← Chapters

ဂိုဏ်းတွင်းအစည်းအဝေး

Vol. 3 Ch. 267

ဂိုဏ်းတွင်းအစည်းအဝေး

Vol. 3 Ch. 267

သိုင်းလောကတစ်ခုလုံးတုန်လှုပ်သွား‌စေမည့်သတင်းတစ်ခုပျံ့နှံ့လာသည်။

ခရမ်းရောင်သွေးလဂိုဏ်းမှအာဏာရှင်ဟုကျော်ကြားသည့် ငရဲဓားဝမ်းတုမှာ သူ၏ဂိုဏ်းသားအယောက်သုံးဆယ်ခန့်နှင့် စန်နုန်ကျတွင်သတ်ဖြတ်ခံခဲ့ရသည်။

ထိုဖြစ်ရပ်မှာ နှင်းငွေ့မိစ္ဆာသခင်၏မျက်နှာကိုဖြတ်ရိုက်လိုက်ခြင်းဖြစ်ကာ ခရမ်းရောင်သွေးလဂိုဏ်းကိုပြောင်ပြောင်တင်းတင်းစိန်ခေါ်လိုက်ခြင်းမည်၏။

ထိုသတင်းမှာ မည်သည့်နေရာမှစတင်ပျံ့နှံ့လာသည်ကိုမသိရသော်လည်း ထိုဖြစ်ရပ်၏လက်သည်မှာ သွေးလဖျက်ဆီးသူဆိုသည့်အဖွဲ့၏လက်ချက်ဖြစ်ကြောင်းပြောဆိုနေကြသည်။

သွေးလဖျက်ဆီးသူဆိုသည်မှာ လွန်ခဲ့သည့်လပိုင်းမှစတင်ပေါ်ထွက်လာခြင်းဖြစ်ကာ လျှို့ဝှက်ဆန်းကြယ်လှသည့်အဖွဲ့အစည်းဖြစ်သည်။

ထိုအဖွဲ့တွင် သိုင်းထိပ်သီးများစွာပါဝင်ကာ သူတို့အားလုံး နဂါးမျက်နှာဖုံးများကိုဝတ်ဆင်ထားကြသည့်အတွက် မည်သူမည်ဝါဖြစ်မှန်းမသိကြပေ။

သို့သော် သူတို့ရည်ရွယ်ချက်မှာရှင်းလင်းလှသည်။ သူတို့၏နာမည်အတိုင်းခရမ်းရောင်သွေးလဂိုဏ်းကိုဖျက်စီးရန်ဖြစ်သည်။

အချိန်တစ်လအတွင်း ခရမ်းရောင်သွေးလဂိုဏ်းမှ မျက်နှာဖုံးစွပ် အဆင့်မြင့်ဂိုဏ်းသားအယောက်နှစ်ဆယ်ထက်မနည်းဖမ်းဆီးခြင်းသတ်ဖြတ်ခြင်းခံခဲ့ရသည်။

အံ့ဩဖွယ်ကောင်းသည်မှာ ထိုလူအားလူံးလိုလိုမှာ အဖြူရောင်သိုင်းလောကမှ ဖြောင့်မက်သည်ဟုကျော်ကြားသည့်ထိပ်သီးများ၊ အဖြူမကျအနက်မကျသိုင်းသမားများနှင့် ထိပ်တန်းအင်အားစုများမှလူအချို့ပင်ပါဝင်သည်။

ထိုဖြစ်ရပ်ကြောင့် သိုငိးလောကရှိဂိုဏ်းအဖွဲ့များတုန်လှုပ်သွားကြကာမိမိတို့၏ဂိုဏ်းများအတွင်း ခရမ်းရောင်သွေးလဂိုဏ်းသားများရှိနေမည်ကို တင်းကြပ်စွာစစ်ဆေးလာကြသည်။

