ဘိုးဘေးဓား
Vol. 3 Ch. 290
“ သိပ်လည်းစိတ်ဓာတ်မကျနဲ့ မင်းကငါငယ်ငယ်ကထက်တောင်အများကြီးထူးချွန်သေးတယ် ။
ငါ့ရဲ့အသက်သုံးဆယ့်ငါးနှစ် သိုင်းလောကထဲမှာာတိုက်ပွဲပေါင်းမရေမတွက်နိုင်အောင်တိုက်ခိုက်ပြီးမှဓားဆန္ဒကိုနားလည်ခဲ့တာ ။
ဓားစံအိမ်ကအကြီးအကဲတွေဆိုရင် လေးဆယ်ကျော်အရွယ်မှဓားဆန္ဒကိုနားလည်ကြတဲ့လူတွေကြီးပဲ ။
မင်းရဲ့အသက်သုံးဆယ်မပြည့်ခင်ဓားဆန္ဒကိုနားလည်တာ တကယ်ဂုဏ်ယူဖို့ကောင်းတယ် “
ထင်းချီယင်၏ချီးကျူးစကားကြောင့် ထင်ရှီလည်းခေါင်ယမ်းကာသူထိုင်နေကျကျောက်တုံးထက်တွင် အားလျော့စွာထိုင်ချလိုက်သည်။
“ ဆရာက ကျနော့်ကိုတစ်ကွက်ထဲနဲ့အနိုင်ယူနိုင်တယ်မလား “
အမှန်လည်း ထင်းချီယင်မှာ ထင်းရှီကိုတစ်ကွက်တည်းဖြင့်အနိုင်ယူနိုင်သည် ။
ထင်းချီယင်၏ဓားပညာမှာ အဆင့်တစ်ခုသို့ရောက်နေပြီဖြစ်ကာ သူ၏အစွမ်းထက်ဓားကွက်များကိုပင် ဟာကွက်ရှာဖွေနိုင်ကာ ချက်ချင်းချေဖျက်နိုင်သည်။
ယခုလိုအချိန်ကြာမြင့်စွာတိုက်ခိုက်နေရခြင်းသည်လည်း ထင်းရှီ၏ဓားပညာကိုပို၍တိုးတက်စေရန်တမင်သက်သက်ခုခံပေးနေခြင်းဖြစ်သည် ။
သူ၏ရည်ရွယ်ချက်အတိုင်းပင် ထင်းရှီမှာ သုံးရာသီဓားသိုင်း၏မတူညီသည့်ပုံစံသုံးမျိုးကိုပေါင်းစပ်အသုံးပြုနိုင်ပြီဖြစ်ကာ သူ၏ဓားပညာမှာ ယခင်ကထက်ပို၍တိုးတက်လာသည်။
သူ၏စကားကြောင့် ထင်းချီယင်မှပြုံးလိုက်သည်။
“ မင်းတို့ငယ်ငယ်ကငါပြောခဲ့ဖူးတဲ့ သိုင်းပညာရဲ့အဆင့်တွေအကြောင်းကိုမှတ်မိသေးလား “
ထင်းချီယင်၏ စကားကြောင့် ထင်းရှီလည်းမျက်လုံးများတောက်ပသွားကာ ပြန်၍ရေရွတ်လိုက်သည်။
“ အဆင့်နိမ့် ၊ အလယ်အလက်၊ အဆင့်မြင့်၊ ထိပ်တန်းအဆင့် ၊ အဆင့်လွန် ၊ သိုင်းဝိဇ္ဇာ ၊ ထိုးထွင်းသိမြင်ခြင်း ၊ သဘာဝနဲ့တသားတည်း “
ထင်းရှီ၏စကားသံရပ်တန့်သွားကာ စိတ်ထိမ်းချုပ်မရဘဲ အော်ဟစ်လိုက်မိသည်။
“ ထိုးထွင်းသိမြင်ခြင်းအဆင့် ဆရာက ထိုးထွင်းသိမြင်ခြင်းအဆင့်ကိုရောက်သွားပြီလား “
ထင်းရှီ၏မေးခွန်းကြောင့် ထင်းချီယင်လည်းခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက်ပြန်ဖြေလိုက်သည် ။
“ သိပ်ပြီးလည်းအံ့အားသင့်မသွားနဲ့ ငါ့အရင်ထိုးထွင်းသိမြင်ခြင်းအဆင့်ကိုရောက်နေတဲ့လူကို မင်းသိတယ် “
ထင်းချီယင်၏စကားကြောင့် ထင်းရှီလည်းမျက်မှောင်ကြုတ်သွားသည်။
