နဂါးစိမ်းဂိုဏ်း၏ဌာနချုပ်
Vol. 3 Ch. 268
တိမ်တိုက်လက်ဝါးမှာ ဂိုဏ်းထိမ်းကြီးများထဲတွင်အုပ်ချုပ်ရေးတာဝန်ကိုယူထားသည့်အတွက် ဂိုဏ်းခွဲမှူးများမှာ သူတို့၏တာဝန်များ၊ သတင်းများစသည်တို့ကို တိမ်တိုက်လက်ဝါးကိုသတင်းပို့ရသည်။
ထို့ကြောင့် ဂိုဏ်းခွဲမှုးများသိလိုသည့်အကြောင်းကိုတိမ်တိုက်လက်ဝါးမှတစ်ဆင့်မေးမြန်းပေးခြင်းဖြစ်သည်။
သွမ့်ကျန်းမင်လည်းတိမ်တိုက်လက်ဝါး၏စကားကြောင့် ခေါင်းတစ်ချက်ညိမ့်လိုက်သည်။ ထို့နောက် တည်ငြိမ်သည့်လေသံဖြင့်ပြောဆိုလိုက်သည်။
“ ကျုပ်တို့နဂါးစိမ်းဂိုဏ်းက သိုင်းလောကထဲမှာမတရားမှုကိုတိုက်ဖျက်ပြီး အဖြူအနက်မျှတအောင်ထိမ်းညှိပေးနေတာအနှစ်နှစ်ဆယ်ရှိသွားပြီ။
အခုသိုင်းလောကထဲမှာဖြစ်နေတဲ့ကိစ္စတွေကိုကျုပ်လည်းသိရှိပါတယ်။ ဒါပေမယ့် နဂါးစိမ်းဂိုဏ်းအနေနဲ့ ဒီဖြစ်ရပ်တွေထဲမှာ ပါဝင်ပတ်သတ်ခြင်းမရှိဘဲ တံခါးပိတ်နေဖို့ ကျုပ်ဆုံးဖြတ်ထားတယ် “
သွမ့်ကျန်းမင်၏စကားကြောင့် ဂိုဏ်းခွဲမှူးများမှာ အံ့အားသင့်သွားကာ အချို့မှာ မကျေမနပ်ဖြင့်အချင်းချင်းပြောဆိုနေကြသည် ။
သူတို့အားလုံးမှာ တရားမျှတမှုကိုဆောင်ရွက်ပေးသည့်နဂါးစိမ်းဂိုဏ်းခွဲမှူးများအဖြစ် သိုင်းလောကထဲတွင်မည်သည့်နေရာသို့သွားသွားဂုဏ်တတ်ခဲ့သည်။
ယခုကာလတွင်မူ နဂါးစိမ်းဂိုဏ်းမှ ခရမ်းရောင်သွေးလဂိုဏ်း၏ရက်စက်ကြမ်းကြုတ်မှုများကိူတားဆီးမှုတစ်စုံတစ်ရာမရှိဘဲ လက်ရှောင်နေသဖြင့် သိုင်းလောကသားအများအပြား၏ဝေဖန်မှုကိုခံနေရသည်။
နဂါးစိမ်းဂိုဏ်းခွဲမှူးအတော်များများမှာ ထိုကိစ္စကို မကျေမနပ်ဖြစ်နေကြမိသော်လည်း သူတို့၏ဂိုဏ်းချုပ်သွမ့်ကျန်းမင်ကိုမူ တစ်စုံတစ်ရာစောဒကတတ်ရဲခြင်းမရှိပေ။
သို့သော် သွမ့်ကျန်းမင်မှ သူတို့ကိုအစည်းအဝေးခေါ်ကာ သူကိုယ်တိုင်ထုတ်ဖော်ပြောလာသည့်အတွက် အခြေအနေများမှာ ပြောင်းလဲသွားတော့သည် ။
“ ကျုပ်ရဲ့ဂိုဏ်းခွဲကဂိုဏ်းသားအချို့က ဂိုဏ်းကနေထွက်ခွာသွားကုန်ပြီ “
“ ကျုပ်ရဲ့ဂိုဏ်းသားတွေကလည်း ဂိုဏ်းချုပ်ရဲ ဖြေရှင်းချက်ကိုစောင့်နေကြကာ အခုလိုသာဆိုရင် “
ဂိုဏ်းခွဲမှူးများမှာ အချင်းချင်းစိတ်ပျက်လက်ပျက်ဖြင့်ပြောဆိုနေကြသည်။
သွမ့်ကျန်းမင်မှာ နဂါးစိမ်းဂိုဏ်းခွဲမှူးများ၏တိုးတိုးကြိတ်ကြိတ်ဝေဖန်နေမှုများ၊ မကျေမနပ်ပြောဆိုနေမှုများကိုကြည့်ကာ တစ်ချက်ပြုံးလိုက်သည်။
