← Chapters

သတင်းအပိုင်းအစ

Vol. 3 Ch. 254

သတင်းအပိုင်းအစ

Vol. 3 Ch. 254

ထင်းရှောင်ယင်၏မေးခွန်းကြောင့် သွမ့်ရှင်းရှောင်မှာ တစ်ချက်ငိုင်သွားသော်လည့် ဘာမှမဖြစ်သည့်ဟန်ဖြင့်ပြုံးကာ ပေါ့ပါးစွာဖြေလိုက်သည်။

“ ကျမသူ့ကိုသိုင်းလောကထဲကထွက်မသွားခင်နောက်ဆုံးအဖြစ်တွေ့ချင်တာပါ ။ ဒါပြီးရင် သူကဓားစံအိမ်ကိုပြန်တော့မှာမလား “

သွမ့်ရှင်းရှောင်၏ပုံစံမှာ များစွာဂရုစိုက်ဟန်မပေါ်သော်လည်း ထိုအကြောင်းကြောင့်ပင် သူမဓားစံအိမ်မှ ကမန်းကတန်းပြန်လာခြင်းဖြစ်ပေသည်။

ထင်းရှောင်ယင်လည်း သွမ့်ရှင်းရှောင်၏ဖုံးကွယ်ထားမှုကို သိရှိသည့်အတွက် သက်ပြင်းသဲ့သဲ့ချလိုက်မိသည်။

ထိုအကောင်မှာ အမှန်ပင််စိတ်ရှုပ်စရာကောင်းသည်။

အကယ်၍ သွမ့်ရှင်းရှောင်နှင့်သူမသာသာမန်သိကျွမ်းခြင်းမျိုးဆိုပါက များစွာဂရုစိုက်စရာမလိုသော်လည်း ယခု သွမ့်ရှင်းရှောင်မှာ သူမ၏ညီမလေးတစ်ယောက်လိုဖြစ်နေရာ ဖြေရှင်းရခက်ခဲပေသည်။

ထို့အပြင် ထိုကောင်မှာ နောက်ထပ်မိန်းကလေးတစ်ယောက်နှင့် လည်ပတ်နေခြင်းဖြစ်သည်။

“ ငါလည်း သူနဲ့တွေ့ရင် ဖေဖေ့ရဲ့စကားအတိုင်းသူ့ကိုဓားစံအိမ်ပြန်ခေါ်သွားရမှာပဲ ။

ဒါပေမယ့်သူနဲ့နင်နဲ့ချိန်းထားတဲ့နေက တစ်လကျော်တောင်လိုသေး‌တယ်။ ငါဒီလောက်ကြီးမစောင့်ချင်ဘူး “

ထင်းရှောင်ယင်၏ စိတ်ပျက်လက်ပျက် လေသံကြောင့် သွမ့်ရှင်းရှောင်လည်းအသာပြုံးကာ ပြောလိုက်သည်။

“ ဒီရက်တွေမှာ အစ်မယင်မပျင်းအောင် ကျမဒီနားတစ်ဝိုက်က နာမည်ကြီးနေရာတွေကိုလိုက်ပြမယ်လေ “

သွမ့်ရှင်းရှောင်၏တတ်ကြွသည့်စကားကြောင့် ထင်းရှောင်ယင်မှာ ပြုံးလိုက်မိသော်လည်း ခေါင်းယမ်းလိုက်သည်။

“ နင့်ရဲ့ စေတနာကို‌တော့ ကျေးဇူးပါရှောင်ရှောင် ။ ဒါပေမယ့် ဓားစံအိမ်မှာ အေးအေးချမ်းချမ်းနေလာလို့လားမသိဘူး သိုင်းလောကထဲမှာ ငါကြာကြာမနေချင်ဘူး ။

အထူးသဖြင့် နေရာအနှံ့တိုက်ခိုက်သတ်ဖြတ်နေကြတာကို ငါမကြိုက်ဘူး ။ “

ထင်းရှောင်ယင်၏စကားကြောင့် သွမ့်ရှင်းရှောင်လည်း ခေါင်းညိမ့်ကာ စိတ်ဓာတ်ကျဟန်ဖြင့် ပြောလိုက်သည်။

