← Chapters

နတ်လက်နက်မျိုးဆက်

Vol. 3 Ch. 259

နတ်လက်နက်မျိုးဆက်

Vol. 3 Ch. 259

“ ကြီးမြတ်တဲ့ဝူအင်ပါယာ‌ခေတ်က နတ်လက်နက်ဆရာကြီးဖူချိုးကို မသိတဲ့လူမရှိပါဘူး “

ထင်းရှီမှပြုံးလျက်ပြောလိုက်သည်။

နတ်လက်နက်ဖူချိူး

ဖူချိုးမှာ ဝူအင်ပါယာခေတ်ကကျော်ကြားခဲ့သည့် ပန်းပဲသခင်တစ်ယောက်ဖြစ်သည်။

ဝူဘုရင်မင်းမြတ်၏လက်သုံးတော်ဓားမှအစ သိုင်းလောကထဲမှ ကျော်ကြားခဲ့သည့်ရတနာဓားများအဆုံး ဖူချိူး၏လက်ရာများဖြစ်သည်။

ထိုခေတ်ကကျော်ကြားခဲ့သည့်သိုင်းလောကဆိုရိုးတစ်ခုမှာ ဖူချိူးထံမှ လက်နက်တစ်ခုကိုရရှိပါက သိုင်းလောကကိုတစ်ဝက်သိမ်းပိုက်နိုင်ပြီဆိုသည့်စကားပင်ဖြစ်သည်။

ယုတ်ဆွအဆုံး ကြီးမြတ်သည့်ဝူအင်ပါယာကိုတည်ထောင်စဉ်က အဓိကထောက်တိုင်ကြီးများဖြစ်သည့် စစ်သူကြီးလေးယောက်၏လက်နက်များကိုပင် ဖူချိူပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

သို့သော် ဖူချိုးမှာ စိတ်ထားထူးဆန်းကာ သူစိတ်လက်ကြည်သာသည့်အချိန်မှ လက်နက်ပြုလုပ်လေ့ရှိသည်။

ထိုလက်နက်များမှာလည်း သိုင်းလောကတစ်ခုလုံးကိုတုန်လှုပ်သွားစေသည်သာဖြစ်သည်။

ထို့ကြောင့်ပင် သိုင်းလောကသားများမှာ ဖူချိုးထံမှလက်နက်ကိုရရန် နည်းလမ်းအမျိူးမျိုးဖြင့်ကြိုးပမ်းကြသည့်နောက်ဆုံးဝူဘုရင်မှ ဖူချိုးအား သူ၏နန်းတွင်းတွင်ခေါ်ဆောင်ကာ ကာကွယ်ပေးလိုက်သည်။

ထို့အချိန်မှစ၍ နတ်လက်နက်ဖူချိုးမှာ သိုင်းလောကသားများအတွက် နောက်ထပ်တစ်ကြိမ်လက်နက်မပြုလုပ်တော့ခြင်းဖြစ်သည်။

ထိုကဲ့သို့နာမည်ကျော်ကြားကာ လွန်စွာထင်ရှားခဲ့သည့် နတ်လက်နက်ဖူချိုးမှာ ပထမဝူဘုရင်ကွယ်လွန်ပြီးနောက်တွင် သူလည်းသိုင်းလောကမှဇာတ်မြုပ်ခဲ့ပေသည်။

သို့တိုင် သူ၏လက်ရာများဖြစ်သည့် တိဗက်မှရတနာသုံးသွယ်ပုလွေ ၊ အရှေ့ပိုင်းမှမိိုးကြိုးနတ်ဘုရားတောင်ဝှေး ၊ ပါရှားဘက်သို့ရောက်ရှိသွားသည့် သံကွင်းဆက်လက်နက်စသည်တို့မှာ ယနေ့အချိန်အထိ ရတနာစာရင်းဝင်လက်နက်များဖြစ်နေကြသေးသည်။

ယခု ထင်းရှီမှာ မျှော်လင့်မထားဘဲ နတ်လက်နက်ဖူချိုး၏မျိုးဆက်နှင့်လာရောက်တွေ့ဆုံနေပေသည်။