သွေးလဖျက်ဆီးသူအဖွဲ့ထွက်ပေါ်လာမှုမှာ အဖြူရောင်သိုင်းလောကသားများအတွက် အလင်းရောင်တစ်ခုဖြစ်ကာ ခရမ်းရောင်သွေးလဂိုဏ်း၏ရန်ကိုစိုးထိတ်နေကြသည့်ဂိုဏ်းများစွာမှ သွေးလဖျက်စီးသူအဖွဲ့ကိုလှိုက်လှုက်လှဲလှဲအသိအမှတ်ပြုခဲ့ကြသည်။

သို့သော် သွေးလဖျက်ဆီးသူများမှာ အမြဲလိုလိုလျှို့ဝှက်နေကြကာ သူတို့မည်သည့်နေရာတွင်ပင်ဖြစ်‌စေထွက်ပေါ်လာတတ်ပြီးသိုင်းလောထဲတွင် တစ္ဆေသရဲများပမာလှုပ်ရှားနေကြသည်။

ငရဲဓားဝမ်းတုသေဆုံးပြီးနောက်တွင် ခရမ်းရောင်သွေးလဂိုဏ်းသားများမှာ ရူးသွပ်စွာတုံ့ပြန်လာကာ သွေးလဖျက်ဆီးသူအဖွဲ့ရှိသည်ဟုသတင်းရသည်နှင့် သူတို့၏ထိပ်သီးများအလုံးအရင်းရောက်လာတတ်သည် ။

သို့သော် ထိုဖြစ်ရပ်ကိုကြိုတင်ခန့်မှန်းထားပုံရသည့် သွေးဖျက်ဆီးသူများမှာ ဝမ်းတုကိုသတ်ဖြတ်ပြီးနောက် အစအနပင်မကျန်အောင်ပျောက်ကွယ်နေသည် ။။

သွေးလဖျက်စီးသူများကိုရှာမ‌တွေ့သည့်နောက်ဆုံး အဖြူရောင်သိုင်းဂိုဏ်းအများအပြားမှာခရမ်းရောင်သွေးလဂိုဏ်း၏ဒေါသဖြေဖျောက်စရာ ဓားစာခံဖြစ်ခဲ့ရသည်။

‌ယခုကာလမှာ သာမန်ဂိုဏ်းအဖွဲ့ငယ်များသာမက ပထမတန်းစားအင်အားစုများပင် ခရမ်းရောင်သွေးလဂိုဏ်း၏တိုက်ခိုက်မှုများမည်သည့်အချိန်ရောက်လာမည်ကို ရင်တထိတ်ထိတ်နှင့်ကျီးလန့်စာစားဖြစ်နေကြရသည်။

ထိုအတွက်ကြောင့် အဖြူအနက်စိန်ခေါ်ပွဲပြီးသည့်အချိန်မှစ၍ငြိမ်သက်နေသည့်ဂိုဏ်းကြီးငါးဂိုဏ်းမှာ သိုင်းလောကတွင်ပြန်၍လှုပ်ရှားလာကြသည်။

သိုင်းလောကတစ်ခုလုံးအုတ်အုတ်ကျက်ကျက်ဖြစ်နေချိန်တွင် နဂါးစိမ်းဂိုဏ်းတွင်လည်း ဂိုဏ်းတွင်းရေးရှုပ်ထွေးလျက်ရှိသည်။

လုံဟိုင်မြိုရှိနဂါးစိမ်းဂိုဏ်း၏ဌာနချုပ်

နဂါးစိမ်းဂိုဏ်း၏ပင်မခန်းမကျယ်ကြီးထဲတွင်လူများစွာထိုင်လျက်ရှိသည် ။

ခန်းမအကျယ်အဝန်းမှာ လူနှစ်ရာခန့်ကောင်းစွာဆန့်ကာ ‌ထိုင်ခုံသုံးမျိုးသုံးစားခွဲခြားထားသည် ။

