ကျန်းနန်မှ မိန်းမလှနှစ်ယောက်
Vol. 3 Ch. 253
ကျန်းနန်
ရတနာစုရပ်တည်းခိုခန်း
ရတနာစုရပ်တည်းခိုခန်းမှာ ကျန်းနန်၏ထိပ်ဆုံးအဆင့်တည်းခိုခန်းများထဲတွင်ပါဝင်သည်။
ကျန်းနန်နယ်တစ်ဝိုက်တွင် သူဌေးကြီးကျန်းလီ၏ရတနာစုရပ်လုပ်ငန်းများမှာ လက်ညိုးထိုးမလွဲပေ။
သို့သော် စိတ်မကောင်းဖွယ်ရာကား လွန်ခဲ့သည့်တစ်ပတ်ခန့်က သူဌေးကြီးကျန်းလီမှာ သူ၏စံအိမ်တွင်သတ်ဖြတ်ခံရကာ သူ၏အစောင့်ထိပ်တန်းအဆင့်သိုင်းသမားများနှင့် အစေခံများပင် လွတ်မြောက်ခြင်းမရှိပေ။
စံအိမ်ရှိလူပေါင်းသုံးဆယ်ကျော်မှာ အမည်မသိလူများ၏သတ်ဖြတ်မှုကိုခံရကာ စံအိမ်တစ်ခုလုံး မီးလောင်တိုက်သွင်းခြင်းခံရလေသည်။
ကျန်းနန်မှလူများမှာ လွန်ခဲ့သည့်နှစ်နှစ်ကျော်က သူဌေးကြီးကျန်းလီ၏စံအိမ်တွင် နဂါးစိမ်းဂိုဏ်းခွဲမှူးတုန်းဖန်းရှန်နှင့် သူဂိုဏ်းသားများသတ်ဖြတ်ခံရသည်ကို ပြန်၍သတိရမိကြသည် ။
ထိုစဥ််က သူဌေးကြီးကျနိးလီမှာ ကံကောင်းထောက်မ၍အသက်ရှင်ကျန်ခဲ့သော်လည်း ယခုအခါတွင်မူ မည်သို့မှမတတ်နိုင်ဘဲ သေဆုံးခဲ့ရသည်။
ကျန်းနန်မှလူများသည်လည်း သူတို့နားမလည်သည့်ရက်စက်သည့်ဖြစ်ရပ်များကြောင့် စိတ်ခြောက်ချားနေကြသလို သဘောမနောကောင်းကာ အလှူအတန်းရက်ရောသည့်သူဌေးကြီးအတွက်လည်း စိတ်မကောင်းဖြစ်ကြမိသည်။
သူဌေးကြီးကျန်းလီမှာ သူ၏ကံကြမ္မာကို ကြိုတင်တွက်ဆမိဟန်ရသည်။ သူမသေဆုံးမီတစ်လခန့်အလိုက သူ၏ရတနာစုရပ်လုပ်ငန်းများကို တိုင်းပြည်ထဲတွက်အကြွယ်ဝဆုံးဖြစ်သည့် နန်းမိသားစုထံသို့ရောက်ချခဲ့သည်။
ထို့နောက် ရရှိလာသည့်ငွေများကိုလည်း သူ့အတွက်အနည်းငယ်သာချန်ကာ ကျန်းနန်မှ မိဘမဲ့ဂေဟာနှစ်တွင် အကုန်နီးပါးလှူတန်းထားခဲ့သည်။
သူဌေးကြီးကျန်းလီမှာ ထိုအကြောင်းကို လျှို့ဝှက်ထားခဲ့ကာသူသေဆုံးပြီးနောက်မှ လူအများမှာ သိရှိရခြင်းဖြစ်သည် ။
ထို့ကြောင့်လည်း သူဌေးကြီးကျန်းလီအပေါ်များစွာပို၍ကရုဏာပိုကာ ဒုစရိုက်လောကသားများကိုလည်း နေ့တိုင်းလိုလိုကျိန်ဆဲနေကြသည်။
သူဌေးကြီးကျန်းလီ၏စံအိမ်ကိုတိုက်ခိုက်ခဲ့သူများကိုမူ လက်ရာခြေရာပင်ရှာမတွေ့ဘဲ စုံးစမြုပ်ပျောက်ကွယ်နေသည်။
ထိုလူများသည်လည်း ထူးဆန်းကာစံအိမ်အတွင်းမှ များစွာတန်ဖိုးကြီးသည့်ပစ္စည်းများကိုပင်ယူဆောင်ခြင်းမရှိဘဲ စံအိမ်တစ်ခုလုံးကို မီးလောင်တိုက်သွင်းခဲ့သည်။
