အခန်း (၈၈)
Vol. 9 Ch. 88
သူမ အိမ်ကို ပြန်သွားပြီးနောက် ခန်ပေါ်မှာ ခဏလောက်ထိုင်ပြီးနောက်မှာဘဲ လင်းဟိုင်က သူမကို ထမင်းစားဖို့ လာခေါ်ခဲ့တယ်။ သူမ အပြင်ကို ထွက်ခါနီး မီးဖိုချောင်ဘက်ကို ဝင်ကြည့်လိုက်ချိန်မှာ မီးခြစ်က မီးဖိုပေါ်မှာရှိနေသေးတာကို တွေ့လိုက်ရတယ်။
သူမ ညနေပြန်ရောက်တဲ့အချိန်ကျရင် အလိုလိုပြန်ရောက်လာမလားဆိုတာကို ကြည့်ရမယ်။
လင်းတုံဟဲရဲ့အိမ်ကိုရောက်တော့ သူတို့ရဲ့ဟင်းလျာတွေက လင်းချွမ်ရဲ့အိမ်မှာတုန်းကလိုမျိုး မကောင်းတာကို တွေ့လိုက်ရတယ်။ ဟင်းက ခြောက်မျိုးပဲ ရှိပြီး အသားဟင်းက အနည်းငယ်သာရှိနေခဲ့တယ်။
သို့ပေမဲ့ အခုလို အလျင်စလိုလုပ်လိုက်ရတဲ့ မင်္ဂလာပွဲမှာ ဒီလိုဟင်းမျိုးရလာတာကကို မဆိုးဘူးလို့ ပြောနိုင်တယ်။
လင်းမိသားစုရဲ့အဖွဲ့ဝင်တစ်ဦးအနေဖြင့် သူမက ဧည့်သည်တွေအတွက်ထားတဲ့ ပထမခုံတွေမှာ မထိုင်နိုင်တာကြောင့် ဘေးဘက်မှာသာ ရပ်ပြီး အကျွေးအမွေးအတွက် ပန်းကန်တွေ၊ အစားအစာတွေ ချပေးပြီး တစ်ခါတလေ အစားအသောက်တွေ သွားယူပေးတာတွေ လုပ်ပေးခဲ့ရတယ်။
ဒါတွေက အမေလင်း သူမကို သင်ပေးခဲ့တာတွေပဲ။ သူမက ဆုဆုကို တခြားလူတွေ ရယ်မောမှာကိုမဖြစ်စေချင်ခဲ့တာကြောင့် အခုလိုအလေ့အထတွေကို သင်ပြပေးခဲ့တယ်။ ဒါ့အပြင် ဆုဆုသည်လည်း တကယ်ကို လိမ္မာတဲ့ သူတစ်ယောက်ဖြစ်တာကြောင့် သူမက တခြားလူတွေ အပြစ်တင်ခံရမှာကို မဖြစ်စေလိုခဲ့ဘူး။
အခုလေးတင်ဖြစ်ခဲ့တဲ့အကြောင်းအရာနဲ့ပတ်သတ်ပြီးတော့ ဘယ်သူကမှ အစပြုပြောမလာကြတော့ဘူး။ အဆုံးမှာ ဒါက ပျော်ရွှင်စရာပွဲတစ်ခုပဲလေ။
ဒီအခိုက်အတန့်မှာပဲ လင်းတုံဟဲနှင့် ချင်ယွဲ့ယွဲ့တို့က လူတိုင်းကို နှုတ်ဆက်ဧည့်ခံဖို့ထွက်လာခဲ့ကြတယ်။ သို့ပေမဲ့ ချင်ယွဲ့ယွဲ့ရဲ့ မျက်နှာကတော့ လုံးဝကို ကြည့်မကောင်းနေခဲ့ဘဲ ဖိအားပေးပြီးပြုံးနေရတဲ့ပုံပေါ်နေခဲ့တယ်။
သူမက အမျိုးသားဇာတ်လိုက်ကို ချစ်လို့ သူမရဲ့ခန္ဓာကိုယ်ကို ပေးခဲ့တာမဟုတ်ဘူးလား။ ဒီလိုဆိုမှတော့ အခုချိန်မှာ သူမ ကောင်းကောင်းနေဖို့အတွက်သာ တွေးတောနေသင့်တာလေ။
