ငါ့ကိုထိအောင်တိုက်
Vol. 3 Ch. 288
သွေးလဖျက်ဆီးသူအဖွဲ့မှကျန်လူများလည်း သူတို့၏မျက်နှာဖုံးများကိုချွတ်လိုက်ကြသည် ။
“ သူတို့ကနဂါးစိမ်းဂိုဏ်းခွဲမှူးတွေလား “
သိုင်းလောကသားများမှာ ရင်းနှီးကျွမ်းဝင်သည့်ထိုလူများ၏မျက်နှာကြောင့်အံ့အားသင့်ဆွံ့အသွားကြသည်။
ထိုလူများမှာ နဂါးစိမ်းဂိုဏ်းမှထွက်ခွာမသွားကြသည့်ဂိုဏ်းခွဲမှုးများဖြစ်ကာ ပြိုင်ဘက်ကင်းလှပသည့်မိန်းမလှလေးတစ်ယောက်နှင့် စူးရှသည့်မျက်လုံးများကိုပိုင်ဆိုင်ပာ အတွင်းအားကောင်းမည့်ပုံရသည့်အဖိုးကိုခြောက်ယောက်လည်းပါဝင်သည်။
သွေးလဖျက်ဆီးသူအဖွဲ့မှလူငါးဆယ်ကျော်အနက် သုံးဆယ်ကျော်မှာ နဂါးစိမ်းခွဲမှူးများဖြစ်ကြသည်။
ထို့အပြင် နဂါးစိမ်းဂိုဏ်းချုပ်သွမ့်ကျန်းမင်၏သမီးဖြစ်သူ ပန်းနတ်သမီးသွမ့်ရှင်းရှောင်နှင့် ဂိုဏ်းထိမ်းကြီးခြောယောက်သည့်ပင် သွေးလဖျက်ဆီးသူအဖွဲ့တွင်ပါဝင်သည် ။
ထို့ကြောင့် သွေးလဖျက်ဆီးသူအဖွဲ့ဆိုသည်မှာ နဂါးစိမ်းဂိုဏ်းမှလူအများဖြင့်ဖွဲ့စည်းထားသည်ဟုပြော၍ရသည် ။
ထို့ပြင် ယခုနှစ်ထဲတွင်နာမည်ကျော်လာသည့် လက်ကိုးချောင်းရသေ့နှင့်ကျော်ကြားသည့်အဆင့်လွန်သိုင်းသမားအချို့လည်း သွေးလဖျက်ဆီးသူအဖွဲ့တွင်ပါဝင်သည်။
လူအများရုတ်ရုတ်သဲသဲဖြစ်နေကြစဉ် လူစုနောက်မှအနက်ရောင်ဝတ်စုံနှင့် သာမန်ပုံစံမိန်းကလေးတစ်ယောက်မှာ ဝူတန်းဂိုဏ်းသားများ၏နောက်ဘက်သို့လျှောက်လာကြသည် ။
သိုင်းလောကသားများမှာ လွန်စွာအံ့ဩတုန်လှုပ်နေကြသည့်အတွက် ထိုမိန်းကလေးများကို သတိမထားလိုက်မိကြပေ။
ထိူ့အပြင်မိန်းကလေး၏ပုံစံမှာ သာမန်မျက်နှာသွင်ပြင်နှင့် ဓားတစ်လက်ကိုနောက်ကျောတွင်လွယ်ထားကာ
“ ထင်းရှီ နင်ကဘယ်လိုလုပ်ပြန်ရောက်လာတာလဲ “
သူမ၏ပုံစံမှာ အံ့အားသင့်နေပုံပေါက်ကာ လူရွယ်ကိုစူးစိုက်ကြည့်နေသည်။
အဖြူရောင်ဝတ်စုံနှင့်လူရွယ်မှာ သိုင်းသမားအုပ်စု၏အစွန်ဘက်တွင်ရှိနေကာ သူ၏ဘေးတွင်အသက်ငါးဆယ်အရွယ်ဝူတန်းဂိုဏ်းသားတစ်ယောက်လည်းရှိသည်။
ထိုနှစ်ယောက်မှာ ခပ်လျှိုလျှိုနေကြ၍မည်သူမှကောင်းစွာသတိမပြုမိသော်လည်း မိန်းကလေးတစ်ယောက် သူတို့အနီးသို့ရောက်လာသည့်အတွက် ဝူတန်းဂိုဏ်းသားအချို့မှာ ကြည့်လိုက်ကြသည်။
“ ဂိုဏ်းတူဦးလေးနဲ့ အစ်ကိုရှီပဲ “
ဝူတန်းဂိုဏ်းသားများမှာ ထိုနှစ်ယောက်ကိုမှတ်မိသွားသည်။