သို့သော် သိုင်းလောကသားများမှာမူ ထိုဖြစ်ရပ်မှာ ခရမ်းရောင်သွေးလဂိုဏ်းနှင့်ပတ်သတ်နေသည်ကို ရိုးတိုးရိပ်တိတ် ရိပ်စားမိကြသည်။
ထိုသို့ရိပ်စားမိသော်လည်း မည်သူမှထုတိဖော်ပြောဆိုရဲခြင်းမရှိကြပေ။ လက်ရှိကာလမှာ ခရမ်းရောင်သွေးလဂိုဏ်းတန်ခိုးထွားနေသည့်ကာလမဟုတ်လား။
ကျန်းနန်မှရတနာစုရပ်တည်းခိုခန်းမှာ ခြောက်ကပ်နေသည်။
လွန်ခဲ့သည့်တစ်ပတ်ခန့်ကကိစ္စသည်လည်း အကင်းမသေသေးသည့်အတွက် တည်းခိုးခန်းများမဆိုထားနှင့် ကျန်းနန်လမ်းမများပေါ်တွင်ပင် တစ်ဦးစနှစ်ဦးစသာရှိသည်။
နေဝင်ရီတရာဖြစ်၍လည်း ဆိုင်ထဲတွင် မီးအိမ်များထိန်ညည်းနေအောင်ထွန်းညိထားကာ အောက်ထပ်စားသောက်ခန်းထဲတွင် လူအနည်းငယ်သာရှိသည်။
“ ဆိုင်ရှင် ဒီမှာအခန်းလွတ်ရှိသေးလား “
သာယာချိုအေးသည့်စကားသံလေးကြောင့် ဆိုင်ကောင်တာတွင် ပျင်းရိငိုက်မည်းနေသည့်ဆိုင်ထိုင်မှာ ဆက်ခနဲဖြစ်သွားသည်။
သူ၏မျက်လုံးများကိုပွတ်သတ်၍မော့ကြည့်လိုက်ရာ အသက်နှစ်ဆယ်ကျော်မိန်းကလေးနှစ်ယောက်သူ၏ရှေ့တွင်ရပ်နေသည်ကိုတွေ့လိုက်သည်။
သူ့ကိုစကားပြောလိုက်သူမှာ ရှေ့တွင်ရပ်နေသည့်ပန်းနုရောင်နှင့်မိန်းကလေးဖြစ်ကာ နောက်မှအနက်ရောင်ဝတ်စုံနှင့်မိန်းကလေးမှာမူ အေးစက်စက်မျက်နှာဖြင့်ရှိနေသည်။
“ နှမြောစရာကောင်းလိုက်တာ “
ဆိုင်ရှင်မှ ကြိတ်၍ရေရွတ်လိုက်သည်။ သူ၏ရှေ့မှမိန်းကလေးနှစ်ယောက်မှာ ခန္တာကိုယ်အချိုးအစားလွန်စွာလှပသော်လည်း သူတို့၏မျက်နှာများမှာ သာမန်ရုပ်ရည်သာရှိကြသည် ။
အကယ်၍ သူမတို့၏ပန်းပုရုပ်လေးများလို ခါးသေးရင်ချီသည့်ခန္တာကိုယ်လေးထက်တွင် ချောမောသည့်မျက်နှာလေးပါရှိပါက ယောင်္ကျားသားများမှာ သူမတို့သွားလေရာတကောက်ကောက်လိုက်နေနိုင်သည်။
သို့သော်သူမတို့၏နောက်ကျောမှဓားကိုယ်စီသိုင်းလွယ်ထားသည့်ဟန်ပန်ကြောင့် လွယ်လွယ်နှင့်သွားရှုပ်၍မရနိုင်သည့် သိုင်းလောကသမီးပျိုလေးများဖြစ်ကြောင်း သိနိုင်သည်။
“ ဆိုင်ရှင် အခန်းမရှိတော့ဘူးလား “
ပန်းနုရောင်ဝတ်စုံနှငိ့မိန်းကလေးမှ ဆိုင်ရှင်၏ငေးမောနေသည့်အမူအယာကြောင့် ထပ်၍မေးလိုက်သည်။
ဆိုင်ထိုင်မှာ ထိုအခါမှ ကဗြာကယာပြန်၍ဖြေလိုက်သည်။
“ ရှိပါတယ်ဗျာ မိန်းကလေးတို့ ဘယ်နှစ်ခန်းလိုချင်လို့လဲ “
ဆိုင်ထိုင်မှ တက်ကြွစွာပြောလိုက်သည်။ ယခုရက်ပိုင်းတွင် သူဌေးကြီးကျန်းလီ၏အဖြစ်အပျက်ကြောင့် လူသွားလူလာနည်းပါးနေသည်။
သိုင်းသမားများလည်း ကျန်းနန်တွင်စုစုရုံးရုံးမလုပ်သည်မှာာအချိန်ကြာမြင့်လှပြီ။
