← Chapters

(78.3)

Vol. 9 Ch. 82

(78.3)

Vol. 9 Ch. 82

ရထားလက်မှတ်ဝယ်ပြီးတဲ့နောက် လင်းချွမ်က ဆုဆုကို စားသောက်ဆိုင်တစ်ဆိုင်သို့ ခေါ်သွားခဲ့ပြီး ဘာစားချင်လဲလို့ မေးလာခဲ့တယ်။

ဆုဆုအနေနဲ့ သူတို့နှစ်က လက်ရှိမှာ ချိန်းတွေ့နေတာနဲ့ တစ်နည်းတစ်ဖုံတူညီနေခဲ့ပေမဲ့ အစဥ်လိုက်ကျမနေတဲ့ လုပ်ငန်းစဥ်တွေကြောင့် အနည်းငယ် ရှုပ်ထွေးနေခဲ့ရတယ်။

သူတို့တွေ အိမ်ထောင်သက်အတော်ကြီးကြာသွားမှ ပထမဆုံးသော ဒိတ်ကို လုပ်နေရတာလေ။

သို့ပေမယ့် သူမက ပျော်ရွှင်နေဆဲဖြစ်ပြီး စိတ်ပျော်နေတဲ့အချိန်မှာ စားကောင်းတဲ့အရာတစ်ခုခုကို မှာယူချင်ခဲ့ပေမဲ့ ဒီဘက်ခေတ်ရဲ့ စားသောက်ဆိုင်တွေမှာ မီနူးတွေမရှိသေးတာကိုတွေ့လိုက်ရတယ်။ စားပွဲထိုးကသာ သူ့ရဲ့လက်ကို ခါးစည်းမှာ သုတ်ရင်း ဘာတွေ မှာမလဲလို့ မေးလာခဲ့တယ်။

ဆုဆု လင်းချွမ်ကို လှမ်းကြည့်လိုက်တယ်။ အခုလိုမျိုး ပါးစပ်နဲ့ ပြောပြသွားတာမျိုးကို သူမ မမှာတတ်ဘူး။

လင်းချွမ်က သူ့ရဲ့ ဇနီးသည်က အခုလို စားသောက်ဆိုင်မှာ မှာယူဖို့ကို မကျွမ်းကျင်တာကို မြင်လိုက်ရတော့ ဖက်ထုပ်ပေါင်း နှစ်ခြင်း၊ ဟင်းနှစ်ပွဲနှင့် စွပ်ပြုတ်တစ်ပွဲကို မှာယူလိုက်တယ်။ သူ့အနေနဲ့ သူ့ရဲ့ဇနီးသည်က အရှေ့မြောက်ပိုင်းသူစစ်စစ်မဟုတ်နိုင်ကြောင်းနှင့် စွပ်ပြုတ်တွေကိုလည်း ကြိုက်တတ်ကြောင်းကို သူရိပ်မိလာခဲ့တယ်လေ။

တကယ်တမ်းမှာ ဆုဆုကအရှေ့မြောက်ဒေသဇာတိ အစစ်အမှန်ဖြစ်ပေမဲ့ သူမက တက္ကသိုလ်နှင့် ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲအတွက် အပြင်ဘက်မှာ အချိန်အကြာကြီး နေပြီးအလုပ်လုပ်ကာ နေထိုင်ခဲ့ဖူးတယ်။

သူမရဲ့ အိပ်ဆောင်မှ မိန်းကလေးတွေ အားလုံးက တောင်ဘက်ပိုင်းမှ ရောက်လာကြတာဖြစ်ပြီး သူမတို့ရဲ့ ကြားထဲမှဆက်ဆံရေး ကောင်းမွန်ခဲ့ကြတယ်။ ဒါကြောင့် မကြာခဏ အပြင်ကိုထွက်ပြီး အတူတူ စားသောက်ကြလေ့ရှိပြီး စွပ်ပြုတ်ဟင်းချိုသောက်တဲ့ အလေ့အထ ရှိလာခဲ့တာ။