“ ငါမေးချင်တာက မင်းကဘယ်လိုလုပ်ပြီး ငါ့ကိုနတ်လက်နက်ဆရာကြီးဖူချိုးရဲ့မျိုးဆက်ဆိုတာကို သိနေတာလဲ ။။

ငါလက်နက်စတင်ပြုလုပ်တဲ့အနှစ်သုံးဆယ်အတွင်းမှာ သိုင်းသမားအတော်များများရဲ့လက်နက်တွေကို လုပ်ဖူးတယ်။ အော့မေ့ဂိုဏ်းချုပ်ရဲ့ရေခဲကျောက်စိမ်းဓားကိုတောင် ငါလုပ်ဖူးတယ် ။

ဒါပေမယ့် သူတောင်မှ ငါ့ကိုနတ်လက်နက်မျိုးဆက်ဆိုတာမရိပ်မိခဲ့ဘူး။ မင်းကတကယ်ပဲ ဘယ်သူလဲ “

ဖူချန်းမှ ထင်းရှီ၏မျက်နှာကိုမ အသေအချာစိုက်ကြည့်ကာမေးလိုက်သည်။ သူ၏မျက်လုံးများမှာ စူးရှတောက်ပနေကာ ထင်းရှီ၏ရင်ထဲသို့ထိုးဖောက်ကြည့်နေသကဲ့သို့ပင်ထင်မှတ်ရသည် ။

ထင်းရှီလည်း သူ၏ရှေ့မှ ပန်းပဲဆရာကြီးမှာ ရိုးရှင်းသည့်လူတစ်ယောက်မဟုတ်သည်ကိုသိလိုက်သည်။

သို့သော် ထင်းရှီ၏မျက်နှာမှာ ပကတိတည်ငြိမ်နေကာ အနက်ရောင်မျက်လုံးများမှာ နက်ရှိုင်းသည့်ရေကန်တစ်ခုအလား ခန့်မှန်းရခက်လှသည်။

ထင်းရှီ၏တည်ငြိမ်သည့်မျက်နှာနှင့် ခန့်မှန်းမရသည့်အတွက်ကြောင့် ဖူချန်းမှာအနည်းငယ်စိတ်ပျက်သွားသလို စိတ်ထဲမှကြိတ်၍ချီးကျူးလိုက်သည်။

‘ ဒီလိုမျိုးတည်ငြိမ်တဲ့စိတ်အခြေအနေနဲ့ ခန့်မှန်းမရတဲ့လူငယ်လေး ‘

အတန်ကြာမှထင်းရှီမှာ ပြုံးလျက်ပြောလိုက်သည်။

“ ကျုပ်နာမည်ကထင်းရှီပါ ။ ကျုပ်ခင်ဗျားကိုနတ်လက်နက်မျိုးဆက်လို့သိလိုက်တာက ခင်ဗျားဆိုင်ရဲ့ဆိုင်းပုဒ်ကအမှတ်အသားလေးမြင်လိုက်ရလို့ပါ။ ။

တူနှစ်လက်ကိုကြတ်ခြေခတ်ထားတဲ့ပုံက ပန်းပဲဆရာတွေအများစုအသုံးမပြုတတ်ကြဘူး ။နောက်ပြီးတိုက်တိုက်ဆိုင်ဆိုင်ကျုပ်ကလည်း အဲဒီအမှတ်အသားပါတဲ့ဓားတစ်လက်ကို အရင်တုန်းကမြင်ဖူးတယ် “

ထင်းရှီ၏စကားအဆုံးတွင် ဖူချန်းမှထိုင်နေရာမှဝုန်းခနဲထရပ်ကာ ထင်းရှီ၏ဝတ်စုံအားဆုပ်ကိုင်ကာမေးလိုက်သည်။

“ အဲဒီလက်နက်က ဘာလက်နက်လဲ မင်းဆီမှာရှိလား “

ဖူချန်း၏ဟန်မှာ လွန်စွာစိတ်လှုပ်ရှနေပုံပေါ်သည်။ ထို့နောက် သူ၏အလောတကြီးဟန်ကိုပြန်သတိထားလိုကိမိကာ ထင်းရှီအာတောင်းပန်လိုက်သည်။

