← Chapters

ခမ်းနားသည့် တိုက်ပွဲ(၂)

Vol. 3 Ch. 286

ခမ်းနားသည့် တိုက်ပွဲ(၂)

Vol. 3 Ch. 286

“ ဝုန်း..... “

အတွင်းအားပေါက်ကွဲသံကြီးထွက်ပေါ်လာသည် ။ ထိပ်တန်းလွန်သိုင်းသမားအများစုနှင့်အချို့အဆင့်လွန်သိုင်းသမားများပင် သွေးများဆူပွတ်သွားသလိုခံစားလိုက်ကြရသည်။

နှင်းငွေ့မိစ္ဆာသခင်မှာ သူ၏နေရာတွင်မြဲမြံစွာရပ်နေသော်လည်း လောဟန်အဆောင်မှူးမှာမူ နောက်သို့ခြေတစ်လှမ်းသာဆုတ်ပေးလိုက်ရသည်။

ယခုအခါတွင် သူ၏အစွမ်းအထက်ဆုံးသိုင်းပညာနှင့် အတွင်းအားအကုန်ထည့်သွင်းထားသဖြင့် နှင်းငွေ့မိစ္ဆာသခင်ထက်များစွာနိမ့်ကျခြင်းမရှိတော့ပေ။

“ အခုတိုက်ခိုက်တော့ “

လောဟန်အဆောင်မှူးဆရာတော်၏အသံမှာ ဟိန်းထွက်လာသည်။

အစောပိုင်းက အတွင်းအားစုစည်းနေကြသည့် သိုင်းဝိဇ္ဇာများမှာ သူတို့၏အစွမ်းအထက်ဆုံးသိုင်းပညာများကိုချက်ချင်းလိုလိုထုတ်ဖော်လိုက်ကြသည်။

“ နတ်ကြိုးကြာတောင်ပံဖြန့် “

ငွေဗျိုင်းဖြူသိုင်းဝိဇ္ဇာ၏ခန္တာကိုယ်မှာ လေပေါ်သို့ရိပ်ခနဲ‌မြင့်တက်သွားကာ သူ၏လက်ဝါးနှစ်ဖက်မှာ နှင်းငွေ့မိစ္ဆာသခင်၏ဦးခေါင်းကိုတိုက်ခိုက်လိုက်သည်။

အသက်ရှည်သိုင်းဝိဇ္ဇာမှာနှင်းငွေ့မိစ္ဆာသခင်၏ဘယ်ဘက်ဘေးမှဝင်လာကာ ခုံတုံဂိုဏ်းချုပ်မှာမူ နှင်းငွေ့မိစ္ဆာသခင်၏ညာဘက်မှတစ်ပြိုင်နက်တိုက်ခိုက်လိုက်သည်။

နှင်းငွေ့မိစ္ဆာသခင်လည်း တစ်ဖက်လူများ၏ဟာကွက်မရှိတိုက်ခိုက်မှုကြောင့် သူ၏မျက်လုံးများအရောင်တောက်သွားသည်။

ထို့နောက် သူ၏ခန္တာကိုယ်မှာ ထိုနေရာမှပျောက်ကွယ်သွားကာ ရှေ့ဘက်အတော်ဝေးဝေးသို့ရောက်သွားသည်။

သို့သော် အသက်ရှည်သိုင်းဝိဇ္ဇာမှ သူစဓားကိုကန်လန့်ဖြတ်ကိုင်ထားပေးကာ ခုံတုံဂိုဏ်းချုပ်မှာ အသက်ရှည်သိုင်းသမား၏ဓားရှည်ကိုခြေဖြင့်ကန်ကာ နှင်းငွေ့မိစ္ဆာသခင်၏နောက်ဘက်သို့ မြားတစ်စင်းလိုပြေးထွက်သွားသည်။

