အခန်း (၉၀)
Vol. 9 Ch. 90
တစ်နှစ်တာရဲ့ အလုပ်အရှုပ်ဆုံးအချိန်က နွေဦးရာသီပဲ!
ပထမဆုံးလရဲ့ ဆယ့်ခြောက်ရက်နေ့ကနေစပြီး လူတိုင်းက အလွန်အမင်း အလုပ်ရှုပ်လာခဲ့ကြတယ်။
လင်းမိသားစုရဲ့ယောကျာ်းသားတွေသည်လည်း မနက်ကနေ ညအထိ အိမ်မကပ်နိုင်ကြတော့ဘူး။ သူတို့တွေက ခြင်းအသေးလေးတစ်ခု ဂေါ်ပြားတစ်ခုစီယူသွားပြီး တစ်နေ့တာလုံး သွားနေခဲ့ရတယ်။
မြေသြဇာတစ်ခြင်းက အလုပ်မှတ်အတွက် လဲလှယ်နိုင်တယ်လေ။ မင်းအနေနဲ့ တစ်နေ့ကို ဆယ်ခြင်းလောက် ကောက်နိုင်မယ်ဆိုရင် နှစ်အဆုံးလောက်မှာ ဂျုံကြမ်းနှစ်ကတ်တီလောက် ရရှိလိမ့်မယ်။
ဆုဆုအနေနဲ့ ဒီဘက်ခေတ်က ဘဝတွေကို နားမလည်ပေမဲ့ သူမနဲ့အတူပါလာတဲ့ကျောပိုးအိတ်အကြောင်းကိုတွေးမိပြီး ဒီအရာက ကူးပြောင်းလာပြီးတဲ့နောက် ကံကောင်းဆုံးအရာပဲလို့ ခံစားလိုက်မိတယ်။
ပညာတတ်အသိုင်းအဝိုင်းထဲမှာ လူတွေအများကြီး မရှိပေမဲ့ သူမသည်လည်း ဒီအထဲမှာ ပါဝင်နေတုန်းပဲ။
လတ်တလောမှာတော့ လမ်းမပေါ်မှာ နှင်းတွေ အများကြီးမရှိတော့ဘူး။ ဒါပေမယ့် ရွာသားတွေက ကွန်မြူနတီကို သွားဖို့အတွက် လှည်းတွေကို သုံးစွဲလာကြတယ်။
အဆုံးမှာတော့ နွေဦး ကောက်စိုက်ရာသီကို ရောက်တော့မှာဖြစ်လို့ အချို့သောလယ်သုံးပစ္စည်းတွေကို ပြန်လည်ပြင်ဆင်ဖို့ ကွန်မြူနတီကိုသွားဖို့ လိုအပ်နေတုန်းပဲလေ။
ဆုဆုကလည်း သူတို့နဲ့အတူ ကွန်မြူနတီကို မကြာခဏလိုက်သွားတတ်တယ်။ အဓိကကတော့ လင်းချွမ်တီကို ဖုန်းဆက်ဖို့ အတွက်ပဲ။
လင်းချွမ်က များသောအားဖြင့် ရုံးမှာ မရှိတတ်ဘူး။ ဒါကြောင့် တစ်ခါတစ်လေမှာဆိုရင် သူ အရှေ့အနောက်ပြေးလွှားနေတာကိုစောင့်ဖို့အတွက် အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေရတတ်တယ်။
ဒါပေမဲ့ ဆုဆုအနေနဲ့ သူ့ကို ပုံမှန်အတိုင်း အချိန်ကြာကြာ ပြောနိုင်တာမျိုးမရှိဘဲ စကားအနည်းငယ် ပြောပြီးတာနဲ့ ဖုန်းခေါ်တာကို အဆုံးသတ်လိုက်ရတတ်တယ်။