“ ကျုပ်ပြောတာက နဂါးစိမ်းဂိုဏ်းအနေနဲ့ ပါဝင်ပတ်သတ်မှုမရှိတာကိုပြောတာပါ။ နဂါးစိမ်းဂိုဏ်းကထွက်ပြီး သိုင်းလောကအရေးကိစ္စတွေမှာပါဝင်ချင်တယ်ဆိုရင်လည်း ကျုပ်အပြစ်ပြောမှာမဟုတ်ပါဘူး “
သူ၏စကားကြောင့် အားလုံးတိတ်ဆိတ်သွားကြသည်။
သွမ့်ကျန်းမင်၏စကားမှာ ရှင်းလင်းပေသည်။ နဂါးစိမ်းဂိုဏ်းမှာ သိုင်းလောကအရေးများကိုပါဝင်ပတ်သတ်တော့မည်မဟုတ်သော်လည်း ဂိုဏ်းခွဲမှူးများအနေဖြင့် နဂါးစိမ်းဂိုဏ်းမှထွက်၍ သူတို့စိတ်ကြိုက်ပြုလုပ်နိုင်မည်ဆိုသည့်သဘောဖြစ်သည်။
ဂိုဏ်းခွဲမှူးများမှာ လွန်စွာထိတ်လန့်သွားကြကာ သူတို့၏ဂိုဏ်းချုပ်ကိုကြည့်လိုက်ကြသည်။
ယခုပုံစံအတိုင်းဆိုလျှင် လက်ရှိကိစ္စများကို လက်ပိုက်ကြည့်မနေနိုင်သည့် ဂိုဏ်းခွဲမှူးများမှာ နဂါးစိမ်းဂိုဏ်းမှထွက်ခွာသွားမည်ဖြစ်ကာ နဂါးစိမ်း
ဂိုဏ်းကြီး၏အင်အားသည်လည်း အတော်ထိခိုက်သွားပေမည်။
အချို့မှာ ဂိုဏ်းထိမ်းကြီးများကိုအားကိုးတကြီးကြည့်လိုက်ကြသော်လည်း ဂိုဏ်းထိမ်းကြီးခြောက်ယောက်မှာ မျက်လုံးမှိတ်ကာငြိမ်သက်စွာရှိနေပြီး ဝင်ရောက်ပြောဆိုမည့်ပုံမပေါ်ပေ။
“ ဆရာ ကျုပ်ဝမ်ယန် နဂါးစိမ်းဂိုဏ်းနဲ့ဆရာ့ရဲ့ကျေးဇူးကိုအမြဲအမှတ်ရနေမှာပါ။ ဒါပေမယ့် ကျုပ် သိုင်းလောကထဲကအဖြစ်အပျက်တွေကို လက်ပိုက်ကြည့်မနေနိုဘူး ကျုပ်နဂါးစိမ်းဂိုဏ်းကထွက်တယ် “
သွမ့်ကျန်းမင်၏တပည့် ဂိုဏ်းထိမ်းကြီးခြောက်ယောက်ထဲမှနဂါးဓားရှင်၏သား နဂါးလူငယ်ဝမ်ယန်မှ ဦးစွာထရပ်လိုက်သည် ။
ထို့နောက် သူ၏ဆရာနှင့်ဖခင်ကိုဂါရဝပြု၍ တုံ့ဆိုင်းခြင်းမရှိဘဲခန်းမထဲမှထွက်ခွာသွားတော့သည် ။
သွမ့်ကျန်းမင်မှာ ထွက်ခွာသွားသည့်ဝမ်ယန်၏ နောက်ကျောအားကြည့်ကာ ခေါင်းတဆက်ဆက်ညိမ့်လိုက်သည်။
ထို့နောက် ဒုတိယလူတစ်ယောက်မှာထရပ်လိုက်ပြန်သည် ။
“ ကျုပ် ရှန်စီးဂိုဏ်းခွဲမှူး ကျိူးတ ဂိုဏ်းကနေထွက်ပါတယ် “
“ ကျုပ် ဝေ့လိုင်ဂိုဏ်းခွဲမှူး....... “
ဒုတိယတစ်ယောက် တတိယတစ်ယောက် စသည်ဖြင့် နဂါးစိမ်းဂိုဏ်းခွဲမှူးများမှာ သွမ့်ကျနိးမငိအားဂါရဝပြု၍ တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားကြသည်။
သွမ့်ကျန်းမင်မှာထွက်ခွာသွားသည့်လူများကို တစ်စုံတစ်ရာပြောဆိုခြင်းမပြုဘဲ တည်ငြိမ်သည့်အမူအယာဖြင့်ကြည့်ရှုနေသည်။
အချိန်အနည်းငယ်အတွင်းခန်းမထဲမှဂိုဏ်းခွဲမှူးတစ်ဝက်ကျော်ထွက်ခွာသွားပြီဖြစ်ကာ ဂိုဏ်းခွဲမှူးသုံးလေးဆယ်သာ ကျန်ရှိတော့သည်။