ထို့နောက် ခုံတုံဂိုဏ်းချုပ်မှာ သူ၏လက်သီးဖြင့် နှင်းငွေ့မိစ္ဆာသခင်၏နောက်ဘက်သို့ တိုက်ခိုက်လိုက်သည်။

“ ဖောင်း....... “

လေထဲတွင် ပေါက်ကွဲသံခြောက်ခုနှင့်အတူ အားလှိုင်းခြောင်ခုပါဝင်သည့်လက်သီးမှာ နှင်းငွေ့မိစ္ဆာသခင်၏နောက်ကျောကိုအင်အားပြည့်ထိုးချလိုကိသည်။

နှင်းငွေ့မိစ္ဆာသခင်လည်း နောက်တွင်မျက်စေ့ရှိနေသည့်နှယ်နောက်သို့ရုတ်တရက်လှည့်ကာ သူ၏လက်သီးဖြင့်ထိုးချလိုက်သည်။

“ ဝုန်း.... “

လေထဲတွင်ပေါက်ကွဲသံကြီးထွက်ပေါ်လာကာ ခုံတုံဂိုဏ်းချုပ်၏လက်သီးနှင့် နှင်းငွေ့မိစ္ဆာသခင်၏လက်သီးတို့တွေ့ဆုံသွားသည်။

‌ပထမပေါက်ကွဲသံခြောက်ခုထွက်ပေါ်လာခြင်းမှာ ခုနစ်ဆင့်လက်သီးသိုင်း၏အားလှိုင်းခြောက်ခုအဆင့်သို့ရောက်ရှိနေပြီဆိုသည့်အဓိပ္ပာယ်ပင်ဖြစ်သည်။

ခုနစ်ဆင့်လက်သီးသိုင်းမှာ မတူညီသည့်အားလှိုင်းခုနစ်မျိုးအထိပါကာ ထိုအားလှိုင်းများမှာ တစ်ဖက်လူ၏ခန္တာကိုယ်အတွင်း ဝင်ရောက်ဖျက်ဆီးကာ ခုခံရန်ခက်ခဲလှသည့်ထိပ်တန်းသိုင်းပညာတစ်ရပ်ဖြစ်သည်။

ယခု ခုံတုံဂိုဏ်းချုပ်မှာ သိုင်းဝိဇ္ဇာအဆင့်ရောက်နေကာ ခုနစ်ဆင့်လက်သီးသိုင်းကို အားလှိုင်းခြောက်ခုအဆင့်ထိအောင်လေ့ကျင့်ထားနိုင်သည်။

ထိုအဆင့်မှာ အထွတ်အထိပ်အဆင့်သို့ရောက်ရန်တစ်ဆင့်သာလိုတော့သော်လည်း အကယ်၍အားလှိုင်းခုစ်ခုကိုအတင်းအကြပ်ထုတ်သုံးပါက တန်ပြန်ဆိုးကျိုးခံစားရမည်ဖြစ်ကာ သူကိုယ်တိုင်အတွင်းဒဏ်ရာပင်ရရှိသွားနိုင်သည်။

နှင်းငွေ့မိစ္တာသခင်၏လက်သီးနှင့်တွေ့ဆုံပြီးနောက် ခုံတုံ့ဂိုဏ်းချုပ်မှာ နောက်ဘက်သို့‌ ခြေလှမ်းအတော်များများဆုတ်ပေးလိုက်ရကာ သူ၏မျက်နှာဖြူဖျော့သွားသည်။

“ ခုနစ်ဆင့်လက်သီးသိုင်းလား “

နှင်းငွေ့မိစ္ဆာသခင်မှ တီးတိုးရေရွတ်ကာ သူ၏အတွင်းအားများကိူအလျှင်မြန်လှည့်ပတ်ပြီး သူ၏ခန္တာကိုယ်အတွင်းဝင်ရောက်လာသည့်အားလှိုင်းများကို ချေဖျက်လိုက်သည်။

