်ကိုဖြေးညင်းစွာဆန့်ထုတ်လိုက်သည်။
နဂါးမျက်နှာဖုံးနှင့်လူ၏လက်ဝါးတစ်ဖက်မှာ ဖြူဖွေးလာကာ ကျန်တစ်ဖက်မှာ မည်းနက်လာသည်။
ချောင်ဖေးရှန်လည်း အခြေအနေမဟန်သည်ကိုသိသည်နှင့် သူ၏အစွမ်းအထက်ဆုံးဓားကွက်ဖြင့် အားကုန်တိုက်ခိုက်လိုက်သည်။
“ လျှတ်တပြတ်မိုးကြိုးတိုက်ကွက် “
ချောင်ဖေးရှန်၏ဓားမှာ အဖြူရောင်အလင်းတန်းကြီးတစ်ခုကဲ့သို့ လွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်တိုးဝင်လာသည် ။
သို့သော် ချောင်ဖေးရှန်၏ဓားမှာ နဂါးမျက်နှာဖုံးနှင့်လူ၏အဖြူရောင်လက်ဝါးရိပ်ကြီးဖြင့်ဟန့်တားမှုကိုခံလိုက်ရကာ အနက်ရောင်လက်ဝါးရိပ်ကြီးမှာမူ အကာအကွယ်မဲ့နေသည့် ချောင်ဖေးရှန်ဆီသို့ တိုးဝင်သွားသည်။