နဂါးနိုင်လက်ဝါးသိုင်း၏အစွမ်း
Vol. 3 Ch. 270
“ ဝုန်း.... ဝုန်း..... “
သံမဏိဘုရင်၏လက်သီးချက်များမှာ တဝုန်းဝုန်းမည်ဟည်းနေကာ လေထုကိုပင်တုန်ခါသွားစေနိုင်သည်။
သူ၏လက်သီးချက်များကြောင့်မာကြောသည့်ကျောက်တုံးများဖြင့်ပြုလုပ်ထားသည့် တံတိုင်းထက်တွင် ချိုင့်ခွက်များ၊ လက်သီးရာချိုင့်ကြီးများပေါ်လာလေသည်။
ယခုအချိန်အထိ အဖိုးအိုမှတုံ့ပြန်တိုက်ခိုက်မှုမရှိသေးဘဲ သံမဏိဘုရင်၏တိုက်ခိုက်မှုများကိုလေ့လာနေသည် ။
သူ၏ခန္တာကိုယ်မှာမူ ရှေ့နောက်ဝဲယာယိမ်းထိုးနေကာ ခြေလှမ်းများမှာလည်းအစီအစဉ်မကျပေ။ သံမဏိဘုရင်၏ပြင်းထန်လှသည့်လက်သီးချက်များမှာ သူ၏ခန္တာကိုယ်ကိုမကြာခဏထိတော့မည်ကဲ့သို့ဖြစ်နေသည်။
သို့သော် သံမဏိဘုရင်မှာ အဖိုးအို၏အင်္ကျီစကိုပင်ထိအောင်မတိုက်ခိုင်နိုင်ပေ။
အဖိုးအိုမှာ သံမဏိဘုရင်၏တိုက်ခိုက်မှုများကိုလေ့လာပြီးနောက်သူပို၍အံ့အားသင့်သွားသည်။ သံမဏိဘုရင်မှာအတွင်းအားကောင်းမွန်ကာ သူ၏န္တာကိုယ်မှာ သံမဏိကဲ့သို့မာကျောပုံရသော်လည်း သိုင်းပညာမှာမူ သာမန်အဆင့်လွန်သိုင်းသမားတစ်ဦးသာသာပင်။
သူ၏သံမဏိကဲ့သို့ကြံ့ခိုင်သည့်ခန္တာကိုယ်သာမရှိပါက မည်သည့်သိုင်းဝိဇ္ဇာမဆို သံမဏိဘုရင်ကိုသုံးကွက်အတွင်းအသေသတ်နိုင်သည် ။
အဖိုးအိုလည်း သံမဏိဘုရင်ဟန်ဆောင်နေသည်လော သို့မဟုတ် အမှန်ပင် ခန္တာကိုယ်ကြံ့ခိုင်မှုသက်သက်နှင့် အတွင်းအားကိုသာအားကိုး၍တိုက်ခိုက်နေခြင်းဖြစ်သည်လားဆိုသည်ကိုအကဲခပ်နေသည်။
သို့တိုင် သိုင်းကွက်ငါးဆယ်နီးပါးတိုက်ပြီးသည်အထိ သံမဏိဘုရင်မှာ ထိုပုံစံအတိုင်းကမူးရှူးထိုးတိုက်ခိုက်နေရုံသာမက ပို၍ပင်ဒေါသထွက်လာပုံရသည်။
“ ဝုန်.... “
သံမဏိဘုရင်၏ မာကျောသည့်လက်သီးနှစ်လုံးမှာ အဖိုးအို၏ခန္တာကိုယ်ဘေးဘက်မှပွတ်ကာသီကာဖြတ်ကျော်သွားကာ တံတိုင်းအကာအရံကိုထိုးခွဲသွားသည်။
တိုက်ပွဲစတင်သည့်အချိန်မှစ၍ ရှောင်တိမ်းနေသည့်အဖိုးအို၏ညာဘက်လက်ဝါးမှ ဖြတ်ခနဲတိုးထွက်လာကာ သံမဏိဘုရင်၏နောက်ကျောကိုရိုက်ချလိုက်သည် ။
“ ဝုန်း.... “
သံမဏိဘုရင်၏ခန္တာကိုယ်မှာ ရှေ့သို့သုံးလေးလှမ်းတိုးသွားကာ တံတိုင်းထက်မှပြုတ်ကျတော့မည်ကဲ့သို့ဖြစ်သွားသည် ။။သို့သော်ပြန်၍အရှိန်ထိမ်းလိုက်နိုင်သည်။