ဆိုင်ထိုငိမှာ ယခုရက်များမှာသူ၏ဘဝတွင် အပျင်းရိဆုံးနေရက်များဟုပင် ထင်မှတ်နေမိသည်။
နန်ကုန်းမိသားစုမှ ရတနာစုရပ်လုပ်ငန်းများကိုဝယ်ယူသွားသော်လည်း ပိုင်ရှင်ပြောင်းလဲခြင်းသာရှိသည်။
အလုပ်သမားများ ၊ ဝန်ထမ်းများကိုမူ မူလအတိုင်းသာခန့်ထားသည်။
ထို့ကြောင့်လည်း ဆိုင်ထိုင်မှာ ထိုဆိုင်တွင် ဆယ်နှစ်ကျော်ကြာရှိခဲ့သည့်ဆိုင်ထိုင်ကြီးပင်ဖြစ်သည်။
“ ကောင်းပြီ ကျမတို့ကိုအကောင်းဆုံးနှစ်ခန်းပေးပါ “
ပန်းနုရောငိဝတ်စုံနှငိ့မိန်းကလေး၏စကားကြောင့် ဆိုင်ရှင်လည်း ခေါင်းအထပ်ထပ်ညိမ့်လိုက်မိသည် ။
သူ၏နှစ်ပေါင်းများစွာအတွေ့အကြုံများအရ ထိုမိန်းကလေးမှာ ငွေကိုရေလိုသုံးနိုင်သည့်မိသားစုကြီးမှဖြစ်ပုံရသည်။
ထို့နောက် ဆိုင်လုလင်တစ်ယောက်အားခေါ်ကာ သူမတို့ကိုအကောင်းဆုံးအခန်းနှစ်ခုတွင် နေရာချထားရန်စေခိုင်းလိုက်သည်။
“ အစ်မယင်သွားရအောင် “
ပန်းနုရောင်ဝတ်စုံနှင့်မိန်းကလေး၏စကားကြောင့် အနက်ရောင်ဝတ်စုံနှင့်မိန်းကလေးလည်း ခေါင်းညိမ့်ကာ ဆိုင်အတွင်းထဲသို့တစ်ချက်ဝေ့ကြည့်လိုက်သည်။
ဆိုင်ထဲတွင် လူအနည်းငယ်သာ်ရှိကာ သိုင်းသမားတစ်ယောက်နှစ်ယောက်သာရှိသည်။
ထိုလူများမှာ မိန်းကလေးများဝင်လာစဉ်က တစ်ချက်ကြည့်လိုက်မိကြသော်လည်း သူမတို့၏သာမန်ပုံစံကြောင့် သူတို့၏စိတ်ဝင်စားမှုများ ပျောက်ဆုံးကာ အကြည့်လွှဲကုန်ကြပြီဖြစ်သည်။
သို့တိုင်အောင် လှေကားမှတစ်ဆင့်အပေါ်သို့တက်သွားသည့်အခါတွင် သူတို့၏မျက်လုံးများကျွတ်ကျမတတ်ဖြစ်သွားကြပြန်သည်။
“ ဒီအောက်ထပ်ကကောင်တွေရဲ့မျက်လုံးတွေကို ငါဖောက်ထုတ်ပစ်ချင်လာပြီ “
အပေါ်ထပ်သို့ရောက်သည်နှင့် အနက်ရောင်ဝတ်စုံနှင့်မိန်းကလေးမှ အေးစက်စက်လေသံဖြင့်ပြောလိုက်သည်။
သူမ၏စကားကြောင့် ပန်းနုရောင်ဝတ်စုံနှင့်မိန်းကလေးမှ ခိုးခိုးခစ်ခစ်ရယ်မောကာ ပြန်ဖြေလိုက်သည်။
“ အစ်မယင်ကလည်း သူတို့ကတော့ ဒီလိုပါပဲ ဒါကြောင့်လည်း ကျမသိုင်းလောကထဲကိုဆင်းရင် အချိန်အတော်များများ ရုပ်ဖျက်ထားတာ “
ပန်းနုရောင်ဝတ်စုံနှင့်မိန်းကလေးမှ ရယ်မောရင်းသူမ၏မျက်နှာကိုအဝတ်တစ်ခုဖြင့်ပွတ်သတ်လိုက်သည်။
ထိုအခါ သာမန်ရုပ်ရည်သာရှိသည့်မျက်နှာလေးမှာ မျက်လှည့်ပြလိုက်သလိုပြောင်းလဲသွားကာ မြင်သူတိုင်းငေးရမည့် နတ်သမီးရှုံးလောက်အောင်မျက်နှာလှလှလေးဖြစ်လာသည်။