အစားအစာတွေရောက်လာပြီးနောက် နှစ်ယောက်လုံး ဗိုက်ကို လွှတ်ချလိုက်ပြီး စတင်စားသောက်ခဲ့ကြတယ်။ ဆုဆုကတော့ ဖက်ထုပ်ပေါင်းငါးလုံးကို စားပြီးနောက်မှာ ဗိုက်ပြည့်သွားခဲ့ပြီ။ ဒီဘက်ခေတ်လူတွေက ရိုးသားဖြောင့်မတ်ကြပြီး ဖက်ထုပ်တွေကလည်း အရမ်းကိုကြီးသေးတယ်။

ဒါ့အပြင် စွပ်ပြုတ်ဟင်းချိုကလည်း အရသာရှိလွန်းတယ်။ ဒါကြောင့် သူမ စွပ်ပြုတ်ဟင်းချိုကို ထိုင်သောက်ရင်း လင်းချွမ်တစ်ယောက် ဖက်ထုပ်တွေနှင့် ဟင်းသီးဟင်းရွက်အားလုံးကို အပြတ်ရှင်းတဲ့အချိန်ကို စောင့်နေခဲ့တယ်။

ဒီအမျိုးသားရဲ့ အစား,စားချင်စိတ်အကြောင်းကိုပြောရရင် တကယ်ကို အားကျစရာကောင်းပြီး အစားအသောက်က အရသာရှိလွန်းတယ်လို့ထင်အောင်စားသောက်နိုင်တယ်လို့ ပြောရမယ်။ တကယ်လို့ သူမသာ ဗိုက်အရမ်းမပြည့်နေရင် သူ့ကိုကြည့်ပြီး နောက်တစ်ပန်းကန်လောက်တောင် ထပ်မှာလိုက်မိမှာပဲ။

သို့သော်လည်း သူ့မရဲ့အမျိုးသားက စားသောက်နေတဲ့အချိန်မှာတောင် ချောမောနေတုန်းပါပဲ။

စားသောက်တာက သိသိသာသာ မြန်ဆန်လှပြီး အများကြီးစားနိုင်တယ်ဆိုပေမယ့် လုံးဝကို ပေပွတာမျိုး မဖြစ်နေခဲ့ဘူး။

ထိုင်နေတဲ့အချိန်မှာလည်း ဖြောင့်တန်းတဲ့မတ်စွာထိုင်နေခဲ့ပြီး တခြားလူတွေအားလုံးထက်ကို ကြည့်ကောင်းနေခဲ့တယ်။ ထိုသူရဲ့ လှပလွန်းတဲ့ ကြွက်သားလိုင်းတွေအကြောင်းကိုတွေးမိတော့ ဆုဆုတစ်ယောက် တံတွေးမြိုချချင်သလို ဖြစ်လာရပြန်တယ်။

“နောက်တစ်ခုလောက် ထပ်စားရင် ဘယ်လိုလဲ”

လင်းချွမ်ကတော့ သူ့ရဲ့ဇနီးသည် စားချင်နေတုန်းပဲလိုသာ ရိုးရှင်းစွာတွေးတောမိတဲ့အတွက် ဖက်ထုပ်တစ်ခုကို ထပ်ပေးလာခဲ့တယ်။

“ကျွမ်မ မစားချင်တော့ဘူး.. ရှင်ပဲ စားလိုက်တော့”

သူမက ဖက်ထုပ်ကိုစားချင်နေတာမဟုတ်ပဲ တစ်ဖက်လူရဲ့ ခန္ဓာကိုယ်ကိုစားချင်နေတာလေ။ သို့ပေမယ့် တကယ်တမ်းဖြစ်လာရင် အဆုံးမှာ သူမကသာ ခံစားရတာဖြစ်လို့ စိတ်ထဲကပဲ လောဘတကြီးတွေးရဲကာ ထုတ်ဖော်ပြရဲခြင်းမရှိခဲ့ဘူး။

သူမသာ တကယ်ထုတ်ပြောခဲ့မိရင် တစ်ဖက်လူက အခုချက်ချင်း အခန်းတစ်ခုသွားငှားရဲလောက်လိမ့်မယ်လို့ ထင်ရတယ်။