ခန်းမရှည်ကြီး၏ထိပ်တွင်သာမန်ထက်မြင့်မားသည့်ထိုင်ခုံအလွတ်တစ်လုံးရှိကာ ထိုထိုင်ခုံမှာ နဂါးစိမ်းဂိုဏ်းချုပ်ကြီးသွမ့်ကျန်းမင်အတွက်ဖြစ်သည် ။

သူ၏အောက်အနည်းငယ်နိမ့်သည့်ထိုင်ခုံများထက်တွင်မူ အဖိုးအိုခြောက်ယောက်ခန့် ထိုင်လျက်ရှိကာ ထိုလူများမှာ သိုင်းဝိဇ္ဇာအဆင့်တစ်ဝက်ပညာရှင်များဖြစ်သည့် နဂါးစိမ်းဂိုဏ်း၏ဂိုဏ်းထိမ်းကြီးများဖြစ်ကြသည် ။

ဂိုဏ်းထိမ်းကြီးများအတွက်ထိုင်ခုံမှာမူ ကိုးလုံးခန့်ရှိကာ ထိုထိုင်ခုံများမှာ ဂိုဏ်းထိမ်းကြီးကိုးယောက်ကိုကိုယ်စားပြုလေသည်။

သို့သော် ယခုအချိန်တွင်ထိုင်ခုံခြောက်လုံးပေါ်တွင်သာအဖိုးအိုခြောက်ယောက်ရှိနေကာ ကျန်ထိုင်ခုံသုံးလုံးမှာ အလွတ်ဖြစ်နေသည် ။

နဂါးစိမ်းဂိုဏ်းကြီးတည်ထောင်ခါစတွင် ဂိုဏ်းထိမ်းကြီးကိုးယောက်ရှိကာ ဂိုဏ်းအင်အားကြီးထွားစပြုလာသည့်အချိန်တွင်အခြားဂိုဏ်းအဖွဲ့များနှင့်တိုက်ပွဲများကြောင့် ဂိုဏ်းထိမ်းကြီးနှစ်ဦးသေဆုံးခဲ့ရသည်။

အခြားဂိုဏ်းထိမ်းကြီးတစ်ယောက်ဖြစ်သည့်တုန်းဖန်းလီမှာမူ လွန်ခဲ့သည့်နှစ်နှစ်‌ကျော်က သူ၏သားဖြစ်သူတုန်းဖန်းရှန်သေဆုံးသွားသည့်အချိန်တွင်လွန်စွာခံစားခဲ့ရကာ သူ၏မြေးတုန်းဖန်းလျှံပါပျောက်ဆုံးသွားသည့်အတွက် အချိန်ပြည့်သူ၏မြေးကိုလိုက်လံရှာဖွေနေကာ နဂါးစိမ်းဂိုဏ်းသို့တစ်ခေါက်မှပြန်မရောက်တော့ပေ။

ယခုအချိန်တွင်သူမည်သည့်နေရာတွင်ရှိနေသည်ကို မည်သူမှမသိသလို သူ၏မြေးကိုမတွေ့မချင်း နဂါးစိမ်းဂိုဏ်းသို့ပြန်လာရန်ကိုလည်း ဂိုဏ်းချုပ်ကိုယ်တိုင်ဖြောင်းဖြလျှင်ပင်ရန်ုမည်မဟုတ်ပေ။

သူတို့နှင့်အနည်းငယ်လှမ်းသည့်နေရာများတွင် နဂါးစိမ်းဂိုဏ်း၏ဝတ်စုံနှင့် ရင်ဘက်တွင်သေးငယ်သည့်နဂါးတစ်ကောင် ၊တိမ်ပုံသဏ္ဍာန်တစ်ခုရှိသည့် နဂါးစိမ်းဂိုဏ်း၏ဂိုဏ်းခွဲမှူးများထိုင်လျက်ရှိသည်။