ဆုဆု သူတို့အကြောင်းကို သိပ်ပြီးမစဉ်းစားနေတော့ဘူး။ သူမက နောက်ကို ဆုတ်နေပြီး သူတို့တွေ အပြုံးတစ်ခုနှင့် ရွာထဲမှာရှိတဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေကို ပြုံးပြပြီး နှုတ်ဆက်နေတာကို ကြည့်နေခဲ့တယ်။
သို့ပေမဲ့ သူတို့နှစ်ယောက်က စားပွဲပေါ်မှ အရက်ခွက်ကို ကိုင်ပြီး တစ်ငုံသာသောခဲ့ကြတယ်။ သူတို့တွေ ဒီနေ့ သတို့သမီးအခန်းမှာ ပန်းဆီမီးထွန်းရမယ်ဆိုတာကိုသိထားတာကြောင့် ဘယ်သူကမှ အပြင်းအထန် မသောက်ခိုင်းကြဘူး။ လင်းချွမ်တုန်းကတော့ သူတို့နှင့်မတူညီစွာ အထဲဘက်အထိ ကျူးကျော်ဝင်ရောက်ပြီး စနောက်ခဲ့ကြတယ်။
ထိုအချိန်အတွင်းမှာ ချင်ယွဲ့ယွဲ့က အရက်သောက်ရင်း သီးသွားခဲ့ရတာကြောင့် လင်းတုံဟဲက သူမရဲ့ နောက်ကျောကို ပုတ်ပြီး ပြောခဲ့တယ်။
“ဧည့်ခံပြီးရင် အနောက်ဘက်အိမ်ထဲမှာ သွားအနားယူလိုက်လေ”
“အင်း”
ချင်ယွဲ့ယွဲ့က ဘေးဘက်မှာရှိနေတဲ့ ဆုဆုကို တစ်ချက်ကြည့်လိုက်ပြီး ပြောလာတယ်။
“ရဲဘော်ဆု နင်အားနေရင်အနောက်ဘက်ခန်းကိုလိုက်ခဲ့လို့ရမလား”
“မအားဘူး.. ငါစားပြီးသွားရင် အိမ်ကိုပြန်ပြီး ခန်ကို မီးဖိုရမယ်”
ဆုဆုက ဇာတ်လိုက်မနှင့် ရောနှောပြီး ရှုပ်ထွေးချင်စိတ်ရှိမနေဘူး။
ချင်ယွဲ့ယွဲ့က အနည်းငယ် ဝမ်းနည်းသွားပုံရပြီး သူမရဲ့ခေါင်းကိုငုံ့ကာ အနောက်ဘက်အိမ်ခန်းဆီသို့ ပြန်သွားခဲ့တယ်။
ဒီအကြောင်းကိုပြောမှ သူမလည်း စိတ်ဝင်စားမိတယ်။ တကယ်တမ်းမှာ လင်းတုံဟဲရဲ့မိသားစုအခြေအနေက အဖေလင်းတို့မိသားရဲ့အခြေအနေထက် အများကြီး သာလွန်ပေမဲ့ သူတို့အတွက် နေထိုင်ဖို့ စီစဥ်ပေးထားတဲ့နေရာကတော့ အဖေလင်းတို့တွေ လင်းချွမ်အတွက်စီစဥ်ပေးထားတာလောက် ကောင်းမွန်ခြင်းမရှိဘူး။
သူတို့နှစ်ယောက်က နောက်ဘက်မှာရှိတဲ့ အိမ်ဖေးခန်းထဲမှာ နေထိုင်ရလိမ့်ယ်။ အိမ်ရှေ့ခန်းနှင့် အနောက်ခန်းကို နံရံတစ်ချပ်သာ ကာရံထားတာကြောင့် သူတို့တွေ ဘယ်လိုလှုပ်ရှားမှုကိုပဲ လုပ်ပါစေ ကြားနိုင်လိမ့်မယ်။