ဘာပဲဖြစ်ဖြစ် တခြားသူတွေက မယုံနိုင်လောက်ပေမယ့် လင်းချွမ်ရဲ့အကြောင်းကို ကောင်းစွာသိနေခဲ့တဲ့ ဆုဆုကတော့ လင်းချွမ်ဆီမှာ နောက်ထပ်မျက်နှာတစ်ခုရှိနေကြောင်းကိုသိထားတယ်။ သူက သူမရဲ့ရှေ့မှာဆိုရင် ထိုမျက်နှာကိုဖော်ပြလာလိမ့်မှာဖြစ်လို့ သူမအနေနဲ့ မကြိုးစားရဲဘူး။

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း စားသောက်နေစဥ်မှာပဲ တစ်စုံတစ်ယောက်က အလောတကြီးဝင်လာတာကို တွေ့လိုက်ရတယ်။ သူက ဆုဆုနဲ့ လင်းချွမ်တို့ကိုမြင်တော့ အလောတကြီးပြေးဝင်လာခဲ့ကာ စားပွဲပေါ်သို့လက်တင်လိုကာပြီး ဖြူဖျော့နေတဲ့ မျက်နှာနဲ့ပြောလာခဲ့တယ်။

“အစ်ကို.. အစ်ကိုကြီး.. မင်းဆီမှာ ပိုက်ဆံတွေများသေးတယ်မလား.. ကျွန်တော့်ကို ပိုက်ဆံချေးပေးပါဦး.. အသက်ကယ်ဖို့ အတွက်ပိုက်ဆံလိုအပ်နေလို့ပါ”

လင်းချွမ်က သူ့ရဲ့တူတွေကို စားပွဲပေါ်သို့ချလိုက်ပြီး လင်းတုံဟဲကိုပြန်မေးလိုက်တယ်။

“ဘာဖြစ်တာလဲ”

“သူမ သွေးတွေ အများကြီးလွန်နေတာ.. အခု သူ့ရဲ့အသက်ကို ကယ်တင်ဖို့အတွက် ယွမ်ငါးဆယ် အရေးပေါ် လိုအပ်နေတယ်”

“ကျွန်မမှာ ရှိတယ်.. ကျွန်မ ပိုက်ဆံယူလာတယ်”

သွေးလွန်တယ်ဆိုတဲ့အသံကိုကြားလိုက်ရတာနဲ့ ဆုဆုက ဘာတွေဖြစ်နေတာလဲဆိုတာကို ချက်ချင်းပဲ သဘောပေါက်သွားခဲ့တယ်။

ဇာတ်လိုက်မက သူတို့နှစ်ယောက်အပေါ်မှာ ဘယ်လိုအရာတွေကိုပဲလုပ်ခဲ့ပါစေ၊ လင်းချွမ်အပေါ် ဘယ်လိုဆိုးရွားတာတွေပဲ လုပ်ခဲ့ပါစေ အသက်တစ်ခုကတော့ ကယ်တင်သင့်နေတုန်းပဲ။

လင်းတုံဟဲရဲ့စကားကိုကြားပြီးနောက် လင်းချွမ်က ဘာကိုမှ ထပ်မမေးတော့ပဲဘဲ ငွေရှင်းပေးခဲ့ကာ သုံးယောက်အတူ ဆေးရုံသို့ အမြန်ထွက်လာခဲ့ကြတယ်။

ဆုဆုက ပိုက်ဆံကို အရင်သွင်းပေးပြီးမှ လင်းတုံဟဲနဲ့အတူ ခွဲစိတ်ခန်းအပြင်ဘက်သို့ လိုက်လာခဲ့တယ်။

လင်းချွမ်က အခုချိန်ကိုရောက်မှ မေးလာတယ်။

“ဘယ်လိုဖြစ်သွားတာလဲ”

ထိုမှသာ လင်းတုံဟဲက ချင်ယွဲ့ယွဲ့ရဲ့ အခြေအနေကို ပြောပြလာခဲ့တယ်။ သူတို့ နှစ်ယောက်က ကိုယ်ဝန်ဖျက်ချဖို့အတွက် ဆေးရုံကို ရောက်လာခဲ့ကြတာ။