ဖိရိုဖရဲဝတ်စုံဖြင့်ဝူတန်းဂိုဏ်းသားမှာ လူ့ဂွစာမုချန်းဖြစ်ကာ အဖြူရောင်ဝတ်စုံနှင့်လူရွယ်မှာ ထင်းရှီဖြစ်သည်။
ဝူတန်းဂိုဏ်းသားများမှာ ဂိုဏ်းတွင်နှစ်နှစ်ခန့်နေထိုင်ကာ တောင်ပေါ်မှမဆင်းမီ ဝူတန်းဂိုဏ်းကိုစိန်ခေါ်လာသည့် အစိမ်းရောင်ဝတ်စုံနှင့်လူငယ်ကိုကောင်းစွာပညာပေးလိုက်သည့်ထင်းရှီကို ရင်းနှီးကြသည်။
ထင်းရှီလည်း ထိုဂိုဏ်းသားများကိုပြုံး၍နှုတ်ဆက်လိုက်သည်။
“ ကောင်လေး ငါသူတို့ဆီသွားတော့မယ် “
မုချန်းမှ မိန်းကလေးကိုတစ်ချက်ကြည့်ကာ ဝူတန်းမှလူများဆီသို့လျှောက်သွားလိုက်သည် ။
ဝါစဉ်အရဆိုရလျှင် ဝူတန်းဂိုဏ်းသားများကိုဦးဆောင်လာသည့် တတိယအကြီးအကဲထက်ပင်မူချန်းက ဝါစဥ်ပိုကြီးသေးသည် ။
“ ယင်ယင် “
ထင်းရှီမှ မိန်းကလေးကိုအပြူံးဖြင့်နှုတ်ဆက်လိုက်သည်။ ထို့နောက် သူမ၏မေးခွန်းကိုအဖြေပေးလိုက်သည်။
“ ငါ့ကိုဆရာက သိုင်းလောကထဲကိုပြန်လွှတ်လိုက်တာ “
ထင်းရှောင်ယင်၏မျက်လုံးများမှစူးရှသွားကာ ထင်းရှီကိုလေသံတိုးတိုးဖြင့်ပြောလိုက်သည်။
“ မဖြစ်နိုင်တာ ဓားစံအိမ်ကလူတွေကသိုင်းလောကကိုတစ်ခါပဲဆင်းခွင့်ရတာလေ “
သူမ၏ စကားကြောင့်ထင်းရှီလည်းမဲ့ပြုံးပြုံးကာ သူ၏လက်ထဲမှ လက်နက်ကိုပတ််ထားသည့် အဝတ်နက်ကိုအနည်းငယ်ဆွဲချွတ်လိုက်သည်။
ထင်းရှောင်ယင်၏ပုံစံမှာ လွန်စွာအံ့အားသင့်သွားပုံရကာ သူမ၏ပါးစပ်မှာ ပွင့်ဟသွားသည်။
လွန်ခဲ့သည့်ခြောက်ရက်ခန့်က
ဓားစံအိမ်၏နောက်ဘက်ခြံဝန်းလေးတွင် မိုးမခပင်များအုံ့ဆိုင်းနေသည်။
ဆောင်းရာသီအစဖြစ်သည့်အတွက် လေနုအေးမှာ တစ်ချက်တစ်ချက်ကျီးစယ်သွားကာ သစ်ရွက်များမှာလေနှင့်အတူယိမ်းနွဲ့နေသည် ။
မိုးမခပင်များအောက်ကျောက်တုံးကြီးတစ်တုံးထက်တွင် ဖျင်ကြမ်းဝတ်စုံကိုဝတ်ဆင်ထားသည့်အသက်ငါးဆယ်ကျော်လူတစ်ယောက်ရှိနေသည်။
ထိုလူကြီးမှာ မျက်စေ့အစုံကိုမှိတ်လျက်ရှိကာ ဖြောင့်မတ်သည့်ကိုယ်ဟန်ဖြင့်ထိုင်လျက်ရှိသည်။
စံအိမ်ဘက်မှ လူရိပ်တစ်ရိပ်မှာဖြေးညင်းစွာလျှောက်လူကာ ထိုလူကြီး၏ရှေ့ကျောက်တုံးငယ်တစ်ခုထက်တွင်ဝင်ထိုင်လိုက်သည်။ ။
ထိုလူရိပ်မှာ အသက်များစွာမကြီးသေးသည့်လူရွယ်တစ်ယောက်ဖြစ်ကာ ညစ်ပေနေသည့်အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ၏ပုံစံမှာ အနည်းငယ်နွမ်းနယ်နေဟန်ရသည်။
လူရွယ်၏ခါးတွင်တော့ ဓားရှည်တစ်ချောင်းကိုချိတ်ဆွဲထားသည်။