အဖိူးအို၏အားအင်ပြင်းထန်သည့်လက်ဝါးချက်ကြောင့် သူ၏ခန္တာကိုယ်ဟန်ချက်ပျက်သွားသော်လည်း အတွင်းဒဏ်ရာရကန်ဝေးစွ တစ်စုံတစ်ရာထိခိုက်ဟန်ပင်မရပေ။
ထိုအဖြစ်က အဖိုးအို၏မျက်လုံးများကိုပြူးကျယ်သွားစေသလို မလှမ်းမကမ်းတွင်ရပ်လျက်တိုက်ပွဲအားစောင့်ကြည့်နေသည့်ဝတ်စုံဖြူနှင့်လူရွယ်လည်းအံ့အားသင့်သွားသည်။
“ သူ့ရဲ့ခန္တာကိုယ်ကပုံမှန်မဟုတ်ဘူး။ ခန္တာကိုယ်ကျင့်စဉ်ကိုလေ့ကျင့်ထားရင်တောင်ဒီလောက်အထိခံနိုင်ရည်ရှိမှာမဟုတ်ဘူး “
လူရွယ်မှတီးတိုးရေရွတ်လိုက်သည်။
သိုင်းလောကတွင် ဓားလှံမတိုးသည့်ခန္တာကိုယ်ကျင့်စဉ်များမှာ ကျော်ကြားကာာသိုင်းသမားတိုင်းလိုလိုမက်မောကြသော်လည်း ထိုကျင့်စဉ်မျိုးမှာ လွန်စွာရှားပါးရုံသာမက အောင်မြင်အောင်လေ့ကျင်နိုင်ရနိလည်းခဲယဉ်းသည်။
အကယ်၍အောင်မြင်ပြီးပါက အဆင့်တူများကြားတွင်ပြိုင်ဘက်ကင်းဟုပြောရရလောက်အောင်အစွမ်းထက်ပေသည်။
ရှောင်လင်ကျောင်း၏သံမဏိခန္တာကိုယ်ကျင့်စဉ်မှာ ဓားလှံမတိုးသည့်ခန္တာကိုယ်ကျင့်စဉ်များထဲမှကျော်ကြားသည့်တစ်ခုဖြစ်သည်။
သီအိုရီအရဆိုလျှင် ဓားလှံမတိုးသည့်ခန္တာကိုယ်ကျင့်စဉ်ကိုအောင်မြင်အောင်ကျင့်ကြံနိုင်သူများမှာ လက်နက်များကိုလျစ်လျူရှုနိုင်သည်သာမက တော်ရုံတန်ရုံတိုက်ခိုက်မှုများကို မခုခံဘဲနေ၍ရသည်။
သို့သော် ထိုလူများဂရုပြုရသည်မှာ သံမဏိကိုပင်ရွှံ့တုံးကဲ့သို့ပိုင်းဖြတ်နိုင်သည့် ရတနာစာရင်းဝင်လက်နက်များနှင့် သူတို့ကျင့်စဉ်၏အားနည်းချက်နေရာများဖြစ်သည် ။
သို့သော် ရတနာစာရင်းဝင်လက်နက်များမှာ လွန်စွာရှားပါကာ သိုင်းလောကထဲတွင်တစ်ခုနှစ်ခုထွက်ပေါ်လာရန်ပင်မလွယ်ကူပေ။
ကျင့်စဉ်၏အားနည်းချက်နေရာများသည်လည်းထိုနည်းတူပင်ဖြစ်သည် ။ထိုနေရာများကိုသိသည်ထားဦး အားနည်းချက်နေရာများကိုဦးစားပေးကာကွယ်သည့်အတွက် ထိခိုက်အောင်တိုက်ခိုက်နိုင်ရန်မလွယ်ကူပေ။
ထို့အပြင် ခန္တာကိုယ်ကျင့်စဥ်အောင်မြင်ထားသူများကို ကောင်းသည့်လူတစ်ဦးမှအတွင်းဒဏ်ရာရရှိအောင်တိုက်ခိုက်၍သတ်ဖြတ်နိုင်သည် ။
ခန္တာကိုယ်ကျင့်စဉ်များမှာာအပြင်ပန်းကိုသံမဏိကဲ့သို့မာကျောအောင်ပြုလုပ်ပေးသသော်လည်း အတွင်းအင်္ဂါများဒဏ်ရာရပါက သာမန်လူများလိုဖြစ်သည်။
သံမဏိဘုရင်၏အတွင်းအားမှာ သိုင်းဝိဇ္ဇာတစ်ဦးအဆင့်ရှိသော်လည်း အဖိုးအို၏အတွင်းအားမှာ ထို့ထက်များစွာနက်ရှိုင်းကာ သိုင်းလောကထဲတွင်အတွင်းအားအကောင်းဆုံးအဖြစ်ကျော်ကြားသည်။