“ ဟုတ်တယ် ကျမတို့ဂိုဏ်းကလူတွေပြောစကားအရဆိုရင် သိုင်းလောကကြီးထဲမှာ ကိစ္စကြီးကြီးမားမားတွေဖြစ်တော့မယ်တဲ့။

ဖေဖေကလည်းဒီအချိန်မှာ ဘာတွေစိတ်ကူးနေတာလည်းမသိဘူး။ ကျမ ထင်းရှီနဲ့တွေ့ပြီးရင် စံအိမ်ကိုမြန်မြန်ပြန်မှပဲ “

သွမ့်ရှင်းရှောင်၏စကားကြောင့် ထင်းရှောင်ယင်လည်းသူမ၏ပခုံးကိုပုတ်ကာ အသာပြောလိုက်သည်။

“ သိပ်လည်းစိတ်ပူမနေပါနဲ့ မိုးပြိုကျလာရင် မြင့်မားတဲ့လူတွေကထမ်းထားလိမ့်မယ်။

ဖေဖေရဲ့စကားအရဆိုရင် ဂိုဏ်းကြီးခြောက်ဂိုဏ်းကလည်း နှစ်‌ပေါင်းများစွာ အခြေခိုင်လာပြီး အင်အားမနည်းလှဘူး ။ သူတို့ကိုလျော့တွက်လို့မရဘူး “

“ အဲလိုဖြစ်ပါစေလို့ မျှော်လင့်ရတာပေါ့ “

သွမ့်ရှင်းရှောင်မှ တိုးညင်းစွာပြောလိုက်သည်။ ထို့နောက် သူမတစ်စုံတစ်ရာကို သတိရသွားသည့်ဟန်ဖြင့်ပြောလိုက်သည်။

“ ဟုတ်ပြီ ဒီနားကစီးမင်မြို့မှာ စွန်းစံအိမ်ရှိတယ်။ သူတို့ကသိုင်းလောကထဲမှာ ထိပ်ဆုံးသတင်းရောင်းတဲ့လူတွေပဲ။ ထင်းရှီရှိတဲ့နေရာကိုသူတို့သိနိုင်တယ် ။

ကျမတို့ သူလာအောင်စောင့်မနေဘဲ သူရှိတဲ့နေရာကိုလိုက်သွားတာမကောင်းဘူးလား “

သွမ့်ရှင်းရှောင်၏အကြံပေးစကားကြောင့် ထင်းရှောင်ယင်၏မျက်လုံးများ တောက်ပသွားသည်။

“ စွန်းအိမ်တော်ဆိုတာ သိုင်းလောကမှတ်တမ်းကိုပြုစုတဲ့ စွန်းမျိုးနွယ်လား “

သူမ၏စကားကြောင့် သွမ့်ရှင်းရှောင်မှ အနည်းငယ်အံ့အားသင့်သွားသော်လည်း ခေါင်းညိမ့်ပြလိုက်သည်။

“ အင်း... စွန်းမျိုးနွယ်က သတင်းရောင်းဝယ်တဲ့အင်အားစုသက်သက်ဆိုပေမယ့် သူတို့ကလည်း အထင်သေးလို့မရဘူး မနက်ဖြန်ကျ စွန်းအိမ်တော်ကိုသွားတာပေါ့ “

ထင်းရှောင်ယင်မှ အနည်းငယ်စဉ်းစားကာ ပြောလိုက်သည်။

&&&&

“ ဝှစ် ဝှစ် “

ထက်ရှသည့်တစ်စုံတစ်ခု လေထုကိုထိုးခွင်းသံထွက်ပေါ်နေကာ နက်ရှိုင်းသည့်ချောက်နက်၏အောက်ခြေမှ သဘာဝကျောက်လိုဏ်ဂူတစ်လုံး၏ရှေ့တွင် အသက်သုံးဆယ်အရွယ်လူရွယ်တစ်ယောက် ဓားသိုင်းလေ့ကျင့်လျက်ရှိသည်။