ထိုလူများမှာ သွမ့်ကျန်းမင်ကိုလွန်စွာလေးစားကြသူများဖြစ်ကာ မည်သည့်အခြေအနေတွင်ဖြစ်စေ သွမ့်ကျန်းမင်၏နောက်သို့သာလိုက်မည်ဟူသည့်လူများဖြစ်ကြသည်။
သွမ့်ကျန်းမင်မှ ကျန်လူများကိုစူးစိုက်ကြည့်ကာ ထပ်၍မေးလိုက်သည်။
“ မင်းတို့ကရော ထွက်မသွားကြဘူးလား “
သူ၏မေးခွန်းကို ကျန်ရှိနေသည့်ဂိုဏ်းခွဲမှူးများမှ ပြိုင်တူဖြေလိုက်ကြသည် ။
“ ကျုပ်တို့ဘယ်အချိန်မှာပဲဖြစ်ဖြစ် နဂါးစိမ်းဂိုဏ်းကြီးနဲ့အတူရှိနေမှာပါ “
သူတို့၏အဖြေကြောင့် သွမ့်ကျန်းမင်၏မျက်နှာပြူံးယောင်သမ်းသွားသလို မျက်လုံးမှိတ်ကာငြိမ်သက်စွာရှိနေကြသည့် ဂိုဏ်းထိမ်းကြီးခြောက်ယောက်မှ မျက်လုံးပွင့်လာကြသည်။
“ ကောင်းပြီ သူတို့ကိုခေါ်သွားလို့ရပြီ “
သွမ့်ကျန်းမင်၏စကားကြောင့် ဂိုဏ်းထိမ်းကြီးများမှ ခေါင်းညိမ့်ပြလိုက်ကြသည်။
ထို့နောက် သွမ့်ကျန်းမင်မှလွတ်လပ်ပေါ့ပါးသည့်ဟန်ဖြင့် ခန်းမထဲမှထွက်ခွာသွားသည် ။သူ၏မျက်လုံးများသည်တော့ တည်ကြည်လေးနက်နေသည် ။
ဂိုဏ်းခွဲမှူးများမှာ သွမ့်ကျန်းမင်ကိုဂါရဝပြုလိုက်ကြပြီး သွမ့်ကျန်းမင်ထွက်ခွာသွားသည်နှင့် သူတို့ပါလိုက်ပါသွားရန်ပြင်လိုက်ကြသည်။ သို့သော် သူတို့ကို ဂိုဏ်းထိမ်းခြောက်ယောက်အနက် နဂါးဓားရှင်မှဟန့်တားလိုက်သည် ။
“ မင်းတို့ကိုပြောစရာရှိသေးတယ် “
&&&&&
ဟူပေပြည်နယ်နှင့် ကျဲလောင်ပြည်နယ်နှစ်ခုကြားရှိသားရဲတစ်ရာတောအုပ်
သားရဲတစ်ရာတောအုပ်မှာ သစ်ပင်ကြီးငယ်များထူထပ်စွာပေါက်ရောက်နေသည့်အပြင် တောင်တန်းများ ၊ မြစ်ချောင်းများဖြင့် နက်ရှိုင်းသည့်တောအုပ်ကြီးဖြစ်သည် ။
အနီးအနားရှိမြို့ရွာများမှလူများမှာ ထင်းရှာရန် ၊ဆေးပင်တူးရန်နှင့်အမဲလိုက်ရန်အတွက်တောအုပ်အစွန်အဖျားသို့ခြေချင်းထပ်အောင်သွားလာဝံ့သော်လည်းအနက်ပိုင်းသို့ လုံးဝခြေဦးမလှည့်ရဲကြပေ။
သားရဲတစ်ရာတောအုပ်မှာ သူ၏နာမည်နှင့်လိုက်အောင်သားရိုင်းတိရစ္ဆာန်များပေါများကာ တောဘုရင်ခြင်္သေ့များ ၊ အသားစားကျားများ၊ကြမ်းကြုတ်သည့် ဝံပုလွေအုပ်စုများ လွန်စွာအဆိပ်ပြင်းထန်လှသည့်မြွေများစသည်ဖြင့် တောအုပ်ထဲတွင်များပြားလှသည့်အန္တရာယ်များရှိပေသည် ။
တစ်ခါတစ်ရံသားရဲများမှာ ဟူပေ-ကျဲလောင်ပြည်နယ်ချင်းစပ်လမ်းပေါ်အထိပါသောင်းကြမ်းတတ်သည်။
