ခမ်းနားသည့် တိုက်ပွဲ(၃)
Vol. 3 Ch. 287
“ မဖြစ်နိုင်တာ “
“ သူက “
သိုင်းလောကသားများမှာ နှင်းငွေ့မိစ္ဆာသခင်ထံမှကြောက်မက်ဖွယ်အငွေ့အသက်များကြောင့်တုန်လှုပ်သွားကြသည် ။
သိုင်းဝိဇ္ဇာခြောက်ယောက်မှာ တစ်စုံတစ်ရာမှားယွင်းနေသည်ဟုခံစားမိလိုက်ကြပြီး နှင်းငွေ့မိစ္ဆာသခင်၏ တိုးတက်လာသည့်အတွင်းအားများကြောင့် သူတို့ကြက်သေသေသွားကြသည် ။
သို့သော် သူတို့၏တိုက်ကွက်များမှာမူ နှင်းငွေ့မိစ္ဆာသခင်ထံသို့ဆက်လက်တိုးဝင်လာသည်။
နှင်းငွေ့မိစ္ဆာသခင်မှာ ရင်ဆိုင်ရခက်ကာ စိတ်အနှောင်အယှက်လွန်စွာပေးနိုင်သည့် ခွန်လွန်ဂိုဏ်းမှအဖိုးအိုနှစ်ယောက်ကိုဦးစွာရင်ဆိုင်လိုက်သည်။
နှင်းငွေ့မိစ္ဆာသခင်လည်း အဖိုးအိုနှစ်ယောက်၏ဓားကို ပြိုင်တာပင်ဖမ်းဆုပ်လိုက်သည်။
ထက်မြက်သည့်ဓားသွားမှာ နှင်းငွေ့မိစ္ဆာသခင်၏လက်နှစ်ချောင်းကြားတွင်ညပ်နေကာ လု့းဝရွေ့လျားခြင်းမရှိတော့ပေ။
အဖိုးအိုနှစ်ယောက်မှာ အတွင်းအားကိုအစွမ်းကုန်သုံးကာ ဆွဲယူလိုက်သော်လည်းသူတို့၏ဓားများမှာ တစ်လက်မမှပင်ရွေ့လျားခြင်းမရှိဘဲ ကျောက်ချထားသလိုတုတ်တုတ်မှမလှုပ်ပေ။
နှင်းငွေ့မိစ္ဆာသခင်လည်း နှုတ်ခမ်းတွန့်ရုံပြုံးလိုက်ကာ ဓားနှစ်လက်ကိုတောက်ထုတ်လိုက်သည်။
“ ချွမ်း.... “
“ ချွမ်း..... “
စူးရှကျယ်လောင်သည့်အသံနှစ်ခုမှာ တောင်ပေါ်တွင်ပျံ့နှံ့သွားသည်။
ခွန်လွန်ဂိုဏ်းမှအဖိုးအိုနှစ်ယောက်မှာ ရင်ဝသို့ဆယ်ပေါင်တူကြီးဖြင့်အထုခံလိုက်ရသလိုခံစားလိုက်ရကာ နောက်သို့ ခြေလှမ်းအတော်များများဆုတ်ပေးလိုက်ရသည်။
ဓားတစ်လျှောက်တိုးဝင်လာသည့် ကြီးမားသည့်အတွင်းအများကြောင့် ပြင်းထန်သည့် အတွင်းဒဏ်ရာကိုယ်စီရရှိသွားကြကာ ထူးဆန်းအေးစက်သည့်အတွင်းအားလှိုင်းများမှာ သူတို့၏ခန္တာကိုယ်ထဲသို့တိုးဝင်ဖျက်ဆီးနေကြသည်။
နှင်းငွေ့မိစ္ဆာသခင်မှာ ခွန်လွန်မှအဖိုးကိုနှစ်ယောက်၏ဓားနှစ်ချောင်းကိုတောက်ထုတ်ပြီးနောက် သူ၏နေရာမှပျောက်ကွယ်သွားသည် ။
သူ၏လှုပ်ရှားမှုများကို ထိမ်းချုပ်ထားနိုင်သူမရှိတော့သည့်အတွက် နှင်းငွေ့မိစ္ဆာသခင်မှာ ရေထဲမှငါးလိုလွတ်လွတ်လပ်လပ်လှုပ်ရှားနေကာ သူ၏ခန္တာကိုယ်မှာ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။
သိုင်းဝိဇ္ဇာလေးယောက်၏တိုက်ခိုက်မှုများမှာ နှင်းငွေ့မိစ္ဆာသခင်၏အင်္ကျီစကိုပင်မထိတော့ဘဲ သူစလက်ချက်ကြောင့် ငွေဗျိုင်းဖြူသိုင်းဝိဇ္ဇာနှင့် အသက်ရှည်သိုင်းသမားတို့လွင့်စင်သွားပြန်သည် ။