သူတို့တွေက ကိုယ်ဝန်ဖျက်ချပြီးနောက် ဆေးရုံမှာ နှစ်ရက်တာလောက်နေထိုင်ဖို့ စီစဉ်ထားခဲ့ကြတယ်။ ကိုယ်ဝန်ဖျက်ချပြီးတာနဲ့ သူတို့တွေ လက်ထပ်ပွဲလုပ်ကြလိမ့်မယ်။

သူ သိခဲ့တဲ့ တစ်ခုတည်းသောအရာက သူမကို တာဝန်ယူတဲ့ ဆရာဝန်ငယ်လေးက ခွဲစိတ်ဖို့အတွက် အကြံမပေးခဲ့တာကြောင့် ကိုယ်ဝန်ဖျက်ချရန်အတွက် ဆေးကို သုံးခဲ့ရတယ်။

သူတို့က ကလေးကို အရင်ဆုံးအပြင်ဘက်မှ ဖိချခဲ့ပြီး ဆေးရုံအတွင်းမှာ ထမင်းသွားစားခဲ့ကြသေးတယ်။

ထို့နောက်မှာတော့ သူတို့က ဆရာဝန်ရဲ့ အကြံပေး စကားကို နားထောင်ပြီး ဆေးရုံမှပေးလာတဲ့ဆေးကို သောက်ခဲ့တယ်။ အစပိုင်းမှာတော့ အခြေအနေက ကောင်းမွန်ခဲ့ပေမဲ့ ချင်ယွဲ့ယွဲ့က ရုတ်တရက် သွေးတွေ အများကြီး ဆုံးရှုံးလာခဲ့တယ်။

ဒီအကြောင်းကိုပြောရင်းနဲ့ လင်းတုံဟဲ ထိတ်လန့်နေခဲ့တယ်။ တကယ်လို့ သူတို့သာ ဆရာဝန်ရဲ့ အကြံပေးစကားကို နားမထောင်ခဲ့ဘဲ ဆေးရုံကနေ ဆေးသောက်ပြီးတာနဲ့ ရွာကိုပြန်သွားခဲ့မယ်ဆိုရင် ယခုအချိန်မှာ ချင်ယွဲ့ယွဲ့ကို ကယ်တင်နိုင်လောကာတော့မှာ မဟုတ်တော့ဘူး။

သူက အမျိုးသားဇာတ်လိုက်ဆိုပေမဲ့လည်း အဆုံးမှာတော့ အတွေ့အကြုံမရှိသေးတဲ့ လူငယ်လေးတစ်ယောက်သာဖြစ်နေတုန်းပဲ။ ဒါကြောင့် အခုချိန်မှာတော့ သူ့ရဲ့လက်တွေက မရပ်မနားတုန်ခါနေခဲ့ကာ အလွန်အမင်းနောင်တရနေပုံရတယ်။

“ငတုံးပဲ.. မင်း ဘယ်လိုလုပ်ပြီး သူမကို ကိုယ်ဝန်ဖျက်ချခွင့်ပေးလိုက်ရတာလဲ? မင်းက ယောက်ျားတစ်ယောက်ရောဟုတ်သေးရဲ့လား”

လင်းချွမ် ပြောရင်းနဲ့ လင်းတုံဟဲကို နှစ်ကြိမ်လောက် ဆောင့်တွန်းလိုက်တယ်။

လင်းတုံဟဲက သူ့ရဲ့ တွန်းထုတ်မှုကြောင့် လဲပြိုကျတော့မလိုဖြစ်သွားရတယ်။ သူ့ရဲ့ မျက်လုံးတွေကလည်း နီရဲနေခဲ့တယ်။

“ ကျွန်တော်လည်း အဲလိုလုပ်ချင်ခဲ့လိမ့်မယ်လို့ အစ်ကိုထင်နေလို့လား? ဘာလို့လဲဆိုတော့.. ဒီကလေးက သူမရဲ့အနာဂတ်အတွက် အနှောင့်အယှက်ပဲလို့ သူမက ထင်နေလို့....”

“မင်းက ယောက်ျားတစ်ယောက်ပဲလေ.. ဘာလို့ နုံအတဲ့ မိန်းမရဲ့စကားကိုနားထောင်ပြီး သူ့ရဲ့ ဦးဆောင်မှုနောက်ကို လိုက်နေရတာလဲ?”