လူကြီးထိုင်နေသည့်ကျောက်တုံးကြီး၏ရှေ့တွင် ထိုင်ခုံတစ်ခံာအကျယ်ဝန်းရှိ ကျောက်တုံးငယ်သုံးတုံးရှိနေကာ ပြီးခဲ့သည့်နှစ်များက ထိုကျောက်တုံးများပေါ်တွင်ထိုင်ကာ သူ၏ရှေ့မှလူကြီးကို နေ့စဉ်မေးခွန်းထုတ်ခဲ့ကြသည့်ကလေးငယ်သုံးယောက်၏ပုံရိပ်ကိုပြန်မြင်ယောင်လာကာ ထိုလူရွယ်မှာ ပြုံးလိုက်မိသည်။
ထိုစဉ် ဖျင်ကြမ်းဝတ်စုံနှင့်လူကြီး၏မျက်လုံးများပွင့်လာသည် ။
“ ဆရာ “
အနက်ရောင်ဝတ်စုံနှင့်လူရွယ်မှ ဂါရဝပြုလိုက်သည်။
ဖျင်ကြမ်ဝတ်စုံနှင့်လူကြီးမှာ လွန်ခဲ့သည့်နှစ်နှစ်ကထက်များစွာရင့်ကျက်တည်ငြိမ်လာသည့်သူ၏တပည့်ကိုကြည့်ကာ ပြုံးလိုက်သည်။
ထို့နောက် အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။
“ ကောင်လေးရှီ လာ မင်းရဲ့ဓားပညာကိုစစ်ဆေးကြည့်ရအောင် “
သူဆရာ၏စကားကြောင့် ထင်းရှီ၏မျက်နှာရှုံ့မဲ့သွားသည်။
“ ဆရာ့ကို ကျနော်ကဘယ်လိုလုပ်နိုင်မှာလဲ “
သူ၏စောဒကတက်မှုကြောင့် ထင်းချီယင်မှပြုံးလိုက်ပြန်သည်။
“ မင်းရဲ့အတွင်းအားကို အသုံးမပြုဘဲနဲ့ ဓားပညာနဲ့ ဓားဆန္ဒကိုသုံးပြီးငါ့ကိုတိုက်ခိုက်။ ငါလဲ ဓားပညာသက်သက်သုံးပြီးခုခံမယ် ။
မင်းငါ့ရဲ့အင်္ကျီစကိုထိအောင်တိုက်နိုင်ရင် မင်းကိုသိုင်းလောကထဲပြန်ခွင့်ပေးမယ် “
ထင်ချီယင်မှ ထရပ်ကာပြောလိုက်သည်။ ထို့နောက် ကျောက်တုံးဘေးတွင်ချထားသည့် အစိမ်းရောင်ဓားရှည်ကိုကောက်ယူလိုက်သည်။
ထင်းရှီမှာ ထင်းချီယင်၏စကားကြောင့်ထင်းရှီစမျက်နှာဝင်းပသွားသည်။
ထိုကိစ္စကိုသူမည်သို့ပြောရမည်ကိုတွေးတောနေသော်လည်း ထင်းချီယင်၏စကားကြောင့် အဆင်သင့်ဖြစ်သွားသည်။
ထင်းရှီမှာ သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ဖြစ်ကာ သူ၏အတွင်းအားမှာ သိုင်းဝိဇ္ဇာများလောက်နက်ရှိုင်းခြင်းမရှိသော်လည်း သူ၏ဓားပညာမှာ သာ်န်သိုင်းဝိဇ္ဇာများကိုပင်အနိုင်ယူနိုင်ကာ အထူးသဖြင့် ချောက်နက်အောက်ခြေမှ ပင်လယ်ရပ်ခြားလူထူးဆန်းချန်ယန်ကျိ၏ လကွယ်ကြယ်ပျောက်သိုင်းကွက်ကိုတတ်မြောက်ပြီးနောက် သူ၏ဓားပညာမှာ များစွာတိုးတက်လာသည် ။
ယခုအချိန်တွင် သူ၏ဓားသိုင်း ၊ ကိုယ်ဖော့ပညာကိုအစွမ်းကုန်ထုတ်၍တိုက်ခိုက်ပါက သရဲဘုရင်နှင့်အဆိပ်ဘုရင်တို့လို အန္တရာယ်များသည့်သိုင်းဝိဇ္ဇာများကိုပင် တစ်ဦးတည်းအနိုင်ယူနိုင်မည်ဟုယုံကြည်ချက်ရှိသည် ။