“ ဝှစ်..... “
နှင်းငွေ့မိစ္ဆာသခင်၏ခန္တာကိုယ်မှာ သူ၏နေရာမှပျောက်ကွယ်သွားပြန်ကာ ခုံတုံဂိုဏ်းချုပ်၏ရှေ့သို့ရောက်ရှိလာသည်။
သူ၏လှုပ်ရှားမှုနှင့်တွဲလျက် လွန်စွာအရှိန်ပြင်းထန်သည့်လက်သီးတစ်လုံးပါကပ်လျက်ပါလာသည်။
“ ဆီးနှင်းလက်သီး “
အေးစိမ့်သည့်အတွင်းအားများဝန်းရံလျက်ရှိသည့်လက်သီးမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းကာ အားအင်ပြင်းထန်လှသည် ။
ခုံတုံဂိုဏ်းချုပ်လည်းရှောင်တိမ်းခုခံ၍မရနိုင်မှန်းသိသည်နှင့် ရူးမိုက်သည့်ဆုံးဖြတ်ချက်ကိုချကာ သူ၏လက်သီးတွင်အတွင်းအားအလုံးစုံပို့လွှတ်ကာ နှင်းငွေ့မိစ္ဆာသခင်၏လက်သီးကို ထိတ်တိုက်ရင်ဆိုင်လိုက်သည်။
“ ဖောင်း...... “
လေထုထဲတွင်ပေါက်ကွဲသံခုနစ်ချက်ထွက်ပေါ်လာကာ ခုံတုံဂိုဏ်းချုပ်၏နှူတ်ခမ်းထောင့်စွမ်းမှသွေးများစီးကျလာသည် ။
ဤသည်မှာ ကိုယ်ကိုယ်ကိုဖိအားပေး၍ ခုနစ်ဆင့်လက်သီး၏ အားလှိုင်းခုနစ်ခုကိုအတင်းအကြပ်ထုတ်ဖော်သည့်ရလာဒ်ဖြစ်သည်။
အားလှိုင်းခုနစ်ဆင့်မှာ ခုနစ်ဆင့်လက်သီး၏အမြင့်မားဆုံးအဆင့်ဖြစ်ကာ လွန်စွာအစွမ်းထက်ပေသည် ။ စိတ်မကောင်းစရာကား သူတို့၏အတွင်းအားများမှာ ကွာခြားလျက်ရ်ှိသည်။
နှင်းငွေ့မိစ္ဆာသခင်မှာ မူလကပင်ခုံတုံဂိုဏ်းချုပ်ထက်အတွင်းအားသာလွန်ကာ သူ၏အတွင်းအားများထူးဆန်းစွာတိုးပွားလာပြီး သိုင်းဝိဇ္ဇာခြောက်ယောက်ထဲတွင်အတွင်းအားအကောင်းဆုံးဖြစ်သည့် လောဟန်အဆောင်မှူးပင်သူ၏တိုက်ခိုက်မှုတစ်ခုကို ခုခံနိုင်မည်မဟုတ်တော့ပေ။
“ ဝုန်း...... “
လေထုထဲတွင်ပေါက်ကွဲသံနှင့်အတူ ခုံတုံဂိုဏ်းချုပ်၏ခန္တာကိုယ်မှာ ကြိုးပြတ်သည့်စွန်ပမာနောက်ဘက်သို့လွင့်စက်သွားတော့သည်။
ထို့နောက် လှုပ်ရှားမှုမရှိလုံးဝငြိမ်သက်သွားကာ သေသည်ရှင်သည်ပင် မသိရတော့ပေ။
“ နောက်ဆုံးတစ်ယောက် “
နှင်းငွေ့မိစ္ဆာသခင်မှ လောဟန်အဆောင်မှူး၏ဘက်သို့လှည့်ကာပြောလိုက်သည်။ လောဟန်အဆောင်မှူးလည်း ခေါင်းကိုခါယမ်းကာလက်အုပ်ချီလိုက်သည်။
“ အော့မီတောဖု ဒကာကြီးကိုလုံးဝရပ်တန့်လို့မရနိုင်ပါလား ။။ဒါပေမယ့် ကျုပ်သေဆုံးသွားမယ်ဆိုရင်တော့ အစွမ်းကုန်ဟန့်တားသွရလိမ့်မယ် “
လောဟန်အဆောင်မှူး၏စကားကြောင့် နှင်းငွေ့မိစ္ဆာသခင်လည်းခေါင်းညိမ့်လိုက်သည်။
“ ကောင်းပြီ ဒါဆိုလဲ သွားသေလိုက်တော့ “