ဒီစုံတွဲက ပျော်ရွှင်စရာကိစ္စတွေကို လုပ်မယ်ဆိုတာ တွေးကြည့်စရာတောင်မလိုဘူး။ ဘာပဲဖြစ်ဖြစ် သူမနဲ့ လင်းချွမ်သာဆိုရင်တော့ အသံထွက်ပြီး မငိုရဘူးဆိုရင် အဆင်ပြေမှာမဟုတ်ဘူး။ သေလောက်အောင် မွန်းကြပ်နေရလိမ့်မယ်။
အဟွတ်! ဒါတွေကို ဆက်တွေးနေလို့မဖြစ်ဘူး။ တကယ့်ကိုရှက်စရာကောင်းတယ်။
မဟုတ်သေးဘူး၊ သူတို့တွေက ဇနီးမောင်နှံတွေပဲလေ။
သူမ ပြန်တွေးကြည့်မယ်ဆိုရင်တောင် ချင်ယွဲ့ယွဲ့ရဲ့ နှလုံးသားက နာကျင်နေရတာကို နားမလည်နိုင်လောက်ဘူး။
ချင်ယွဲ့ယွဲ့အနေနဲ့ ဆုဆုက လင်းချွမ်နှင့်အတူသီးသန့်ခြံဝင်းထဲမှာ လက်ထပ်ပြီးနေနိုင်ခဲ့ပေမဲ့ သူမကတော့ လင်းတုံဟဲနှင့် အမှောင်ခန်းကျဉ်းကျဉ်းလေးထဲမှာ တိုးဝင်ပြီး နေရတဲ့အပေါ် ဆုဆုရဲ့စိတ်ထဲမှာလှောင်ပြောင်နေလိမ့်မယ်လို့ တွေးတောခဲ့တယ်။
သူမက အနည်းငယ်မိုက်မဲခဲ့ပြီး လင်းချွမ်ကို ရှောင်ရှားခဲ့ကာ လင်းတုံဟဲကိုရွေးချယ်ခဲ့မိတယ်။ သူမရဲ့ဘဝက တကယ့်ကိုဆိုးရွားနေတာပဲ။ သူမ ဒီအကြောင်းကို ပိုတွေးလေလေ အိမ်ထဲကို ဝင်ဖို့အတွက် ပိုပြီး ဝမ်းနည်းလာရလေလေဖြစ်နေခဲ့ရတယ်။
ဆုဆုကတော့ သူမကို ဂရုစိုက်နေခြင်းမရှိဘဲ ဧည့်သည်တွေကို ဧည့်ခံကျွေးမွေးနေခဲ့ပြီး ပြီးဆုံးသွားချိန်မှာ စားသောက်ဖို့အတွက် အမေလင်းနှင့်အတူ စားပွဲမှာ ဝင်ထိုင်လိုက်တယ်။
သူတို့တွေက ဒုတိယစားပွဲမွာ ထိုင်ရတာဖြစ်လို့ ဒီစားပွဲမှာတော့ ဟင်းလျာက လေးမျိုးသာရှိပြီး အကုန်လုံးက သူများစားပြီးသားတွေဖြစ်နေခဲ့တယ်။ ဆုဆုအနေနဲ့ သိပ်ပြီး မစားနိုင်တာကြောင့် တစ်လုပ်နှစ်လုပ်လောက်စားပြီး အိမ်ကိုပြန်သွားခဲ့တယ်။
အမေလင်းကလည်း သူမကို မတားဆီးခဲ့ဘူး။ သူမရဲ့ ချွေးမ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေတာကို မြင်တွေ့နေခဲ့တယ်လေ။