ထိုစကားကိုပြောပြီးမှ လင်းချွမ်တစ်ယောက် တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရပြီး မသိစိတ်အရ ဆုဆုကို တစ်ချက်ကြည့်လိုက်ရင်း စကားကိုပြန်ပြင်လိုက်တယ်။

“တကယ်လို့ သူပြောတာမှန်နေရင်တော့ မင်းနားထောင်ရမှာပေါ့.. ဒါပေမယ့် သူမက မှားယွင်းနေရင်တော့ နားထောင်လို့မရဘူး!”

“ကျွန်တော်လည်း မတတ်နိုင်ခဲ့ဘူးလေ.. သူက ကလေးကိုသာ ဖျက်ချဖို့ သဘောတူပေးရင် ကျွန်တော့်ကို လက်ထပ်မယ်လို့ ပြောခဲ့မယ်..

ကျွန်တော်က သူ့မအတွက် မထိုက်တန်ဘူးဆိုတာ သိပါတယ်.. ဒါကြောင့် .. ဒါကြောင့် သူမကိုလက်ထပ်ခွင့်ရခဲ့တဲ့အတွက် ကျွန်တော်အရမ်းပျော်နေခဲ့တာ.. ဒီလိုအရာမျိုးတွေ ဖြစ်လာခဲ့လိမ့်မယ်ဆိုတာကို သိနိုင်ခဲ့ပါ့မလား”

လင်းတုံဟဲက သူ့ရဲ့မျက်လုံးတွေကို လက်နဲ့ ဖုံးကွယ်ရင်းနဲ့ ယောကျ်ားရင့်မာကြီးတစ်ယောက်ဖြစ်လျက်နဲ့ အော်ငိုလာခဲ့တယ်။

လင်းချွမ်က သူ့ကို နံရံသို့ တွန်းထုတ်လိုက်ပြီးအော်လိုက်ပြန်တယ်။

“အမှိုက်ကောင်! တကယ်လို့ သူမက မင်းနဲ့ မထိုက်တန်ဘူးလို့ထင်ရင် သူ့ကို ဖိထားနိုင်တဲ့အထိ ကြိုးစားရမှာပေါ့.. မင်းက အခုလိုမျိုး ထွက်ပြေးရှောင်တိမ်းချင်နေရင် မင်းကိုယ်မင်း ယောကျ်ားတစ်ယောက်လို့ရော သိသေးရဲ့လား”

သူ့ရဲ့အသံက ကျယ်လောင်လွန်းတာကြောင့် လူအများအပြားက သူ့ကိုလှည့်ကြည့်လာကြတယ်။

ဆုဆု သူ့ကို ညင်သာစွာ ပုတ်ပြီး သတိပေးလိုက်တယ်။

“ရှင့်ရဲ့အသံကိုလျှော့ဦး.. ဆရာဝန်ကို မနှောင့်ယှက်မိစေနဲ့”

လင်းချွမ် နှာမှုတ်ရင်းနဲ့ ဆုဆုရဲ့ ဘေးနားမှာ ဝင်ထိုင်လိုက်တယ်။ သို့ပေမယ့် သူက အလွန်အမင်း ဒေါသထွက်နေဆဲဖြစ်တာကြောင့် ဦးထုပ်ကို ချွတ်လိုက်ပြီး ယပ်ခတ်နေခဲ့တယ်။

ဘာပဲ​ဖြစ်ဖြစ် သူ့ရဲ့ ဦးလေးနဲ့ အဒေါ်တို့တွေ ဒီအကြောင်းကို သိသွားလို့မရဘူး။ မဟုတ်ရင် သူတို့တွေ စိတ်ဆိုးလွန်းလို့ သတိတောင်လစ်သွားနိုင်တယ်။

ထိုအချိန်မှာပဲ ခွဲစိတ်ခန်းတံခါးပွင့်လာခဲ့ပြီး သူနာပြုဆရာမက လှမ်းမေးလာတယ်။

“ချင်ယွဲ့ယွဲ့ရဲ့ မိသားစုဝင်က ဘယ်သူလဲ”

“ကျွန်တော်ပါ.. သူမ အဆင်ပြေရဲ့လား”