စကားဆုံးသည်နှင့်သူ၏လက်ဝါးမှာလောဟန် အဆောင်မှူးထံတိုးဝင်သွားသည်။
ဘုန်းကြီးအိုကြီးမှာ လွန်စွာတည်ငြိမ်သည့်မျက်မှာဖြင့်ရှိနေကာ သူ၏အတွင်းအားများအားလုံးကို ယခုလာမည့်တိုက်ကွက်တစ်ခုထဲအတွက် စုစည်းထားလိုက်သည် ။
“ ဝုန်း...... “
ခုံတုံဂိုဏ်းချုပ်နှင့်တိုက်ခိုက်စဉ်ကထက်ပင် ပို၍ကျယ်လောင်သည့်အသံကြီးထွက်ပေါ်လာသည် ။
သက်စောင့်အတွင်းအားပါးမချန်တိုက်ခိုက်လိုက်သည့်လောဟန်အဆောင်မှူး၏တိုက်ခိုက်မှုမှာ လွန်စွာအားကောင်းလှသော်လည်း နှင်းငွေ့မိစ္ဆာသခင်၏လက်ဝါးနှင့်ရင်ဆိုင်ပြီးနောက် ပျက်ပြယ်၍သွားသည်။ ထိုအစားနှင်းငွေ့မိစ္ဆာသခင်၏လက်ဝါးမှာ ဆက်၍တိုးဝင်လာသည်။
လောဟန်အဆောင်မှူးမှာ အစောပိုင်းက တိုက်ခိုက်မှုတွင် သက်စောင့်အားပါမချန်ထည့်သွင်းလိုက်သည့်အတွက် လွန်စွာပင်ပန်းနွမ်းနယ်ကာ အတွင်းအားတစ်စက်မှမကျန်တော့ဘဲ သာမန်လူတစ်ယောက်ထက်ပင် အခြေအနေဆိုးရွားနေသည်။
“ ဝှစ် “
အစိမ်းရောင်အလင်းတန်းတစ်ခုနှင့်အတူ နှင်းငွေ့မိစ္ဆာသခင်၏လက်ဝါးရိပ်ကြီးမှာ ပျောက်ကွယ်သွားသည်။
လောဟန်အဆောင်မှူးဆရာတော်၏ရှေ့တွင် စိမ်းဖန်ဖန့်အရောင်ရှိသည့်ဓားတစ်လက်ကိုကိုင်ထားသည့် အဖြူရောင်ဝတ်စုံနှင့်လူတစ်ယောက်ရှိသည် ။
ထိုလူမှာ အဖြူရောင်နဂါးမျက်နှာဖုံးတစ်ခုကိုစွပ်ထားကာ ဖြောင့်မတ်သည့်ကိုယ်ဟန်ဖြင့်ရပ်နေသည် ။
ထိုလူရပ်နေသည့်ပုံမှာ ဓားတစ်ချောင်းကိုစိုက်ထူထားသလို တည့်မတ်ကာ သူ၏ခန္တာကိုယ်မှအားကောင်းသည့်ဓားအငွေ့အသက်များထွက်ပေါ်နေသည်။
“ သွေးလဖျက်ဆီးသူတွေလား “
မျှော်လင့်ချက်ကုန်ဆုံးပြီဟု ထင်မှတ်နေကြသည့်သိုင်းလောကသားများမှာ အံ့အားသင့်သွားကြသလို သူတို့၏မျက်လုံးများက အဖြူရောင်နဂါးမျက်နှာဖုံးနှင့်လူဆီသို့စုပြုံကျရောက်နေကြသည်။
တောင်ထိပ်ပေါ်တွင် နဂါးမျက်နှာဖုံးနှင့်လူရိပ်များစွာထွက်ပေါ်လာကာ အချို့မှာအရိပ်လိုလျှင်မြန်စွာရွေ့လျားလိုက်ကြပြီး ဒဏ်ရာရရှိနေကြသည့်သိုင်းဝိဇ္ဇာများကို သူတို့၏ဂိုဏ်းအဖွဲ့ဆီသို့ လျှင်မြန်စွာပြန်ပို့ပေးလိုက်ကြသည်။
ထိုအခါမှ ဂိုဏ်းကြီးခြောက်ဂိုဏ်းမှလူများနှင့်အလယ်ပိုင်းမှသိုင်းသမားများမှာ သိုင်းဝိဇ္ဇာခြောက်ယောက်ကိုသတိရသွားကာ နှင်းငွေ့မိစ္ဆာသခင် ထပ်မံတိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ကာကွယ်ပေးလိုက်ကြသည်။