ဒါ့အပြင် သူမက မတိုင်ခင်တုန်းက သွေးလှူခဲ့ဖူးတယ်။ ဒီအကြောင်းကို တခြားလူတွေ မသိပေမယ့် သူမရဲ့သားက သူမကို ပြောပြထားခဲ့တာပဲ။ ချင်ယွဲ့ယွဲ့ရဲ့ဖိတ်ခေါ်ချက်အတွက်ကတော့ လူငယ်တွေရဲ့ ကိစ္စဖြစ်ပြီး သူမအနေနဲ့ တခြားလူငယ်တွေရဲ့ ကိစ္စမှာ ဝင်မပါချင်ဘူး။
ဆုဆု ပြန်လာပြီးနောက် သူမက အိမ်မှာရှိနေတဲ့အစားအစာတွေကို ပြန်နွှေးပြီး အနည်းငယ် စားလိုက်တယ်။
သူ့မရဲ့နှလုံးသားက အလွန်အမင်းလစ်ဟာနေသလို ခံစားနေရတုန်းပဲ။ လင်းချွမ် ထွက်သွားပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် သူမ သူ့ကို အခုလိုမျိုးတွေးတောနေမိခဲ့တာဖြစ်ပြီး ဘာလုပ်ရမှန်းကိုလည်း မသိဖြစ်နေခဲ့တယ်။ ယခုအချိန်မှာ သူမဆီမှာ ဖုန်းမရှိတဲ့အတွက် ဗီဒီယိုကောခေါ်ဖို့လည်း မဖြစ်နိုင်ဘူး။
ထိုအချိန်မှာပဲ သူမ ညစာစားဖို့ ထွက်ခွာမလာခင်တုန်းက ထားခဲ့တဲ့ မီးခြစ်ကို ရုတ်တရက် ပြန်တွေးလိုက်မိတယ်။ မတိုင်ခင်တုန်းက သူမ ထိုမီးခြစ်နှင့် မီးဖိုခဲ့တဲ့ပုံပဲ။
ဆိုလိုတာက တစ်စုံတစ်ယောက်က သူမရဲ့ကျောပိုးအိတ်ထဲမှ တစ်စုံတစ်ခုကို ခိုးယူသွားသွားမယ်ဆိုရင် ထိုပစ္စည်းတွေက အလိုအလျောက် ပြန်ရောက်လာနိုင်မှာဖြစ်ပြီး ခိုးသွားတဲ့သူတော့ကတော့ အပြစ်ပေးခံရတာဖြစ်နိုင်တယ်။
ဒါပေမဲ့ သူမကိုယ်တိုင် ဖယ်ရှားပစ်တာဆိုရင်တော့ ထိုအတိုင်းရှိနေမှာဖြစ်ပြီး သူ့အလိုလို ပြန်မလာဘူး။ တစ်စုံတစ်ယောက်ကိုပေးလိုက်ရင်လည်း အဆင်ပြေလိမ့်မယ်။
ဒါက တကယ်ကို အံ့သြစရာကောင်းတာပဲ။
ဒါပေမယ့် ဒီနေ့ သူမရဲ့ ကျောပိုးအိတ်ထဲမှ ပစ္စည်းတွေကို တခြားလူအနည်းငယ်လောက် ထိသွားခဲ့တာကို တွေးမိတော့ သူမ လျှော်ဖွတ်ချင်လာခဲ့တယ်။ သို့ပေမဲ့ ကျောပိုးအိတ်ထဲကို ထည့်ထားခဲ့ရင် အသစ်အတိုင်းပြန်ဖြစ်သွားမှာကို တွေးလိုက်မိပြန်တော့ သူမ သိပ်ပြီး မခံစားနေတော့ဘူး။
အခုချိန်မှာ သူမလည်း ပျင်းရိနေခဲ့တယ်လေ။ နောက်ပြီး သူမက အများအားဖြင့် ချွတ်လိုက်တဲ့အဝတ်တွေကို လျှော်ဖွတ်လေ့မရှိဘဲ ကျောပိုးအိတ်ထဲကို ထည့်တတ်ပြီး အလိုအလျောက် သန့်စင်သွားလိမ့်မယ်။ ဒါပေမယ့် သူမ ယူလာပေးတဲ့အရာအတွက်သာ အလုပ်ဖြစ်ပြီး တခြားအရာတွေကတော့ မဖြစ်နိုင်ဘူး။