နဂါးစိမ်းဂိုဏ်းခွဲမှူးအရေအတွက်မှာ တစ်ရာကျော်ကာလွန်ခဲ့သည့်တစ်လကျော် နဂါးစိမ်းဂိုဏ်းတံခါးပိတ်သည်ဟုကြေညာသည့်အချိန်မှစ၍ ဂိုဏ်းသို့စုံလင်စွာပြန်ရောက်နေခြင်းဖြစ်သည်။

နဂါးစိမ်းဂိုဏ်း၏ဂိုဏ်းခွဲမှူးရာထူးမှာ သိုင်းပညာအဆင့်လွန်သိုင်းသမားတစ်ယောက်ဖြစ်သည့်အပြင်ကောင်းမွန်သည့်ဂုဏ်သတင်းရှိမှသာရယူနိုင်သည်။

ထို့ကြောင့် ခန်းမထဲတွင်အဆင့်လွန်သိုင်းသမားတစ်ရာကျော်ရှိနေသည်ဟုပြော၍ရသည်။

အဆင့်လွန်သိုင်းသမားတစ်ရာကျော်

ထိုပမဏမှာတုန်လှုက်ဖွယ်ကိန်းဂဏန်းတစ်ခုဖြစ်ကာ သိုင်းလောကထဲတွင် အဆင့်လွန်သိုင်းသမားတစ်ယောက်ဖြစ်လျှင်လက်မထောင်၍ရသည်။

အဆင့်လွန်သိုင်းသမားတစ်ရာကျော်က ဂိုဏ်းကြီးခြောက်ဂိုဏ်းထဲမှ ရှောင်လင် ၊ ဝူတန်းနှင့် သူတောင်းစားဂိုဏ်းကြီးတွင်သာ ထိုမျှအင်အားရှိမည်ဖြစ်သည်။

ယခုအချိန်တွင်တစ်ရာကျော်သည့်နဂါးစိမ်းဂိုဏ်းခွဲမှူးများမှာ တစ်ယောက်တစ်ပေါက်ဆူညံနေကြသည် ။

သူတို့အဓိကပြောဆိုနေကြသည့်အကြောင်အရာမှာ သိုင်းလောကအတွက် အရေးကြီးသည့်အချိန်တွက် နဂါးစိမ်းဂိုဏ်းကြီးတံခါးပိတ်သည့်အတွက်ဖြစ်သည်။

အချို့ဂိုဏ်းခွဲမှုးများမှာ ‌ဒေါသထွက်နေဟန်ရကာ အချို့မှာတွေရှုပ်ထွေးပုံရသည် ။ ဂိုဏ်းခွဲမှူးအများစုမှာမူ လူမြင်ကွင်းမှအချိန်အတော်ကြာပျောက်ကွယ်နေသည့် သူတို့၏ဂိုဏ်းချုပ်ကိုစောင့်မျှော်နေကြသည်။

ထိုအချိန်တွင် ခန်းမအပြင်ဘက်မှထွက်ပေါ်လာသည့် စည်းချက်ညီကာညင်သာသည့်ခြေသံတစ်ခုကြောင့် သူတို့၏စကားများရပ်တန့်သွားကြသည်။

ထို့နောက် သူတို့အားလုံးမှာ ခန်းမအပေါက်သို့ကြည့်လိုက်ကြကာ သူတို့၏မြင်ကွင်းအတွင်းလူတစ်ယောက်ဖြေးညင်းစွာလျှောက်ဝင်လာသည်။

ထိုလူမှာ အသက်လေးဆယ်ကျော်အရွယ်ရှိကာ ခန့်ညားသည့်ရုပ်ရည်နှင့် ပြတ်သားသည့်သွင်ပြင်ရှိသည်။

သူ၏ခန္တာကိုယ်မှာ ထောင်မက်စွာစိုက်ထူသည့်ဓားတစ်စင်းကဲ့သို့ဖြစ်နေကာ ဖော်ပြမရနိုင်သည့်တည်ငြိမ်ထက်ရှသည့်အငွေ့အသက်များထွက်ပေါ်နေသည်။

