← Chapters

(79.1)

Vol. 9 Ch. 83

(79.1)

Vol. 9 Ch. 83

“မင်းက အတော်လေးနားလည်ရုံတင်မကဘူး .. သတိလည်း အတော်လေးရှိတာပဲ..  လူနာက မင်းနဲ့ ဘယ်လိုတော်စပ်တာလဲ”

သူနာပြုဆရာမလေးက မေးလာခဲ့တယ်။

“တစ်ရွာတည်းသားချင်းတွေပါ”

သူမနဲ့ ဘာများတော်စပ်ရမှာလဲ။ ဘာတစ်ခုမှ မတော်စပ်နေခဲ့ဘူး။

“မင်းပြောကြည့်ပါဦး.. သူမက ဒီကလေးကို ဘာလို့ ဒီလောက်ထိခါးခါးသီးသီးဖြစ်နေခဲ့ရတာလဲ?  ဒါက သူ့မရဲ့သားဦးလေးပဲလေ.. အခုတော့ သူ့ခန္ဓာကိုယ်က ထိခိုက်သွားပြီ.. အနာဂတ်မှာ ကိုယ်ဝန်ထပ်ရဖို့ ခက်ခဲသွားလိမ့်မယ်”

“ဟုတ်လား.. စိတ်မကောင်းစရာပဲ”

စာအုပ်ထဲမှာလည်း အမျိုးသမီး ဇာတ်လိုက်က ကိုယ်ဝန်ဆောင်နိုင်ဖို့ ခက်ခဲခဲ့ကြောင်း နှင့် အမျိုးသား ဇာတ်လိုက်ရဲ့မိသားစုဆီမှာ အငြင်းပယ်ခံခဲ့ရကြောင်းတို့ပါဝင်ခဲ့တယ်။ နောက်ဆုံးတော့ သူမက  တရုတ်တိုင်းရင်းဆေးပညာနဲ့ အစွမ်းကုန် ကြိုးစားခဲ့တာကြောင့် ကိုယ်ဝန်ဆောင်နိုင်ခဲ့တယ်။ သို့ပေမယ့် ထိုအချိန်မှာ မိသားစုတွင်း ပြသနာတွေဖြစ်ခဲ့တာကြောင့် နောက်ဆုံးတော့ ဇာတ်လိုက်မှာ ကလေးတစ်ယောက်တည်းကိုပဲ ရရှိခဲ့လေတယ်။

“ဟုတ်တယ်မလား?”

သူနာပြုဆရာမလေးက စကားက အတော်လေးကောင်းတယ်။ နောက်ဆုံးတော့ ဆုဆုတစ်ယောက် သူမရဲ့နာမည်က ပိုင်လင်းလင်းဆိုတာကိုပါ သိခဲ့ရပြီး သူမက တကယ်ကိုဆွဲဆောင်မှုရှိကြောင်းကို ရှာတွေ့ခဲ့တယ်။  သူမက ဒီနှစ်မှာ အသက် 20 နှစ်သာရှိသေးပြီး သူမက မြို့ထဲမှ မဟုတ်ပေမဲ့ ဒီနေရာမှာ တာဝန်ပေးအပ်ခံထားရတာဖြစ်တယ်။

စကားပြောလို့ ပြီးခါနီးမှာ သွေးကလည်း ထုတ်လို့ ပြီးသွားခဲ့ပြီ။ သူတို့က ငယ်ရွယ်သေးတာကြောင့် သွေးထုတ်တာက ကိစ္စကြီးမဟုတ်ပေမဲ့ ခဏလောက် အိပ်ရာပေါ်မှာလှဲပြီး အနားယူဖို့တော့လိုအပ်သေးတယ်။

ဒီအချိန်ကျမှ လင်းချွမ်ကလည်း သူ့ရဲ့ ဇနီးသည်ကို ပြန်လည်တွေ့ခွင့်ရခဲ့ပြီး သူမရဲ့မျက်နှာက ဖြူဖျော့နေတာကို တွေ့လိုက်ရချိန်မှာတော့ ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့ကာ ပြောလာခဲ့တယ်။

“ကိုယ်မင်းအတွက် ကြက်ဥပြုတ်တချို့ သွားယူပေးရမလား”

ဆုဆုက ကောင်းကင်ဆီကိုသာ မျက်လုံးလှန်ကြည့်လိုက်မိတယ်။ လာပြန်ပြီလား။သူ ဘာလို့ ကြက်ဥအကြောင်းကိုပဲ တွေးနေရတာလဲ?