ဒီတော့ ဆုဆုအနေနဲ့ သူ့ကို မလွမ်းဘဲနေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အခုမှ ချစ်ကြိုက်မိသွားတဲ့ မိန်းကလေးတစ်ယောက်က ချစ်ရသူနဲ့ ခွဲခွာနေရသလိုမျိုးပဲ။ သူမဆီမှာ စိတ်ခံစားချက်မကောင်းတာတွေ မရှိဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ သို့ပေမဲ့ အဲဒီအမျိုးသားက အခြားပြည်နယ်မှာ တာဝန်ကျနေတာကြောင့် သူမအနေနဲ့ သူ့ကို ပြန်ခေါ်ဖို့က မဖြစ်နိုင်ဘူး။
မေ့လိုက်ပါတော့။ ဘာပဲဖြစ်ဖြစ် စစ်တပ်ထဲကိုပြောင်းရွှေ့ဖို့ လျှောက်ထားပြီးပြီလို့ သူ ပြောခဲ့တာပဲ။ နောက်ထပ်တစ်နှစ် ဒါမှမဟုတ် နည်းနည်းလောက်ကြာရင် သူမ သူ့ရဲ့အနားကို သွားနိုင်လိမ့်မယ်ထင်ရတယ်။
ဒီမှာနေရတာက တော်တော်လေး သာမာန်ဆန်ပြီး တစ်နှစ်တာအချိန်က အလျှင်အမြန် ကုန်ဆုံးသွားလောက်မှာပါ။
ဆုဆုက အသားတချို့၊ အာလူးတချို့နှင့် တရုတ်ဂေါ်ဖီတွေ ဝယ်ခဲ့ပြီးနောက် လှည်းနှင့် အိမ်ကိုပြန်လာခဲ့တယ်။
လှည်းရပ်ပြီးနောက် သူမ ဆင်းလိုက်တဲ့အချိန်မှာတော့ ချင်ယွဲ့ယွဲ့က ခြံထဲမှာ တံမြက်စည်းလှည်းနေတာကို တွေ့လိုက်ရလေတယ်။
ဆုဆုအနေနဲ့ ဒီရက်ပိုင်းမှာဖြစ်နေတဲ့ သူမရဲ့အကြောင်းတွေကို အတော်လေးကြားထားခဲ့တယ်။ ပြောရရင် အဒေါ်လင်းက သူတို့ရဲ့အိမ်ဆီကို နေ့တိုင်းလာပြီး သူတို့ရဲ့ အသစ်စက်စက်ချွေးမရဲ့ မကောင်းကြောင်းတွေကို နောက်ကွယ်မှာ လာပြောနေတတ်တယ်လေ။
ယောက္ခမတစ်ယောက်အနေနဲ့ သူမရဲ့ချွေးမအပေါ်မှာ အာရုံစိုက်တတ်တယ်ဆိုတာက ပုံမှန်ပဲဆိုပေမဲ့ နေ့စဥ်နေ့တိုင်းဆိုရင်တော့ အနည်းငယ် စိတ်ဓာတ်ကျချင်စရာကောင်းလိမ့်မယ်။
အမေလင်းကလည်း အကူအညီမဲ့နေပြီဖြစ်ကာ ဆုဆုကို လှမ်းပြောလာတယ်။
“မင်းရဲ့အဒေါ်က အခြားလူတွေအကြောင်းကို နောက်ကွယ်မှာ သူတို့မသိအောင် ပြောဆိုနေတတ်တဲ့ လူမျိုးမဟုတ်ပါဘူး.. သူမ ဒီလိုပြောနေတယ်ဆိုတာကလည်း လုံးဝသည်းမခံနိုင်တော့လို့ဖြစ်လိမ့်မယ်.. သူမက မိသားစုထဲက အရှက်ရစရာကိစ္စတွေကို အခြားနေရာတွေမှာလည်း သွားပြီးမပြောနိုင်ဘူးလေ.. အဲဒါကြောင့် ငါ့တို့ရဲ့အိမ်ကိုလာပြီး ငါတို့တွေကိုပဲ ပြောနိုင်တာဆိုတော့ နည်းနည်းလောက်တော့ သည်းခံပေးရလိမ့်မယ်”
“အဆင်ပြေပါတယ် ..ကျွန်မ ရက်နည်းနည်းလောက် နားထောင်ပေးလိုက်ပါ့မယ်”