“ စိတ်မရှိပါနဲ့ ကျုပ်လောကြီးသွားတယ် “

ထင်းရှီမှသူ၏စိတ်ခံစားချက်ကိုနားလည်သဘောပေါက်သည် ။ ထို့ကြောင့် စိတ်ကွက်ခြင်းမရှိဘဲ ဖြေးညင်းစွာပြောလိုက်သည်။

“ ကျုပ်အဲဒီလက်နက်ကိုမပြနိုင်တာကတော့ စိတ်မကောင်းပါဘူး ။ အဒါကဓားတစ်လက်ပဲ ခရမ်းရောင်ဖျော့ဖျော့သမ်းနေပြီး ကြောက်မက်ဖွယ်အငွေ့အသက်တွေနဲ့ဓားတစ်လက် “

“ ခရမ်းရောင်နှင်းစက် အဖိုးပြုလုပ်ခဲ့တဲ့အကောင်းဆုံးလက်နက်တွေထဲကတစ်ခုဖြစ်တဲ့ ခရမ်းရောင်နှင်းစက်ပဲ ။

မထူဆန်းတော့ပါဘူး ကောင်လေး မင်းကဓားဘုရင်ရဲ့အဆက်အနွယ်ပဲ “

ဖူချန်းမှ သူ၏စိတ်ခံစားချက်များကိုပြန်လည်ထိမ်းချုပ်နိုင်ဟန်ဖြင့် သူ၏ထိုင်ခုံတွင်ပြန်ထိုင်လိုက်သည် ။ ထို့နောက် ဆက်၍ပြောလိုက်သည်။

“ အဖိုးရဲ့ဘဝတစ်လျှောက်လုံးမှာ ရတနာစာရင်းဝင်လက်နက်နှစ်ဆယ်ကျော်ကိုပြုလုပ်ခဲ့တယ်။

အဲဒီထဲက အကောင်းဆုံးလို့ပြောလို့ရတာက ခရမ်းရောင်နှင်းစက် အပါအဝင် လက်ဆယ်ချောင်းတောင်မပြည့်ဘူး ။

အဖိုးသေဆုံးပြီးတော့ ငါ့ရဲ့ဖခင်ကအဖိုးရဲ့ပန်းပဲပညာကိုအပြည့်အဝမဆက်ခံနိုင်ခဲ့ဘူး ။ဒါကြောင့်ငါကလည်း အဖေ့ရဲ့ခြေရာကိုနင်းနိုင်ပေမယ့် ငါ့အဖိုးနဲ့ယှဉ်ရင်အများကြီးလိုသေးတယ်။

ကောင်လေး ငါပြောမယ် ငါတို့နက်လက်နက်မျိူဆက်တွေလုပ်တဲ့လက်နက်ကိုသုံးမျိုးသုံးစားခွဲလို့ရတယ် ။ အဲဒီအကြောင်းကိုသိတဲ့လူက ငါတို့နက်လက်နက်မျိူဆက်တွေကလွဲရင် မင်းတစ်ယောက်ပဲရှိသေးတယ် ။

ပထမတစ်ခုက ငါ့အဖိုးလုပ်ခဲ့တဲ့ အကောင်းဆုံးလက်နက်တွေပဲ။ အဲဒါက ခရမ်းရောင်နှင်စစက်အပါအဝင်သုံးလေးခုပဲရှိတယ်။

ဒုတိယတစ်ခုက သိုင်းလောကသားတွေကြားမှာလူသိများတဲ့ ရတနာစာရင်းဝင်လက်နက်တွေပဲ။

တတိယအမျိုးအစားက ရတနာစာရင်းဝင်လက်နက်တွေမဟုတ်ပေမယ့် သာမန်လက်နက်တွေနဲ့စာရင်အပုံကြီးကောင်းမွန်တဲ့ နဂါးစိမ်းဂိုဏ်းက ဂိုဏ်းထိန်း နဂါးဓားရှင်ကဲ့ဓား ၊ အော့မေ့ဂိုဏ်းချုပ်ရဲ့‌ ရေခဲကျောက်စိမ်းဓား စတဲ့ ငါလုပ်နိုင်တဲ့တတိယတန်းစားလက်နက်တွေပဲ။။