ဘေးမှာရှိနေတဲ့ ပိုင်လင်းလင်းက ဝင်ပြောလာတယ်။

  “ဒါမှမဟုတ် ဒီကရဲဘော်.. ရှင် ကြက်စွပ်ပြုတ်သွားယူလိုက်ပါလား.. အဲဒါက ကြက်ဥပြုတ်ထက် ပိုအကျိုးရှိတယ်”

“ကောင်းပြီ”

တစ်စုံတစ်ယောက်က လမ်းပြပေးတာ ကောင်းတာပဲ။ လင်းချွမ်က ချက်ချင်းဆိုသလိုပဲ ကြက်စွပ်ပြုတ်ပန်းကန်လုံးကြီးတစ်လုံး မှာဖို့အတွက် အစိုးရပိုင်စားသောက်ဆိုင်(ဝန်ထမ်းတွေအတွက်ဖွင့်ထားတဲ့စားသောက်ဆိုင်)ဆီကို ထွက်လာခဲ့ပြီး ဘန်းမုန့်နှစ်ခုကိုပါ ဝယ်လာခဲ့ကာ သူ့ရဲ့ဇနီးသည်ဆီသို့ ပြန်လာခဲ့တယ်။

ဆုဆုက ဗိုက်ဆာခြင်းမရှိပေမဲ့ မူးဝေမှုမရှိစေရန်အတွက် ကြက်စွပ်ပြုတ်ကိုသောက်ခဲ့တယ်။

သေချာတာပေါ့။သူမက ဒါကို တစ်ယောက်တည်းမသောက်ခဲ့ဘူး။ ပိုင်လင်းလင်းထံမှ နေ့လည်ထမင်းဘူးခွံကို ငှားယူခဲ့ပြီး ထိုထမင်းဘူးထဲကို စွပ်ပြုတ်တစ်ဝက်လောက် လောင်းထည့်ခဲ့ပြီး လင်းချွမ်နဲ့အတူ သောက်ခဲ့တယ်။ သူတို့တွေက ဘန်းမုန့်ကိုတော့ တစ်ယောက်မှ မထိခဲ့ကြဘူး။

“ဒီဘန်းမုန့်တွေကို  ဘာလို့လင်းတုံဟဲဆီကို သွားမပေးလိုက်တာလဲ.. သူ ဘာမှမစားရလောက်သေးဘူး”

  ဇာတ်လိုက်က တော်တော်လေးသနားစရာကောင်းတယ်လို့ ဆုဆုတွေးမိတယ်။ တကယ်တော့ သူ့ရဲ့လက်ရှိအနေအထားကြောင်် အခုလောက်ထိနှိမ့်ချခ,ယနေစရာမလိုအပ်ဘူး။ အနာဂတ်မှာဆိုရင် သူက အမျိုးသမီးဇာတ်လိုက်ထက် အဆပေါင်းများစွာ ပိုကောင်းလာမှာဖြစ်ပြီး အဆင့်အတန်းကလည်း အများကြီးမြင့်မားလာလိမ့်မယ်။

ဒါပေမယ့် လင်းချွမ်က သူမကို မော့ကြည့်လာပြီး သူ့ရဲ့မျက်လုံးထဲမှာ မကျေနပ်မှုတွေ ၊နစ်နာမှုတွေကို ဖော်ပြနေလိမ့်မယ်လို့ သူမ မမျှော်လင့်ခဲ့မိဘူး။

? ? ?