သို့သော် သူ၏ဆရာ၏ ဓားပညာမှာ လွန်စွာနက်ရှိုင်းသည့်အဆင့်သို့ရောက်နေပြီဖြစ်ကာ သူ့စိတ်ထင် အထွတ်အထိပ်ကို ရောက်နေပြီဖြစ်သည့် အဖိုးအိုကျန်းချန်းဟောင်ထက်ပင်အနည်းငယ်သာနိမ့်ကျသည်ဟုတွေးမိသည် ။
ထို့ကြောင့် ထင်းချီယင်ကိုသူလိုလူမျိုးဆယ်ယောက်ဝိုင်း၍တိုက်ခိုက်လျှင်ပင်အနိုင်ရနိုင်မည်မဟုတ်ပေ။
တစ်ခုရှိသည်က ထင်းချီယင်၏အင်္ကျီစကိုထိအောင်တိုက်ခိုက်ရန်မှာမူ မတူညီသည့်ကိစ္စတစ်ရပ်ဖြစ်ပေသည်။
“ ဆရာ ကျနော်စတိုက်ပြီ သတိထားပါ “
ထင်းရှီမှ သတိပေးစကားပြောကာ သူ၏ဓားကိုဆွဲထုတ်လိုက်သည် ။
စင်းရွယ်မှ ပန်းပဲဆရာဖူချန်းမှာ နတ်လနက်မျိုးဆက်ဟုအမှန်ပင်ခေါ်ဆိုထိုက်သည် ။
ထင်းရှီ၏လက်ထဲမှဓားမှာ ရတနာစာရင်းဝင်လက်နက်အဆင့်နှင့်ဝေးကွာခြင်းမရှိတော့ဘဲ သာမန်လက်နက်များကို အလွယ်တကူခုတ်ဖြတ်နိုင်သည်။
ဓားကိုဆွဲထုတ်လိုက်ပြီးနောက် အားကောင်းသည့်ဖိအားတစ်ခုမှာ ပတ်ဝန်းကျင်ကိုပျံ့နှံ့လာကာ ထင်းရှီ၏ပုံစံမှာ ထက်ရှသည့်ဓားတစ်စင်းလိုပြောင်းလဲသွားသည်။
“ ဓားဆန္ဒလား “
ထင်းချီယင်မှ ခပ်တိုးတိုးရေရွတ်ကာ သူ၏အစိမ်းရောင်ဓားကိုဆွဲထုတ်လိုက်သည်။
ထင်းရှီမှာ သူ၏သုံးရာသီဓားသိုင်းထဲမှ ကြမ်းတမ်းသည့် မိုးသက်မုန်တိုင်းသိုင်းကွက်ကိုအသုံးပြုကာ ထင်းချီယင်ကိုပြင်းထန်စွာတိုက်ခိုက်လိုက်သည်။
သူ၏ဓားမှာ အလင်းတန်းများစွာအဖြစ်ပြောင်းလဲသွားကာ လျှင်မြန်ကာပြင်းထန်ပြီး ထင်းချီယင်၏ခန္ဓာကိုယ်အစိတ်အပိုင်းများကိုဦးတည်တိုက်ခိုက်လိုက်သည်။
မိုးသက်မုန်တိုင်းဓားကွက်မှာ လျှင်မြန်မှုနှင့်ပြင်းထန်မှုကိုအထူးပြုထားကာ ထင်းရှီ၏တိုက်ခိုက်မှုများမှာ မိုးသီးမိုးပေါက်များလိုပုင်းထန်ပေသည် ။
ဓားအရိပ်များစွာသည်လည်း ထင်းချီယင်၏ခန္တာကိုယ်အနီးတွင်ရစ်ဝဲသွားကာ တစ်ပြိုင်နက်တိုးဝင်သွားသည်။
အဖြူရောင်တောက်ပနေသည့်ဓားရိပ်များကြားမှ အေးစိမ့်သည့်ဓားအလင်းတစ်ခုလက်သွားကာ ထင်းရှီ၏ဓားရိပ်များမှာ တိခနဲပျောက်ကွယ်သွားသည်။
ထင်းရှီ၏မျက်နှာမှာ လွန်စွာအံ့အားသင့်သည့်ပုံစံသို့ပြောင်းလဲသွားကာ ထင်းချီယင်ကိုမယုံကြည်နိုင်သည့်မျက်လုံးများဖြင့်ကြည့်လိုက်သည်။
ထင်းချီယင်၏သစ်ရွက်ကြွေဓားသိုင်းမှဓားကွက်အချို့ကို ထင်းရှီတတ်မြောက်သည် ။
သစ်ရွက်ကြွေဓားသိုင်းမှာ ပျော့ပြောင်းခြင်းကိုအထူးပြုကာ ထိုက်ကျိဓားသိုင်း၏ပျော့ပြောင်းသည့်ပုံစံနှင့်ဆင်တူကာ ခုခံကာကွယ်သည့်နေရာတွင် ထိပ်တန်းဓားပညာတစ်ခုဖြစ်သည် ။