ငါကသိပ်ပြီးညံ့နေတာလား ။ ငါ့အဖိုးလို အကောင်းဆုံးလက်နက်တွေကိုမပြောနဲ့ ရတနာစာရင်းဝင်ဆိုတဲ့လက်နက်တွေကိုတောင်ငါမလုပ်နိုင်သေးဘူး “

ဖူချန်းမှ စကားပြောဆိုနေရာမှ မောသွားဟန်ဖြင့်စားပွဲပေါ်မှအရက်အိုးကိုမော့သောက်လိုက်သည်။

ဖူချန်းမှာ မည်သည့်အတွက် ထိုအကြောင်းများကို သူ့ထံပြောပြနေရသည်မသိသော်လည်း ထင်းရှီမှ စစ်သူကြီးတစ်ယောက်၏အဆက်အနွယ်ဖြစ်ကာ သူ၏အဖိုးနှင့်ရင်းနှီးသူဟုပြောနိုင်သည့်အတွက်ယခုလိုရင်ဖွင့်ခြင်းဖြစ်နိုင်သည်။

ထင်းရှီနှင့်စကားပြောဆိုပြီးနောက် ဖူချန်းမှာ အနည်းငယ်ပေါ့ပါးသွားဟန်ရသည်။ ထို့နောက် တည်ကြည်သည့်မျက်နှာဖြင့် ထင်းရှီအားမေးလိုက်သည်။

“ မင်းက ထိပ်သီးဓားသမားတစ်ယောက်ပဲ မင်းရဲ့ဓားကို သာမန်ဓားကောင်းတစ်လက်ထဲဖြစ်စေချင်တာမဟုတ်လောက်ဘူး “

ဖူချန်း၏စကားမှာ ထင်းရှီမျှော်လင့်နေသည့်အရာဖြစ်ကာ သူ၏မျက်နှာတွင်အပြုံးတစ်ခု ထွက်ပေါ်လာကာ ဖူချန်းအားပြောလိုက်သည်။

“ ကျုပ်ရဲ့ဓားကို အရှည်ကသာမန်ဓားရှည်တွေအတိုင်းဆိုပေမယ့် အသွားနှစ်ဖက်ကို သာမန်ထက်ထက်ရှပြီး ပေါ့ပေါ့ပါးပါးပုံစံလည်းဖြစ်ရမယ် ။

နောက်ပြီး ရတနာလက်နက်တွေကို မယှဉ်နိုင်ရင်တောင် အနည်းဆုံးသာမန်ဓားတွေကို အေးအေးဆေးဆေးချိုးဖျက်နိုင်ရမယ် ။ ခင်ဗျားလုပ်ပေးနိုင်မလား “

ထင်းရှီ၏စကာများကို ဖူချန်းမှာ အသေအချာနားထောင်နေရာမှ ခေါင်းတညိမ့်ညိမ့်ဖြစ်သွားသည်။

“ သာမန်ထက်ပေါ့ပါးပြီး ထက်ရှမယ် မင်းကအမြန်နှုန်းအထူးပြုဓားသမားပဲ “

ဖူချန်း၏မှတ်ချက်ကြောင့် ထင်းရှီလည်း လေးနက်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။ သူ၏အကြည့်ကြောင့် ဖူချန်းမှတဟားဟားအော်ရယ်ကာ ဆက်ပြောလိုက်သည်။

“ ငါ့ကိုဒီလိုမကြည့်နဲ့ကောင်လေး ငါကနှစ်တွေအကြာကြီးလက်နက်တွေလုပ်လာတာဆိုတော့ ဘယ်လက်နက်က ဘယ်လိုနေရာမှာပိုပြီးအသုံးဝင်တာကိုသိနေတာ ။

ငါဘာသိုင်းပညာမှမတတ်ဘူး “

ဖူချန်း၏စကားကိုထင်းရှီမှတုံ့ပြန်ခြင်းမပြဘဲတိန်ဆိတ်နေသည်။ ထို့နောက် ဖူချန်းအားအရိုအသေပေးကာပြောလိုက်သည်။