ဆုဆုက နာခံစွာ ထောက်ခံလိုက်တယ်။ ဒါပေမဲ့ သူမအနေနဲ့ဆိုရင်တော့ ဇာတ်လိုက်မ လုပ်လိုက်တဲ့ ဘယ်အရာက ချွေးမတစ်ယောက် မလုပ်သင့်တဲ့အရာဖြစ်ပြီး ဘယ်လိုအရာတွေက မှားယွင်းနေကြောင်းကို သင်ပြေပးသင့်တယ်လို့ထင်တယ်။ ကံကောင်းစွာနဲ့ သူမရဲ့ယောက္ခမကတော့ ထိုကဲ့သို့ လူမျိုးမဟုတ်ခဲ့ဘူး။
ဒါပေမဲ့ ဇာတ်လိုက်မကလည်း မှားယွင်းခဲ့တာပဲ။ ဥပမာအနေနဲ့ သူမရဲ့ ဒဏ်ရာတွေက သေသေချာချာ မပျောက်သေးတဲ့အတွက် အလုပ်လုပ်ခဲ့ဘူး။ ပုံမှန်ဆိုရင်လည်း အိမ်မှာ မချက်မပြုတ်တတ်ဘူးလေ။ ဒီတော့ လင်းတုံဟဲက တစ်နေ့လုံးအပြင်ဘက်မှာ အလုပ်ရှုပ်ခဲ့ရပြီး အိမ်ကိုပြန်ရောက်တော့လည်း ချက်ပြုတ်ရပြန်တယ်။
သူမက ကလေးမလိုချင်ဘူးလို့လည်း ပြောခဲ့သေးတယ်။
အဒေါ်လင်းက သူမကို ကလေး စောစောယူတာကောင်းလိမ့်မယ်လို့ ပြောခဲ့ပြီး ကလေးကို သူမ ကူညီပြီး ဂရုစိုက်ပေးမဲ့အကြောင်းပြောခဲ့တယ်။ ဒါပေမဲ့ သူမ မမျှော်လင့်ခဲ့တာကတော့ တစ်ဖက်လူက ကလေးမလိုချင်သေးဘဲ ကလေးယူဖို့အတွက် သူမ ကောလိပ်ကနေ ဘွဲ့ရတဲ့အထိ စောင့်ရလိမ့်မယ်ဆိုတဲ့စကားတွေကိုပြောခဲ့တယ်လေ။ ဒါပေမယ့် သူမ ဘွဲ့ရဖို့က နောက်ထပ် သုံးနှစ်လောက် ကြာဦးမှာ။
အကြီးဆုံးအဒေါ်က ဒေါသထွက်စွာနဲ့ ငိုယိုကာ အမေလင်းဆီကို လာပြောခဲ့ပြန်တယ်။ ဆုဆုကလည်း ထိုအချိန်တုန်းက နှစ်သိမ့်ပေးလိုက်သေးတယ်: အခုခေတ် လူငယ်တွေက စောစောစီးစီး ကလေးယူကြဖို့ ဆန္ဒမရှိဘဲ သူတို့ရဲ့အလုပ်အကိုင်အပေါ်မှာ အာရုံစိုက်ထားကြတယ်ဆိုပြီးတော့..။
ရလဒ်အနေနဲ့ သူမက အမေလင်းဆီကနေ တစ်ခဏလောက် ဆုံးမခံခဲ့ရတာပဲ။
ခေတ်ကာလကွာခြားချက်ကြောင့်ပဲ ဖြစ်လိမ့်မယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ရာသီဥတုက ပူနွေးလာပြီး ကမ္ဘာကြီးကလည်း ပိုမို တောက်ပလာခဲ့တယ်။
မြေပြင်က လမ်းလျှောက်ဖို့အတွက် အလွန်ခက်ခဲလာပြီး (မိုးရွာသွန်းမှုကြောင့်)ရွံ့နွံတွေက အလွန်ထူလာခဲ့တယ်။
သူမ ထင်းတစ်စည်းသွားယူတဲ့အချိန်မှာ ချော်လဲတော့မလိုဖြစ်သွားခဲ့ပေမဲ့ ကံကောင်းစွာနဲ့ ဘေးနားကနေ ဖြတ်သွားခဲ့တဲ့ လင်းတုံဟဲက သူမကို အညစ်အကြေးတွေပြည့်နေပြီး ညစ်ပတ်တဲ့မြေပြင်ပေါ်ကို ပြုတ်ကျမသွားအောင် ကူညီပြီး ထိန်းပေးခဲ့တယ်။
“ကျေးဇူးပါ....”
“နင်တို့ ဘာတွေ လုပ်နေကြတာလဲ?”