ထိုလူထွက်ပေါ်လာပြီးနောက်နဂါးစိမ်းဂိုဏ်းခွဲမှူးများမှာ ကြည်ညိုလေးစားသည့်မျက်ဝန်းများဖြင့်ကြည့်လိုက်ကြကာ ဂါရဝပြုလိုက်ကြသည်။

တည်ငြိမ်စွာထိုင်လျက်ရှိသည့်ဂိုဏ်းထိမ်းကြီးခြောက်ယောက်သည်ပင် မတ်တပ်ရပ်လိုက်ကြသည် ။

ထိုလူကား နဂါးစိမ်းဂိုဏ်းကြီး၏ဂိုဏ်းချုပ် နဂါးစိမ်းဓားသမားသွမ့်ကျန်းမင်ဖြစ်သည် ။

သွမ့်ကျန်းမင်မှာ အလယ်မှလျောက်လမ်းအတိုင်း ညင်သာစွာလျှောက်လာကာညခန်းမထိပ်မှထိုင်ခုံပေါ်သို့ထိုင်လိုက်သည် ။ ထို့နောက် နဂါးစိမ်းဂိုဏ်းခွဲမှုးများကိုတစ်ချက်ဝေ့ကြည့်ကာ ပြောလိုက်သည် ။

“ အကုန်လုံးထိုင်လို့ရပါတယ် “

သူ၏စကားကြောင့် နဂါးစိမ်းဂိုဏ်းခွဲမှူးများမှာ သူတို့၏ထိုင်ခုံအသီးသီးပေါ်သို့ထိုင်လိုက်ကြသည်။

ဂိုဏ်းခွဲမှူးအများစုမှာ အချိန်အတော်ကြာပျောက်ကွယ်နေသည့် သူတို့၏ဂိုဏ်းချုပ်ကိုစူးစမ်းလိုသည့်အကြည့်ဖြင့်ကြည့်လိုက်ကြသည်။

အံ့အားသင့်ဖွယ်ကောင်းသည်ကား အမြဲလိုလိုတတိကြွကာ ရွှင်လန်းနေသည့်သူတို့၏ဂိုဏ်းချုပ်မှာ အနည်းငယ်နီရဲနေသည့်မျက်လုံးများဖြင့် ပင်ပန်းနွမ်းလျနေပုံရသည် ။

သို့သော် မည်သူမှအသံမထွက်ကြဘဲ သွမ့်ကျန်းမင်၏စကားကိုသာစောင့်မျှော်နေကြသည်။

သွမ့်ကျန်းမင်လည်း သူ၏ဂိုဏ်းခွဲမှူးများကိုကြည့်နေရာမှ သက်ပြင်းတစ်ချက်ချကာမေးလိုက်သည် ။

“ မင်းတို့မှာ ပြောစရာတွေရှိနေတယ်နဲ့တူတယ် “

သူ၏မေးခွန်းကြောင့် ဂိုဏ်းခွဲမှူးများမှာ အသံမထွက်ကြသော်လည်း ခေါင်းညိမ့်လိုက်ကြသည်။

သွမ့်ကျန်းမင်၏ရှေ့နေရာတွင်ထိုင်နေသည့် ဂိုဏ်းထိမ်းကြီးများထဲမှ တိမ်တိုက်လက်ဝါးမှ ထရပ်က ပြောလိုက်သည်။

“ ဂိုဏ်းချုပ်သူတို့က နဂါးစိမ်းဂိုဏ်းကြီးကို အခုဖြစ်နေတဲ့အခြေအနေတွေလျစ်လျူရှုပြီး တံခါးပိတ်နေတဲ့ကိစ္စကို သိချင်ကြပါတယ် “

တိမ်တိုက်လက်ဝါး၏စကားမှာ တိတ်ဆိတ်‌နေသည့် ခန်းမကျယ်အတွင်းရှင်းလင်းစွာထွက်ပေါ်လာသည် ။

All Chapters