သူ၏လက်ဝါးတစ်ချက်ကို သာမန်အဆင့်လွန်သိုင်းသမားတစ်ဦးပင် အလေးမထားဘဲမနေဝံ့ပေ ။
ထို့ကြောင့် အဖိုးအို၏တိုက်ခိုက်မှုမှာ သံမဏိဘုရင်ကို ဒဏ်ရာတစ်စုံတစ်ရာမရစေသည်မှာ လွန်စွာအံ့ဩဖွယ်ကောင်းပေသည်။
“ ဝူး.... “
သံမဏိဘုရင်မှ သားရဲတစ်ကောင်လိုအော်ဟစ်ကာရှေ့သို့ အလျှင်အမြန်တိုးကာ သူ၏လက်ဆန့်တန်း၍ အဖိူးအိုကိုဖျက်ခနဲဖမ်းချုပ်လိုက်သည်။
အကယ်၍ သူ၏ဖမ်းချုပ်မှုကိုသာခံရပါက ခွန်အားကွာခြားမှုနှင့် သံမဏိဘုရင်၏မာကျောသည့်ခန္တာကိုယ်ကြောင့်အဖိုးအိုမှာမည်သည့်နည်းနှင့်မှလွတ်အောက်ရုန်ထွက်နိုင်မည်မဟုတ်ဘဲ အရိုးများကျိုးကြေသည်အထိဖျစ်ညစ်ခံရပေမည်။
အဖိုးအို၏ခန္တာကိုယ်မှာ ဒယီးဒယိုင်ဖြင့်ရွေ့လျားသွားပြန်ကာ သံမဏိဘုရင်၏လက်များကြားမှညရှောင်တိမ်းသွားပြန်သည်။
အဖိုးအို၏ခန္တာကိုယ်မှာ သံမဏိဘုရင်၏ဘေးဘက်သို့ရောက်သွားကာ သူ၏ခန္တာကိုယ်ကို ခိုင်မာသည့်တောင်ကြီးတစ်လုံးလိုတည့်မက်ကာ သူ၏လက်နှစ်ဖက်မှာ ရှေ့သို့တိုးထွက်သွားသည် ။
“ နဂါးအားမာန် “
နဂါးအော်သံကြီးကဲ့သို့ ကျယ်လောင်သည့်အတွင်းအားမည်သံကြီးကြောင့် ခြံဝန်းကျယ်ထဲရှိသိုင်းသမားများတုန်လှုပ်သွားကြကာာ တံတိုင်းထက်သို့မော့ကြည့်လိုက်မိကြသည်။
“ နဂါးနိုင်လက်ဝါးသိုင်းလား “
ဝတ်စုံဖြူနှင့်လူမှ အံ့အားသင့်သည့်ဟန်ဖြင့်ရေရွတ်လိုက်သည်။
သိုင်းလောကထဲတွင် ထိပ်တန်းအဆင့်၌ရှိနေသည့်သိုင်းပညာတစ်ခုကို ထပ်၍တွေ့မြင်လိုက်ရပြီဖြစ်သည်။
သံမဏိဘုရင်လည်း နဂါးနိုင်လက်ဝါးသိုင်းကိုကြားဖူးကာ ရှောင်တိမ်းရန်လည်းအချိန်မရတော့ပေ။
သူ၏နံဘေးသို့ အဖိုးအို၏လက်ဝါးနှစ်ဖက်ရိုက်မိသွားကာ သူ၏သွေးကြောများဗြောင်းဆန်ကုန်ပြီဟုခံစားလိုက်မိကာ ပြင်းထန်လှသည့်အရှိန်ကြောင့် တံတိုင်းအောက်သို့လွင့်စင်သွားသည်။
“ အုန်း.... “
ကျယ်လောင်သည့်အသံကြီးနှင့်အတူ သံမဏိဘုရင်၏ခန္တာကိုယ်ကြီးနှင့် မြေပြင်တို့ ပြင်းထန်စွာရိုက်မိသွားကာ မြေပြင်တွင်ချိုင့်ကြီးဖြစ်သွားသည်။
“ ပြီးသွားပြီလား .... “
ခြံဝန်းထဲရှိသိုင်းသမားများမှာ အသံတိတ်ရေရွတ်လိုက်ကြသည်။
ထိုအချိန်တွင်ခရမ်းရောင်သွေးလဂိုဏ်းမှသိုင်းသမားများနှင့် သူတောင်းစားဂိုဏ်းမှသိုင်းထိပ်သီးများ၏တိုက်ခိုက်မှုများရပ်တန့်နေပြီဖြစ်သည်။