ဇာတ်လိုက်မရဲ့အသံက ရုတ်တရက် စူးထွက်လာခဲ့တယ်။ ဆုဆုကတော့ ဒါက တကယ်ကို သွေးအိုးကြီးပဲလို့ ခံစားလိုက်မိရတယ်။
သူမက ဘယ်လိုလုပ် ဒီအချိန်ကွက်တိကိုမှ မြင်သွားတာလဲ။ ဒါက ရည်ရွယ်ချက်ရှုရှိအထင်လွဲအောင်လုပ်လိုက်သလိုပဲ။
ဒီမြင်ကွင်းကြောင့် သူမက ဇာတ်လိုက်ကို ဆွဲဆောင်ပြီး ဂိမ်းထဲကနေ အကန်ထုတ်ခံလိုက်ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာမှာမဟုတ်ဘူးလား။
ဆုဆုက ထရပ်လိုက်ပြီး ချက်ချင်း ရှင်းပြလိုက်တယ်:
“မဟုတ်ဘူး နင် အထင်လွဲနေတာ.. သူက ငါ ပြုတ်ကျတော့မလိုဖြစ်လို့ ထိန်းပေးလိုက်တာ”
“ဒီလောက်ထိ တိုက်ဆိုင်တာဖြစ်နိုင်ပါ့မလား?”
ချင်ယွဲ့ယွဲ့က ဒါကို မယုံကြည်ဘူး။ ဆုဆုက မြေခွေးမလိုမျိုး လူတိုင်းကို လိုက်မြူဆွယ်နေတယ်လို့ သူမ အမြဲတမ်းခံစားခဲ့ရတာ။
အခုလည်း လင်းချွမ်က ဒီမှာ မရှိတော့ သူမက သူ့မရဲ့ယောကျာ်းကို မြူဆွယ်ဖို့ ကြိုးပမ်းနေတာ ဖြစ်ရမယ်။
ဒါပေမဲ့ အမှန်တရားက မျက်နှာဖြတ်ရိုက်လိုက်လေတယ်။ သူမက လင်းတုံဟဲကို မေးခွန်းထုတ်မလို့လုပ်နေတုန်းမှာပဲ ချော်လဲသွားတော့တယ်လေ။
ဆုဆုတစ်ယောက် ဇာတ်လိုက်မ ပြုတ်ကျသွားတာကို မကြည့်နိုင်ခဲ့ဘူး။ ဒါကြောင့် သူမက ဇာတ်လိုက်မအနားကို လျှောက်သွားခဲ့ပြီး သူမရဲ့ ခါးကိုဖက်ကာ ဇာတ်လိုက် သူမကိုဖက်တဲ့ပုံစံအတိုင်း ပွေ့ဖက်ရင်း ပြောလိုက်တယ်။
“ဟုတ်တယ် အမှန်ပဲ”
ချင်ယွဲ့ယွဲ့: “…”
လင်းတုံဟဲ: “…”
မြင်ကွင်းကတော့ တကယ့်ကိုလှပတာပဲ။ လင်းတုံဟဲ ကြည့်မနေနိုင်တော့ပဲ ချင်ယွဲ့ယွဲ့ကို သွားပြီး ကူညီပေးလိုက်တယ်။
“ပြန်တော့”
ချင်ယွဲ့ယွဲ့ကတော့ သူမအနေနဲ့ နားလည်မှုလွဲနေတဲ့အကြောင်းကို မပြောနိုင်တော့တဲ့အတွက် ခေါင်းညိတ်လိုက်ရတယ်။
ဆုဆုကတော့ ဘွတ်ဖိနပ်တွေကိုစီးပြီး အိမ်ကိုပြန်လာခဲ့ကာ ထင်းတွေကို ဘေးသို့ချလိာက်ပြီး ဘွတ်ဖိနပ်တွေကို ရေနဲ့ ဆေးချလိုက်တယ်။
ဒီနေ့ ရာသီဥတုက ကောင်းပေမဲ့ သူမ ဘယ်ကိုမှ မသွားနိုင်ဘူး။ ဒါက ဆောင်းရာသီလောက်တောင် မကောင်းသလိုပဲ။
သူတို့သာ ဂရုမစိုက်ရင် တောင်ပေါ်ကနေ ခြေချော်ကျမှာစိုးတာကြောင့် မြည်းတွေကိုတောင် ခရီးမသွားခိုင်းရဲကြဘူး။ ဒီတော့ လူတိုင်းက အိမ်မှာပဲ နေကြပြီး ဘယ်ကိုမှ မသွားတာများလာတယ်။