လူရွယ်မှာ ဟောင်းနွမ်းသော်လည်း သန့်ရှင်းသည့်အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ သူ၏လက်ထဲမှဓားမှာ အလင်းတန်းများကဲ့သို့ အရပ်ရှစ်မျက်နှာသို့ရွေ့လျားလျက်ရှိသည်။

ထိုလူရွယ်၏ဓားသိုင်းမှာ လွန်စွာအစွမ်းထက်ကာ များစွာအင်အားပြင်းထန်ခြင်းမရှိသေည်လည်း သူ၏အမြန်နှုန်းကြောင့် သိုင်းလောကထဲမှ အဆင့်လွန်ဓားသမားများကိုပင်ကောင်းစွာတိုက်ခိုက်နိုင်သည်။

သို့သော် သိုင်းပညာနက်ရှိုင်းသည့် တစ်စုံတစ်ယောက်မှ အသေအချာအကဲခပ်ကြည့်မည်ဆိုပါက လူရွယ်၏ဓားချက်များမှာ အတွင်းအားလုံးဝမပါဝင်သည်ကိုတွေ့ရပေမည်။

သိုင်းလောကထဲတွင် ဓားသိုင်းအမျိုးအစားများစွာရှိသော်လည်း ထိုဓားသိုင်းများမှာ အသုံးပြုသူ၏ကျွမ်းကျင်မှု သိုင်းအဆင့်စသည်တို့ကိုလိုက်၍ အစွမ်းထက်မှုကွာခြားသွားပေသည်။။

ထိုနေရာတွင်လျစ်လျူရှု၍မရသည်မှာ သိုင်းသမားများ၏အတွင်းအားပင်ဖြစ်သည် ။

သိုင်းအဆင့်တူသည့်သိုင်းသမားနှစ်ယောက်တိုက်ခိုက်ရာတွင်အတွင်းအားပိုကောင်းသည့်လူက ပို၍အသာစီးရသည်။

ထို့ကြောင့်လည်း ပြည်မကြီးထဲမှ သိုင်းသမားများမှာ အတွင်းအားကိုအခြေခံ၍ သိုင်းပညာအမျိုးအစားများစွာကို အသုံးပြုခြင်းဖြစ်သည်။

သိုင်းလောကထဲတွင် ‘ အတွင်းအားမရှိသည့်သိုင်းသမားမှာ အဆိပ်မရှိသည့် မြွေတစ်ကောင်လို အန္တရာယ်ပေးနိုင်စွမ်းမရှိ ‘ ဆိုသည့် စကားပင်ရှိသည်။

ဓားသိုင်းများမှာလည်း ထိုနည်းတူပင် အတွင်းအားဖြင့်တွဲဖက်တိုက်ခိုက်မှ လျှင်မြန်မှု၊ အင်အားပြင်းထန်မှု စသည်တို့ အဆပေါင်းများစွာကွာခြားသွားမည်ဖြစ်သည် ။

ယခုလူငယ်၏ဓားသိုင်းမှာ အတွင်းအားထည့်သွင်းမထားသော်လည်း အဆင့်လွန်သိုင်းသမားများကိုယှဉ်ပြိုင်နိုင်သည်အထိအစွမ်းထက်ပေသည်။

သူ၏ဓားသိုင်းကိုအင်အားပြည့်ဖြင့်သာတိုက်ခိုက်မည်ဆိုပါက .....