ခုနစ်ဆင့်လက်သီးသိုင်း၏မတူညီသည့်အားလှိုင်းခြောက်ခုမှာ လွန်စွာထူးဆန်းကာအစွမ်းထက်သော်လည်း နှင်းငွေ့မိစ္ဆာသခင်၏အတွင်းအားမှာ လွန်စွာနက်ရှိုင်းကာ ထူးခြားမှုရှိသည်။

ထို့ကြောင့် သူ့ထက်အတွင်းအားနိမ့်ကျသည့်ခုံတုံဂိုဏ်းချုပ်၏အားလှိုင်းများကို ကောင်းစွာချေဖျက်နိုင်စွမ်းရှိသည်။

“ ဝှစ် ဝှစ် “

နှင်းငွေ့မိစ္ဆာသခင်၏လှုပ်ရှားမှု အချိန်အနည်းငယ်ရပ်တန့်သွားစဉ် ခွန်လွန်ဂိုဏ်းမှအဖိုးကြီးနှစ်ယောက်မှာ နှင်းငွေ့မိစ္ဆာသခင်ကိုဝင်ရောက်တိုက်ခိုက်လိုက်သည်။

သူတို့၏ဓားရှည်များမှာ လေထုကိုထိုးခွင်းသွားကာမြန်ဆန်သည့် အရှိန်ဖြင့်တိုးဝင်လာကြသည်။

နှင်းငွေ့မိစ္ဆာသခင်လည်း အေးခဲလက်ချောင်းသိုင်းဖြင့် အဖိုးအိုတစ်ယောက်၏ဓားကို‌တောက်ထုတ်လိုက်သည်။

အဖိုးအိုမှာ နှင်းငွေ့မိစ္ဆာသခင်၏အတွင်းအားကြောင့် သူ၏ဓားတစ်လျှောက်တုန်ခါသွားကာ သူ၏ဓားကိုင်လက်သည်လည်း ထုံကျဉ်သွားသည်။

“ မိုးနဲ့မြေ “

ကျန်အဖိုးအိုမှ အော်ဟစ်ကာ နှင်းငွေ့မိစ္ဆာသခင်၏ခြေအောက်ပိုင်းဆီသို့ ဦးတည်တိုက်ခိုက်လာသည် ။။

ထိုစဥ်နှင်းငွေ့မိစ္ဆာသခင်၏လက်ချက်‌ကြောင့်နောက်သို့ဆုတ်ခွာသွားသည့်အဖိုးကြီးမှာ နောက်ထပ်တစ်ကြိမ်ရှေ့သို့တက်လာပြန်သည်။

ယခုတစ်ကြိမ်တွင် သူ၏ခန္တာကိုယ်မှာ လေပေါ်သို့ခုန်တက်ကာ နှင်းငွေ့မိစ္ဆာသခင်၏အပေါ်ပိုင်းကိုဦးတည်၍တိုက်ခိုက်လိုက်သည်။

ကျန်အဖိုးအိုမှာမူ သူ၏တိုက်ခိုက်ပုံကိုမပြောင်းလဲဘဲ နှင်းငွေ့မိစ္ဆာသခင်၏ခြေအောက်ပိုင်းကိုသာ ပစ်မှတ်ထားတိုက်ခိုက်နေသည်။

နှင်းငွေ့မိစ္ဆာသခင်လည်းအဖိုးအိုနှစ်ယောက်၏ထူးခြားသည့်တိုက်ခိုက်မှုပုံစံကြောင့် မျက်မှောင်ကြုတ်ကာ အပေါ်မှအဖိုးအို၏ဓားကို ထပ်မံတောက်ထုတ်လိုက်ပြန်ကာ လွတ်ရာသို့ခုန်ဆုတ်လိုက်သည်။

အဖိူးအိုနှစ်ယောက်မှာ နောက်ထပ်သိုင်းကွက်တစ်ခုကိုပြောင်းလဲကာ နှင်းငွေ့မိစ္ဆာသခင်၏ဘယ်ညာမှညှပ်ပူးညှပ်ပိတ်တိုက်ခိုက်လိုက်သည်။