ဆုဆုရဲ့ စာသင်ချိန်တွေကလည်း ရွာသားတွေ မအားတာကြောင့် လစ်ဟင်းနေခဲ့တယ်။
အမေလင်းတောင်မှ အလုပ်မှတ်တချို့စုဆောင်းဖို့ အစေ့တွေ လိုက်ကောက်နေပြီ။ ဒီဘက်ခေတ်မှာ အစေ့တွေကို တစ်စေ့ချင်းစီ ကောက်ဖို့လိုအပ်ပြီး ဆုဆုသည်လည်း လိုက်သွားချင်ပေမဲ့ အမေလင်းက သူမ အဆင်မပြေဖြစ်မှာကို စိုးရိမ်တာကြောင့် အိမ်မှာနေတာ ပိုကောင်းတယ်လို့ ပြောလာခဲ့တယ်။
ဒါပေမဲ့ ဒီအချိန်မှာပဲ ဆယ်ရက်လောက် ရောက်မလာခဲ့တဲ့ စာပို့သမားက ရောက်လာတော့တယ်။
ထို့အတူ ဆုဆုသည်လည်း အမိန့်စာတစ်စောင် လက်ခံရရှိခဲ့လေတယ်။
အထဲမှာ ရေးသားထားတာကတော့ စာသင်ကြားရေးအခြေအနေတွေက အတော်လေးနောက်ကျနေပြီမလို့ သူမကို X မြို့တော်တက္ကသိုလ်ဆီသို့ ဆရာအဖြစ် သူမ ပြောင်းရွေ့ခံရကြောင်းနှင့် ပြုပြင်ရေးကို ပိုပြီး ထိရောက်စေရန်အတွက် သူမရဲ့အင်အားကို လိုအပ်ကြောင်း ပါရှိခဲ့တယ်????
ဆုဆုတစ်ယောက် အလွန်အမင်း အံ့သြသွားရတယ်။ ဒီအမိန့်စာက ဘယ်ကရောက်လာတာလဲ? ပြီးတော့ X မြို့ က လင်းချွမ် တာဝန်ထမ်းဆောင်နေတဲ့ စစ်တပ်ရှိတဲ့ မြို့မဟုတ်ဘူးလား?
ပြီးတော့ တက္ကသိုလ်ကလည်း X အရှေ့တက္ကသိုလ်ဖြစ်နေသေးတယ်။
ဒီတော့ သူမက မမျှော်လင့်စွာနဲ့ ဆရာတစ်ယောက်ဖြစ်လာတယ်။ ဒါမှမဟုတ် ဇာတ်လိုက်မရဲ့ ဆရာဖြစ်လာခဲ့တယ်ပေါ့?
ဒီဆက်တင်က ဘာလို့ဒီလောက်တောင် စိတ်လှုပ်ရှားစရာကောင်းလွန်းနေတာလဲ? သူမ သွားကို သွားရမှာပေါ့!
ပြီးတော့ သူမ တိတ်တိတ်လေးသွားပြီး လင်းချွမ်ကို အံ့သြစရာအကြီးကြီး ပေးရမယ်။
ဒါကို တွေးမိတော့ ဆုဆုက အဖေလင်းနှင့် အမေလင်းတို့ ပြန်လာတာကို စောင့်ပြီး ပြောင်းရွေ့စာအကြောင်းကို ပြောလိုက်တယ်။ သို့ပေမဲ့ သူမက စာသင်ဖို့အတွက် X ခရိုင်မြို့ကို သွားရမယ်လို့တော့ မပြောပြခဲ့ဘူး။ X မြို့က ကျောင်းတစ်ကျောင်းမှာ ဆရာသွားလုပ်ရမယ်လို့သာ ပြောပြခဲ့လေတယ်။
အမေလင်းကတော့ သေချာပေါက် ပျော်ရွှင်တာပေါ့။ သူမရဲ့ချွေးမက မကြာခင် အလုပ်ရတော့မှာဖြစ်ပြီး တခြားလူတွေရဲ့ ဆရာတစ်ယောက်ဖြစ်နေဦးမှာလေ။
အခုခေတ်မှာ ဆရာတစ်ယောက်ဆိုတာက အလွန်လေးစားဖွယ်ကောင်းတဲ့ အလုပ်ပဲ။