လူရွယ်နှင့်မနီးမဝေးတွင် အစိမ်းရောင်ဝတ်စုံနှင့်မိန်းကလေးတစ်ယောက်မှာ လူရွယ်အား ရွှန်းလဲတောက်ပနေသည့်မျက်ဝန်းများဖြင့်ကြည့်နေသည်။

သောက်ရှူးကြယ်လိုတလက်လက်တောက်ပနေသည့်မျက်ဝန်းများ ၊ ဖြောင့်စင်းနေသည့်နှာတံလှလှလေးနှင့် ချယ်ရီရောင်နှုတ်ခမ်းဖူးဖူးလေးတို့မှာ သူမ၏မျက်နှာကိုလွန်စွာလှပစေရန် တန်ဆာဆင်လျက်ရှိသည်။

ထို့အပြင် ပန်းပုရုပ်လေးလိုအချိုးအဆစ်ကျသည့်ခန္တာကိုယ်ကြောင့် ထိုမိန်းကလေးမှာ နတိသမီးတမျှလှပလျက်ရှိသည် ။

သိုင်းလောကထဲမှ သိုင်းသမားလူငယ်များကား ထိုကဲ့သို့မိန်းကလေးမျိုး၏အချစ်ကိုရဖို့ရန်အတွက် အရိုးကြေကြေအရေခမ်းခမ်းဆောင်ရွက်ပေးကြပေလိမ့်မည် ။

စိတ်မကောင်းစရာကား ထိုမိန်းကလေး၏မျက်စေ့ထဲတွင် ထိုလူရွယ်မှာ အရာအားလုံးပင်ဖြစ်ပုံရသည်။

မိန်းမလှလေးမှာ လူရွယ်အားတောက်ပစွာကြည့်ရှုနေရာမှသူမ၏စိတ်ထဲတွင် တစ်စုံတစ်ခုအားစဉ်းစားလိုက်မိဟန်ဖြင့် အတွေးနက်သွားကာ မျက်နှာလှလှလေးမှာ အနည်းငယ်နွမ်းလျသွားသည် ။

လူရွယ်မှာ ဓားသိုင်းလေ့ကျင့်နေခြင်းကိုရပ်နားလိုက်ပြီဖြစ်ကာ မိန်းမလှလေးအားကြည့်ကာပြုံးလိုက်သည်။

သူ၏မျက်နှာထက်တွင် စနောက်ချင်သည့်အရိပ်အယောင်များပေါ်လာကာ သူ၏ခန္တာကိုယ်အားတစ်ချက်လှုပ်ရှားလိုက်သည်။

“ ဝှစ် “

ထင်းရှီ၏ခန္တာကိုယ်မှာ သူ၏နေရာမှပျောက်ကွယ်သွားကာ အလင်းတန်းတစ်ခုလို ရှန်းယွင်၏ခန္တာကိုယ်အနီးသို့ရောက်လာသည်။

အတွေးထဲတွင်နစ်မြုပ်နေသည့်ရှန်းယွင်မှာ ရုတ်တရက်ရောက်လာသည့်ထင်းရှီကြောင့်အနည်းငယ်ထိတ်လန့်သွားကာ မရည်ရွယ်ဘဲလက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်မိသည်။

“ ဝုန်း... “

ရှန်းယွင်၏လက်ဝါးချက်မှာ မြေပြင်ပေါ်တွင် နက်ရှိုင်းသည့်တွင်းကြီးတစ်ခုကိုဖြစ်စေသော်လည်း ထင်းရှီမှာ ထိုနေရာတွင်မရှိတော့ပေ။

“ မင်းကငါ့ကိုသတ်ချင်နေတာလား အရင်တုန်းက လိုဏ်ဂူထဲတုန်းကလည်း တစ်ခါတိုက်ခိုက်ပြီးပြီ “

နဖူးဆီမှနာကျင်မှုနှင့်အတူ ထင်းရှီ၏စကားကြောင့် ရှန်းယွင်လည်း သူမ၏နှူတ်ခမ်းလေးကိုစုချွန်ထားလိုက်သည်။

“ အဲဒီတုန်းကလည်း ရှင်ကကျမအိပ်ငိုက်နေတာကိုလာထိတာကိုး အခုလည်း ကျမကို‌လန့်အောင်လာလုပ်တာကိုး “