ထင်းရှီမှာ အဖိုးအိုကျန်းချနိးဟောင်မှလွဲ၍သူ၏ဆရာထက်အားကောင်းသူကိုမမြင်ဖူးပေ ။ အဖိုးအိုကျန်းချန်းဟောင်နှင့်သူတွေ့ဆုံခဲ့ကြောင်းကိုလည်း သူ၏ဆရာသိရှိမည်မဟုတ်သေးပေ။
သို့သော် ထင်းရှီ၏စိတ်ထဲတွင် လုံးဝခန့်မှန်းမရနိုင်ဘဲ အမြဲလိုလိုငိုက်မျည်းနေတတ်သည့်ပုံရိပ်တစ်ခုပေါ်လာသည် ။
“ သိုးထိန်းကြီး သိုးထိန်းကြီးကအဲဒီအဆင့်ကိုရောက်နေပြီလား “
ထင်းရှီ၏မေးခွန်းကို ထင်းချီယင်မှခေါင်းညိမ့်လိုက်သည် ။
“ သူကလွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်ထဲက အဲဒီအဆင့်ကိုရောက်နေပြီ “
သူ့ဆရာ၏စကားကြောင့် ထင်းရှီလည်း ပင့်သက်ရှိုက်လိုက်မိသည်။
သိုးထိန်းကြီးမှာ ထိုအချိန်ကပင်ထိုးထွင်းသိမြင်းခြင်းအဆင့်သို့ရောက်ရှိနေသည်ဆိုလျှင် ယခုဆိုလျှင်မည်မျှအားကောင်းလိုက်မည်နည်း။
ထင်းချီာင်၏စကားသံကြောင့် ထင်းရှီ၏အတွေးများပြတ်တောက်သွားသည်။
“ မင်းကဓားဆန္ဒကိုနားလည်သွားပေမယ့် ဓားကွက်တွေနဲ့ထပ်တူကျအောင်မပေါင်းစပ်နိုင်ရင် ဓားနဲ့လူတစ်သားတည်းအဆင့်ကိုရောက်မှာမဟုတ်ဘူး “
ထင်းချီယင်၏စကားကြောင့် ထင်းရှီလည်းအနည်းငယ်ရှုပ်ထွေးသွားသည် ။
ဓားဆန္ဒ
သူသိထားသည်က ဓားဆန္ဒအမျိုးအစားများစွာရှိသော်လည်း ဓားပညာကိုအစစ်အမှန်ယုံကြည်ပြီး သံသယဟူ၍မြူမှုန်ပင်မရှိဘဲ ဓားပညာကိုကိုးကွယ်ကြသူများသာ ဓားဆန္ဒကိုနားလည်သဘောပေါက်၍ထုတ်ဖော်နိုင်သည်။
သိူ့သော် ထိုသို့ဖြစ်ရန်မှာလွန်စွာခက်ခဲကာ သိုင်းလောကထဲတွင် ဓားဆန္ဒကိုနားလည်ထားသည့်ဓားသမားဟူ၍ လက်ငါးချောင်းပင်မပြည့်ပေ။
ထို့အပြင် ဓားဆန္ဒကိုနားလည်ထားသည့်ဓားသမားမှာ အဆင့်တူများထက်လွန်စွာအားကောင်းကာ ထင်းရှီကိုယ်တိုင်ပင် သိုင်းဝိဇ္ဇာအဆင့်မရောက်သေးသော်လည်း သာမန်သိုင်းဝိဇ္ဇာတစ်ယောက်ကိုအသာအယာအနိုင်ယူနိုင်စွမ်းရှိသည် ။
ထိုသို့ဖြစ်ရခြင်းမှာ ဓားဆန္ဒကိုနားလည်ထားသည့်သိုင်းသမားမှာ သူ၏တိုက်ခိုက်မှုများထဲတွင်ဓားဆန္ဒကိုပါအသုံးပြုနိုင်ကာဓားချက်၏အမြန်နှုန်း ၊ အင်အားစသည်တို့များစွာတိုးတက်လာ၍ဖြစ်သည်။
ယခု ထင်းချီယင်၏စကားအရ ဓားဆန္ဒကိုဓားငွင်များနှင့်ထပ်တူပေါင်းစပ်နိုင်မှ ဓားနှင့်လူတစ်သားတည်းအဆင့်သိုအမှန်တကယ်ရောက်ရှိမည်ဟုဆိုလာသည်။
ထင်းချီယင်မှာ ထိုအဆင့်ကိုရောက်ရှိပြီးဖြစ်နိုင်ကာ ထင်းရှီကိုတစ်ကွက်တည်းဖြင့်အနိုင်ယူနိုင်သည်မှာလည်း ထို့ကြောင့်ပင်ဖြစ်ရမည်။
ဇာတိမြုပ်နေသည့် သိုင်းဝိဇ္ဇာအချို့မှအပ သိုင်းလောကထဲတွင်ပင် ဓားနှင့်လူတစ်သားတည်းအဆင့်သို့ရောက်သူဟူ၍ သူမကြားဖူးပေ။