[အနက်ရောင် မေးခွန်းအမှတ်အသားနဲ့မျက်နှာ]

ထို့နောက်မှာတော့ လင်းချွမ်က ထိုဘန်းမုန့်ပေါင်းတစ်ခုကို ကောက်ယူလိုက်ပြီး ကြက်စွပ်ပြုတ်ထဲကို တိုက်ရိုက်ပဲနှစ်ချလိုက်ကာ  မျက်လုံးတစ်မှိတ်အတွင်းမှာပဲ ထိုဘန်းမုန်ကြီးတစ်ခုလုံးကို အပြတ်ရှင်းလိုက်တာကို သူမ မြင်တွေ့လိုက်ရလေတယ်။

ဒါက……

ဖက်ထုပ်တစ်ခြင်းနှင့်တစ်ဝက်စားပြီးတာတောင် သူ ဗိုက်မပြည့်သေးဘူးလား?

“ရှင် ခုနတုန်းကဗိုက်ဝအောင် မစားခဲ့ရဘူးလား?”

“ကိုယ် ဝအောင်စားခဲ့ပါတယ်.. ဒါပေမဲ့ ခဏလောက် ပြေးလိုက်ရတယ်လေ”

ဆိုလိုတာကတော့ သူ ပြေးလွှားလိုက်ရတဲ့အတွက် အခု ဗိုက်ပြန်ဆာလာခဲ့ပြီ။

ဆုဆု မျက်မှောင်ကြုတ်လိုက်မိတယ်။ ဒီအမျိုးသားက အိမ်မှာတုန်းက ဗိုက်ပြည့်အောင် ဘယ်တော့မှ မစားခဲ့ရတာလား? သူက သူမ မဝမှာကို စိတ်ပူပြီး ပိုပြီးမစားရဲခဲ့တာလား?

“ရှင် အိမ်မှာ ဗိုက်ဝအောင် မစားခဲ့တာလား”

“ကိုယ်ဝပါတယ်”

“ရှင်  ဗိုက်ဝအောင် မစားခဲ့ရဘူးလို့ ကျွန်မ သံသယဝင်လာပြီ”

“ကိုယ်တကယ် ဗိုက်ပြည့်ပါတယ်ကွာ”

လူငယ်စုံတွဲက ကလေးဆန်စွာငြင်းခုန်နေကြတာကိုမြင်တော့ ဘေးနားမှာရှိနေတဲ့ ပိုင်လင်းလင်း ရယ်မောမိသွားရတယ်။

“မင်းတို့တွေက အရမ်းရယ်စရာကောင်းတာပဲ”

သူမ ပြောပြီးချိန်မှာပဲ သူနာပြုတစ်ယောက်က အခန်းထဲကို ဝင်လာပြီးအကြောင်းကြားလာတယ်။

“အဲဒါ မင်းတို့ရဲ့ မိသားစုဝင်လူနာ နိုးလာပါပြီ”

ဆုဆုလည်း ခုတင်ပေါ်မှ ထလိုက်ပြီး လင်းချွမ်က သူမ လမ်းမြန်မြန်လျှောက်ရင် မူးဝေနေမှာကိုစိုးရိမ်တာကြောင့် ဘေးနားမှ လာပြီး တွဲပေးခဲ့တယ်။

သို့သော်လည်းပဲ သူက အလွန်တရာကို မရိုးမသားဖြစ်နေတုန်းပဲ။ သူက ကျန်ရှိနေခဲ့တဲ့ ဘန်းမုန့်ပေါင်းတစ်ခုကို လင်းတုံဟဲကိုပေးခဲ့ပြီး စွပ်ပြုတ်ကိုတော့မပေးခဲ့တာကြောင့် တစ်ဖက်လူက ဘယ်လိုစွပ်ပြုတ်အရည်မှ မပါဝင်ပဲ ခြောက်ကပ်ကပ်နှင့်သာ စားခဲ့ရတယ်။