ရှန်းယွင်မှ သူမနဖူးအားအတောက်ခံလိုက်ရ၍ မကျေမနပ်ဖြင့်နှုတ်လှန်ထိုးလိုင်သည်။

ထင်းရှီဆိုလိုသည်မှာ ယခင်ကလျှို့ဝှက်ခန်းထဲတွင်ရှိစဉ် ရှန်းယွင်မှမ‌တော်တဆတိုက်ခိုက်မိခြင်းကို ရည်ရွယ်ခြင်းဖြစ်သည်။

ထင်းရှီလည်း သူမ၏ချစ်စဖွယ်အမူအယာလေးကြောင့် မနေနိုင်ဘဲရယ်မောလိုက်ကာ စကားလမ်းကြောင်းလွှဲလိုက်သည်။

“ ငါတို့ဒီချောက်နက်ထဲကိုရောက်နေတာနှစ်လပြည့်ပြီနော် “

ထင်းရှီ၏စကားကြောင့် ရှန်းယွင်၏အမူအယာအနည်းငယ်ပြောင်းလဲသွားကာ ခေါင်းညိမ့်လိုက်သည်။

ထင်းရှီမှ သူမ၏မျက်နှာကိုအကဲခပ်ကာ ဆက်၍ပြောလိုက်သည်။

“ ယွင်အာ ငါတို့အပေါ်ကိုပြန်တက်ရအောင် “

ထင်းရှီ၏စကားကြောင့် ရှန်းယွင်၏မျက်နှာထက်တွင် ထူးဆန်းသည့်အမူအယာအချိူ့‌ပေါ်လာသော်လည်း တခဏအတွင်းပြန်၍ပျောက်ကွယ်သွားသည်။

“ အစ်ကိုကြီးထင်းကလည်း ကျမတို့နေ့တိုင်းအပေါ်တက်နိုင်မယ့်လမ်းကိုလိုက်ရှာနေတာပဲလေ တွေ့မှမတွေ့တာ “

ရှန်းယွင်မှပခုံးလေးတွန့်ကာ ဘာမှမတတ်နိုင်သည့်ပုံစံဖြင့်ပြောလိုက်သည်။

မှန်ပေသည်သူမတို့ချောက်နက်အောက်ခြေသို့ရောက်လာသော်လည်း နေ့စဉ်သိုင်းပညာလေ့ကျင့်ကြသလို အပေါ်တက်ရမည့်လမ်းကိုရှာဖွေရန်လည်းမမေ့လျော့ပေ။

ချောက်နက်အောက်ခြေမှသစ်တောကြီးထဲသို့ပင် သူမတို့နှစ်ယောက်နှံ့စပ်ပြီးဖြစ်သည်။ သို့သော် လမ်းနှင့်တူသည့်တစ်စုံတစ်ခုကိုမှ သူတို့ရှာမတွေ့ကြပေ ။

သူမ၏စကားကြောင့် ထင်းရှီ၏မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာကာ သူ၏မေးစေ့အားပွတ်ရင်း ပြောလိုက်သည်။

“ အာ ငါပြောဖို့မေ့နေတာ လွန်ခဲ့တဲ့တစ်ပတ်လောက်က အပေါ်ကိုသွားလို့ရနိုင်တယ်လို့ထင်တဲ့လမ်းတစ်ခုကို ငါတွေ့ထားတယ်။

လမ်းကိုလည်း ဘယ်လိုကောင်တွေလည်းမသိပါဘူး ချုံနွယ်တွေနဲ့ရှုပ်ထွေးအောင်လုပ်ပြီး မမြင်နိုင်အောင်လုပ်ထားသေးတာ ။ ငါတို့ ညနေကျရင် သွားပြီးစူးစမ်းကြည့်ရအောင်လေ “

ထင်းရှီမှတည်ကြည်သည့်လေသံဖြင့်ပြောလိုက်သော်လည်းသူ၏မျက်ဝန်းများမှာ ရယ်မြူးရိပ်များထင်ဟပ်‌နေသည်။

သူ၏စကားအဆုံးတွင် ရှန်းယွင်၏အမူအယာပြောင်းလဲသွားသည်။

All Chapters