သူ့အတွက်မူ ဓားဆန္ဒကိုနားလည်ထားသည်မှာ အချိန်များစွာမကြာသေးသည့်အပြင် ဓားနှင့်လူတစ်သားတည်းအဆင့်သို့ရောက်ရန်မှာ များစွာလိုအပ်နေသေးသည်။
ထင်းရှီမှာ ဓားပညာ၏သဘောတရားများကိုတွေးတောဆင်ခြင်နေရာတွင်နစ်မြုပ်သွားကာ ပြင်ပလောကမှအကြောင်းအရာများကိုပင်ခေတ္တမေ့လျော့သွားသည်။
ထင်းချီယင်လည်း သူ၏တပည့်ကိုမနှောင့်ယှက်တော့ဘဲ ပြုံးလျက်ကြည့်နေသည် ။
အချိန်အနည်းငယ်ကြာမှ ထင်းရှီမှာ ပြန်၍သတိဝင်လာကာ သူ၏မျက်လုံးများမှာ တဖိတ်ဖိတ်တောက်ပနေသည် ။
ဓားပညာတွင်ထင်းရှီ၏ထူးချွန်မှုမှာ ထင်းချီယင်ကိုကျေနပ်အားရကာ ပီတိဖြစ်စေသည်။ ထို့အတွက်လည်း သူ၏စိတ်ထဲမှဆုံးဖြတ်ချက်ကိုပို၍ခိုင်မာစေသည်။
“ တကယ်တမ်းကျ မင်းသိုင်းလောကကိုပြန်နိုင်ဖို့အတွက် အခြေအနေတစ်ခုရှိတယ် “
ထင်းချီယင်၏စကားကြောင့် ထင်းရှီ၏ခန္တာကိုယ်မှာ ဆက်ခနဲဖြစ်သွားသည် ။ ထင်းရှီမှာ သူနားကြားမှားသွားသည်ဟုပင်ထင်မိသည်။
သူ၏ဆရာမှာ ဆုံးဖြတ်ချက်ချပြီးလျှင်ပြန်၍ပြင်တတ်သူမဟုတ်ဘဲ အစောပိုင်းကအလောင်းအစားတွင်ထင်းရှီရှုံးနိမ့်သွား၍ သိုင်းလောကသို့ပြန်နိုင်မည်မဟုတ်တော့ပေ။
ထိုအခြေအနေတွင်
“ ဆရာ တကယ် ပြောနေတာလား “
ထင်းရှီ၏မယုံကြည်နိုင်သည့်လေသံကြောင့် ထင်းချီယင်လည်းပြုံးကာ သူ၏အစိမ်းရောင်ဓားရှည်၏ဘေးတွင်ချထားသည့်ဓားတစ်လက်ကိုကောက်ယူလိုက်သည် ။
ဓားအိမ်မှာမည်းနက်နေသည့်သစ်သားဖြင့်ပြုလုပ်ထားကာာဓားရိုးမှာ ခရမ်းရောင်သတ္တုတစ်မျိုးဖြင့်ပြုလုပ်ထားသည်။
ထင်းရှီမှာ ဤနေရာသို့စရောက်ခါစကပင်ထိုဓားကိုတွေ့မြင်ခဲ့သော်လည်း များစွာအလေးမထားခဲ့ပေ ။
“ မင်းသေချာစဉ်းစား ဒီဓားကိုလက်ခံပြီး စံအိမ်သခင်အဖြစ်ဆက်ခံမယ်ဆိုရင် မင်းသိုင်းလောကထဲကိုပြန်သွားခွင့်ရမယ် “
ထင်းချီယင်မှ ဓားကိုဖြေးညင်းစွာဆွဲထုတ်ကာပြောလိုက်သည်။
အေးစိမ့်သည့်ခံစားချက်နှင့်အတူ ပတ်ဝန်းကျင်တစ်ခုလုံး ထူးခြားဆန်းကျယ်သည့်အငွေ့အသက်များပျံ့နှံ့လာသည် ။
ဓားသွားမှာ ခရမ်းရောင်ဖျော့ဖျော့တောက်ပနေကာ အရာအားလုံးကိုပိုင်းဖြတ်နိုင်သည့်ခံစားချက်ရရှိပြီး ခရမ်းရင့်ရောင်ဓားရိုးနှင့်ပနံသင့်လှသည် ။
ထိုဓားကိုတွေ့မြင်သည်နှင့် ထင်းရှီ၏မျက်လုံးများပြူးကျယ်သွားသည်။
&&&&&&
“ ဟဲ ဟဲ ငါကအခုစံအိမ်သခင်ဖြစ်နေပြီ “