ထိုလူအားလုံးမှာ နဂါးနိုင်လက်ဝါးသိုင်း၏တုန်လှုပ်ဖွယ်စွမ်းအားကြောင့် သူတို့စိတ်ထဲတွင်ထိတ်လန့်လျက်ရှိနေကြသေးသည်။
“ မဟုတ်သေးဘူး “
အဖိုးအိုမှ တလက်လက်တောက်ပနေသည့်မျက်လုံးများဖြင့် တံတိုင်းအောက်သို့ငုံ့ကြည့်ကာခေါင်းယမ်းလိုက်သည်။
“ ဝုန်း.... “
ကြံ့ခိုင်သန်မာလှသည့်ပုံရိပ်ကြီးမှာ ပင့်ကူအိမ်လိုအက်ကွဲကြောင်းများဖြစ်နေသည့်မြေပြင်ထက်မှဖျင်ခနဲခုန်ထလာကာ ဖုန်မှုန့်များတထောင်းထောင်းထစေသည် ။
“ ဒေါသလက်သီးသိုင်း “
လူ့ဘီလူးကြီး၏မျက်လုံးများမှာ ရဲရဲနီသွားကာ သူ၏စိတ်ကိုထိမ်းချုပ်နိုင်တော့ဟန်မတူပေ။
သူ၏ခန္တာကိုယ်ထက်တွင်လည်း သွေးကြောကြီးများထောင်ထလာကာ အရေပြားတစ်လျှောက်ဖုဖောင်းနေကာ ဘီလူးကြီးတစ်ကောင်လိုလွန်စွာကြောက်မက်ဖွယ်ကောင်းလှသည်။
“ သေစမ်း.... “
သံမဏိဘုရင်မှ ဘေးဘီကိုဝေ့ကြည့်ကာ သူတောင်းစားဂိုဏ်းမှထိပ်သီးတစ်ဦးထံသို့ခုန်ဝင်သွားသည်။
ကံဆိုးရှာသည့်သူတောင်းစားဂိုဏ်းးသားမှာ သံမဏိဘုရင်ကိုထိခိုက်အောက်မလုပ်နိုင်မှန်းသိသည်နှင့် သူ၏ကိုယ်ဖော့ပညာကိုအစွမ်းကုနအသုံးပြုကာထွက်ပြေးလိုက်သည် ။
သိူ့သော် သူ၏လှုပ်ရှားမှုများမှာ အနည်းငယ်နောက်ကျသွားသည်။
“ ဝှစ် “
“ ဝုန်း... အား... “
သံမဏိဘုရင်၏ခန္တာကိုယ်ကြီးမှာ ထိုလူ၏နောက်သို့လျှင်မြန်စွာရောက်လာကာ သူ၏ကြောက်မက်ဖွယ်လက်သီးကြီးဖြင်ထိုးချလိုက်သည် ။
သူတောင်းစားဂိုဏ်းမှအဆင့်လွန်သိုင်းသမားမှာနောက်ဘက်မှတိုးဝင်လာသည့်ကြောက်မက်ဖွယ်အရှိန်အဟုန်ကိုခံစားမိလိုက်သည့်အတွက် ဘေးဘက်သို့အလျှင်အမြန်တိမ်းစောင်းပေးလိုက်သော်လည်း သူ၏နောက်ကျောကိုထိထိမိမိထိုးမိသွားကာ တစ်ချက်တည်းဖြင့်ရှေ့ဘက်သို့လွင့်စင်သွားကာ ငြိမ်သက်သွားသည်။
သူတောင်းစားဂိုဏ်းမှသိုင်းသမားများမှာ ကြောက်မက်ဖွယ်အဖြစ်အပျက်ကြောင့် သံမဏိဘုရင်နှင့်အဝေးဆုံးနေရာသို့ဆုတ်ခွာလိုက်ကြကာ ခရမ်းရောင်သွေးလဂိုဏ်းသားများကိုတိုက်ခိုက်ရန်ပင်သတိမရတော့ပေ။
သံမဏိဘုရင်မှာ နီရဲနေသည့်မျက်လုံးများဖြင့်ဘေးဘီကိုဝေ့ကြည့်ကာ သူ၏ပစ်မှတ်အသစ်ကိုရှာဖွေနေသည်။
ထိုအချိန်တွင်အစိမ်းရောင်အရိပ်တစ်ခုမှာ ပြင်းထန်သည့်အရှိန်ဖြင့်ပြေးဝင်လာသည်။
“ ရပ်လိုက်စမ်း “