နောက်ဆုံးမှာတော့ လင်းတုံဟဲရဲ့မင်္ဂလာပွဲက ပြီးစီးသွားခဲ့ပြီ။ ဒီတော့ သူမအနေနဲ့ အခန်းထဲမှာ တခြားလူတွေနှင့်စုပေါင်းပြီး အိပ်စရာမလိုအပ်တော့ဘူး။
အခုချိန်မှာ ရာသီဥတုက ပိုပြီးပူနွေးလာပြီဖြစ်ပြီး ထင်းအများကြီးထည့်ပြီး မီးဖိုပေးစရာမလိုတော့ဘူး။ နောက်ပြီး ရွာထဲမှာရှိနေတဲ့လူတွေက စိုက်ပျိုးရေးအလုပ်တွေနဲ့ အလုပ်ရှုပ်နေတာကြောင့် သူမ လင်းချွမ်ဆီကိုအလည်သွားရမလားလို့ တွေးမိလာခဲ့တယ်။
သူမ အနေနဲ့ စစ်တပ်ထဲကို ဘယ်အချိန်ကျမှ ဝင်ခွင့်ရနိုင်မလဲဆိုတာကိုလည်း မသိဘူး။ ဒါပေမဲ့ စာအုပ်ထဲမှာတော့ သူ့ရဲ့ အမေက သဘောမတူခဲ့သလို သူကလည်း မလျှောက်ထားခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူနောက်ပိုင်းမှာ လက်ထပ်ခဲ့ရတဲ့မုဆိုးမက အတော်လေးရိုင်းစိုင်းတာကြောင့် သူ့ကိုအရှက်ရစရာတွေ လုပ်လာမှာကို စိတ်ပူလို့ဘဲ။
သူမကတော့ မရိုင်းစိုင်းဘူးဆိုတော့ သွားသင့်တယ်မလား?
နောက်ဆုံးတော့ သူမ ညဘက်ကို ကောင်း ကောင်းကောင်း အိပ်စက်နိုင်ခဲ့ပြီ။ နောက်နေ့မနက် အိပ်ရာက နိုးလာပြီးနောက် အရှေ့ဘက်ခြံမှာ မနက်စာစားဖို့ သွားတဲ့အချိန်မှာ ခန်ပေါ်မှာထိုင်ပြီး ငိုကြွေးနေတဲ့ အဒေါ်လင်းကို တွေ့လိုက်ရပြန်တယ်။
“ဘာကိစ္စဖြစ်တာလဲ.. ဘာဖြစ်နေလို့တာလဲ”
“အဆင်ပြေပါတယ် .. ငါ မင်းအတွက် အိုးထဲမှာ ထမင်းထည့်ပေးထားတယ်.. ကိုယ်တိုင် သွားခူးစားချည်”
အမေလင်းက ဆုဆုကိုပြောပြီးနောက် အဒေါ်လင်းကို ဆက်ပြီးဖြောင်းဖြပြန်တယ်။
“သူတို့လို လူငယ်လေးတွေက သိပ်ပြီးနားမလည်ကြသေးဘူးလေ.. ကိစ္စတစ်ခုခုရှိတိုင်း စကားများ ရန်ဖြစ်ကြလိမ့်မယ်၊ ခဏလောက်စောင့်ပေးလိုက်ပါ”
“မင်းရဲ့သားနဲ့ချွေးမကလည်း အခုမှလက်ထပ်ပြီးကာစပဲလေ.. သူတို့တွေ ငြင်းခုံနေတာကို ငါ မတွေ့ဖူးပါဘူး.. သူတို့တွေ အပြင်ကိုသွားရင်လည်း လက်ချင်းတွဲထားကြပြီး မနာလိုစရာတောင် ကောင်းသေးတယ်..