လင်းတုံဟဲကလည်း တစ်နေကုန် ပြေးလွှားအလုပ်များနေခဲ့ရတာကြောင့်  အလွန်ဆာလောင်နေခဲ့ရတာဖြစ်လို့ ထို ဘန်းမုန့်ကိုအကိုက်အနည်းငယ်လောက်နဲ့ ကုန်အောင် စားခဲ့တယ်။

ပြီးနောက် သူက ခုတင်ပေါ်မှာ လဲလျောင်းနေခဲ့တဲ့ ချင်ယွဲ့ယွဲ့ကိုကြည့်ပြီး ပြောလိုက်တယ်

“ယွဲ့ယွဲ့ အကြီးဆုံးအစ်ကိုနဲ့ ရဲဘော်ဆုကို ကျေးဇူးတင်လိုက်ဦး.. ဒီတစ်ခေါက် မင်းအတွက်လိုအပ်တဲ့သွေးကိုရဲဘော်ဆုက ပေးခဲ့တာ”

“ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့ ဆေးရုံမှာလည်း စီစဥ်ထားတာတွေရှိတယ်လေ.. ပြောရရင် .. ကိုယ့်ဘာသာကိုယ် အဲလောက်ထိ အရှက်ရအောင်မလုပ်သင့်ဘူး”

ချင်ယွဲ့ယွဲ့က မပျော်မရွှင်ဖြစ်နေခဲ့တယ်။ သူမအနေနဲ့ လင်းချွမ်တို့ နှစ်ယောက်လုံးကို မပါဝင်စေချင်ခဲ့ဘူး။ သူတို့သာ သိသွားရင် ပြန်သွားတဲ့အချိန်မှာ တစ်ရွာလုံးသိသွားလိမ့်မယ်။

သုမရဲ့စကားကိုကြားတော့ ဆုဆုက မျက်လုံးလှန်ပြီး ရယ်မောလိုက်တယ်။

“ ဆေးရုံက နင့်ကိုသွေးပေးချင်ပေမဲ့ ငါ့ကြောင့် မပေးလိုက်ရတာလို့ နင် ယုံကြည့်နေတာထင်တယ်”

“ငါ အဲလိုပြောချင်တာမဟုတ်ပါဘူး..နင် နားလည်မှုလွဲနေပြီ.. ငါက ခုမှ နိုးလာတာဆိုတော့ စကားတွေက အစဥ်မကျပဲဖြစ်သွားတာပါ”

ချင်ယွဲ့ယွဲ့က အဲလိုပြောပေမယ့် သူမရဲ့မျက်နှာပေါ်ကအမူအရာကတော့ ထူးမခြားနားဖြစ်နေတုန်းပဲ။

ပိုင်လင်းလင်းသည်လည်း သူမ သွေးလှူဒါန်းပေးခဲ့တဲ့ လူနာ ပြန်ကောင်းလာချိန်မှာ ဘယ်လိုရှိနေခဲ့လဲဆိုတာကို သိချင်တာကြောင့် ဝင်လာခဲ့တယ်။ သူမ ဝင်လာတဲ့အချိန်မှာပဲ ချင်ယွဲ့ယွဲ့ရဲ့စကားကို ကြားလိုက်ရတာပြောင့် ဒေါသမထွက်ဘဲ မနေနိုင်ခဲ့ဘူး။

“ရဲဘော်ဆုက ဆေးရုံရဲ့ သွေးအလွှဲအပြောင်းဌာနရဲ့အစီအစဉ်နဲ့ သွေးလှူဖို့ သဘောတူပေးခဲ့တာ.. ကျွန်မတို့ရဲ့ ဆေးရုံက အခုမှ တည်ဆောက်ထားပြီးကာစဖြစ်လို့ ဆေးရုံရဲ့သွေးလှူဘဏ်မှာ သွေးအများကြီးရှိမနေခဲ့ဘူး

တကယ်လို့ ဒီနေ့သာ သူမ ရှိမနေဘူးဆိုရင် ကျွန်မက ရှင့်ကိုလှူပေးမှာဆိုပေမဲ့ ရှင့်အတွက် သွေးလိုအပ်နေဦးမှာပဲ..