ထင်းရှီမှဝံ့ကြွားသည့်အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။
အကြောင်းစုံကိုသိပြီးနောက်တွင် ထင်းရှောင်ယင်၏မျက်လုံးများတောက်ပသွားကာ သူမမည်သည့်အရာကိုတွေးနေသည်မသိပေ။
ထင်းရှီမှာ ထင်းရှောင်ယင်၏အမူအယာကိုအကဲခပ်ကာ သူထင်သလောက်တုန်လှုပ်ခြင်းမရှိသဖြင့်အံ့အားသင့်သွားသည် ။
“ နင်ကဘာလို့ အရမ်းအံ့အားသင့်တဲ့ပုံမပေါက်တာလဲ “
ထင်းရှီ၏မေးခွန်းကြောင့် သူမ၏နှုတ်ခမ်းထောင့်စွန်းမှာ တွန့်ကွေးသွားသည် ။
“ ငါနဲ့အစ်ကိုကြီးတို့ အရင်ထဲကခန့်မှန်းမိပါတယ် ။ ဖေဖေကငါတို့သုံးယောက်ထဲမှာ နင့်ကိုသဘောအကျဆုံးဖြစ်ပြီး နင်ကအထူးချွန်ဆုံးပဲ ။
ဒါကြောင့် စံအိမ်သခင်အဖြစ်ဖေဖေကနင့်ကိုဆက်ခံခိုင်းမယ်ဆိုတာငါတို့အစောကြီးထဲကရိပ်မိတယ် ။ငါအံ့အားသင့်သွားတာက ဘိုးဘေးဓားကိုနင့်ကိုပေးလိုက်တဲ့အတွက်ကြောင့်ပဲ “
သူမ၏စကားကြောင့် ထင်းရှီလည်းဘာမှမပြောနိုင်တော့ပေ။ ထို့နောက်အနည်းငယ်စဉ်းစားကာပြောလိုက်သည်။
“ ငါလဲဒါကိုသိပ်ပြီးနားမလည်ဘူး။ သိုင်းလောကထဲကအေခုအနေတွေကိုပြောပြပြီးတော့ ဆရာ့ရဲ့အမူအယာပြောင်းလဲသွားပြီ ဒီဓားကိုပါယူသွားခိုင်းခဲ့တာ။
သိုးထိန်းကြီးကလည်း ငါ့ကိုပစ္စည်းတစ်ခုပေးလိုက်သေးတယ် “
ထင်းရှီမှ သူ၏ရင်ဘက်တွက်ဆွဲထားသည့်လခြမ်းပုံအနက်ရောင်ကျောက်လေးအား ထင်းရှောင်ယင်ကိုပြလိုက်သည် ။
နှင်းငွေ့မိစ္ဆာသခင်၏ နှင်းငွေ့သုံးပါးပညာရပ်ဟုကြားသည်နှင့် သိုးထိန်းကြီးနှင့် သူ၏ဆရာတို့အမူအယာပြောင်းလဲသွားကာ သိုးထိန်းကြီးမှ ယခုကျောက်လေးကို နှင်းငွေ့မိစ္ဆာသခင်အားပြသရန်ပြောလိုက်သလို သူ၏ဆရာမှလည်း ဘိုးဘေးဓားကိုယူဆောင်သွားဟုခိုင်းစေခဲ့သည် ။
ထင်းရှီမှာ ယခင်ကသိုးထိန်းကြီးနှင့်သူ့ဆရာ၏အပြုအမူကိုနားမလည်သော်လည်း နှင်းငွေ့မိစ္ဆာသခင်၏သိုင်းပညာကိုမြင်တွေ့ပြီးနောက် သူသဘောပေါက်သလိုရှိလာသည် ။
နှင်းငွေ့မိစ္ဆာသခင်ကိုသူအနိုင်မယူနိုင်ပေ။ ထို့အပြင် နှင်းကွေ့မိစ္ဆာသခင်မှ လေနတ်ဆိုး၏မိစ္ဆာခြေလှမ်းကိုယ်ဖော့ပညာကိုတတ်မြောက်ထားသေးသည် ။ ဤသည်က..
ထင်းရှောင်ယင်မှာမူ သူမနားမလည်သည့်ထိုအကြောင်းကိုဆက်၍မတွေးတော့ဘဲ ထင်းရှီကိုထပ်၍မေးလိုက်သည်။
“ နင်က နှင်းငွေ့မိစ္ဆာသခင်ကိုတိုက်ခိုက်မှာလား “
သူမ၏စကားကြောင့် ထင်းရှီလည်း သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သည်။
“ အခြေအနေအရပေါ့ “
သူ၏လေသံမှာ လေးကွေးလှသည်။