“ နေနဲ့လ “

အဖိုးအိုနှစ်ယောက်မှာ တစ်ယောက်တစ်ခွန်းအော်ဟစ်ကာ ပူးပေါင်းတိုက်ကွက်ဖြင့်တိုက်ခိုက်နေကြသည် ။

သူတို့၏တိုက်ခိုက်မှုမှာ ပထမတစ်ကြိမ်ထက်များစွာပို၍အကွက်စေ့ကာ ပို၍အစွမ်းထက်သည်။

အဖိုးအိုနှစ်ယောက်၏ဓားကွက်များမှာ အစွမ်းမထက်ဟုထင်ရသော်လည်း တစ်ယောက်၏ဟာကွက်ကိုကျန်တစ်ယောက်မှဖြည့်ပေးကာ နှင်းငွေ့မိစ္ဆာသခင်ကိုပင်မလှုပ်နိုင်အောင်ချောင်ပိတ်ထားလေသည်။

တစ်ယောက်မှဘယ်ဘက်မှတိုက်လျှင် ကျန်တစ်ယောက်မှညာဘက်မှတိုက်ခိုက်သည်။ တစ်ယောက်ကအပေါ်ပိုင်းကိုတိုက်ခိုက်ပါက ကျန်တစ်‌ယောက်မှ အောက်ပိုင်းကိုတိုက်ခိုက်သည် ။

ဤသည်မှာ သူတို့ပူးပေါင်းဓားသိုင်း၏အစွမ်းထက်သည့်အချက်ပင်ဖြစ်သည်။

“ အဲဒါက ခွန်လွန်ရဲ့ကျော်ကြားတဲ့ဓားသိုင်းတွေထဲက ရေစုန်ရေဆန်ဓားသိုင်းပဲ “

အလယ်ပိုင်းမှသိုင်းလောကသားများမှာ ဝမ်းမြောက်ဝမ်းသာဖြစ်လျက်ရှိသည်။

ဗဟုသုတကြွယ်ဝသူများမှ အဖိုးကြီးနှစ်ယောက်၏ဓားသိုင်းကိုကျန်လူများကိုရှင်းပြနေသည်။

လောဟန်အဆောင်မှူးနှင့်ကျန်လူများလည်း နှင်းငွေ့မိစ္ဆာသခင်ကိုခွန်လွန်မှအဖိုးကြီးနှစ်‌‌ယောက်ထဲဖြင့်ထိမ်းချုပ်ထားသောကြောင့် အံ့ဩဝမ်းသာသွားကြသည်။

သို့သော် ဤသည်မှာ နှင်းငွေ့မိစ္ဆာသခင်မှ ‌အဖိုးအိုနှစ်ယောက်၏ပူးပေါင်းဓားကွက်ကိုမချေဖျက်နိုင်ခင်အထိဖြစ်သည်။

နှင်းငွေ့မိစ္ဆာသခင်လို ကြောက်မက်ဖွယ်သိုင်းပညာကောင်းသူမှာ သိပ်မကြာခင် ရေစုန်ရေဆန်ဓားသိုင်း၏အားနည်းချက်တစ်ခုခုကိုမြင်တွေ့သွားမည်ဖြစ်ကာ သူ၏အတွင်းအားနှင့်သိုင်းပညာမှာ အဖိုးအိုနှစ်‌ယောက်ထက်သာလွန်သောကြောင့် ထိုပူးပေါင်းဓားကွက်ကိုချိုးဖျက်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် ယခုအဖိုးအိုနှစ်ယောက်မှနှင်းငွေ့မိစ္ဆာသခင်ကိုထိမ်းချုပ်ထားနိုင်စဉ် သူတို့မှအနိုင်ရရှိရန်ကြိုးစားရပေမည်။