သို့သော် နှင်းငွေ့မိစ္ဆာသခင်မှာ ထိုလူများကိုဂရုမစိုက်ဘဲ သူ၏ရှေ့မှနဂါးမျက်နှာဖုံးနှင့်လူကို စူးရှသည့်မျက်လုံးများဖြင့်စိုက်ကြည့်လျက်ရှိသည်။
အဖြူရောင်နဂါးမျက်နှာဖုံးစွပ်နှင့်လူများမှာ ယခုနောက်ပိုင်းတွင်သိုင်းလောက၌ကျော်ကြားနေသည့်သွေးလဖျက်ဆီးသူဆိုသည့်အဖွဲ့၏သင်္ကေတဖြစ်သည်။
ခရမ်းရောင်သွေးလဂိုဏ်းသားများကိုပစ်မှတ်ထားတိုက်ခိုက်ခြင်း ၊ နှင်းငွေ့မိစ္ဆာသခင်၏တပည့်ငရဲဓားဝမ်းတုကိုသတ်ဖြတ်ခြင်းတို့ဖြင့် ကျော်ကြားလာခြင်းဖြစ်သည်။
ထိုအဖွဲ့မှာ ထူးဆန်းလျှို့ဝှက်ကာ အဖွဲ့သားများမှာသိုင်းပညာမြင့်မားကြပြီး ခရမ်းရောင်သွေးလဂိုဏ်းကိုဆန့်ကျင်နေသည်မှလွဲ၍ သိုင်းလောကသားများမှာ ထိူလူများ၏အကြောင်းကို များစွာ မသိကြပေ။
“ သူ့လက်ထဲကဓားကိုကြည့်စမ်း အဲဒါကဂိုဏ်းချုပ်ရဲ့နဂါးစိမ်းဓားမဟုတ်လား “
လူအုပ်ထဲတွင်ရှိသည့် နဂါးစိမ်းဂိုဏ်းခွဲမှူးဟောင်းတစ်ယောက်မှအော်ဟစ်လိုက်သည်။
နဂါးစိမ်းဂိုဏ်းချူပ်သွမ့်ကျန်းမင်မှာ သူ၏ဓားကိုအသုံးပြသည်မှာနည်းပါးလှသော်လည်း ထိုဂိုဏ်းသားမှာ နှစ်ကြိမ်ခန့်တွေ့မြင်ဖူး၍ကောင်းစွာမှတ်မိနေသည် ။
ကျောက်စိမ်းဓားရိုး ၊ စိမ်းဖန့်ဖန့်ဓားသွားတို့မှာ သံမဏိကိုပင်ရွှံ့တုံးကဲ့သို့ပိုင်းဖြတ်နိုင်သည်ဟု နာမည်ကြီးသည့် နဂါးစိမ်းဓားဖြစ်သည်။
သိုင်းလောကသားများမှာ ထိုလူ၏စကားကြောင့် အုတ်အုတ်ကျက်ကျက်ဖြစ်သွားကာ ဆူဆူညံညံဖြစ်လာကြသည်။
နဂါးစိမ်းဂိုဏ်းမှာ ခရမ်းရောင်သွေးလဂိုဏ်းစတင်ပေါ်ထွက်လာချိန်မှစ၍ တံခါးပိတ်နေကာ သိုင်းလောကအရေးများကိုဝင်မစွက်ဟုကြေညာဖြင့် များစွာသောသိုင်းလောကသားများ၏ဝေဖန်မှုကိုခွခဲ့ရသည် ။
နောက်ဆုံးတွင် နဂါးစိမ်းဂိုဏ်းချုပ်သွမ့်ကျန်းမင်၏ ဆုံးဖြတ်ချက်ကြောင့် ဂိုဏ်းခွဲမှူးများစွာနှင့်ဂိုဏ်းသားအများစုမှာ ဂိုဏ်းကိုစွန့်ခွာသွားသည်အထိပင်။
ယခု ခရမ်းရောင်သွေးလဂိုဏ်းကိုဆန့်ကျင်နေသည့်သွေးလဖျက်ဆီးသူအဖွဲ့မှလူမှာ နဂါးစိမ်းဓားကိုကိုင်ဆောင်ထားသည ။
လူအများ၏အကြည့်အောက်တွင် နဂါးမျက်နှာဖုံးနှင့်လူမှာ သူ၏မျက်နှာဖုံးကိုဖြေးညင်းစွာဆွဲဖြုတ်လိုက်သည်။
မျက်နှာဖုံးအောက်မှ မျက်ခုံးထူထူ၊ စူးရှသည့်မျက်လုံးများနှင့် ကြံ့ခိုင်သည့်မေးရိုးများရှိသည့်အသက်လေးဆယ်ကျော်အရွယ်ခန့်ညားသည့်လူလတ်ပိုင်းတစ်ဦး၏မျက်နှာပေါ်ထွက်လာသည် ။
ထိုလူမှာ နဂါးစိမ်းဂိုဏ်းချုပ်သွမ့်ကျန်းမင်မဟုတ်ပေ ။