ဆုဆု : “အမိန့်စာလွှာထဲမှာ ကျောင်းက မကြာခင်စဖွင့်တော့မှာဖြစ်လို့ ကျွန်မကို ချက်ချင်းလာခဲ့ဖို့ ပြောထားတယ်”
“ကောင်းပြီ.. သွားလေ.. ငါတို့ ချွမ်ဇီ မင်းကိုလာကြိုနိုင်အောင်ပြောထားလိုက်မယ်”
“ကျွန်မ သူ့ကို အံ့အားသင့်သွားအောင်လုပ်ချင်လို့.. သူ့ကို ဖုန်းခေါ်တာတွေ စာရေးတာတွေ မလုပ်ပါနဲ့.. ကျွန်မ သူ့ကိုသေချာပေါက် ခြောက်လှန့်ချင်သေးတာ”
ဆုဆု စိတ်လှုပ်ရှားနေတာကိုမြင်တော့ အမေလင်းက ပြုံးလိုက်ပြီး ပြောလာတယ်။
“ဘာလို့ အရမ်းဆိုးနေရတာလဲ”
“ကျွန်မက နည်းနည်းလောက် ဆိုးကြည့်ဦးမယ်. သူ့ရဲ့တုံ့ပြန်မှုက အရမ်းစိတ်ဝင်စားဖို့ကောင်းနေမှာ သေချာတယ်။
“
ဆုဆု ဒီလိုပြောလိုက်တော့ဘေးမှာရှိနေတဲ့ လင်းဟိုင်ကတောင် ရယ်မောလာတယ်။ သူ့ရဲ့ အစ်ကိုအကြီးဆုံး ထိုအချိန်မှာ ထိတ်လန့်ပြီး ပြိုကွဲသွားသလိုဖြစ်လိမ့်မယ်လို့ သူခံစားရတယ်လေ။
“ကျွန်တော်လည်း မရီး အဲလိုလုပ်မှာကိုသဘောတူတယ်.. ဒါကြောင့် ကျွန်တော်တိုး အစ်ကိုကြီးကို မပြောပဲနေရအောင်.. မရီး စိတ်ချထားလိုက်.. ဒါပေမယ့် တောင်တက်လမ်းက သွားလာရမလွယ်ကူလောက်ဘူး.. လမ်းလျှောက်ပြီးသွားမှဖြစ်မှာဆိုတော့ မရီးသွားနိုင်ပါ့မလား’
“အဆင်ပြေတယ်.. ဖြည်းဖြည်းပဲ သွားလိုက်မယ်လေ”
လင်းချွမ်ကို တွေ့ရတော့မဲ့အကြောင်းကိုတွေးမိတော့ စုစု အလွန်ပျော်ရွှင်သွားခဲ့တယ်။
ဒီလိုနဲ့ ဆုဆုတစ်ယောက် ပါတီအတွင်းရေးမှူးနှင့် စကားပြောခဲ့ပြီး သူမရဲ့ ကျောပိုးအိတ်ကြီးကို ထုပ်ပိုးကာ မိုးစီးဖိနပ်ကိုစီးရင်း လင်းဟိုင်နှင့်အတူ ကွန်မြူနတီကိုသွားခဲ့တယ်။
သူတို့တွေ နှစ်နာရီ၊သုံးနာရီလောက်နဲ့ရောက်အောင်သွားဖို့ ဆုံးဖြတ်ထားကြပြီး စစ်တပ်သုံး ရေသန့်ဘူးကိုပါ သယ်လာခဲ့ကြတယ်။ ဆုဆု ရဲ့အိတ်ထဲမှာ ကိတ်မုန့်တွေလည်းရှိနေသေးတာကြောင့် လမ်းတစ်ဝက်မှာ ဗိုက်ဆာမှာကို ကြောက်စရာမလိုဘူး။
နောက်တော့ သူတို့နှင့်အတူ လမ်းလျှောက်နေတဲ့သူတွေလည်း ရှိနေတာကိုတွေ့လိုက်ရပြီး ထိုအထဲမှာ လင်းတုံဟဲနှင့် ချင်ယွဲ့ယွဲ့တို့ပါ ပါလာခဲ့တယ်။
သို့သော်လည်း လင်းတုံဟဲက ချင်ယွဲ့ယွဲ့ကို သူ့ရဲ့နောက်ကျောမှာ သယ်ဆောင်ပေးထားခဲ့ပြီး ဖြည်းညှင်းစွာသာ လျှောက်နေခဲ့ကာ သူ့ရဲ့သဘောထားက တကယ်ကိုကောင်းမွန်လွန်းတယ်။