သေချာတာပေါ့..  ရှင့်ကို သွေးပေးနိုင်တဲ့လူက ကျွန်မတို့နှစ်ယောက်ပဲရှိတယ်..တကယ်လို့ ရှင့်ကို သွေးမလှူပေးခဲ့ရင်လည်း ဘယ်သူကမှ ကျွန်မတို့ကို အပြစ်တင်နိုင်မှာမဟုတ်သလို သွေးလှူပေးခဲ့လို့ဆိုပြီးတော့လည်း ဘယ်သူကမှ ဆုလာမပေးဘူး.. ကျွန်မတို့က လွတ်ရာလွတ်ကြောင်းနေလိုက်လို့ရပြီး တခြားလူတွေကို ကယ်တင်ပေးနေစရာ ဘယ်လိုတာဝန်မှရှိမနေဘူး”

“ဆုဆု မင်း အခုအိမ်ကိုပြန်ပြီး အနားယူသင့်နေပြီထင်တယ် .. အရေးမပါတဲ့အကြောင်းတွေကြောင့် မင်းရဲ့သွေးတွေဆုံးရှုံးသွားခဲ့ရတော့ မူးဝေနေတော့မှာပဲ”

ပိုင်းလင်းလင်းရဲ့ ပါးစပ်က အတော်လေး အဆိပ်ပြင်းပြီး အဓိကသော့ချက်စကားလုံးတွေကို ရွေးချယ်ပြီး ထိမိအောင်ပြောသွားခဲ့တယ်။

ချင်ယွဲ့ယွဲ့ရဲ့ မျက်နှာက ပြာတစ်လှည့်ဖြူတစ်လှည့် ပြောင်းလဲသွားရပြီး ပြန်ပြောလာခဲ့တယ်။

“ကျွန်မ တောင်းပန်...”

“ကျွန်မ အဆင်ပြေပါတယ်.. ကျွန်မအနေနဲ့ လင်းတုံဟဲရဲ့မျက်နှာကို ကြည့်ရဦးမယ်လေ.. ဘာပဲ​ဖြစ်ဖြစ် သူက လင်းချွမ်ရဲ့ဝမ်းကွဲဖြစ်နေတာကိုး”

ဆုဆုက ပြီးပြည့်စုံတဲ့ အပြုံးကို ထိန်းသိမ်းထားဆဲဖြစ်ပြီး လင်းတုံဟဲရဲ့မျက်နှာကတော့ အဖျားတက်သလို နီရဲနေခဲ့တယ်။

သူသည်လည်း  ကျိုးကြောင်းဆီလျော်တဲ့လူတစ်ယောက်ပဲလေ။ မဟုတ်ရင် သူအနေနဲ့ တပ်မဟာရဲ့ ကပ္ပတိန်ဖြစ်လာမှာမဟုတ်ဘူး။ ဒီတစ်ကြိမ်မှာတော့ သူလည်းပဲ ချင်ယွဲ့ယွဲ့က အတော်လေးစိတ်ကြီးဝင်ရိုင်းပြနေကြောင်းကို ခံစားမိတာကြောင့် ရှက်ရွံ့စွာနှင့် ပြောခဲ့တယ်။

“မင်းတို့နှစ်ယောက် ပြန်သွားလိုက်ကြတော့လေ.. ဒီက ကိစ္စတွေကို ကျွန်တော်ဖြေရှင်းလိုက်လို့ရပါပြီ..  ဒီနေ့ကိစ္စတွေအတွက် ကျေးဇူးတင်ပါတယ်”

ဆုဆု ခေါင်းညိတ်လိုက်ပြီး တစ်စုံတစ်ခုပြေချင်ခဲ့ပေမဲ့ လင်းချွမ်က သူမကို အတင်းဆွဲခေါ်သွားခဲ့တယ်။