“ ဒါဆို ကျုပ်ရဲ့ဓားကို ခင်ဗျားရဲ့လက်ထဲအပ်ထားခဲ့တော့မယ် ။ ကျုပ်ဒီမြို့မှာ သုံးရက်လောက်နေမယ်စိတ်ကူထားတယ်။ ဒီအတောအတွင်းပြီးနိုင်ပါ့အလား “

ဖူချန်းမှအလေးအနက်ခေါင်းညိမ့်လိုက်သည်။

“ စိတ်ချကောင်လေး ငါမင်းရဲ့ဓားကိုသူံက်ုအတွင်းအပြီးလုပ်ပေးမယ်။ ရတနာစာရင်းဝင်လက်နက်တွေဆိုရင်တော့ ပစ္စည်းအစုံရှိရင်တောင် အနည်းဆုံးအချိန်တစ်ပတ်မယူဘဲမရဘူးဟေ့။

ဒါပေမယ့် မင်းရဲ့ဓားကိုလည်းစိတ်ချပါ။ ငါတတ်နိုင်သမျှအကောင်းဆုံးဖြစ်စေရမယ်။ ငါအရင်ကလုပ်ခဲ့ဖူးတဲ့ အော့မေ့ဂိုဏ်းက နာမည်ကျော်ရေခဲကျောက်စိမ်းဓားထက်မနိမ့်ကျစေရဘူး “

ဖူချန်း၏အာမခံစကားကြောင့် ထင်းရှီမှာ‌ကျေနပ်သွားကာ ဖူချန်းအားနှုတ်ဆက်၍ ထွက်သွားရန်ပြင်လိုက်သည်။

ထိုစဥ်ဖူချန်းမှ တစ်စုံတစ်ခုအားသတိရသွားသည့်ဟန်ဖြင့်လှမ်းပြောလိုက်သည်။

“ မင်းရဲ့နာမည်ကထင်းရှီနော်။ လွန်ခဲ့တဲ့ရက်ပိုင်းက အော့မေ့ဂိုဏ်းကကောင်မလေးတစ်ယောက်ငါ့ဆီကိုရောက်လာတယ်။။

သူက ‌ အော့မေ့ဂိုဏ်းချုပ်ဂိုဏ်းချုပ် ရသေ့မရဲ့တပည့်တစ်ယောက်ပဲ။ သူ့ဆရာရဲ့ ရေခဲကျောက်စိမ်းဓားတောင်ပါသေးတယ်။

အဖွားကြီးက သူ့ကိုအတော်ချစ်ပုံပဲကွ ။ သူ့လက်ဆွဲတော်ရေခဲကျောက်စိမ်းဓားကိုတောင် ကောင်မလေးလက်ကိုအပ်ထားတာ ။ သူရောက်လာတာက သု့အတွက်ဓားကောင်းတစ်လက်လိုချင်လို့ပဲ။ သူ့ရဲ့ဓားကဒီနေ့ပြီးသွားပြီ ။

နောက်ပြီး သူနဲ့တခြားမိန်းကလေးတစ်‌ယောက်ပြောနေတဲ့ပုံအရဆိုရင် ထင်းရှီဆိုတဲ့လူတစ်ယောက်ကိုလာရှာတာဆိုပဲ။

ငါ့ကိုတောငိဒီအကြောင်းမေးသေးတယ်။ ငါကလဲ ပန်းပဲပညာကလွဲပြီးကျန်တာသိပ်စိတ်မဝင်စားတဲ့လူဆိုတော့ ငါဘယ်သိမှာလဲ ။။သူတို့ရှာနေတဲ့လူက မင်းလား “

ထင်းရှီ၏ခြေလှမ်းများရပ်တန့်နေပြီဖြစ်ကာ ဖူချန်းအားပြန်ကြည့်လိုက်သည်။ ထို့နောက်သူ၏မျက်နှာထက်တွင် ရှုပ်ထွေးသည့်အမူအယာအချို့ပေါ်လာကာ ငေးငိုင်သွားသည်။

All Chapters