“ လက်တစ်ထောင်ဗုဒ္ဓ “

လောဟန်အဆောင်မှူးထံမှ လက်ဝါးရိပ်အများအပြားပြေးထွက်သွားကာ နှင်းငွေ့မိစ္ဆာသခင်အားတိုက်ခိုက်လိုက်သည်။

ထိုလက်ဝါးရိပ်များမှာ တိုက်ခိုက်မှုအစစ်အမှန်နှင့်ပုံရိပ်ယောင်တို့ရောနှောနေကာ တိုက်ခိုက်ခံရသူမှာ ထိုပုံရိပ်များကိုခွဲခြားနေစဉ်ပင် တိုက်ခိုက်မှုထိမှန်သွားပေမည်။

ငွေဗျိုင်းဖြူသိုင်းဝိဇ္ဇာ ၊ အသက်ရှည်သိုင်းသမား ၊ ခုံတုံဂိုဏ်းချုပ်တို့၏အားအကောင်းဆုံးတိုက်ခိုက်မှုများမှာလည်း နှင်းငွေ့မိစ္တာသခင်ထံသို့စုပြုံကျရောက်လာပေသည်။

ကြည့်ရှုနေကြသည့်သိုင်းသမားများမှာ အသက်ပင်မရှူဝံ့တော့ဘဲ တိုက်ပွဲကိုရင်တထိတ်ထိတ်ကြည့်နေကြသည်။

ဝမ်းတ၏မျက်ခုံးများလည်းတွန့်ချိုးသွားကာ သံမဏိဘုရင်၏မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများပေါ်ထွက်လာသည် ။

ရုတ်ချည်း ပတ်ဝန်းကျင်တစ်ခုလုံးအေးစိမ့်သည့်အငွေ့အသက်များထွက်ပေါ်လာကာ ထိုအရာ၏အရင်းအမြစ်မှာ နှင်းငွေ့မိစ္ဆာသခင်ထံမှဖြစ်သည်။

“ ဘုံနန်းသုံးဆင့်မိစ္ဆာသိုင်း ဒုတိယအဆင့် “

နှင်းငွေ့မိစ္ဆာသခင်၏ မျက်လုံးထဲတွင် အနက်ရောင်အလင်းတစ်ခုဖြတ်‌ပြေးသွားကာ သူ၏ခန္တာကိုယ်မှ အားကောင်းသည့်အတွင်းအားလှိုင်းများထပ်မံထွက်ပေါ်လာသည်။

ထို့အပြင် နှင်းငွေ့အတွင်းအားများကိုနှိုးဆွလိုက်သည့်အတွက် အေးစိမ့်ကာ ထူးဆန်းသည့်အတွင်းအားများမှာ နှင်းငွေ့မိစ္ဆာသခင်ကိုဗဟိုပြု၍ပတ်ဝန်းကျင်သို့ပျံ့နှံ့လာခြင်းဖြစ်သည်။

ထိုအေးစိမ့်သည့်အတွင်းအားများမှာ နှင်းငွေ့မိစ္ဆာသခင် စန်နုန်ကျစိန်ခေါ်ပွဲကတစ်ကြိမ်အသုံးပြုကာ သန့်စင်နက်ရှိုင်းသည့်အတွင်းအားပိုင်ရှင်ရှောင်လင်ဒုတိယကျောင်းထိုင်ကိုပင် ထပ်မံတိုက်ခိုက်နိုင်ခြင်းမရှိသည်အထိအစွမ်းထက်ပေသည်။

ထိုအတွင်းအားများကို ယနေ့တိုက်ပွဲတွင် ပထမဆုံးဖော်ထုတ်လိုက်ခြင်းဖြစ်ကာ ယခုအခါ အေးစိမ့်ကာ ထူးဆန်းသည့်အတွင်းအားလှိုင်းများထွက်ပေါ်လာသည်သာမက သူ၏အတွင်းအားများမှာ နောက်ထပ်တစ်ဆခန့်ထပ်မံတိုးပွားလာပြန်သည်။

All Chapters