“သူမ သွေးအရမ်းလွန်နေတယ်.. ဒီမှာ သူမရဲ့ ဆွေမျိုးအစစ်တွေရှိလား”

“မရှိပါဘူး.. ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ”

လင်းတုံဟဲ မူးလဲတော့မလို ဖြစ်နေခဲ့တယ်။

“ရှင်တို့ သုံးယောက်ပဲရှိတာလား? ဒါဆိုလည်းရှင်တို့ရဲ့သွေးကိုစစ်ဆေးပြီး လူနာကို ပေးလို့ရမလားကြည့်ရအောင်”

သူနာပြုဆရာမက ပြောလာတယ်။

“တကယ်လို့ သုံးယောက်လုံးနဲ့ မသင့်တော်ရင်တော့ ဆေးရုံရဲ့ သွေးလွှဲပြောင်းရေးဌာနကနေ အရေးပေါ်ယူပြီး ကယ်တင်ရလိမ့်မယ်”

ဆုဆုအနေနဲ့ ဒီဘက်ခေတ်မှ လူတွေက ဒီလောက်ထိ အသိဥာဏ် မြင့်မားနေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

သူမ သူနာပြုဆရာမနောက်ကို လိုက်သွားခါနီးမှာပဲ လင်းချွမ်က ပြောလာတယ်။

“မင်းဒီမှာပဲနေခဲ့လေ.. သွေးကို ကိုယ်တို့ အမျိုးသားတွေဆီကပဲ ဖောက်လိုက်မယ်”

“ယောက်ျားနဲ့ မိန်းမ ခွဲခြားလို့မရဘူးလေ.. ဘယ်သူ့ရဲ့သွေးနဲ့ သင့်တော်မလဲဆိုတဲ့ အပေါ်မှာပဲ မူတည်တာ”

ဆုဆုက သူ့ကို မျက်လုံးလှန်ပြလိုက်ပြီး သုံးယောက် အတူ သွေးစစ်ဖို့ သွားခဲ့ကြတယ်။

ခဏလောက်ကြာတော့ ရလဒ်တွေထွက်လာခဲ့တယ်။ လူသုံးယောက်ထဲမှာ ဆုဆုရဲ့ သွေးအမျိုးအစားကသာ သင့်လျော်ပြီး သူမရဲ့ သွေးကတော့ အကုန်လုံးနဲ့အဆင်ပြေတဲ့ အိုသွေးအမျိုးအစားပဲ။

ဆုဆုက ရလဒ်ကို သိလိုက်ရတော့ သူမက ဇာတ်လိုက်မကိုကယ်တင်ဖို့အတွက် ဒီကမ္ဘာကို ရောက်လာတာပဲလို့တောင် ခံစားလာရတယ်။

ဒါပေမယ့် သူမ တင်မကဘဲ သူနာပြုဆရာမသည်လည်း သင့်တော်တဲ့ သွေးအမျိုးအစားရှိတာကြောင့် သူတို့နှစ်ယောက် အတူထိုင်ရင်းနဲ့ သွေးဖောက်နေတုန်းမှာ စကားတွေပြောနေခဲ့ကြတယ်။

“အခုချိန်မှာ မင်းလိုမျိုး တက်ကြွတဲ့အမျိုးသမီးမျိုးက တကယ့်ကိုရှားပါးလွန်းတယ်.. တခြားလူတွေဆိုရင် သွေးဖောက်ထုတ်ရမယ်ဆိုတဲ့ စကားပိုကြားရရုဲနဲ့ သွေးမလှူရဲကြတော့ဘူး”

သူနာပြုဆရာမလေး က တည်ငြိမ်စွာပြောလာခဲ့တယ်။

“တကယ်တော့ သွေးပုံမှန်လှူတာက ခန္ဓာကိုယ်အတွက် ကောင်းတယ်ဆိုပေမယ့် လူတိုင်းက မသိကြသေးဘူးလေ”

ဆုဆုအနေနဲ့ ဒီလိုမိန်းကလေးမျိုးကို အရမ်းသဘောကျတာကြောင့် သူမနဲ့ စကားတွေပြောနေခဲ့တယ်။

**

All Chapters