ယခုအချိန််တွင်သာ အောက်ထပ်မှလူများထိုမြင်ကွင်းကိုမြင်ပါက သူတို့၏အပြုအမူများကိုထိမ်းချုပ်နိုင်ကြမည်မဟုတ်ပေ။
“ အင်း.... ငါလည်းအစကအသားမကျပေမယ့် အခုတော့ရုပ်ဖျက်ပြီးသွားတာက အဆင်ပြေသလိုပဲ “
အနက်ရောင်ဝတ်စုံနှင့်မိန်းကလေးမှလည်း သူမ၏မျက်နှာပေါ်မှရုပ်ဖျက်ဆေးများကိုပွတ်သတ်လိုက်ရာ ပန်းနုရောင်ဝတ်စုံနှင့်မိန်းကလေးအောက်မနိမ့်ကျသည့် ရင့်ကျက်လှပသည့်မျက်နှာလေးပေါ်ထွက်လာသည်။
ဟုတ်ပေသည်။
ထိုမိန်းကလေးနှစ်ယောက်မှာ တူညီသည့်ရည်ရွယ်ချက်ဖြင့်သိုင်းလောကထဲရောက်လာကြသည့် သွမ့်ရှင်းရှောင်နှင့် ထင်းရှောင်ယင်တို့ဖြစ်ပေသည်။
သွမ့်ရှင်းရှောင်နှင့်ထင်းရှောင်ယင်တို့မှာ အခန်းနှစ်ခုယူထားကြသော်လည်း မအိပ်မီစကားပြောဆိုလိုသေး၍ ထင်းရှောင်ယင်၏အခန်းထဲသို့ရောက်နေကြခြင်းဖြစ်သည်။
လမ်းတွင် သွမ့်ရှင်းရှောင်မှ သူမ၏မျက်နှာကိုထုံးစံအတိုင်းရုပ်ဖျက်လာကာ ထင်းရှောင်ယင်ကိုလည်း ရုပ်ဖျက်၍သွားလာရန်အကြံပေးသည်။
ထင်းရှောင်ယင်မှာ မူလကသဘောမတူလိုသော်လည်း သွမ့်ရှင်းရှောင်၏စိတ်အားထက်သန်မှုကြောင့် နောက်ဆုံးတွင် သူမလည်းသွမ့်ရှင်းရှောင်လိုပင် ရုပ်ဖျက်ကာလာခဲ့သည်။
သိုင်းလောကထဲသို့ရောက်သည့်အခါမှ သူမတို့ရုပ်ဖျက်လာခြင်းမှာ မလိုလားအပ်သည့်ပြဿနာအချို့ကိုလျော့နည်းစေကြောင်းသိလိုက်ရသည်။
ဥပမာ -အောက်ထပ်တွင်သူမတို့၏အစစ်အမှန်ရုပ်ရည်ဖြင့်ဆိုပါက လူအချို့၏နှောင်ယှက်မှုကို ကျိန်းသေခံရနိုင်သည်။
သူမတို့မှ ထိုကဲ့သို့ လူပေါ့သွမ်းများကို ဂရုစိုက်စရာမလိုသော်လည်း ထိုလူများမှာ စိတ်အနှောင့်အယှက်ပေးလေသည်။
ထိုမိန်းကလေးနှစ်ယောက်မှာ ရက်အနည်းငယ်အတူခရီးသွားပြီးသည့်နောက်တွင် သူမတို့ကြားရှိရင်းနှီးမှုမှာ ပို၍တိုးလာသည်။
သွမ့်ရှင်းရှောင်မှာ ဓားစံအိမ်တွင်ရှိစဉ်ကပက် ထင်းရှောင်ယင်နှင့်ရင်းနှီးသည်ဟုပြောနိုင်သော်လည်းထိုစဉ်က ထင်းရှောင်ယင်ကိုအေးစက်စက်နိုင်သည့်မိန်းကလေးအဖြစ်သာသိခဲ့သည်။
ယခုအခါမှ ထင်းရှောင်ယင်မှာ အပေါင်းအသင်းနည်းပါးသောကြောင့် သူမ၏ပုံစံမှာ အေးစက်စက်သွင်ပြင်ဖြစ်နေသော်လည်း ရင်းနှီးသူများကို လွန်စွာတွယ်တာသူဖြစ်ကြောင်းကိုသိလာသည်။
ထင်းရှောင်ယင်လည်း သွမ့်ရှင်းရှောင်၏ စိတ်ထားကောင်းမွန်၍ သွက်လက်ချက်ချာကာ ခင်မင်ဖွယ်စရိုက်ကြောင့် ထိုမိန်းလေးကိုအချိန်တိုအတွင်း ရင်းနှီးခင်မင်သွားခြင်းဖြစ်ပေသည်။
“ ရှောင်ရှောင် နင်သူ့ကိုတွေ့ပြီးရင်ဘာဆက်လုပ်မှာလဲ “