သားရဲတစ်ရာတောအုပ်၏အနက်ပိုင်းရှိ ပြန့်ပြူးသည့်မြေပြင်တစ်နေရာတွင် ကျယ်ဝန်းသည့်ခြံဝန်းကြီးတစ်ခုရှိသည် ။
ထိုခြံဝန်းကြီးထဲတွင် များပြားသည့်အဆောက်အဦးများရှိကာ ခြံဝန်းကို ဝါးတစ်ပြန်မြင့်သည့်ခိုင်မာသည့်တံတိုင်းဖြင့်ကာရံထားကာ တစ်ခုတည်းသောတံခါးကြီးမှာ ဖျက်ဆီးမရနိုင်သည့်ဟန်ဖြင့် ခိုင်မာလှသည်။
တံတိုင်းထက်တွင် လေးမြားနှင့်လှံရှည်ကိုင်အစောင့်များ ၊ ခြံဝန်းကျယ်ကြီးထဲတွင်လက်နက်မျိုးစုံနှင့်လူများရှိနေသည့်အတွက် စစ်တန်းလျားတစ်ခုနှင့်ပို၍ဆင်တူပေသည်။
သို့သော် ထိုလူများမှာ ခရမ်းရောင်ဝတ်စုံများဆင်တူဝတ်ဆင်ထားသည့်အတွက် ဂိုဏ်းအဖွဲ့တစ်ခုခုမှသိုင်းသမားများဖြစ်ကြောင်းသိနိုင်သည်။
ထိုသိုင်းသမားများ၏ခရမ်းရောင်ဝတ်စုံများတွင် လခြမ်းသဏ္ဍာန်တစ်ခုစီ၊နှစ်ခုစီရှိနေကာာလခြမ်းသုံးခုပါရှိသည့်လူများပင်ရှိသည်။။
သိူ့သော်လခြမ်းသုံးခုနှင့်လူများမှာ အရေအတွက်နည်းပါးပေသည်။
ထိုလူများကား လက်တလောသိုင်းလောကတွင်ကျော်ကြားနေသည့်ခရမ်းရောင်သွေးလဂိုဏ်းမှသိုင်းသမားများဖြစ်ကာ ယခုခြံဝန်းကျယ်ကြီးမှာလည်း သူတို့၏ဌာနချုပ်ပင်ဖြစ်သည် ။။
ခြံဝန်း၏တည်နေရာမှာ နောက်ကျောဖက်တွင်တောင်ကုန်းတစ်ခုရှိကာ ဘေးတစ်ဖက်တွင်နက်ရှုင်းသည့်ချောက်ကမ်းပါးကြီးရှိသည် ။
ထို့ကြောင့် ထိုနေရာသို့လာရန်လမ်းနှစ်သွယ်သာရှိကာနက်ရှိုင်းလှသည့်သားရဲတစ်ရာတောအုပ်ကြီးကိုဖြတ်လာရန်နှင့် လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်သည့် နယ်ချင်းစပ်လမ်းမှခွဲထွက်လာရန်ဖြစ်သည် ။
ခရမ်းရောင်သွေးလဂိုဏ်း၏ဌာနချုပ်ကိုလာရာတွင် ဟူပေ၊ ဟဲလောင်နယ်ချင်းစပ်လမ်းမှတစ်ဆင့်လာလျှင်ထိုမျှခက်ခဲမည်မဟုတ်သော်လည်း လမ်းတစ်လျှောက်တွင်ချထားသည့်ကင်းပုန်းများကြောင့်ရန်သူများထိုနေရာသို့မရောက်မီကြိုတင်၍သိရှိကာ ကောင်းစွာပြင်ဆင်ချိန်ရမည်ဖြစ်သာသည်။
“ စွီး..... စွီး...... “
ငှက်အော်သံကဲ့သို့အသံများတစ်တောလုံးဆူညံနေကာ ခြံဝန်းကျယ်ကြီးအတွင်းမှလူများလှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်။
“ ငါတို့ဂိုဏ်းကို ဘယ်သူတွေကျူးကျော်လာတာလဲကွ “
ဒေါသတကြီးမေးမြန်းသံနှင့်အတူ ခြံဝန်းထဲရှိပင်မအဆောင်အဦးကြီးထဲမှ အရပ်ခုနစ်ပေခန့်ရှိကာ တောင့်တင်းကြံခိုင်လှသည့် မျှော်စင်ငယ်တစ်ခုလိုပုံရိပ်ကြီးထွက်ပေါ်လာသည် ။