ငါ့မိသားစုထဲက နှစ်ယောက်ကိုကြည့်လိုက်ပါဦး.. အခုမှ ကြင်စဦးဇနီးမောင်နှံတွေရဲ့ ပထမဆုံးညပဲရှိသေးတာ..ရန်ဖြစ်နေကြပြီ.. ငါနဲ့ သူ့အဖေကလည်း သူ့ကိုမဖြောင်းဖြနိုင်ဘူး.. သူ့ရဲ့အဖေဆို သူတို့ မပျော်မရွှင်ဖြစ်မှာစိုးလို့ အနောက်ဘက်အိမ်ကိုပြောင်းသွားပြီး သူ့ရဲ့သားအငယ်နဲ့တောင် သွားအိပ်နေခဲ့တာ.. ဒါပေမဲ့ သူတို့တွေက တစ်ညလုံး စကားများနေခဲ့ကြတယ်လေ”
အဒေါ်လင်းက သူမရဲ့ မျက်ရည်တွေကို သုတ်ရင်း ဆက်ပြောလာတယ်။
“တကယ်လို့ လုံးဝ အဆင်မပြေတော့ရင် မိသားစုကို ခွဲရဖို့ပဲရှိတော့တယ်”
“ဘယ်ဖြစ်မှာလဲ.. အစ်မရဲ့ချွေးမက မကြာခင်ထွက်သွားတော့မှာလေ.. အစ်မရဲ့ သားကြီးဘယ်ကိုသွားနေခိုင်းမှာလဲ”
“ငါလည်းမတတ်နိုင်ဘူးလေ.. ငါတို့က အိမ်ထဲကနေ ထွက်မသွားနိုင်ဘူးဆိုမှတော့သူတို့ကိုပဲ မိသားစုတစ်ခုလုပ်ခိုင်းလိုက်ရမှာပေါ့ ဟုတ်တယ်မလား”
အမေလင်း စကားတစ်ခွန်းမှ မပြောတော့ဘဲ ဆုဆုဘက်ကို စိုက်ကြည့်လိုက်တယ်။
ပြီးမှသာ ပြောလာခဲ့တယ်။
“နှစ်ရက်လောက် အရင်စောင့်ကြည့်လိုက်ပါဦး”
သူမ အဒေါ်ကို နှစ်သိမ့်ပြီး ပြန်လည် ပို့ဆောင်ပေးလိုက်ပြီး နောက်ဆုံးတော့ ဆုဆုဘက်ကို လှည့်ကြည့်ပြီး ပြောလိုက်တယ်။
“ ဆုဆု အမေ မင်းကို ပြောချင်တာ ရှိတယ်.. အဲဒါကို ဆွေးနွေးကြရအောင်”
ဆုဆု ခေါင်းညိတ်လိုက်တယ်။ တကယ်တမ်းမှာ အမေလင်းက ဘာကိုပြောချင်နေတာလဲဆိုတာကို သူမ မှန်းဆမိခဲ့ပေမဲ့ သူမရဲ့ အတွေးတွေကိုမဖော်ပြခဲ့ဘူး။
“ချင်ယွဲ့ယွဲ့က တစ်လမပြည့်ခင်လောက်မှာ ထွက်သွားရမှာ.. အဲဒါ .. သူတို့လင်မယားနှစ်ယောက်ကို ငါတို့ရဲ့အိမ်ကို ရက်နည်းနည်းငယ်လောက် လာနေခွင့်ပေးလိုက်ရင် ဘယ်လိုလဲ.. ဒါဆို သူတို့တွေ အနောက်ဖက်က အိမ်လေးမှာနေလို့ရတယ်”
“ရပါတယ်”
ထိုဇနီးမောင်နှံနှစ်ယောက်က သူမရဲ့အိမ်လေးကို လာပြီး နေမှာမှမဟုတ်တာ။
အမေလင်းက သူမရဲ့သဘောတူစကားကိုကြားတော့ စိတ်သက်သာရာရစွာနှင့် သက်ပြင်းတစ်ချက်ချလိုက်တယ်။
“မိသားစုထဲက အသံတွေဆူညံနေမှာကိုစိတ်မပူပါနဲ့.. မကြာခင် နွေဦးအတွက် လယ်ယာတွေထွန်တော့မှာ.. မင်းရဲ့ယောက္ခမနဲ့ မောင်လေးတွေကလည်း လယ်ယာအလုပ်တွေ သွားလုပ်ရတော့မှာ.. သူတို့တွေ အလုပ်အမှတ်ရဖို့အတွက် မနက်ပိုင်းကတည်းက တောင်ပေါ်ကိုတက်ပြီး သဘာဝမြေသြဇာတွေ သွားကျုံးရမှာဆိုတော့ အိမ်မှာ နေဖို့အတွက် အချိန်သိပ်မရှိလောက်ဘူး”