အပြင်သို့ရောက်တော့ သူက စားသောက်ဆိုင်ကိုပြန်သွားပြီး ဆန်ပြုတ်ထည့်ပေးလိုက်တဲ့ဘူးကိုပြန်အပ်ခဲ့ကာ သူ့ရဲ့ဇနီးသည်ကြိုက်နှစ်သက်ရာတချို့ကို ထပ်မံဝယ်ယူခဲ့ပြီး ကွန်မြူနတီဆီသို့ ကားနှင့်ပြန်လာခဲ့ကြတယ်။

အပြန်လမ်းတစ်လျှောက်မှာတော့ ဆုဆုက မူးဝေနေခဲ့ပြီး အလွန်မသက်မသာဖြစ်နေခဲ့ရတယ်။ လင်းချွမ်က ဘာစကားမှ မပြောခဲ့ဘဲ သူမကိုသာ ပွေ့ဖက်ထားခဲ့တယ်။ ထို့နောက် အိမ်ကိုပြန်ရောက်ခဲ့တဲ့အချိန်မှာတော့ ဆုဆုကို ခန်ပေါ်ကိုတွဲပို့ပေးခဲ့ပြီး  လှဲလျောင်းနေစေခဲ့တယ်။

သူက စကားများများပြောတတ်တဲ့လူမဟုတ်ပေမဲ့ ဒီနေ့မှာဖြစ်ခဲ့တဲ့အရာတွေကိုတော့ သူ့ရဲ့အမေဖြစ်သူကို ပြန်လည် ပြောပြပေးခဲ့တယ်။

“အမေ.. သူမက အဲဒီအမျိုးသမီးကိုတောင် ကြင်နာပေးပြီး သွေးလှူပေးခဲ့သေးတယ်..  ကျွန်တော်တို့က သူမဆီက ကျေးဇူးတရားကိုလည်း မလိုချင်ဘူး.. ကောင်းကောင်းမွန်မွန်လေး ပြန်ပြောရင်တောင် တော်သေးတယ်.. ဒါပေမဲ့ ဒါကတော့ တကယ့်ကို ကြက်သီးထစရာကောင်းလောက်အောင် ဆိုးရွားလွန်းတယ်”

“အနာဂတ်မှာ သူမက မင်းဦးလေးရဲ့ မိသားစုထဲကို လက်ထပ်ပြီးဝင်သွားမယ်ဆိုရင်တောင် သူမက အဆက်အသွယ်တွေမရှာဘဲ နေထိုင်မဲ့သူမျိုးမဟုတ်ဘူး.. လင်းမိသားစုကလည်း သူမကို အနှေးနဲ့အမြန် မထိန်းထားနိုင်ဘဲ လွှတ်ပေးလိုက်ရလောက်မှာပဲ..

မင်းရဲ့ဇနီးက အရမ်းကောင်းတယ်.. ဒီရွာထဲက တခြား ဇနီးသည်တွေနဲ့ လုံးဝမတူဘူး.. မင်း ရွာထဲကိုသွားပြီး ကြက်မတစ်ကောင်လောက်ဝယ်လာခဲ့လိုက်..  သူမရဲ့ခန္ဓာကိုယ်ပြန် နလန်ထူလာနိုင်အောင် ရက်နည်းနည်းလောက် စွပ်ပြုတ်ချက်ပေးရမယ်”

“ကောင်းပြီ”

လင်းချွမ်  ပျော်ရွှင်စွာပြောလိုက်တယ်။  တကယ်တမ်းမှာ သူ့ရဲ့အစစ်အမှန်ရည်ရွယ်ချက်ကလည်း ဆုဆုကို သူတို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ တခြားလူတွေနဲ့ မတူညီဘူးဆိုတာကို သူ့ရဲ့မိသားစုကို နားလည်သွားစေချင်ခဲ့တာပဲလေ။ ဒါမှ နောက်ပိုင်းမှာ တစ်ခုခုဖြစ်သွားရင်တောင် သူ့ရဲ့ဇနီးကိုအပြစ်မမြင်ကြမှာ။

All Chapters